တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် တော့တင်ဟမ် အသင်းတို့၏ပွဲစဉ်မှာ နည်းစနစ်ပိုင်း သုံးသပ်ချက်အချို့ကို အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား နှင့် တော့တင်ဟမ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် တို့က BBC Match of the Day အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။
မာ့ခ် ချက်ပ်မန်း - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ အနိုင်ရရှိခဲ့တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်..။ အထူးသဖြင့် ဂိုးဧရိယာထဲကို ဖြတ်တင်ဘော အကောင်းစားတွေ အများကြီးပေးပို့နိုင်ခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ဘူးဗျ..။ ဒါ့ကြောင့်ဒီနေ့ပွဲမှာ target man အဖြစ် ကစားခဲ့တဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ် ရဲ့ မနှစ်ကဘောလုံးရာသီအစပိုင်းကနေ အခုအချိန်ထိ သွင်းဂိုးအချက်အလက်တွေကို ကျွန်တော်တို့ပြန်ပြီး ကြည့်မိပါတယ်..။
သူဟာအခုအချိန်ထိ ပရီးမီးယားလိဂ်သွင်းဂိုး (၁၈) ဂိုး ရရှိခဲ့တဲ့အထဲမှာ ဖြတ်တင်ဘော (crosses) တွေကနေ ရရှိခဲ့တဲ့ သွင်းဂိုးက (၄) ဂိုးပဲ ရှိပါတယ်..(ပူးတွဲပုံ- ၁)။ သူ့ရဲ့ပြေးလမ်းထဲကို ထိုးပေးလိုက်တဲ့ ဘောလုံးတွေကနေ (forward passes) ရခဲ့တဲ့ဂိုးက (၈) ဂိုးရှိခဲ့ပါတယ်.။ တခြားနည်းတွေနဲ့ သွင်းယူခဲ့တဲ့ဂိုးက စုစုပေါင်း (၆) ဂိုးပေါ့ဗျာ..။ ဒ့ါကြောင့်တန်မီ အေဘရာဟမ် ဟာ အဲဒီလို crosses တွေကို အသုံးချနိုင်တဲ့နေရာမှာ အားနည်းတာနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦးလား..
အလန် ရှီးယားရား - သူ့ကိုကျွန်တော် သဘောကျပါတယ်..။ ဒါပေမယ့် သူဟာနောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ လိုအပ်နေပြီဖြစ်သလို အဲဒီလို တက်လှမ်းနိုင်မယ့် ခြေစွမ်းခြေစ ရှိပါတယ်..။ ဒ့ါကြောင့်အဲဒီလို ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ဆိုရင် သူ့အနေနဲ့ ခုနကခင်ဗျားပြခဲ့တဲ့ အချက်အလက်တွေမှာ ပိုပြီးကောင်းမွန်ဖို့ လိုအပ်တာပေါ့..။ သူကဘယ်နေရာမှာ ထူးချွန်လည်းဆိုရင် ကွင်းလယ်ကနေ သူ့ရဲ့ရှေ့ကို မျောထိုးပေးလိုက်တဲ့ ဘောလုံးတွေကို အဆုံးသတ်ရာမှာ သိပ်ကိုကောင်းပါတယ်.။ ဥပမာအနေနဲ့ဆိုရင် အရင်တစ်ပါတ်က နယူးကာဆယ် အသင်းနဲ့ပွဲမှာ သူသွင်းပေးခဲ့တဲ့ဂိုးပေါ့ဗျာ..(ပူးတွဲပုံ- ၂)။ အဲဒါကို အချက်အလက်တွေကလည်း ပြသနေပါတယ်..။
