မနေ့ညက စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်း ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်း၊ သွင်းဂိုးများနှင့် ပွဲချိန်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်သံဌာနမှ တင်ဆက်သည့် ‘Monday Night Football’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဒေးဗစ် ဂျုံးစ် - ဒီနေ့ဝက်စ်ဟမ်းအသင်းနဲ့ အနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ဘယ်လောက်အရေးပါခဲ့တယ်လို့ ခင်ဗျားထင်မိလဲ..? ဂယ်ရီ ရေ..
ဂယ်ရီ နဗီးလ် - သူ့တို့အတွက် အရေးပါခဲ့တဲ့ အနိုင်ပွဲတစ်ပွဲပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲပြီးတဲ့အချိန် ကျွန်တော်တို့ သတင်းထောက်နဲ့တွေ့ဆုံခန်းမှာ တန်မီ အေဘရာဟမ် ဟာ ဘယ်လောက်တောင် ပျော်ရွှင်နေလဲ.. ဆိုတာ ကြည့်မယ်ဆိုရင် ဒီပွဲရဲ့အရေးပါပုံကို သိနိုင်မှာပါ..။ သူကိုယ်တိုင် သွင်းဂိုးနှစ်ဂိုး ရခဲ့တာလဲ ပါတာပေါ့ဗျာ..။ နောက်ပြီးဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် မဖြစ်မနေ နိုင်ကိုနိုင်ရမယ့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ အထူးသဖြင့် သူတို့အသင်းဟာ ဒုတိယပိုင်း (၂၅) မိနစ်၊ မိနစ် (၃၀) လောက်အထိ တည်ငြိမ်မှုမရှိပဲ စိတ်လှုုပ်ရှားနေပုံ ရခဲ့ပါတယ်..။ ဒါ့ကြောင့် ‘သူတို့ဟာ ဝက်စ်ဟမ်းက ပြန်ပြီးဂိုးသွင်းမှာကို စောင့်နေတာကွ..’ ဆိုပြီး ဂျေမီ ကိုတောင် ကျွန်တော်ပြောလိုက်သေးတယ်..။ အဲဒီအချိန်မှာ ဒုတိယဂိုး ရခဲ့တာဟာ ပွဲရဲ့အလှည့်အပြောင်းအဖြစ် အထူးအရေးပါခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒါဆိုရင် သူတို့အသင်းရဲ့ ခံစစ်နဲ့တိုက်စစ်ဟန်ချက် (balance) ဘယ်လိုရှိလဲဗျ..?
ဂျေမီ ကာရေဂါ - သူတို့အသင်းရဲ့ဟန်ချက်ပိုင်းမှာ ပြသနာရှိတယ်လို့ မထင်ပါဘူး..။ ဒီနေ့ပွဲမှာဆိုရင် ဖရန့် ဟာ ဂျော်ဂင်ဟို ကို ကိုဗာဆစ် နဲ့ လူစားလဲခဲ့တာဟာလည်း အဲဒီလို အသင်းရဲ့ဟန်ချက်ကို ပြန်ပြီးထိန်းနိုင်အောင် ရည်ရွယ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဝက်စ်ဟမ်းအသင်းက ပွဲကိုစိုးမိုးဖို့ ကြိုးစားလာတဲ့အချိန်မှာ တုံ့ပြန်နိုင်ဖို့ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်ပါတယ်..။ တကယ်တော့ ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းအသင်းဟာ ဂိုးဧရိယာထဲကို ဘောလုံးတွေ ပေးပို့နိုင်ပေမယ့် ထိရောက်တဲ့ ဂိုးကန်သွင်းချက်ကောင်းကောင်း တစ်ကြိမ်မှ မရခဲ့ပါဘူး..။ နောက်ပြီး ချယ်လ်ဆီးအသင်းဟာ ရရှိခဲတဲ့ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်.။ ဒါဟာအသင်းကောင်းတစ်သင်းရဲ့ လက္ခဏာကောင်းလို့ ပြောနိုင်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ဝက်စ်ဟမ်းအသင်းဟာ ဂိုးပေါက်တည့်ကန်ချက် (shots on target) တစ်ကြိမ်မှ မရခဲ့ပါဘူး..။ အထူးသဖြင့် တန်မီ အေဘရာဟမ် ရဲ့ ဒုတိယဂိုးဟာ ပွဲရဲ့အဆုံးအဖြတ် kill the game သွင်းဂိုး ဖြစ်ခဲ့ပါတယ်..။ အဲဒီအဆုံးအဖြတ် သွင်းဂိုးအပေါ် သုံးသပ်ပေးပါဦးလား..
