တနင်္လာနေ့ညက Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်တွင် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် အာဆင်နယ်အသင်း တောင်ပံ ကစားသမားဟောင်း ဖရက်ဒီ လွန်းဘတ် တို့က ချယ်လ်ဆီးအသင်း၏ ကစားသမား အင်အားနှင့် set pieces အခွင့်အရေးများကို ပိုမိုအသုံးချလာနိုင်သည့် တိုးတက်မှုများအပေါ် သုံးသပ်၊ ဆွေးနွေးသွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းလဲလာမှုတွေနဲ့ပတ်သက်ပြီး ဆက်လက် ဆွေးနွေးပါ့မယ်..။ သူတို့ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးအများကြီး သုံးစွဲခဲ့သလို စနေနေ့ညပွဲစဉ်မှာ လိဒ် ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ကို ခေတ္ထတက်လှမ်း နိုင်ခဲ့ပါသေးတယ်..။ သူတို့အသင်းရဲ့ တိုးတက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား..? ဖရက်ဒီ ရေ…
ဖရက်ဒီ လွန်းဘတ် - ချယ်လ်ဆီးအသင်းဟာ ကစားသမားအင်အား အရမ်းကိုတောင့်တင်းတယ်လို့ ကျွန်တော်ထင်ပါတယ်..။ အသင်းရဲ့ ရှေ့၊ လည်၊ နောက်.. နေရာတိုင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေသလို အရန်ခုံမှာရှိနေတဲ့ ကစားသမားတွေ ဆိုရင်လည်း တကယ့်ထိပ်တန်းအဆင့် ကစားသမားတွေပါပဲ..။ နောက်ပြီးလက်ရှိအချိန်မှာ သူတို့အသင်းရဲ့ခြေစွမ်း၊ လုပ်အားနှုန်းနဲ့ စိတ်ဓါတ်ပိုင်း အရမ်းကို ကောင်းမွန်နေပါတယ်..။ ပြီးခဲ့တဲ့ လိဒ်အသင်းနဲ့ပွဲမှာ စောစောစီးစီး ဂိုးပေးလိုက်ရပေမယ့် အနိုင်ရလဒ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်..။ ကံကောင်းခဲ့တာလည်း ပါတာပေါ့ဗျာ..။ ဒါပေမယ့် သူတို့ရဲ့လက်ရှိကစားပုံဟာ ဖျော်ဖြေမှုအပြည့် ပေးနိုင်သလို အဓိကကစားသမားတစ်ချို့ ဒဏ်ရာရခဲ့တယ် ဆိုရင်တောင် အဲဒီနေရာကို အစားဝင်နိုင်မယ့် ကစားသမားတွေ အသင့်ရှိနေခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့အသင်းဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေကို ကောင်းကောင်းအန္ထရာယ် ပေးနိုင်မယ့် အသင်းတစ်သင်း ဖြစ်ပါတယ်..။
နောက်ပြီးဖရန့် လမ်းပတ် ဟာ အခုဆိုရင် ကစားသမားသစ်တွေနဲ့ အတွဲအစပ်ကောင်းတွေ (right chemistry) စတင်တည်ဆောက်နိုင်နေပြီဖြစ်သလို အသင်းရဲ့ တိုက်စစ်နဲ့ခံစစ်ပိုင်းမှာလည်း ဟန်ချက်ညီ (balance) လာတာ တွေ့လာရပါတယ်..။ အခုနှစ်ဘောလုံးရာသီ အစပိုင်းမှာ သူတို့အသင်းကို အချိန်တစ်ခုပေးဖို့ လိုအပ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဖရန့် ဟာ လူသစ်တွေနဲ့ လူဟောင်းတွေကို တစ်သားတည်းဖြစ်အောင် ကျွန်တော်တို့ ခန့်မှန်းတာထက်စောပြီး ပေါင်းစပ်နိုင်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဆီဗီးလားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင် ပွဲထွက်ကစားသမား (၉) ယောက်လောက်ထိ ပြောင်းလဲကစားခဲ့ပေမယ့် အသင်းရဲ့ကစားပုံနဲ့ ဟန်ချက်ဟာ ထူးထူးခြားခြား ပြောင်းလဲမသွားခဲ့ပါဘူး..