အခုအပေါ်ကပူးတွဲပုံ (ပုံ- ၂) မှာ ပြထားတဲ့အတိုင်း သူ့ရဲ့ရှေ့.. ပြေးလမ်းထဲကို ချပေးဖို့ အချက်ပြတယ်..။ အဆုံးသတ်ပေးတယ်..။ သိပ်ကိုသပ်ရပ်ပါတယ်..။ ဒါပေမယ့် သူဘယ်လိုနေရာမှာ လိုအပ်ချက် ရှိနေလဲဆိုတာကို အခုအောက်မှာဆက်ပြီး ပြပေးပါမယ်..။
တန်မီ့ ဆီမှာ ဂိုးဧရိယာထဲကို တောင်ပံတွေကနေ ဝင်လာမယ့် ဘောလုံးတွေမှာကျတော့ ဘယ်လိုနေရာမှာ နေရာယူရမယ်..၊ ဘယ်လိုကနေ အဆုံးသတ်ရမယ်ဆိုတဲ့စိတ်.. ‘သားကောင်အနံ့ရတဲ့ မုဆိုးတစ်ယောက်ရဲ့ စိတ်မျိုး (killer instinct)’ ပေါ့ဗျာ… အဲဒီလိုစိတ်မျိုး ရှိမနေဘူးဗျ..။ အဲဒီလို ဂိုးရနိုင်မယ့်နေရာကို အလိုအလျောက် သိနေတဲ့စိတ်မျိုးဟာ အထောင်တိုက်စစ်မှူး ‘No. 9’ နေရာကနေ ကစားမယ့်သူတိုင်းဆီမှာ ရှိနေပါမယ်..။
အခုအပေါ်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၃) မှာဆိုရင် သူဟာအခုကျွန်တော်ပြထားတဲ့နေရာကို ရောက်အောင်သွားရမယ်ဆိုတဲ့ ပင်ကိုယ်အသိစိတ် ရှိနေခဲ့မယ်ဆိုရင် တီမို ဗာနာ ဖြတ်ပေးလိုက်တဲ့အချိန် အနီးကပ် (၃) ကိုက်၊ (၄) ကိုက်ကနေ အသာလေး ပိတ်ပြီးသွင်းရုံပါပဲ..။
ဒီနေ့ပွဲဒုတိယပိုင်းမှာဆိုရင် ညာတောင်ပံကနေ ရိစ် ဂျိမ်းစ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးတွေဆိုတာ အထောင်တိုက်စစ်မှူးတွေ မျှော်လင့်တောင့်တရတဲ့ ဘောလုံးမျိုးတွေပဲဗျ..။ ရိစ် ဂျိမ်းစ် ဖြတ်တင်လိုက်တဲ့အချိန် သူ့ရဲ့ခန္ဓာကိုယ် အနေအထား၊ နေရာယူပုံ..၊ ပြင်ဆင်ပုံဟာ အဆင်ပြေပါတယ်..။ သူ့အနေနဲ့ ဆောက်ပ်သမ်တန်နဲ့ပွဲမှာ အက်ဒီဆန် ကာဗာနီ ရဲ့ နေရာယူ၊ အဆုံးသတ်ပုံတွေကို အတုယူဖို့ ကောင်းတယ်ဗျ.။ အဓိကအားဖြင့် ဘယ်လိုနေရာယူ၊ ဘယ်လိုပုံစံ အဆုံးသတ်ရမလဲ..? ဆိုတဲ့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ လိုအပ်နေပါသေးတယ်..။
အခုအပေါ်က ပူးတွဲပုံ (ပုံ- ၄) မှာဆိုရင် ရိစ် ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘောကို ခေါင်းနဲ့ရှပ်ပြီးတိုက်ဖို့ ကြိုးစားရမှာ မဟုတ်ပဲ နဖူးနဲ့အပြင်းတိုက်ပစ်ရမှာ..။ bullet header ပေါ့ဗျာ..။ ရိစ် ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘောတွေက တကယ့်ကို ကောင်းမွန်လှပါတယ်..။ တစ်ပွဲမှာ အဲဒီလိုအလုံးမျိုး တစ်လုံးလောက်ရဖို့ကို မနည်းကြိုးစားနေရတာ..၊ သူကအဲဒီလို အပျံစား crosses တွေ နှစ်ခါတောင် ရခဲ့ပါတယ်.။
