ဗုဒ္ဓဟူးနေ့ညပိုင်းက စပိန်နိုင်ငံ၊ Estadio Ramon Sanchez Pizjuan ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဆီဗီလားအသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်းနှင့် အိုလီဗီယာ ဂျီရူးဒ် ၏ သွင်းဂိုးများနှင့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှေ့အလားအလာများအပေါ် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်း မန်နေဂျာဟောင်း ဂလင်း ဟော်ဒယ်လ် တို့က BT Sports ရုပ်သံဌာနမှ တင်ဆက်သည့် သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂျိတ်ခ် ဟမ်းဖရေး - ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ အသင်းရဲ့အနိုင်ဂိုး လေးဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် နဲ့စပြီး ဆွေးနွေးကြရအောင်လားဗျာ…။ သူ့အတွက် တကယ့်ကို ပြီးပြည့်စုံခဲ့တဲ့ ညတစ်ညလို့ ပြောရမှာပဲဗျ..
ဂလင်း ဟော်ဒယ်လ် - သူ့အတွက်က တကယ့်ကို ရှားရှားပါးပါး ပြီးပြည့်စုံခဲ့တဲ့ ညတစ်ညလို့ ပြောရမှာပါ..။ သူ့အနေနဲ့ အခုလိုအခွင့်အရေးရတုန်း အမိအရ ဖမ်းဆုတ်ရမှာ ဖြစ်တယ်လို့ ပွဲမစခင်တုန်းက ကျွန်တော်တို့ ပြောခဲ့ကြသေးတယ်လေ..၊ သူကလည်း အခုလို ချန်ပီယံလိဂ်အဆင့် ပြိုင်ပွဲမှာ တစ်ပွဲတည်းလေးဂိုး သွင်းပေးခဲ့တာကြောင့် ဒီတစ်ပါတ်ရဲ့ ‘player of the week’ ပါပဲဗျာ..။ တစ်ခုရှိတာက ဒီနေ့ပွဲမှာပြသခဲ့တဲ့ ခြေစွမ်းကြောင့် လာမယ့်စနေနေ့ည၊ လိဒ် ယူနိုက်တက် အသင်းနဲ့ပွဲမှာ ဖရန့် က သူ့ကိုပွဲထွက်ခွင့်ပေးလိမ့်မယ်လို့ သေချာပေါက် ပြောနိုင်မှာမဟုတ်ပါဘူး..။ ဒါပေမယ့်သူဟာ ထပ်ပြီးမြင်တွေ့ခွင့်ရနိုင်ဖို့ ခက်ခဲခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို ဒီနေ့ပွဲမှာ ပြသခဲ့တယ်လို့ ပြောရမှာပါ..။
ဂျိုး ကိုးလ် - အိုလီဗီယာ အတွက် အမှားအယွင်းမရှိ တကယ့်ကို ပြီးပြည့်စုံခဲ့တဲ့ ညတစ်ညပါ..။ အခုအချိန်ဆိုရင် အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒီလိုကစားသမားမျိုးကို ဘယ်လိုစိတ်ကူးနဲ့များ လက်လွှတ်ခွင့် ပြုလိုက်သလဲဆိုပြီး တောက်တခေါက်ခေါက် ဖြစ်နေကြပါလိမ့်မယ်..။ သူဟာ စိတ်ဓါတ်၊ ခံယူချက်၊ ကြိုးစားမှုတွေ ထူးခြားကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..။ ခုနကဂလင်း ပြောခဲ့သလိုပါပဲ.. ဒီလောက်ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့တာတောင် လာမယ့်ပွဲမှာ သေချာပေါက် ပွဲထွက်ခွင့် ရပါလိမ့်မယ်လို့ မပြောနိုင်သလို သူတို့တွေ အခုလို အပြိုင်အဆိုင် ခြေစွမ်းပြနေတာကြောင့် ဖရန့် တို့တတွေ ခေါင်းကိုက်ရမှာ အသေအချာပဲဗျ..။
ဒါပေမယ့် နည်းပြတစ်ယောက်အတွက် ဒီလိုခေါင်းကိုက်ဆေးမျိုးကတော့ သိပ်ကိုကျေနပ်ဖို့ကောင်းတယ်လို့ ပြောရမှာပါ..။ အခုဆိုရင် လိဒ် နဲ့ပွဲမှာ တန်မီ နဲ့ပဲ ဆက်ပြီးသွားရမလား..? လေးဂိုးသွင်းပြီး အထူးခြေစွမ်းပြခဲ့တဲ့ ဂျီရူးဒ် ကို ဆက်ပြီးပွဲထုတ်ရမှာလား..? စဉ်းစားစရာ ဖြစ်လာပါပြီ..။
ဂျိတ်ခ် ဟမ်းဖရေး - အခုမေးခွန်းကတော့ ဂလင်း ကိုပဲ မေးရမှာပါ..။ မန်နေဂျာတစ်ယောက် အနေနဲ့ဆိုရင် အရမ်းကိုရှင်းမှာပါ…၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လေးဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးကိုပဲ ဆက်ပြီးပွဲထွက်ခွင့်ပေးရမှာ မဟုတ်ဘူးလားဗျ..။