။ ဒါ့ကြောင့်အခုအချိန်မှာ ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီးအသင်းသားတွေဟာ ဘောလုံးရာသီကို အကောင်းဆုံးဖြတ်သန်းနေတယ်လို့ပဲ ပြောချင်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..၊ လိဒ်အသင်းနဲ့ပွဲမှာ အသင်းရဲ့တတိယဂိုးကို သွင်းယူပေးခဲ့တဲ့ ခရစ်စ်တီယန် ပူလီဆစ် ဟာ ချယ်လ်ဆီးအသင်းအတွက် အခုနှစ်ဘောလုံးရာသီမှာ (၁၃) ယောက်မြောက် ဂိုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်..။ အဲဒီအချက်ဟာ သူတို့အသင်းရဲ့ ကစားသမားအင်အား တောင့်တင်းမှုကို ပြသနေတာပါပဲ…။ အခုပြထားတဲ့ အပေါ်ကပုံမှာဆိုရင် လိဒ် ယူနိုက်တက်အသင်းနဲ့ပွဲက ပွဲထွက်လူစာရင်း ဖြစ်ပါတယ်.။ အဲဒီလိုအတိုင်း ပထမဦးစားပေး ပွဲထွက်ကစားသမားတွေ မပါခဲ့ဘူးဆိုရင် အခုအောက်ကပုံမှာ ပြထားတဲ့အတိုင်း နောက်ထပ်လူစာရင်း အသစ်တစ်ခုနဲ့ ကောင်းကောင်းပွဲထွက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်ဗျ..။ ဂျေမီ ရေ.. အခုလို ကစားသမားအင်အား တောင့်တင်းမှုဟာ ချယ်လ်ဆီးအသင်းအတွက် ဘယ်လိုအားသာချက်မျိုး ဖြစ်လာနိုင်လဲ.. သုံးသပ်ပေးပါဦး…
ဂျေမီ ကာရေဂါ - အခုအချိန်ဟာ ဘောလုံးရာသီရဲ့ အစောပိုင်းကာလပဲ ရှိနေသေးတယ် ဆိုပေမယ့် သူတို့အသင်းဟာ ကစားသမား ဖြည့်တင်းမှုကို အကောင်းဆုံး ပြုလုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါပြီ..။ အခုအပေါ်က သူတို့ရဲ့ back up လူစာရင်းကိုပဲ ကြည့်လိုက်လေ..၊ အဲဒီအသင်းမှာ အတွေ့အကြုံ မရှိဘူးလို့ ပြောနိုင်တဲ့ ကစားသမားဆိုလို့ ‘ဘီလီ ဂေးလ်မား’ တစ်ယောက်တည်း ရှိနေပါတယ်..။ ကျန်တဲ့ကစားသမားတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့အတွေ့အကြုံ၊ အရည်အချင်းတွေအရ အရန်ကစားသမား (reserved) တွေလို့ ပြောရတာတောင် ခက်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ချယ်လ်ဆီးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဆွေးနွေးရမယ့် အကြောင်းအရာက ‘သူတို့အသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားသမားအင်အား အတောင့်တင်းဆုံး အသင်းဖြစ်နေပြီလား..?’ ဆိုတဲ့ အချက်ပဲ ဖြစ်ပါလိမ့်မယ်..။