အခုအောက်ကပူးတွဲပုံ (ပုံ- ၅) မှာဆိုရင် ရိစ် ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘော နောက်တစ်ကြိမ် ပေါ့ဗျာ..။ ဒီတစ်ခါကျတော့ နေရာယူ၊ လှုပ်ရှားတဲ့အပိုင်းမှာ လိုအပ်ခဲ့ပါတယ်..။ တကယ်လို့ သူသာ အခုအောက်ကပုံမှာ ပြထားတဲ့အတိုင်း နောက်တန်းလူကို ဆွဲထုတ်သွားပြီး နေရာလွတ်ကို ပထမဆုံး ဖန်တီးမယ်..၊ ပြီးမှဂိုးဧရိယာထဲ ကျလာမယ့်ဘောလုံးကို ခေါင်းဖြတ်တိုက်ပြီး အဆုံးသတ်နိုင်ဖို့ အနီးတိုင်ဘက်ကို ဖြတ်ပြေးရပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ခံလူထက် သူကပိုပြီးဦးနေတဲ့အတွက် နေရာလွတ်ကို ကိုယ့်ရဲ့စိတ်ကြိုက် ဖန်တီးနိုင်ခွင့် ရှိခဲ့ပါတယ်..။
ဒါပေမယ့် အဲဒီလိုမလုပ်ခဲ့တာကြောင့် ဘောလုံးရောက်လာချိန်မှာ အသင့်မဖြစ်ခဲ့သလို ခေါင်းခုန်တိုက်ချိန်မှာလည်း အချိန်ကိုက် (timing ကိုက်) မဖြစ်ခဲ့ပဲ နည်းနည်းစောသွားခဲ့တယ်ဗျ..။ ဒါ့ကြောင့်လည်း အတိအကျ အဆုံးမသတ်နိုင်ခဲ့တာပါ..။ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး သူများရဲ့နောက်မှာပဲ အမြဲတမ်းရှိနေလို့ မရပါဘူး..။
နောက်ပြီးတတိယအကြိမ်ပေါ့ဗျာ..။ ဒီတစ်ကြိမ်ကျတော့ ဘယ်တောင်ပံဘက်ကနေ တီမို ဗာနာ ဖြတ်တင်လိုက်တဲ့အချိန် သူကအဝေးဂိုးတိုင်မှာ အသင့်ရှိနေပြီးမှ ဘာကြောင့်မြေကြီးပေါ် လှဲချလိုက်လဲ… ကျွန်တော်မသိဘူးဗျ..။ တကယ်တော့ အဲဒီဘောလုံးကို ညာခြေနဲ့ တစ်ချက်ထိန်းပြီး အနီးကပ် အဆုံးသတ်လိုက်ရုံပါပဲ..။ သူ့အနေနဲ့ အဲရစ် ဒိုင်ယာ ရဲ့ နောက်ကျောက နေရာလွတ်ကို အတိအကျ ရောက်ခဲ့ပြီးမှ နောက်ဆုံးအဆုံးသတ် ဂိုးသွင်းချက်ကို မပြုလုပ်နိုင်ခဲ့တာပါ.။
ဒါ့ကြောင့်ကျွန်တော်ဟာ သူ့ကိုသဘောကျပါတယ်..။ သူ့ဆီမှာထိပ်တန်းတိုက်စစ်မှူး ကစားသမားတစ်ယောက် ဖြစ်နိုင်မယ့် အရည်အသွေးတွေ ရှိနေပေမယ့် အဲဒီလိုနောက်တစ်ဆင့်ကိ တက်လှမ်းနိုင်ဖို့ဆိုရင် ပင်နယ်တီဂိုးဧရိယာထဲမှာ နေရာယူလှုပ်ရှားမှုတွေမှာ ပိုပြီးကောင်းမွန်ဖို့နဲ့ ဖြတ်တင်ဘောတွေကို အခုထက်ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။
ဂျာမိန်း ဂျီးနပ်စ် - အပါတ်စဉ် စနေနေ့တိုင်း တန်မီ အေဘရာဟမ် နဲ့ ပတ်သက်ရင် ဂိုးဧရိယာထဲကို ကျလာတဲ့ ဖြတ်တင်ဘောတွေကို ပိုပြီးအသုံးချနိုင်ဖို့လိုတယ် ဆိုတဲ့ စကားကိုပဲ အမြဲလိုလို ပြောနေရတာ သနားတောင်လာပြီ.. ဟားဟား..။ အဲဒါကတော့ အလန် ရှီးယားရား တို့ အပိုင်းပေါ့ဗျာ..၊ ကျွန်တော်က ကွင်းလယ်ကဆိုတော့ သူ့ရဲ့အကြိုက်.. ပြေးလမ်းကြောင်းထဲကို ထိုးပေးဖို့တော့ ဖြစ်နိုင်ပါတယ်.. ဟားဟား..