ဂလင်း ဟော်ဒယ်လ် - သေချာတာပေ့ါဗျာ..။ အခုအချိန်မှာ နောက်လာမယ့် ပွဲထွက်လူစာရင်းကျရင် သူ့ကိုချန်ထားဖို့ အရမ်းကိုခက်ခဲသွားပါပြီ..။ သွင်းဂိုးလေးဂိုးကို ဖယ်ထားခဲ့မယ်ဆိုရင်တောင် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဒီနေ့ပွဲက သူ့ရဲ့ကစားပုံဟာ တကယ့်ကို ကောင်းမွန်ခဲ့တာပါ..။ နောက်ပြီးသူဟာ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှု အရမ်းကိုမြင့်မားနေပါတယ်..။ ဒါ့အပြင် သူ့ရဲ့ကိုယ်ထဲမှာ ရေဒါ အန်တာနာ တစ်ခုရှိနေသလိုပဲဗျ..၊ တစ်ကွင်းလုံးမှာရှိတဲ့ ကစားသမားတွေရဲ့ ရွှေ့လျားမှုကိုသိနေပြီး သူ့ဆီကိုဘောလုံးရောက်လာရင် ကိုယ့်အသင်းဖော်ဆီ အသာလေးထိုးပေး၊ နေရာယူ..၊ လှုပ်ရှားသွားတာတွေ သိပ်ကိုကောင်းပါတယ်..။
အဲဒီလို ခြေစွမ်းကောင်းတွေရဲ့နောက်မှာ ကပ်ပြီးပါလာတာက ‘ငါဟာဂိုးတွေသွင်းနိုင်ရမယ်’ ဆိုတဲ့ ယုံကြည်မှု ဖြစ်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ သူ့ကိုချန်ထားဖို့ဆိုတာ အရမ်းကိုခက်ခဲနေပါပြီ..။ သူဟာရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့တာပါ…။ ဒါ့ကြောင့်သူဟာအကောင်းဆုံး ခြေစွမ်းရနေတယ်..၊ ဂိုးတွေသွင်းပေးနိုင်တယ်..၊ စိတ်ဓါတ်၊ ခံယူချက်နဲ့ ကြိုးစားအားထုတ်မှု အပိုင်းမှာလည်း ပြောစရာမရှိပါဘူး..။ အဲဒီအချက်တွေအပြင် ဘယ်ခြေ၊ ညာခြေ၊ ခေါင်းနဲ့ ‘perfect hattrick’ ရခဲ့တယ်..၊ ပင်နယ်တီသွင်းဂိုးပါ ထပ်ဆောင်းပေးလိုက် သေးတယ်ဆိုတော့ ဘာတွေများ ထပ်ဖြည့်ပြောစရာ ကျန်တော့မှာလဲဗျာ..
ဂျိုး ကိုးလ် - ကျွန်တော်သာ ဖရန့် ရဲ့နေရာမှာဆိုရင် ဒီနေ့ပွဲအပြီးမှာ ကစားသမားတွေနဲ့ တွေ့ဆုံမယ်..၊ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေနဲ့ အထူးခြေစွမ်းပြခဲ့တဲ့ ဂျီရူးဒ် ကို ချီးကျူးမယ်..၊ နောက်ပြီး သူ့ရဲ့စိတ်ဓါတ်၊ ခံယူချက်နဲ့ အသင်းအပေါ် ပေးဆပ်မှုတွေကြောင့် လာမယ့်စနေနေ့မှာ သေချာပေါက် ပွဲထွက်ခွင့်ပေးပါမယ် ဆိုတဲ့အကြောင်း အားလုံးရဲ့ရှေ့မှာ အာမခံလိုက်ပါမယ်..။ ဒါဟာကြိုးစားတဲ့ သူတွေအတွက် သေချာပေါက်ဆုလာဘ် ရရှိလိမ့်မယ်ဆိုတာ အသင်းတွေကို အသိပေးလိုက်တာလည်း ဖြစ်ပါမယ်..။ ဒီလိုနည်းနဲ့ အသင်းတွေအားလုံးကို စုစုစည်းစည်း ဆက်ပြီးရှိနေစေမှာဖြစ်သလို ထိုက်တန်တဲ့ခြေစွမ်း ပြနိုင်ရင် နေရာတစ်နေရာ သေချာပေါက် ရရှိလိမ့်မယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားပါလိမ့်မယ်..။
ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ..၊ ဖရန့် ကလည်း ခင်ဗျားပြောတဲ့အတိုင်း တထေရာတည်း မဟုတ်ရင်တောင် အလားတူအခြေအနေတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်..။ ဒါ့ကြောင့်လာမယ့် စနေနေ့မှာ သူ့ကိုချန်ထားဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်..။ ၂၀၁၈ ခုနှစ်ကနေစပြီး အိုလီဗီယာ ဂျီရူးဒ် နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဥရောပပြိုင်ပွဲတွေမှာ သူ့ထက်ပိုပြီး ဂိုးတွေသွင်းပေးထားနိုင်တဲ့ ကစားသမားတွေဆိုလို့ ရောဘတ် လီဝန်ဒေါ့စကီး နဲ့ လီယွန်နယ် မက်ဆီ တို့နှစ်ယောက်ပဲ ရှိပါတယ်..။ အဲဒီအချက်အလက်တွေအရ သူဟာထိုက်တန်တဲ့ ချီးမွမ်းမှုတွေကို မရရှိခဲ့ဘူးလို့ (under-rated) ပြောရမှာပါပဲဗျ..