Yes.. ကျွန်တော်ကတော့ လက်ရှိအခြေအနေမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားသမားအင်အား အတောင့်တင်းဆုံး အသင်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်..။ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီးအသင်း ပွဲထွက် (၁၁) ယောက် လူစာရင်းတွေဟာ ချယ်လ်ဆီးထက် တောင့်တင်းပါတယ်..။ အဲဒါက ငြင်းစရာမလိုဘူး..၊ ဒါပေမယ့် အခုလောလောဆယ် အနေအထားအရ back up ကစားသမားချင်း ယှဉ်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ အရန်အင်အား တောင့်တင်းမှုဟာ အားရဖို့ကောင်းပါတယ်..။ သူတို့အသင်းဟာ ဒဏ်ရာပြသနာကြုံခဲ့မယ် ဆိုရင်တောင် အသင်းဟာ ထူးထူးခြားခြား အားနည်းသွားဖို့ မရှိနိုင်ဘူး..၊ ဒါဟာသိပ်ကို ကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်..။
ဖရက်ဒီ လွန်းဘတ် - ကျွန်တော်ကတော့ မနှစ်ကတည်းက သူတို့အသင်းကို သဘောကျပြီးသားပါ..။ ဒီနှစ်မှာ အဲဒီအသင်းကို လူတွေထပ်ပြီး အားဖြည့်ထားပါတယ်..။ ဒါ့ကြောင့်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်ပြီလား..? လို့ မေးမယ်ဆိုရင် (၁၀၀% ရာနှုန်းပြည့်) သေချာတာပေ့ါဗျာ..။ နောက်ပြီးအခုအချိန်မှာ သူတို့အသင်းဟာ ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ တိုက်စစ်ကစားဟန်နဲ့လည်း ပရိသတ်ကို ကျေနပ်စေခဲ့ပါတယ်..။ ဒါ့ကြောင့်သေချာပေါက် စောင့်ကြည့်ရမယ့် အသင်းတစ်သင်းပါပဲ.။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ဒါ့အပြင်ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းဟာ တည်ကန်ဘောတွေကို (set pieces) အသုံးချတဲ့နေရာ..၊ အထူးသဖြင့် ထောင့်ကန်ဘောတွေ (corners) အသုံးချတဲ့နေရာမှာ သိသိသာသာကြီး တိုးတက်လာတာတွေ့ရပါတယ်..။ အခုအောက်ပုံမှာ သူတို့အသင်းရဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့ အချက်အလက်တွေ၊ ထောင့်ကန်ဘောတွေကနေ ဂိုးရတဲ့အချက်အလက်တွေကို နှိုင်းယှဉ်၊ ပြသထားပါတယ်..။
ချယ်လ်ဆီးအသင်းဟာ မနှစ်ကဘောလုံးရာသီမှာ ပျမ်းမျှထောင့်ကန်ဘော (၃၅) ကြိမ်တိုင်းမှာ (၁) ဂိုးရခဲ့ပြီး အခုနှစ်ဘောလုံးရာသီ၊ အခုအချိန်ထိ ပျမ်းမျှထောင့်ကန်ဘော (၈) ကြိမ်မှာ တစ်ဂိုး ရရှိပါတယ်..။ ဒါဟာလက်ရှိပရီးမီးယားလိဂ်မှာ set pieces တွေ အသုံးချတဲ့နေရာမှာ အကောင်းဆုံးအသင်း ဖြစ်နေသလို ထောင့်ကန်ဘောတွေကနေ ဂိုးပေးရတဲ့အချက်အလက်မှာလည်း ထောင့်ကန်ဘော (၁၃) ကြိမ်တိုင်းမှာ တစ်ဂိုးပေးနေရတဲ့ အနေအထားကနေ အခုနှစ်မှာ ထောင့်ကန်ဘော (၂၉) ကြိမ်မှ တစ်ဂိုးပေးရတဲ့အထိ ကျဆင်းလာခဲ့ပါတယ်..။ ဒါ့ကြောင့်အဲဒီ အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းဟာ မနှစ်ကဘောလုံးရာသီတုန်းက set pieces ကာကွယ်တဲ့နေရာမှာ အဆိုးရွားဆုံးအသင်း အဖြစ်ကနေ သိသိသာသာကြီး တိုးတက်လာတယ်ဆိုတာ တွေ့ရမှာပါ..။ ဒါ့ကြောင့်သူတို့ဟာ အဲဒီယိုပေါက်ကြီးကို ဘယ်လိုများ ပိတ်ဆို့နိုင်ခဲ့လဲ..? ဆိုတာ နောက်ခံလူတစ်ယောက်ရဲ့ ရှုထောင့်ဘက်ကနေ သုံးသပ်ပေးနိုင်မလား..?