မာ့ခ် ချက်ပ်မန်း - ဒီနေ့ပွဲမှာ တော့တင်ဟမ်အသင်းရဲ့ ကစားပုံအပေါ်လည်း သုံးသပ်ပေးပါဦး.. ဂျာမိန်း ရေ.. ခင်ဗျားပြောမယ့်အထဲမှာ ဟာရီ ကိန်း နဲ့ ဆွန် ဟောင်မင် တို့ ပါမှာမဟုတ်ဘူး..၊ ဟုတ်တယ်မလားဗျ..
ဂျာမိန်း ဂျီးနပ်စ် - သေချာတောပေါ့..။ ဒီနေ့ပွဲမှာ ကိန်း နဲ့ ဆွန် တို့အတွဲဟာ အကောင်းဆုံး ခြေစွမ်းမရရှိခဲ့ပါဘူး..။ ဒါပေမယ့် တော့တင်ဟမ်အသင်းရဲ့ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ‘မူဆာ ဆစ်ဆိုကို’ ကို ဟိုဆေး မော်ရင်ဟို အသုံးပြုနေတဲ့ပုံစံကိုတော့ စိတ်ဝင်စားမိတယ်ဗျ..။ ဟိုးဘတ်ဂ် ကိုသာ အာရုံစိုက်နေကြပေမယ့် ဆစ်ဆိုကို ဟာလည်း အသင်းရဲ့ကွင်းလယ်မှာ အရေးပါခဲ့သလို ခံစစ်ညာဘက်အခြမ်းက ဆာ့ဂျ် အော်ရီယေး နဲ့ ဂျိုး ရိုဒန် တို့ကိုလည်း အထောက်အကူပေး၊ လွှမ်းမိုးခဲ့တယ်ဗျ..။
ဒီနေ့ပွဲမှာဆိုရင် မူဆာ ဆစ်ဆိုကို အခုအပေါ်က ပူးတွဲပုံ (ပုံ- (၆) မှာ ပြထားတဲ့အတိုင်း ချယ်လ်ဆီးအသင်း တိုက်စစ်က danger man ဖြစ်တဲ့ တီမို ဗာနာ ကို ပွဲချိန်တစ်လျှောက်လုံး လူကပ်ကစား (man mark) သွားခဲ့ပါတယ်..။ ဒ့ါကြောင့် ညာအစွန် နောက်ခံလူဖြစ်တဲ့ ဆာ့ဂျ် အော်ရီယေး အတွက် စိတ်ထွေပြားစရာ မလိုတော့ပဲ သူ့ရဲ့အဓိကတာဝန်ဖြစ်တဲ့ တောင်ပံဘက်ကနေ ပေါက်မထွက်လာဖို့ကိုပဲ အာရုံစိုက်နိုင်ပါတယ်..။
အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ- ၇) မှာဆိုရင် မေဆန် မောင့် က ဘောလုံးကိုင်ထားတဲ့အချိန် ဘင် ချီးဝဲလ် က ဘယ်အစွန်ကိုထွက်ပြီး ဘောလုံးလက်ခံဖို့ အသင့်ရှိနေတယ်..၊ အဲဒီအချိန်မှာ ညာနောက်ခံလူ ဆာ့ဂျ် အော်ရီယေး အနေနဲ့ ဘယ်တောင်ပံမှာ opening ဖွင့်ထားတဲ့ ချီးဝဲလ် ဆီကို ပြေးပြီးပိတ်ရမှာလား..? ဒါမှမဟုတ် သူနဲ့ ဂျိုး ရိုဒန် ကြားက အရောင်ခြယ်ပြထားတဲ့ နေရာလွတ် ကနေ ပြေးထွက်သွားနိုင်မယ့် တီမို ဗာနာ ကို ဂရုစိုက်ရမှာလား..? ဆိုပြီး ရွေးချယ်ရဖို့ ရှိလာပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေရာလွတ် (channel) ဟာ လျှင်မြန်မှုကောင်းမွန်လှတဲ့ တီမို ဗာနာ လို တိုက်စစ်မှူးရဲ့စိတ်ကြိုက် နိဗ္ဗာန်ဘုံပဲဗျ..