ဂျိုး ကိုးလ် - သေချာတာပေါ့ဗျာ..။ အိုလီဗီယာ ဂျီရူးဒ် ဟာအထောင် တိုက်စစ်မှူး တစ်ယောက်ထက် ပိုပါတယ်..။ တစ်ကွင်းလုံးအနှံ့ ရွှေ့လျား၊ လှုပ်ရှားပေးနေတယ်..၊ ဘယ်ခြေ၊ ညာခြေ အဆုံးသတ်ကောင်းတယ်..၊ hold up play အပိုင်းမှာလည်း ပြောစရာ မရှိပါဘူး..။ များပြားလှတဲ့ အတွေ့အကြုံတွေကြောင့် အင်မတန်မှ ပါးနပ်လှတဲ့သူလည်း ဖြစ်ပါတယ်..။ ဒါပေမယ့် အထောင်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ဆိုရင် သူဟာအကောင်းဆုံးခြေစွမ်း ရရှိတဲ့အချိန် နောက်ကျတယ်လို့ ပြောနိုင်ပါတယ်..။ အိုလီဗီယာ ဂျီရူးဒ် ရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်ခွင့်ရတဲ့နှစ်တွေ သိပ်မကြာသေးပါဘူး..။ အထူးသဖြင့် အခုနောက်ပိုင်း နှစ်နှစ်လောက်မှာ ပိုပြီးကောင်းလာတယ်လို့ ထင်တာပဲဗျ..။
အာဆင်နယ်အသင်းမှာတုန်းကလည်း ဘယ်သူကမှ သူ့ကိုဂရုတစိုက် မချီးကျူးခဲ့ကြပါဘူး..။ ချယ်လ်ဆီးကိုရောက်လာခဲ့ပြီး ‘No.9’ အဖြစ် တိုက်စစ်ကို ဦးဆောင်ခဲ့ရတဲ့ နောက်ပိုင်းကျမှ သူ့ရဲ့ခြေစွမ်းဟာ ပိုပြီးတောက်ပြောင်လာပါတယ်..။ နိုင်ငံလက်ရွေးစင်အသင်း ဘက်အခြမ်းကို ကြည့်မယ်ဆိုရင် သူဟာကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်တယ်..။ ပြင်သစ်အသင်းမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ သီယာရီ အွန်နရီ ထက် (၇) ဂိုးပဲနည်းပြီး ဒုတိယမြောက် သွင်းဂိုးအများဆုံး ရရှိထားပါတယ်..။ ဒါ့ကြောင့်အင်္ဂလန်မှာ ကစားခဲ့တဲ့ (၁၀) နှစ်အတွင်း ထိုက်တန်တဲ့ အသိအမှတ်ပြု၊ ချီးမွမ်းခံခဲ့ရမှု မရရှိခဲ့ဘူးဆိုတဲ့ နေရာမှာ သူ့ကိုထိုက်သင့်သလောက် မချီးမွမ်းခဲ့တဲ့ ကျွန်တော်တို့မှာလည်း အပြစ်ရှိပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ကဲပါ.. သူ့ရဲ့သွင်းဂိုးတွေကို ကျွန်တော်တို့ပြန်ပြီး ကြည့်ရအောင်… ‘perfect hattrick’ နဲ့ အရင်ဆုံးစကြတာပေါ့ဗျာ..
ဂလင်း ဟော်ဒယ်လ် - ပထမပိုင်း (၈) မိနစ်မှာ ရခဲ့တဲ့ အဖွင့်ဂိုးက နည်းနည်းတော့ လွယ်သလို ရှိခဲ့ပါတယ်..။ ဟာဗာ့ဇ် က ကွင်းလယ်မှာတင် ဆီဗီးလား ကွင်းလယ်ကစားသမား နှစ်ယောက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။ ဂျီရူးဒ် က ဘာမှတောင် သိပ်ပြီးမလုပ်လိုက်ရပါဘူး..၊ နေရာယူတယ်..၊ ဟာဗာ့ဇ် ရဲ့ပေးပို့မှုကို ညာခြေနဲ့ထိန်းရင်း ခန္ဓာကိုယ်ကိုပြင်ပြီး ဘယ်ခြေနဲ့ မနားတမ်းကန်သွင်းခဲ့တာပါ..။ ဒါပေမယ့် ဒီနေရာမှာ တပြိုင်တည်း ထိန်းထိန်းကန်ကန် ပြုလုပ်သွားခဲ့တဲ့ သူ့ရဲ့ကျွမ်းကျင်မှုဟာ ချီးကျူးစရာပါ… ဟုတ်တယ်မဟုတ်လား.. ဂျိုး ရေ..
ဂျိုး ကိုးလ် - ဒီဂိုးမှာ သူဟာအရမ်းကြီး မလှုပ်ရှားလိုက်ရဘူး ဆိုပေမယ့် တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေထဲမှာ ဂိုးရနိုင်မယ့် နေရာကို ချိန်သားကိုက် ရောက်ရှိဖို့နဲ့ အတိအကျ ကန်သွင်းနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်..။ အထူးသဖြင့် လျှပ်တစ်ပြက်အတွင်းမှာ ပြုလုပ်သွားနိုင်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်၊ ကောင်းမွန်ခဲ့တာကို အသိအမှတ်ပြုရမှာပါ..။
ဒုတိယဂိုးမှာတော့ ဂျီရူးဒ် ရဲ့ ပြေးလမ်းထဲကို အတိအကျ ပေးပို့နိုင်ခဲ့တဲ့ ကိုဗာဆစ် ရဲ့ ပေးပို့မှုကို ချီးကျူးရပါမယ်..။ ပြင်သစ်တိုက်စစ်မှူးက အဲဒီလှပတဲ့ ပေးပို့မှုကို တစ်ချက် ‘မျော’ လိုက်ပြီး ရှေ့ကိုတက်လာတဲ့ ဂိုးသမားပေါ်က အသာအယာ ကျော်ဖြတ်သွင်းယူူနိုင်ခဲ့ပါတယ်..။ တကယ်တော့ သူဟာညာခြေသိပ်မသန်ဘူးဗျ..။ ဂိုးရရမယ်ဆိုတဲ့ ယုံကြည်မှုအပြည့် ရှိနေလို့သာ အခုလိုရဲရဲတင်းတင်း ကန်သွင်းရဲတာပါ..။
ဂလင်း ဟော်ဒယ်လ် - ဂျီရူးဒ် လွတ်ထွက်သွားတဲ့အချိန်မှာ ဆီဗီးလားအသင်း ဗဟိုနောက်ခံလူ ဆာဂျီ ဂိုးမက်ဇ် က ချက်ချင်းကန်မယ်ထင်ပြီး လျောထိုးပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် သူကကန်မယ်ဟန်ပြပြီး ရှေ့တက်ပိတ်ဆို့တဲ့ ဂိုးသမားနဲ့ ဂိုးမက်ဇ် ကြားကနေ ‘မ’ ပြီး ကန်သွင်းခဲ့တာ သိပ်ကိုသွေးအေးလွန်းသလို ပါးပါးနပ်နပ် ရှိလှပါတယ်..။ သူ့ရဲ့အောင်ပွဲခံတဲ့ဟန်ကတော့ ဘာကိုရည်ရွယ်ခဲ့မှန်း ကျွန်တော်မပြောတတ်ဘူး.. ဟားဟား..