ဂျေမီ ကာရေဂါ - သူတို့အသင်းရဲ့ set pieces တွေကို ကာကွယ်ပုံနဲ့ ပတ်သက်ပြီးမနှစ်ကရော၊ ဒီနှစ်မှာပါ မကြာခဏ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်..။ ပထမဆုံးယူဆချက်က ဖရန့် လမ်းပတ် နဲ့ သူတို့အသင်းသားတွေဟာ နွေရာသီကာလမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကြောင့် အဲဒီယိုပေါက်ကြီးကို ပိတ်ဆို့နိုင်ခဲ့တာလား..? ဒီနှစ်မှာ နည်းပြအဖွဲ့ အပြောင်းအလဲအနေနဲ့ ဖရန့် လမ်းပတ် ဟာ ဂျိုဒီ မောရစ်စ် တို့ နည်းပြအဖွဲ့ထဲကို ခံစစ်ပိုင်းနည်းပြ အန်တော်နီ ဘယ်ရီ ကို ထပ်ပြီးအားဖြည့်ခဲ့ပါတယ်..။ သူကအသင်းရဲ့ set pieces အပိုင်း ပြင်ဆင်၊ ဇာတ်တိုက်မှုတွေမှာ အများကြီးအထောက်အကူ ဖြစ်စေခဲ့တယ်လို့ ထင်မှတ်စရာရှိပါတယ်..။ ဒါ့ကြောင့်မနှစ်က ဘောလုံးရာသီမှာ သူတို့အသင်း ထောင့်ကန်ဘောတွေကနေ ပေးလိုက်ရတဲ့ဂိုးတွေအားလုံးကို အရင်ဆုံးပြန်ပြီး လေ့လာကြည့်ပါတယ်..။
အခုအပေါ်က ပြထားတဲ့ပုံ (ပုံ- ၁) မှာဆိုရင် ဖရန့် ရဲ့ ပထမဆုံး စတန်းဖို့ဒ် ဘရစ်ချ် အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ လက်စ်တာ အသင်းနဲ့ပွဲစဉ်မှာ အန်ဒီဒီ ရဲ့ ခေါင်းတိုက်ချက်ကို ခွင့်ပြုလိုက်ရတဲ့ ထောင့်ကန်ဘော ကန်တင်ခါနီး ကစားသမားတွေရဲ့ နေရာယူမှု အနေအထားကို ပြထားပါတယ်…။ အဲဒီအခင်းအကျင်းအရ သူတို့အသင်းဟာ ဇုန်ခံစစ်ပုံစံ (zonal setup) နဲ့ တားဆီးဖို့ ကြိုးစားခဲ့တယ်ဆိုတာ မြင်နိုင်ပါတယ်..။ အဲဒီပုံထဲမှာ ဝိုင်းပြထားတဲ့ ကစားသမားတွေအားလုံးက လက်စ်တာအသင်း ကစားသမားတွေ ပြေးတက်ပြီး ခေါင်းတိုက်လို့မရအောင် တားဆီးဖို့ (blocking) တာဝန်ကိုပဲ ယူရပါတယ်..။
ဒါပေမယ် ဟိုဘက်က တကယ်တမ်းလည်း ကန်တင်လာရော ဘယ်သူကမှ သေသေချာချာ blocking မလုပ်နိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့် အန်ဒီဒီ က အဝေးကနေ ပြေးလာပြီး အက်ဇ်ပီလီကွဲတား ရဲ့ ရှေ့ကနေ ဖြတ်တိုက် ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်..(ပုံ- ၂)။ ဖရန့် လမ်းပတ် တို့ဟာ ပထမဆုံးမှာ zonal set up နဲ့ set pieces တွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..။
အခုအပေါ်ကပုံ (ပုံ- ၃) မှာကျတော့ ရာသီအလယ်ပိုင်းကာလ၊ ဘုန်းမောက်အသင်းနဲ့ပွဲက ထောင့်ကန်ဘော ကာကွယ်မယ့် အခင်းအကျင်း ဖြစ်ပါတယ်..။ ဒီတစ်ခါကျတော့ သူတို့ဟာ man marking ကို အဓိကထားခဲ့ပါတယ်..။ man marking ကစားတယ်ဆိုပေမယ့်လည်း ဇုန်ခံစစ်တာဝန် ယူမယ့်သူတွေ လိုအပ်တာပါပဲ..။ အခုပုံမှာဆိုရင် ဂိုးသမားရှေ့မှာ (၃) ယောက်ရှိပါတယ်..။ အဲဒီအထဲက နှစ်ယောက်က ဇုန်ခံစစ် တာဝန်ယူထားတယ်..၊ တစ်ယောက်က ဂိုးသမားနားက ဘုန်းမောက် ကစားသမားကို လူကပ်ထားပါတယ်..။ဒါပေမယ့် အခုအခင်းအကျင်းမှာ ပြသနာဖြစ်နေတာက အခု highlight ပြထားတဲ့ ‘မက်တီယို ကိုဗာဆစ်’ ပါ..။ သူက ဇုန်ခံစစ် ကစားရမှာလား..? လူပဲပြေးကပ်ရမှာလား..?ဘာလုပ်ရမှန်း ကွဲကွဲပြားပြား သိနေပုံ မရပါဘူး..။ နောက်ဆုံးအချိန်ကျမှ လူပြေးကပ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျခဲ့တာကြောင့် သူပြေးကပ်ခဲ့တဲ့ ဂျက်ဖာဆန် လားမား ကပဲ ဂိုးသွင်းယူသွားခဲ့ပါတယ်..။