ဂျေမီ ကာရေဂါ - အဲဒီဂိုးမှာ တန်မီ အေဘရာဟမ် ဟာ တကယ့်အထောင်တိုက်စစ်မှူး ပီပီသသ ကစားနိုင်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ ဂိုးသမား မန်ဒီ က အဝေးဘောနဲ့ ကန်တင်လိုက်တယ်..၊ အဲဒီအချိန်မှာ သူကဘောလုံးကိုထိန်းပြီး (hold up) ဘေးမှာရှိနေတဲ့ မေဆန် မောင့် ကို ချပေးပါတယ်..။ သူဟာသန်မာ ကြံ့ခိုင်တဲ့ ဗဟိုနောက်ခံလူ အော့ဂ်ဘွန်းနား နဲ့ ယှဉ်ပြီးလုနိုင်ခဲ့တဲ့အပြင် ပုံ (၁) မှာ ပြထားတဲ့အတိုင်း ဗဟိုနောက်ခံလူကိုပါ ခံစစ်အထိုင်ပျက်သွားအောင် ဆွဲထုတ် (out of position) နိုင်ခဲ့ပါတယ်..။
နောက်တော့ သူဟာ အော့ဂ်ဘွန်းနား ကိုယ့်နေရာကို ပြန်မရောက်လာခင် ဘယ်နောက်ခံလူ ခရက်စ်ဝဲလ် ဘက်ကို ပြေးသွားပြီး ဗဟိုခံစစ်မှူးနဲ့ နောက်ခံအစွန်လူကြားမှာ အတိအကျ နေရာယူနိုင်ခဲ့ပါတယ်..။ ကံကောင်းခဲ့တာလည်း ပါတာပေါ့…။ တီမို ဗာနာ ဟာ ဂိုးအရမ်း လိုချင်နေတာဗျ..။ ဒီဂိုးရသွားခဲ့တာဟာ ခရက်စ်ဝဲလ် ရဲ့ နေရာယူ အားနည်းခဲ့တာကြောင့်လည်း ပါပါတယ်..။ တီမို ဗာနာ ဆီကို ဘောလုံးရောက်သွားခဲ့တဲ့အချိန် ကျန်တဲ့သူတွေ အကုန်ပြေးတက်သွားပေမယ့် သူကတစ်ယောက်တည်း ကျန်နေခဲ့ပါတယ်..(ပုံ- ၂)။
တန်မီ ကလည်း သူနဲ့ အော့ဂ်ဘွန်းနား တို့ရဲ့ကြားက အချိန်ကိုက် ပြေးထွက်သွားပြီး ခြေခွင်နဲ့ပတ်သွင်းသွားခဲ့တာ အရမ်းကိုသပ်ရပ်ပါတယ်..။ သိပ်ပြီးလွယ်ကူလှတဲ့ ပိတ်သွင်းချက်မျိုးတော့ မဟုတ်ဘူးဗျ..။ အထူးသဖြင့် လူကျွံဘောမဖြစ်အောင် နေရာယူသွားနိုင်ခဲ့တာရယ်..၊ ဒီဂိုးရဖို့ သူကပဲစတင်ခဲ့ပြီး သူကိုယ်တိုင်အဆုံးသတ်ခဲ့တဲ့အပေါ် တန်မီ အေဘရာဟမ် ကို ချီးကျူးသင့်ပါတယ်..။
ဂယ်ရီ နဗီးလ် - တန်မီ အေဘရာဟမ် ဟာ တစ်ရာသီကို (၁၂) ဂိုးကနေ (၁၅) ဂိုးလောက် သွင်းနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ပါတယ်..။ သူဟာတစ်ရာသီ ဂိုး (၂၀) လောက် စိတ်ချရတဲ့ တိုက်စစ်မှူးအဆင့်တော့ မဟုတ်သေးဘူးဗျ..။ ဒါ့ကြောင့်သူ့အနေနဲ့ အခုလိုဂိုးတွေကို ဆက်ပြီးသွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ဖိအားတွေကတော့ ရှိနေမှာပဲ..။ ချယ်လ်ဆီးမှာဆိုရင် တီမို ဗာနာ က တောင်ပံ (wide area) ကနေ ဂိုးတွေသွင်းပေးမယ်..