ဂျိုး ကိုးလ် - ဘယ်ခြေ၊ ညာခြေ.. ပြီးတော့ ‘ခေါင်းတိုက်’ ဂိုးပေါ့ဗျာ..။ အဲဒီဂိုးမှာ နောက်တန်းက ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အန်ဂိုလို ကန်တေး ရဲ့ ပြေးလမ်းထဲကို ရင်ဘတ်နဲ့ မနားတမ်း ချပေးလိုက်တဲ့ ဇိုင်းယက်ချ် ရဲ့ ပေးပို့မှုကနေ စတင်ပါတယ်..။ ကန်တေး ကန်တင်မယ့်အချိန် ဂျီရူးဒ် ဟာ ဘောလုံးကျလာမယ့် နေရာကို သိနေတယ်..။ ဒါ့ကြောင့်သူဟာ ဘာမှတောင် သိပ်ပြီးအားမစိုက်လိုက်ရပဲ ပြေးလာခဲ့တဲ့ အရှိန်နဲ့ ဘောလုံးကို ခေါင်းနဲ့လမ်းကြောင်း ပြောင်းပေးလိုက်ရုံပဲဗျ..
ဂလင်း ဟော်ဒယ်လ် - ဒီလိုနေရာမှာ အတွေ့အကြုံဆိုတာ စကားပြောပါတယ်..။ ပထမအဆင့်အနေနဲ့ ဂျီရူးဒ် ဟာ ဗဟိုနောက်ခံလူနှစ်ယောက်ကြားမှာ ရှိနေအောင် နေရာယူထားခဲ့ပါတယ်..၊ နေရာလွတ်ကိုပဲရှာတာဗျ..၊ နောက်ခံလူတွေနဲ့ အတင်းတွန်းတိုက်ပြီး ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး..။ အဲဒီလိုနောက်ခံလူတွေကြားက နေရာလွတ်မှာ အတိအကျ နေရာယူနိုင်ဖို့ဆိုတာ နည်းစနစ်ပိုင်း အရမ်းကိုကောင်းမွန်မှ ရတာပါ…။ ဂျီရူးဒ် ဟာ သူ့ရဲ့ကစားသမား သက်တမ်းတစ်လျှောက် အခုလိုပုံစံ သွင်းဂိုးတွေ မကြာခဏသွင်းပေးခဲ့ပါတယ်..။ အားထည့်ပြီး အပြင်းခေါင်းတိုက်တာမျိုး မဟုတ်ဘူးဗျ..။ ဇက်ကိုချိုးပြီး လမ်းကြောင်းပြောင်းပေးလိုက်တာပဲ ရှိပါတယ်..။ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကိုက ကောင်းမွန်ခဲ့သလို အရှိန်လည်း ပါခဲ့တာဆိုတော့ သူ့အတွက် ထူးထူးခြားခြား အားစိုက်နေစရာ မလိုတော့ပါဘူး..။
ဂျိုး ကိုးလ် - အင်းဗျ.. အဲဒီလိုဘောလုံးမျိုးကို နောက်ခံလူတွေနဲ့ တွန်းတိုက်ဖို့ပဲ ကြိုးစားရင်း လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူးတွေ အများကြီးပါပဲ..။ ဒါ့ကြောင့်ကြည့်ရတာ လွယ်တယ်လို့ ထင်ရပေမယ့် ဒီလိုအတိအကျ နေရာယူနိုင်ဖို့ိ အတော်လေးကို ခက်ခဲပါတယ်..။ ဒါ့ကြောင့်သိပ်ကိုကောင်းမွန်ခဲ့တဲ့ အဆုံးသတ်ဂိုးသွင်းမှုလို့ ကျွန်တော်ပြောချင်ပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - အဲဒီလို hattrick ရပြီး ယုံကြည်မှုတွေ အရမ်းတက်နေတဲ့အချိန်မှာ ပင်နယ်တီ ထပ်ပြီးရခဲ့တယ်ဆိုတော့ တခြားသူတွေကလည်း သူ့ဆီကနေ ပင်နယ်တီကန်ခွင့် တောင်းတော့မှာ မဟုတ်တော့ဘူးဗျ..။
ဂလင်း ဟော်ဒ်လ် - ခင်ဗျားက ဂိုးသမားကို သနားနေတာပေါ့.. ဟားဟား..။ အဲဒီပင်နယ်တီ ရခဲ့တဲ့ ပြစ်ဒဏ်မှာ နောက်ခံလူထက် သူကဦးနေပေမယ့် ပါးပါးနပ်နပ်နဲ့ ပင်နယ်တီရအောင် ယူခဲ့တာပါ..။ ကန်တဲ့အခါကျတော့လည်း အရှိန်တောင် သိပ်မယူဘူး..၊ အပေါ်ထောင့်ကို လှလှပပ အပြင်းကန်သွင်း ရယူခဲ့ပါတယ်..။ ပင်နယ်တီ ကန်တဲ့နေရာမှာ လွဲချော်တတ်မှန်း နားလည်ထားကြပေမယ့် သူ့ရဲ့ကန်သွင်းချက် ဂိုးဝင်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး ရာနှုန်းပြည့် ယုံကြည်ခဲ့ကြပါတယ်..။