အခုအပေါ်ကပုံ (ပုံ- ၄) မှာတော့ ရာသီနောက်ဆုံး လီဗာပူးလ်အသင်းနဲ့ပွဲမှာ ထောင့်ကန်ဘောကနေ ခွင့်ပြုလိုက်ရတဲ့ဂိုး မတိုင်ခင် အခင်းအကျင်းပါ..။ အဲဒီမှာလည်း လီဗာပူးလ် ကစားသမားတွေကို တစ်ယောက်ချင်းစီ man marking သေချာပေးထားပါတယ်..။ ရိစ် ဂျိမ်းစ် ဆိုရင် ဂိုးဧရိယာအပြင်ထိ ပြေးသွားပြီး ဝိုင်နာလ်ဒမ် ကို လူကပ်ကစားခဲ့ပါတယ်..။ ဂိုးသမားရှေ့မှာ ဇုန်ခံစစ်ကစားမယ့် ကစားသမားတစ်ချို့ရှိခဲ့ပေမယ့် သူတို့ဟာ man marking ကိုပဲ အဓိကအားထားခဲ့တာကို တွေ့ခဲ့ရပါတယ်..။ ဒါပေမယ့် သူတို့ရဲ့ အစီအမံဟာ အလုပ်မဖြစ်ခဲ့ပါဘူး..။ ဒီနှစ်ဘောလုံးရာသီမှာတော့ သူတို့အသင်းရဲ့ ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့ပုံစံ အခင်းအကျင်း ပြောင်းလဲသွားပါပြီ..။ အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ထောင့်ကန်ဘောတွေကို ဘယ်လိုကာကွယ်နေပါသလဲ..?
Set pieces တွေကို ကာကွယ်မှုအပိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါမှာ ဇုန်ခံစစ် (zonal set up) နဲ့ တစ်ယောက်ချင်း လူကပ်ကစားခြင်း (man mark) ကို ရောသမပြီးသုံးစွဲတဲ့ အသင်းတွေရဲ့ကာကွယ်နိုင်မှုအပိုင်းဟာ ပိုပြီးကောင်းမွန် နေတယ်ဆိုတာ တွေ့နိုင်ပါတယ်..။
အခုအပေါ်က ပြထားတဲ့ပုံ (ပုံ- ၅) မှာတော့ ဘန်လေအသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ထောင့်ကန်ဘော ကာကွယ်တဲ့ပုံ အခင်းအကျင်း ဖြစ်ပါတယ်..။ အဲဒီမှာ ဇုန်ခံစစ်တာဝန်ယူထားတဲ့ ကစားသမား (၅) ယောက်ရှိပါတယ်..။ man marking ပေးရမယ့် ဘန်လေကစားသမား (၄) ယောက်ရှိနေပါတယ်..။ ကန်တေး နဲ့ ဗာနာ တို့က ဂိုးစည်းပေါ်ကနေ ဂိုးသမားရဲ့ တစ်ဖက်တစ်ချက်မှာ နေရာယူထားပါတယ်..။
ဒီနေရာမှာ မနှစ်ကနဲ့ ကွာခြားတာက ဇုန်ခံစစ်တာဝန်ယူမယ့် ကစားသမားတွေ ပိုများလာပြီး man marking မှာ လျော့ချလိုက်တာ ဖြစ်ပါတယ်.။ တကယ်တော့ လူကပ်ကစားတယ်ဆိုတာ ကစားသမားတိုင်းကို ပြေးတက်ပြီး လုံးဝခေါင်းမတိုက်နိုင်အောင် ပိတ်ဆို့၊ တားဆီးနိုင်ဖို့ မလွယ်ပါဘူး.။ ဒါ့ကြောင့် အခုဆိုရင် သူတို့ဟာ man marking မှာ လူတိုင်းကို အသေမကပ်တော့ပဲ တစ်ယောက် လွှတ်ထားပါတယ်..။ အခုပြထားတဲ့ အောက်ကပုံ (ပုံ- ၆) မှာဆိုရင် ဘန်လေ ကစားသမားတွေက 3 vs 2 အသာရနေပေမယ့် ဇုန်ခံစစ်တာဝန်ယူပြီး ကျလာတဲ့ဘောလုံးကို ဖျက်ထုတ်မယ့် ကစားသမားတွေက သူ့ရဲ့ပြေးလမ်းကို ကြိုပြီးပိတ်ဆို့နိုင်ဖို့ အသင့်ရှိနေပါတယ်..။