။ သူသာ ချီးဝဲလ် ကိုပဲ အာရုံစိုက်ပြီး တီမို ကို လွှတ်ပေးလိုက်လို့ကတော့ သွားပြီ…။ မေဆန် မောင့် ဆီကနေ အဲဒီနေရာလွတ်ဆီကို ရောက်လာမယ့် ဘောလုံးကြောင့် တီမို ဗာနာ ဟာ ဂျိုး ရိုဒန် နဲ့ တစ်ယောက်ချင်း (1 vs 1) အနေအထား ဖြစ်သွားပါမယ်..။ ဒါပေမယ့် အဲဒီလို မဖြစ်ခဲ့ပါဘူး..။
အခုအပေါ်ကပုံ (ပုံ- ၈) မှာ ပြထားတဲ့အတိုင်း မူဆာ ဆစ်ဆိုကို ဟာ တီမို ဗာနာ ကို လုံးဝအလွတ်မပေးခဲ့တာကြောင့် မေဆန် မောင့် က အဲဒီနေရာလွတ်ထဲကို ဘောလုံးထိုးပေးလိုက်ပေမယ့် ဂျိုး ရိုဒန် အတွက် ကာကွယ်ပေးမယ့် နောက်ထပ်ကစားသမား တစ်ယောက်ရှိနေခဲ့ပါတယ်..။ ဒါဟာကွင်းလယ် ကစားသမား တစ်ယောက်ရဲ့ ခံစစ်ပိုင်းမှာ ဘယ်လိုကူညီပေးလို့ရတယ်ဆိုတာ ပြသလိုက်တဲ့ နမူနာကောင်းတစ်ခုပါပဲ..။
ကဲ.. အခုဆိုရင် တော့တင်ဟမ် အသင်းရဲ့ ခံစစ်အနေအထားကို ကြည့်မယ်ဆိုရင် (ပူးတွဲပုံ- ၉) မူဆာ ဆစ်ဆိုကို က right back ဖြစ်သွားပြီး နောက်တန်းလေးယာက် ပုံစံမပျက်ရှိနေတယ်..၊ ဆာ့ဂျ် အော်ရီယေး က အထဲကိုကဝင်ပြီး ကွင်းလယ်ခံစစ်မှာ ဆစ်ဆိုကို ရဲ့ နေရာကို ပြန်ပြီးဖြည့်ကစားပါတယ်..။ ဒါဟကစားသမားတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ခံစစ်ကြောင်းကို ပုံစံမပျက်အောင် လှည့်လည်နေရာယူ ကစားသွားကြတာကို ပြသနေတာ ဖြစ်ပါတယ်..။
နောက်ပြီးသူဟာ အခုပူးတွဲပုံ (ပုံ- ၁၀) မှာ ပြထားတဲ့အတိုင်း ခံစစ်ကြောင်းအထိ လိုက်ပါပြီး ဗဟိုခံစစ်မှူးတွေနဲ့အတူ တွဲဖက်လို့ တီမို ဗာနာ ကို လူကပ်ကစားခဲ့တာကြောင့် ဂျာမနီတိုက်စစ်မှူးအနေနဲ့ ခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေဆီကို ပြေးထွက်ဖို့ အခွင့်မသာခဲ့ပါဘူး..။ ဒီနေ့ပွဲမှာ သူ့ရဲ့လုပ်အားနှုန်း၊ ရွှေ့လျားမှုတွေနဲ့ ခံစစ်ကစားသမားတွေနဲ့ နားလည်မှုကောင်းတွေ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်လည်း ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမားတွေအနေနဲ့ သူတို့အားသန်တဲ့ ဘယ်တောင်ပံအခြမ်းကနေ ထိုးဖောက်နိုင်ဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်..။