ဒါ့အပြင်ပွဲပြီးတဲ့အချိန် သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေအပေါ် သူ့ရဲ့ဖြေကြားမှုတွေ သိပ်ကိုကောင်းပါတယ်..။ ပြီးခဲ့တဲ့ပွဲတွေကအကြောင်းတွေ ပြန်မပြောတော့ဘူး..၊ မန်နေဂျာပဲ ဆုံးဖြတ်ပါစေ.. ဆိုပြီး အသင်းလိုက်စိတ်ဓါတ် အပြည့်အဝရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ပြသခဲ့ပါတယ်..။ ဒါ့ကြောင့်နောက်ပိုင်း ပွဲစဉ်တွေမှာ အခြေအနေ အကြောင်းကြောင်းနဲ့ အရန်ခုံကနေ ဝင်ကစားခဲ့ရတယ် ဖြစ်ခဲ့ရင်တောင်မှ သူဟာပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား (game changer) အဖြစ် ရှိနေမှာပါ..။
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ.။ မန်နေဂျာနဲ့ အိုလီဗီယာ ဂျီရူးဒ် တို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်ပြီးဆွေးနွေးကြရအောင်ခင်ဗျ..။ ဒီနှစ်ဘောလုံးရာသီကုန်ရင် ယူရိုပြိုင်ပွဲလည်း လာတော့မှာဆိုတော့ အိုလီဗီယာ ဂျီရူးဒ် ကို အသင်းမှာဆက်ပြီး ပျော်ရွှင်အောင် ဘယ်လိုလုပ်လို့ရလဲ ဆိုတဲ့အပေါ် မန်နေဂျာတစ်ယောက်အနေနဲ့ ပြောပြပေးလို့ရမလား..? ဂလင်း ရေ.. ဘာဖြစ်လို့လဲဆိုတော့ အခုပွဲဟာ ဂျီရူးဒ် အတွက် အခုရာသီအတွက် ဒုတိယမြောက် ပွဲထွက်ခွင့်ရခဲ့တဲ့ပွဲစဉ် ဖြစ်နေခဲ့တာကိုးဗျ..
ဂလင်း ဟော်ဒယ်လ် - မှန်ပါတယ်..။ ဂျီရူးဒ် ဟာ သူလိုချင်သလောက် ဒါမှမဟုတ် ပြင်သစ်အသင်း မန်နေဂျာ ဒက်စ်ချမ့် လိုချင်သလောက် ကစားခွင့်မရခဲ့ပါဘူး..။ ဒီနေ့ပွဲမစခင်မှာ ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ.. ပထမဆုံးအနေနဲ့ ဂျီရူးဒ် နဲ့ ပတ်သက်ပြီး ဖရန့် ဟာ ဒက်စ်ချမ့် နဲ့ ဆွေးနွေးကြည့်ဖို့ ကောင်းပါတယ်..။ ဒက်စ်ချမ့် လည်း ချယ်လ်ဆီးစားသမားဟောင်းပါပဲ..။ ဖရန့် အနေနဲ့ ဒက်စ်ချမ့်ပ် ဆီကနေ ဂျီရူးဒ် အပေါ် ဘယ်လိုမျှော်လင့်ထားလဲ..? ပြင်သစ်အသင်းမှာ ပါနိုင်ဖို့ဆိုရင် ပွဲအရေအတွက် ဘယ်လောက် ကစားခွင့်ရဖို့ လိုမလဲ..? စတဲ့ အချက်တွေ သိရရင် ကောင်းတာပေါ့ဗျာ.။ အခုပြသနေတဲ့ ဂျီရူးဒ် ရဲ့ ခြေစွမ်းအရဆိုရင် ဖရန့် အနေနဲ့ သူလိုချင်တဲ့ ပွဲအရေအတွက် မပေးနိုင်စရာ အကြောင်းမရှိပါဘူး..။
တကယ်လို့ ဂျီရူးဒ် သာ သူနဲ့ပတ်သက်ပြီး အသင်းမန်နေဂျာနဲ့ နိုင်ငံလက်ရွေးစင် အသင်းမန်နေဂျာတို့ ဆွေးနွေးတိုင်ပင်ထားတယ်..၊ သဘောတူညီမှု တစ်ခုခုရရှိထားတယ်ဆိုတာ သေချာခဲ့တယ်ဆိုရင် အတော်လေးကို စိတ်အေးလက်အေး ရှိသွားပါမယ်.။ သူဟာ အသက် (၃၄) နှစ်ရှိနေပြီဆိုတော့ တစ်ချို့ပွဲတွေမှာ အနားပေးရမှာ အသေအချာပါပဲ..။ ဒါ့ကြောင့်သူနဲ့ပတ်သက်ပြီး အစီအစဉ်သေချာချပြီး သုံးစွဲမယ်ဆိုရင် ကစားသမား၊ ချယ်လ်ဆီးနဲ့ ပြင်သစ်လက်ရွေးစင်အသင်း.. သုံးဦး၊ သုံးဖလှယ် အကျိုးဖြစ်ထွန်းမယ့် အစီအမံ ဖြစ်လာမှာပါ..။ ဒက်စ်ချမ့် ကိုယ်တိုင်လည်း အဲဒီအစီအမံထဲမှာ ပါဝင်နေဖို့ လိုအပ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကစားသမား တစ်ယောက်အတွက် နိုင်ငံလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ အရေးကြီးပါတယ်..။