၊ တန်မီ နဲ့ ဂျီရူးဒ် တို့လို အထောင်တိုက်စစ်မှူးတွေကလည်း (၁၅) ဂိုး၊ ဂိုး (၂၀) လောက် ရနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီလို မသွင်းပေးနိုင်ရင် ဖိအားတွေ ရှိနေဦးမှာပဲ..။ ဒါ့ကြောင့်အခုဒီနေ့ပွဲက သွင်းဂိုးတွေဟာ သူ့အတွက် တကယ့်ကို စိတ်သက်သာရာရစေတဲ့ ဂိုးတွေဆိုတာ ပွဲပြီးအင်တာဗျူးမှာ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ပါတယ်..။ အထူးသဖြင့် တောင်ပံမှာ ကစားနေတဲ့ တီမို ဗာနာ က ဂိုးတွေသွင်းမပေးနိုင်ခဲ့တဲ့အတွက် သူတို့လို အထောင်တိုက်စစ်မှူးတွေအပေါ် ပိုပြီးဖိအားများလာမှာပဲဗျ..၊ ဟုတ်တယ်မလား..?
ဂယ်ရီ နဗီးလ် - တီမို ဗာနာ ဟာ လီဗာပူးလ်က ရော်ဘတ်တို ဖာမီနို လို ကစားသမားမျိုးလည်း ဖြစ်သွားနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဂိုးတွေပုံမှန်သွင်းမပေးနိုင်လို့ ဖာမီနို ကို ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ဖာမီနို ဟာ မာနေး နဲ့ ဆာလာ တို့နှစ်ယောက်ကို ဘယ်လိုပံ့ပိုးပေးနေတယ်ဆိုတာ ဘောလုံးအကြောင်း နားလည်နေတဲ့သူတိုင်း သိကြပါတယ်..။ အထူးသဖြင့် သူ့ရဲ့အသင်းအပေါ် ပံ့ပိုးပေးနိုင်မှုတွေဟာ သွင်းဂိုးတွေထက် ပိုပြီးတန်ဖိုးရှိနေပါတယ်..။
တန်မီ အေဘရာဟမ် ကျတော့ ချယ်လ်ဆီးအသင်းက ထွက်ပေါ်လာတဲ့ လူငယ်တိုက်စစ်မှူး တစ်ယောက်ဖြစ်တယ်..၊ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် အရွေးခံရမယ်ဆိုတဲ့ ဖိအားလည်း ရှိနေပါတယ်..။ ဒါ့ကြောင့်သူ့အပေါ်မှာ ဖိအားတွေ ရောက်ရှိမလာအောင် ဂိုးတွေပုံမှန် သွင်းပေးနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်..။ (၈) ပွဲ၊ (၉) ပွဲမှ တစ်ဂိုးလောက် သွင်းပေးနေနိုင်ရင် အဆင်မပြေပါဘူး.။
ဒေးဗစ် ဂျုံးစ် - ပွဲပြီးတဲ့အချိန်မှာ ဖရန့် လမ်းပတ် ကတော့ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့နှစ်ဂိုးဟာ ပွဲအတွက် အရေးပါခဲ့တဲ့ အလှည့်အပြောင်း ဖြစ်စေခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်..။ တတိယဂိုးကို ပြန်ပြီးသုံးသပ်ကြည့်ရအောင်.. ဂျေမီ ရေ..