မာ့ခ် ချက်ပ်မန်း - အင်းဗျ.. ခင်ဗျားပြသသွားတဲ့ ကွင်းလယ်ကစားသမားတွေရဲ့ ခံစစ်ပိုင်းကူညီမှု၊ နေရာယူ လှုပ်ရှားပုံတွေဟာ တကယ့်ကို စိတ်ဝင်စားစရာပဲဗျ..။ပြောရမယ်ဆိုရင် ကွင်းလယ်ခံစစ်ပိုင်းကို နေရာချတဲ့နေရာမှာတော့ ဟိုဆေး မော်ရင်ဟို ဟာ တကယ့်ကို ဆရာတစ်ဆူပါပဲ..။ ခင်ဗျားမှတ်မိဦးမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းကို သူကိုင်တွယ်စဉ်တုန်းကလည်း အင်ဒါးစ် ဟာရဲရားကို အဲဒီပုံစံအတိုင်း man marking ပေးပြီး အီဒင် ဟာဇက် ကို လူကပ်ကစားခဲ့တာပဲဗျ..။
ဂျာမိန်း ဂျီးနပ်စ် - ဒါကတော့ ဒီနေ့ပွဲရဲ့ tactical နည်းစနစ်ပိုင်း ချဉ်းကပ်ပုံထဲက တစ်ခုပေါ့ဗျာ.။ ဒါပေမယ့် အခုနောက်ပိုင်း ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင် ဆစ်ဆိုကို ကို ခံစစ်ပိုင်းမှာ အားပြုကစားစေခဲ့တာကြောင့် ညာတောင်ပံက ဆာ့ဂျ် အော်ရီယေး အနေနဲ့ ပိုပြီးစိတ်ချ လုံခြုံလာတာကို သတိပြုမိကြပါလိမ့်မယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းမှာတုန်းက သူ့ရဲ့ခံစစ်ပိုင်း တာဝန်ပေးမှု ကောင်းမွန်ခဲ့တာကြောင့် အင်ဒါးစ် ဟာရဲရား ရဲ့ ခြေစွမ်း၊ လုပ်အားနှုန်း ကောင်းမွန်ခဲ့ပေမယ့် ဆစ်ဆိုကို လို ညာတောင်ပံက ခံစစ်ကစားသမား၊ ဗဟိုခံစစ် ကစားသမားတွေကို အားဖြည့်ပေးနိုင်တာ၊ ပိုပြီးလုံခြုံစိတ်ချ စေခဲ့တာမျိုးကိုတော့ မတွေ့ခဲ့ရပါဘူး..။ ဒါကတော့ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက်ကြားက ခြားနားချက်ပေါ့ဗျာ..
မာ့ခ် ချက်ပ်မန်း - ဟုတ်ကဲ့ပါ.. အခုလိုဒီတစ်ပါတ်ရဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့ရဲ့ ပွဲစဉ်ကနေ အရေးပါခဲ့တဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်လေးတွေကို ထုတ်နှုတ်၊ ဆွေးနွေးပေးခဲ့ကြတဲ့ အလန် နဲ့ ဂျီးနပ်စ် တို့ကို ကျေးဇူးအထူး တင်ရှိပါတယ်…။ နောက်ထပ်တစ်ပွဲအကြောင်း ဆက်ကြတာပေါ့…