ဂျိုး ကိုးလ် - မှန်တယ်ဗျ..။ ဂျီရူးဒ် ဘက်က ကြည့်မယ်ဆိုရင်လည်း နိုင်ငံလက်ရွေးစင် အသင်းမှာ အရွေးမခံရတော့ရင် ယူရိုပြိုင်ပွဲနဲ့ လွဲချော်မယ့်ကိစ္စဟာ စိတ်ပူစရာပါ..။ မကြာသေးခင်ကပဲ ဒက်စ်ချမ့် က ဂျီရူးဒ် ကို ဒီထက်ပိုပြီး ကစားခွင့်ရဖို့ လိုအပ်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်..။ ဒါ့ကြောင့်ခုနက ဂလင်း ပြောသလို ဂျီရူးဒ် ပါဝင်ခဲ့သည်ဖြစ်စေ..၊ မပါဝင်သည်ဖြစ်စေ.. မန်နေဂျာနှစ်ယောက် ဆွေးနွေးခဲ့တယ်ဆိုရင် သူ့အတွက် အတော်လေးကို စိတ်အေးရမှာပါ..။ ကျွန်တော်လည်း ၂၀၁၀ ခုနှစ်တုန်းက အဲဒီလိုအနေအထားမျိုး ကြုံခဲ့ရဖူးပါတယ်..။
အဲဒီနှစ်က ကျွန်တော်ဟာ အသင်းမှာပုံမှန်နေရာမရ ဖြစ်နေသလို ဒူးဒဏ်ရာလည်း ရခဲ့တယ်ဆိုတော့ ၂၀၁၀ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်နိုင်ဖို့ မသေချာတဲ့ အနေအထား ဖြစ်ခဲ့ရပါတယ်..။ ရာသီကုန်ခါနီး ဧပြီလကျမှ အသင်းကြီးမှာ ပြန်ကန်နိုင်ပါတယ်..။ အဲဒီနှစ်က ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ FA ဖလား ရခဲ့ပါတယ်.။ တစ်ခုကံကောင်းတာက အန်စလော့တီ ဟာ အင်္ဂလန်အသင်း မန်နေဂျာ ကာပယ်လို နဲ့ အရမ်းရင်းနှီးပါတယ်..။ ကာပယ်လို က ဂျိုး ကိုးလ် ကို ရွေးမယ်..၊ ဒါပေမယ့် သူ့ကိုပေးမသိထားနဲ့.. ဆိုပြီး အန်စလော့တီ ကို ကြိုပြောထားပါတယ်..။
အန်စလော့တီ က အဲဒီအကြောင်းကို FA ဖလား အကြိုဗိုလ်လုပွဲစဉ်အပြီးမှာ ကျွန်တော့်ကို ပြောပြတော့ အတော်လေး စိတ်သက်သာရာ ရသွားပါတယ်..။ ကျွန်တော့်ဘက်ကကြည့်ရင် (၆) နှစ်၊ (၇) နှစ်အတွင်း အင်္ဂလန်အသင်းမှာပါနိုင်ဖို့ မသေမချာ ဖြစ်ခဲ့တာ ပထမဆုံးအကြိမ်ပါ..။ ဒါ့ကြောင့် အခုလို အန်စလော့တီ က ကျွန်တော်နဲ့ပတ်သက်ပြီး လက်ရွေးစင်အသင်း မန်နေဂျာနဲ့ ဆွေးနွေးပေးတယ်ဆိုတာ ကစားသမားအတွက် တကယ့်ကို ကြီးမားတဲ့ ခွန်အားတစ်ခုပါ..။ ဒါ့ကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာ ကျွန်တော်ဟာ ပွဲတိုင်းပါဝင်ခွင့် မရခဲ့ပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်လွတ်လက်လွတ် ကစားသွားနိုင်ခဲ့ပါတယ်..။ အခုလက်ရှိ ဂျီရူးဒ် နဲ့ ပတ်သက်ပြီး အခြေအနေ အသေးစိတ်ကို မသိရှိရပေမယ့် ဖရန့် အတွက် တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီစိန်ခေါ်မှုဟာ ကောင်းတဲ့ဘက်က ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုပါ..။
ဂျိတ် ဟမ်းဖရေး - ဂလင်း ရေ.. အင်္ဂလန်အသင်းကို ခင်ဗျားကိုင်တွယ်နေတုန်းက ကလပ်အသင်း မန်နေဂျာတွေနဲ့ ဘယ်လိုအချိန်တွေမှာ စကားပြောလေ့ရှိလဲဗျ..၊ ဒါမှမဟုတ် အသင်းမန်နေဂျာတွေက ခင်ဗျားကို လာပြီးဆွေးနွေးတာပဲ ဖြစ်ဖြစ်ပေါ့..
ဂလင်း ဟော်ဒယ်လ် - သိပ်မရှိခဲ့ပါဘူး..။ အခုနောက်ပိုင်းကျမှ ဘောလုံးအဖွဲ့ချုပ် (FA) က လက်ရွေးစင် မန်နေဂျာနဲ့ ကလပ်အသင်းမန်နေဂျာတွေကြားမှာ ဆက်သွယ်မှုကောင်းဖို့ တွန်းတွန်းထိုးထိုး လုပ်လာခဲ့ကြတာပါ..။ အဲဒီအချိန်က ကျွန်တော့်ဆီကို အသင်းမန်နေဂျာတွေ ဖုန်းခေါ်လာရင် သူတို့ကစားသမားတွေ မရွေးဖို့ လှမ်းပြီးတားတာလောက်ပဲ ရှိပါတယ်.. ဟားဟား..