အထူးသဖြင့် သီယာဂို ဆေးလ်ဗား၊ ကတ် ဇူးမား တို့လို အမြင့်ဘောရှင်းထုတ်တာ ကောင်းမွန်တဲ့ ကစားသမားတွေကို အနီးတိုင်မှာ ဂိုးသမားရှေ့ကနေ ကြိုပြီးဖျက်ထုတ်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်..။ သူတို့ကိုကျော်ပြီး လွတ်လာခဲ့ပြီဆိုရင် ဂိုးသမား မန်ဒီ က ထွက်ပြီးဆွဲဖမ်းပါတယ်..။ ဂိုးသမား မန်ဒီ ဟာ ချယ်လ်ဆီးအသင်းရဲ့ set pieces တွေ ကာကွယ်တဲ့နေရာမှာ အများကြီးအပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်..။
အခုပြထားတဲ့ တော့တင်ဟမ်အသင်းနဲ့ပွဲက ထောင့်ကန်ဘောကို တားဆီးမယ့် အစီအမံကို ကြည့်မယ်ဆိုရင်လည်း ဇုန်ခံစစ်တာဝန်ယူမယ့် ကစားသမား ငါးယောက်ရှိပါတယ်..။ ဇူးမား၊ သီယာဂို ဆေးလ်ဗား၊ တန်မီ အေဘရာဟမ် နဲ့ ဇိုင်းယက်ချ် တို့က အနီးတိုင်မှာ ရှိနေပြီး man marking ယူထားတဲ့သူတွေကို အခုပူးတွဲပုံ (ပုံ- ၇) မှာ တွေ့ရမှာပါ..။ တစ်ဖက်ကို လေးယောက်စီနဲ့ 4 vs 4 အနေအထား ရှိနေပါတယ်..။ အဲဒီအချိန် man marking မပေးပဲ လွတ်နေတဲ့သူက ဟိုးလ်ဘတ် ဖြစ်ပါတယ်..(ပုံ- ၈)..။ သူက အေဘရာဟမ် နဲ့ ဆေးလ်ဗား တို့ကြားမှာ ရှိနေပါတယ်..။
ကျွန်တော်ကတော့ အခုလို ပြောင်းလဲသွားတဲ့ set pieces ကာကွယ်မှု အစီအမံတွေဟာ နွေရာသီကာလ ရတဲ့အချိန်လေးမှာ ကြိုးစား၊ လေ့ကျင့်ခဲ့တဲ့ အသီးအပွင့်တွေ ဖြစ်တယ်လို့ ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အခုကျွန်တော်ပြခဲ့တဲ့ set up အစီအမံ ခြားနားချက်တွေဟာ မနှစ်က ရာသီကုန်နဲ့ အခုလက်ရှိအချိန်ဆိုတော့ ကြားထဲမှာ အချိန်ကွာခြားချက် သိပ်ပြီးများပြားလှတာ မဟုတ်ပါဘူး.။ ဒါပေမယ့်ရလဒ်ပိုင်း အရမ်းကို ခြားနားသွားတယ်ဆိုတာ အချက်အလက်တွေအရ တွေ့နိုင်မှာပါ..။ အထူးသဖြင့် ဂိုးသမား မန်ဒီ ဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကာကွယ်မှုအပိုင်းကို သိသိသာသာ တိုးတက်စေခဲ့ပါတယ်..။
Set pieces တွေကို အသုံးချတဲ့ အပိုင်းမှာတော့ ကတ် ဇူးမား ဟာ အကောင်းဆုံးခြေစွမ်း ပြသနေပြီး အခုလက်ရှိအထိ တည်ကန်ဘောတွေကနေ (၄) ဂိုး သွင်းယူပေးထားပါတယ်..။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ဂိုးတွေပုံမှန်သွင်းပေးနေတဲ့ ဗဟိုခံစစ်မှူးတစ်ယောက် ရှိနေတယ်ဆိုတာ သိပ်ကိုအရေးကြီးတဲ့ အင်အားတစ်ခုပါ..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းမှာ ထောင့်ကန်ဘောတွေကို အများဆုံးကန်တင်ပေးနေတဲ့ မေဆန် မောင့် ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိနေပြီး ကန်တင်ပေးပို့တဲ့ ဘောလုံးတွေဟာ အရမ်းကိုတိကျ သေချာလွန်းလှတာ တွေ့နေရပါတယ်..။ ကတ် ဇူးမား ဟာ ဘရိုက်တန်၊ လိဒ် ယူနိုက်တက် အသင်းတွေနဲ့ပွဲတွေမှာ ချယ်လ်ဆီးအသင်းရဲ့ အရေးကြီးတဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။
ဒါဆိုရင် သူတို့အသင်းဟာ အတောင့်တင်းဆုံး လူစာရင်းရှိနေပြီဆိုတော့ တစ်ဆင့်တက်ပြီး ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်မလား..? ဆွေးနွေးရပါတော့မယ်..။ တကယ်တော့ ပရီးမီးယားလိဂ်မှာ အသင်းတစ်သင်း ဗိုလ်စွဲနိုင်ဖို့ လိုအပ်တဲ့အရာတွေ အများကြီးရှိနေတာကြောင့် အခုဆွေးနွေးတဲ့နေရာမှာ တည်ကန်ဘောတွေကို (set pieces) အသုံးချနိုင်မှုဟာ ချန်ပီယံဆုရနိုင်ဖို့ ဘယ်လောက်အရေးပါလဲ..? ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ပါမယ်..။
အထူးသဖြင့် ဖရန့် လမ်းပတ် ဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအကောင်းဆုံး ဗဟိုနောက်ခံလူဖြစ်တဲ့ ဂျွန် တယ်ရီ နဲ့ တွဲဖက်ကစားခဲ့တာ ဆိုတော့ ကတ် ဇူးမား လို ဂိုးသွင်းကောင်းတဲ့ ဗဟိုခံစစ်မှူးတစ်ယောက်ရဲ့ အရေးပါမှုကို ကောင်းကောင်းနားလည်တာပေါ့ဗျာ..။ အခုအောက်ကပုံမှာဆိုရင် လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ ဗိုလ်စွဲခဲ့တဲ့ အသင်းတွေနဲ့ တည်ကန်ဘော အသုံးချနိုင်မှုအပိုင်းကို မြင်တွေ့ရမှာပါ..။အဲဒီပုံမှာ ပရီးမီးယားလိဂ် ချန်ပီယံအသင်းတွေရဲ့ တည်ကန်ဘောတွေကနေ ရရှိတဲ့ဂိုး (goals scored) အရေအတွက်နဲ့ ခွင့်ပြုလိုက်ရတဲ့ပေးဂိုး (goals conceded) အရေအတွက်တွေရယ်..၊ ခြားနားချက်တွေကို (goal difference) ပြထားပါတယ်..။
အဲဒီပုံမှာဆိုရင် ချန်ပီယံအသင်းတိုင်းရဲ့ သွင်းဂိုး၊ ပေးဂိုး ခြားနားချက် ကောင်းမွန်ခဲ့တာ တွေ့ရမှာဖြစ်ပြီး အဲဒီထဲက set pieces အသုံးချမှု အကောင်းဆုံးအသင်းကို ပြပါဆိုရင် ၂၀၁၆/၁၇ ဘောလုံးရာသီမှာ ဗိုလ်စွဲခဲ့တဲ့ အန်တိုနီယို ကွန်တီ ရဲ့ ချယ်လ်ဆီးအသင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့် set pieces တွေကို အသုံးချနိုင်မှုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ ပါဝင်တယ်ဆိုတာ ပြသနေပါတယ်..။ အဲဒီပုံရဲ့ အောက်ဆုံးမှာ ဖရန့် လမ်းပတ် ကိုင်တွယ်ခဲ့တဲ့ မနှစ်ကဘောလုံးရာသီနဲ့ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းရဲ့ တည်ကန်ဘောတွေကနေ ရဂိုး၊ ပေးဂိုး၊ ခြားနားချက် စွမ်းဆောင်ရည်တွေကို မြင်တွေ့နိုင်ပါတယ်.။ မနှစ်ကဘောလုံးရာသီမှာဆိုရင် ဖရန့် လမ်းပတ် ရဲ့ အသင်းဟာ set pieces တွေကနေ (၁၁) ဂိုးသွင်းနိုင်ခဲ့ပြီး (၁၅) ဂိုးပေးရပါတယ်..။ အနုတ်ပြခဲ့တယ်ပေါ့..။