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ… အခုလာမယ့် စနေနေ့.. လိဒ်အသင်းနဲ့ပွဲကျရင် ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်အသင်းပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ဖျော်ဖြေခွင့်ရတော့မှာပါ..။ အဲဒီအတွက် အားလုံးရဲ့စိတ်ထဲမှာ ကျေနပ်အားရမှုတွေ ရှိနေကြလိမ့်မယ်လို့ မျှော်လင့်တာပဲဗျ..
ဂျိုး ကိုးလ် - သေချာတာပေါ့.. ဂျက်ခ် ရေ.. ပရိသတ်တွေနောက်ဆုံး ကြည့်ခွင့်ရခဲ့တဲ့ အခြေအနေနဲ့ အခုလက်ရှိ အသင်းရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အသင်းဟာ ပိုပြီးတိုးတက် လာပါတယ်။ ဒ့ါကြောင့် အားလုံးဆီမှာ အကောင်းမြင်စိတ် ရှိနေကြပါလိမ့်မယ်..။ အဲဒီလို တိုးတက်မှုတွေအတွက် ဖရန့် လမ်းပတ် နဲ့ နည်းပြအဖွဲ့၊ ဝန်ထမ်းတွေ၊ ကစားသမားတွေ အားလုံးကို ချီးကျူးပါတယ်..။ နောက်ပြီးအဲဒီပွဲဟာ ဖရန့် တို့ ဒီနှစ်ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို မျက်မြင်ဒိဌ မြင်တွေ့ခွင့်ရမယ့် ပထမဆုံးပွဲလည်း ဖြစ်မယ်ဗျ..။
ဂလင်း ဟော်ဒယ်လ် - ဒါပေါ့.. ကိုယ့်ရဲ့အသင်းကို ကစားသမားသစ်တွေ ရောက်လာတယ်ဆိုရင် သူတို့ကိုယ်တိုင် မျက်စိရှေ့မှာ အကဲဖြတ်ကြည့်ချင်တာပဲလေ..။ အဲဒီအချိန်ဟာ အသင်းပရိသတ်တွေ စိတ်လှုပ်ရှားမှုအများဆုံး ဖြစ်ရတဲ့အချိန်ပါ..။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နွေရာသီတုန်းက ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို အခုကျမှ ပထမဆုံး မျက်မြင်ကိုယ်တွေ့ အကဲဖြတ်ခွင့်ရမှာ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် ကျေနပ်ဖို့အကောင်းဆုံးဖြစ်ခဲ့မှာ အသေအချာပါပဲ..။ နောက်ပြီးအခုအချိန်မှာ ပရိသတ်တွေအနေနဲ့ ကိုယ့်အသင်းအပေါ် စိတ်လှုပ်ရှားဖို့ အကောင်းဆုံး..၊ မျှော်လင့်ချက် အကောင်းဆုံး ထားရှိသင့်တဲ့ အခြေအနေလို့ ပြောရမှာပါ..။
ဒီနေ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ အိုလီဗီယာ ဂျီရူးဒ် ရဲ့ သွင်းဂိုးတွေတင် မကပါဘူး..၊ အသင်းရဲ့ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ သူတို့ဟာပွဲစကတည်းက ဘောလုံးတိုင်းကို ကျားကုတ်ကျားခဲ လိုက်လံဖျက်ထုတ်၊ အတင်းလိုက် ဖိအားပေး ကစားနိုင်ခဲ့ပြီး ကစားပုံ မြန်ဆန်ခဲ့ပါတယ်..။ ဘောလုံးခြေထဲမှာ ရှိပြီဆိုရင် တိုက်စစ်ကို အမြန်ဆုံးစတင်နိုင်ဖို့ ဦးစားပေးခဲ့ကြတာ တွေ့ခဲ့ရပါတယ်..။ ဒ့ါကြောင့်ဖရန့် ကလည်း ဂျီရူးဒ် ရဲ့ သွင်းဂိုးတွေအပြင် အသင်းလိုက် ကစားပုံပါ ကောင်းမွန်ခဲ့တယ်ဆိုပြီး သေသေချာချာ ချီးကျူးခဲ့တာ ဖြစ်ပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ.. ဒီနေ့ပွဲဟာဆိုရင် ဂျီရူးဒ် ရဲ့ သွင်းဂိုးတွေကြောင့် နောက်ဆုံး (၁၀) ပွဲမှာ clean sheet (၈) ပွဲရခဲ့တယ်ဆိုတဲ့ ခံစစ်ပိုင်းအချက်အလက်တောင် မှေးမှိန်ခဲ့ရသလို ဖြစ်ခဲ့ရပါတယ်..။ တကယ်တော့ အဲဒီအချက်ကလည်း အသင်းအတွက် အရေးကြီးတယ် မဟုတ်ဘူးလားဗျ..