သေချာတာက set pieces တွေဟာ ဗိုလ်စွဲမလား..? ဗိုလ်မစွဲဘူးလား..? ဆိုတာကို အဆုံးအဖြတ် ပေးမှာတော့ မဟုတ်ပါဘူး..၊ ဒါပေမယ့် ပရီးမီးယားလိဂ် ဖြစ်တာကြောင့် ဗိုလ်စွဲဖို့ဆိုရင် set pieces တွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ လိုအပ်တယ်ဆိုတာ အချက်အလက်တွေက ပြသနေပါတယ်..။ ဒါ့ကြောင့်ဒီနှစ်ဘောလုံးရာသီ အခုအချိန်ထိ ချယ်လ်ဆီးအသင်းရဲ့ set pieces တွေ အသုံးချနိုင်မှု အနေအထားကို ကြည့်မယ်ဆိုရင် သူတို့အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်..။ နောက်ပြီးပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ိဆိုရင် set pieces တွေကို အခုထက်ပိုပြီး အသုံးချနိုင်ဖို့ လိုအပ်တယ်ဆိုတာ လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်း အချက်အလက်တွေက သက်သေပြနေပါတယ်..။
ဖရက်ဒီ လွန်းဘတ် - ဟုတ်ပါတယ်..။ အခုခေတ်ဘောလုံးလောကမှာ set pieces တွေ၊ ထောင့်ကန်ဘောတွေ (corners) ကနေ ဂိုးသွင်းယူတယ်ဆိုတာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်..။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ခေတ်က ကစားသမားတွေဟာ အဲဒီလို set pieces တွေ ဇာတ်တိုက်ပြီး လေ့ကျင့်တာကို အရမ်းပျင်းကြတယ်ဗျ..။ ကျွန်တော်လည်း ပါတာပေါ့..။ လုံးဝမလေ့ကျင့်တာတော့ မဟုတ်ပါဘူး..။ ဒါပေမယ့် အခုခေတ်မှာတော့ အဲဒီလို set pieces တွေကို အသုံးချဖို့ဆိုတာ အရေးပါလာပါပြီ..။
ဥပမာ တော့တင်ဟမ် အသင်းပေါ့ဗျာ..၊ သူတို့အသင်းဟာ နည်းစနစ်ပိုင်းကို အရမ်းအသားပေး လွန်းပြီး အမှားမခံပဲ ပိတ်ဆို့ကစားတတ်တာကြောင့် သူတို့အသင်းကို ထောင့်ကန်ဘောကနေ တစ်ဂိုးပေးလိုက်ရပြီဆိုပါစို့..၊ ပြိုင်ဘက်အသင်းအနေနဲ့ ချေပဂိုးတွေ အနိုင်ဂိုးတွေ ပြန်ပြီးသွင်းနိုင်ဖို့ိ အရမ်းကိုခက်ခဲသွားပါပြီ..။
ဒေးဗစ် ဂျုံးစ် - အာဆင်နယ်အသင်းမှာ ခင်ဗျားရှိနေတုန်းက နည်းပြကြီး အာစင် ဝင်းဂါး ဟာ set pieces တွေကို လုံးဝလေ့ကျင့်လေ့ မရှိဘူးလို့ ပြောနေကြတာ မှန်ရဲ့လားဗျ..
ဖရက်ဒီ လွန်းဘတ် - ကျွန်တော်တို့ set pieces တွေကို လုံးဝမလေ့ကျင့်ဘူးလို့တော့ မဟုတ်ပါဘူး..။ ဒါ့အပြင် ကျွန်တော်တို့ဟာ အသင်းလိုက် အပေးအယူကောင်းကောင်းနဲ့ တစ်ချိန်လုံးတိုက်စစ်ဆင် ကစားဖို့ကိုပဲ နှစ်ခြိုက်ကြတာဆိုတော့ set pieces တွေကို အရမ်းကြီးအာရုံစိုက်ပြီး မလေ့ကျင့်ခဲ့ကြပါဘူး..။ ဒါပေမယ့်ကျွန်တော်တို့အသင်းမှာ အမြင့်ဘောတွေ၊ set pieces တွေ အသုံးချတဲ့နေရာမှာ ကောင်းမွန်တဲ့ ကစားသမားတွေဖြစ်တဲ့ ဆိုးလ် ကမ်းဘဲလ်၊ တိုနီ အဒမ် တို့လို ကစားသမားတွေ ရှိခဲ့ပါတယ်..။ ကျွန်တော်ကတော့ ဂိုးသမားနားကပ်ပြီး အနှောင့်အယှက်ပေး..၊ ပြန်ကျလာတဲ့ ဘောလုံးတွေကို ပိတ်သွင်းတာကနေ တစ်ဂိုး၊ နှစ်ဂိုးလောက်တော့ ရခဲ့ဖူးပါတယ်..။ ဒါ့ကြောင့် set pieces တွေကို အသုံးချနိုင်တယ်ဆိုတာ အသင်းတစ်သင်းအတွက် တိုးတက်တဲ့၊ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဆိုတာ သေချာပါတယ်..။