ဂျိုး ကိုးလ် - အထူးသဖြင့် ဒီနေ့ပွဲမှာ ဖရန့် ဟာ သူ့ရဲ့ပထမဦးစားပေး နောက်တန်းလေးယောက်လုံးကို လဲပစ်ခဲ့တာကိုးဗျ..။ အီမာဆန် က ပါဝင်ခွင့်ရခဲ့တဲ့အချိန်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်..၊ ဗဟိုခံစစ်ကြောင်းက ရူဒီဂါ နဲ့ ခရစ်စ်တီယန်ဆန် တို့နှစ်ယောက်ရဲ့ ကစားပုံမာကျော၊ ကျစ်လျစ် ခဲ့ပါတယ်..။ အက်ဇ်ပီလီကွဲတား ဆိုတာ ကစားခွင့်ရတိုင်း ခြေစွမ်းကို အဆင့်အတန်းတစ်ခုမှာ ထိန်းထားနိုင်ခဲ့တဲ့သူဆိုတော့ ထူးထူးထွေထွေ ချီးကျူးနေစရာ မလိုပါဘူး...။ အိုလီဗီယာ ဂျီရူူးဒ် ဆိုရင် သတင်းစာတွေရဲ့ မနက်ဖြန်ခေါင်းကြီးသတင်း ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ပုံမှန်ကစားခွင့် မရခဲ့တဲ့ ကစားသမားတိုင်းလိုလို အကောင်းဆုံးခြေစွမ်း ပြသခဲ့ကြပါတယ်..။ ဒ့ါကြောင့်ချန်ပီယံလိဂ် ပြိုင်ပွဲအဆင့်မှာဆိုရင် တကယ့်ကို ပြည့်စုံကောင်းမွန်ခဲ့တဲ့ အဝေးကွင်းပွဲစဉ် စွမ်းဆောင်ရည်လို့ ပြောရမှာပါပဲ..။
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ.. အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ နောက်ထပ်တစ်ဆင့်ကို အုပ်စုဗိုလ်အနေနဲ့ တက်ရောက်ဖို့ သေချာသွားပြီဆိုတော့ သူတို့အသင်းရဲ့ ရှေ့အလားအလာအပေါ် ဆွေးနွေးကြတာပေါ့ဗျာ..။ နောက်ပြီး ဂျိုး ရေ.. ဒီနှစ်မှာ ဥရောပပြိုင်ပွဲတွေရဲ့ စူပါပါဝါ အသင်းကြီးတွေကလည်း ခါတိုင်းလို တောင့်တင်းမနေဘူးလို့ ပွဲမစခင်မှာ ခင်ဗျားပြောခဲ့ပါသေးတယ်..။ ဒ့ါကြောင့်ရှေ့ဆက်ပြီး ဘယ်အဆင့်ထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ခင်ဗျားတို့ခန့်မှန်းထားလဲဗျ..
ဂလင်း ဟော်ဒယ်လ် - အခုအပေါ်က ပုံမှာပြထားတဲ့ အသင်းတွေထဲမှာဆိုရင် လီဗာပူးလ်၊ မန်ချက်စတာ စီးတီး.. ပေါ့ဗျာ..။ မန်ချက်စတာ စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဖလားတစ်ခါမှ မရသေးဘူးဆိုတော့ သူတို့အတွက် ဒီနှစ်ရဲ့ ပထမဦးစားပေး နံပါတ်တစ် ဖလားပြိုင်ပွဲ ဖြစ်မှာပါ…။ ဘေယန် မြူးနစ် အသင်းကိုတော့ ချန်ထားလို့ မရပါဘူး..။ သူတို့ဟာအရင်လို အင်အား၊ တောင့်တင်းနေဆဲပါပဲ..။ အဲဒီအသင်းတွေကို ဖယ်ထားလိုက်မယ်ဆိုရင် လောလောဆယ် အနေအထားမှာ ချယ်လ်ဆီးဟာ ဘာစီလိုနာ နဲ့ ရီးရဲလ် မက်ဒရစ် အသင်းတွေထက်တောင် ကစားသမား အင်အားပိုင်းမှာ တောင့်တင်းနေတယ်လို့ ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်အနည်းဆုံး အကြိုဗိုလ်လုပွဲ အဆင့်ထိတော့ မှန်းထားလို့ ရနိုင်တဲ့ အနေအထားပါ..။ အကြိုဗိုလ်လုပွဲ ရောက်တဲ့အချိန် ပရိသတ်အားပေးမှုနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့အသင်းအဖြစ် ပေါ်ထွက်လာနိုင်ဖို့ ရှိပါတယ်..။
ဂျိုး ကိုးလ် - ချယ်လ်ဆီးအသင်းဟာ အခုလက်ရှိ ပရီးမီးယားလိဂ်မှာ ကစားသမားတွေရဲ့ ဒုတိယမြောက် ပျမ်းမျှအသက်အငယ်ဆုံး အသင်းဖြစ်ပါတယ်..။ ဒါ့ကြောင့်လူငယ်တွေရဲ့ အင်အားနဲ့ ရဲရဲရင့်ရင့် ကစားမယ်..၊ တခြားဥရောပအသင်းတွေရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းစဉ်းစား ကြည့်မယ်ဆိုရင် အကြိုဗိုလ်လုပွဲအဆင့်မှာ All English Semi Final များတောင် ဖြစ်လာမလား.. ရဲရဲကြီး ခန့်မှန်းကြည့်ချင်ပါတယ်ဗျာ…။ နောက်ပြီးကျွန်တော်တို့အသင်းဟာ (၁၅) ပွဲဆက်တိုက် ရှုံးပွဲမရှိနဲ့ ရှေ့ဆက်နေဆဲဆိုတော့ ရှေ့မှာရှိနေမယ့် အသင်းတိုင်းကို ရဲရဲရင်ဆိုင်ပြီး ကျော်ဖြတ်ချင်စိတ် ပြင်းပြနေပါတယ်..။ ရှေ့ဆက်ပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထားတယ်ဗျာ..။
ဒါ့အပြင် ဒီနေ့ပွဲပြီးတဲ့အချိန် ကွင်းထဲကနေ ပြန်ထွက်လာတဲ့ အိုလီဗီယာ ဂျီရူးဒ် ကို အားလုံးက လှိုက်လှိုက်လှဲလှဲ ဝိုင်းဝန်းနှုတ်ဆက်ကြပါတယ်..။ တန်မီ အေဘရာဟမ် ဆိုလည်း သူ့ကိုပွေ့ဖက်၊ နှုတ်ဆက်၊ ချီးကျူးခဲ့ပါတယ်ဗျ..။ ဒါတွေဟာ အသင်းလိုက်စိတ်ဓါတ် အရမ်းကိုမြင့်မား ကောင်းမွန်နေတဲ့ အဓိပ္ပါယ်ပါပဲ..။