ဂယ်ရီ နဗီးလ် - တကယ်တော့ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ အရမ်းကြီးတည်ငြိမ်ခဲ့တယ်လို့ မပြောနိုင်ပေမယ့် မဖြစ်မနေ အနိုင်ရမယ်ဆိုတဲ့ ဖိအားမျိုး ရှိခဲ့တယ်လို့ ကျွန်တော်မထင်မိပါဘူး..။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်း ကတော့ ချေပဂိုးရဖို့ အရှိန်မြှင့်ကစားနေချိန်မှာ နှစ်ဂိုးဆက်တိုက် ပေးခဲ့ရတာ အထိနာခဲ့ပါတယ်ပါ..။ တတိယဂိုး ရသွားခဲ့တဲ့နေရာမှာ မေဆန် မောင့် ဖြတ်တင်ပေးလိုက်တဲ့အချိန် အတင်းဝင်ပြီး ခေါင်းဖြတ်တိုက်ဖို့ ကြိုးစားခဲ့တဲ့ ခရစ်စ်တီယန် ပူလီဆစ် ကြောင့်သာ အဲဒီဂိုး ရရှိခဲ့တာပါ..။ ဒါ့ကြောင့်လည်း တန်မီ အေဘရာဟမ် က သူနဲ့ဂိုးသမား ဖာဘီယန်စကီး တို့ကိုကျော်ပြီး ကျလာတဲ့ဘောလုံးကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် သေသေချာချာ ပြန်ပြီးကြည့်လိုက်တဲ့အချိန်ကျတော့ ပူလီဆစ် အနေနဲ့ ဂိုးသမားဆီကို အခုလိုဇွတ်ပြေးဝင်ပြီးတာ အန္တရာယ်များပါတယ်..။
ဘယ်လိုပဲဖြစ်ဖြစ်ပါ..၊ ချယ်လ်ဆီးအသင်းအတွက် တကယ့်လိုအပ်နေတဲ့အချိန်မှာ ဂိုးရခဲ့တာ ဖြစ်တာကြောင့် ဖရန့် လမ်းပတ် အနေနဲ့ အများကြီးစိတ်သက်သာရခဲ့တာ အသေအချာပါပဲ..။
ဒေးဗစ် ဂျုံးစ် - တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ပွဲစကတည်းက ထောင့်ကန်ဘော (set piece) ကနေ အဖွင့်ဂိုး ရခဲ့တာကြောင့် အနိုင်ရရှိဖို့အတွက် အဖွင့်လှပခဲ့တယ်လို့ ပြောရမှာပါ..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်း ကစားပုံနဲ့ တစ်ဖက်အသင်းရဲ့ set pieces တွေကို ကာကွယ်မှု ကောင်းမွန်ပုံတွေကိုသာ ချီးကျူးခဲ့ကြပေမယ့် အဲဒီအဖွင့်ဂိုးမှာတော့ မေဆန် မောင့် ရဲ့ ပေးပို့မှုရော၊ သီယာဂို ဆေးလ်ဗား ရဲ့ ခေါင်းတိုက်ချက်ပါ ကောင်းမွန်ခဲ့တယ် မဟုတ်ဘူးလားဗျ..
ဂျေမီ ကာရေဂါ - ခင်ဗျားက သီယာဂို ဆေးလ်ဗား အကြောင်း ထည့်ပြီး ပြောလာလို့လေ..၊ သူကကမ္ဘာ့အဆင့်၊ ထိပ်တန်းကစားသမား တစ်ယောက်ပါ..။ ကဲ.. အဲဒီဂိုးမသွင်းယူခင် ချယ်လ်ဆီးအသင်းရဲ့ အခင်းအကျင်းကို ပြန်ကြည့်ရအောင်… (ပုံ- ၃).။ ချယ်လ်ဆီးအသင်းဘက်က set piece ကန်တင်တော့မယ်ဆိုရင် ကတ်ဇူးမား ကို အားလုံးကဝိုင်းပြီး အာရုံစိုက်ကြပါတယ်..။ ဇူးမား က ပိုပြီးလူကောင်ကြီးတယ်..၊ ပိုပြီးတော့လည်း ခုန်အားကောင်းတယ်..၊ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းရဲ့ set pieces တွေမှာ အဓိကအာရုံစိုက်ရမယ့်သူ ဖြစ်နိုင်ပါတယ်..။
ဒါပေမယ့် အခုသွင်းဂိုးမှာတော့ သီယာဂို ဆေးလ်ဗား က ဇူးမား ကို အယောင်ပြပြီး ခေါင်းတိုက်ခွင့်ရအောင် အသုံးချသွားခဲ့တာဗျ..။ သူဟာ ဇူးမား ရဲ့နောက်မှာပုန်းနေတယ်..၊ ပြီးတော့ ဇူးမား ကို အရင်ပြေးခိုင်းလိုက်ပါတယ်..။ ပြီးမှဝက်စ်ဟမ်း အသင်းနောက်ခံလူတွေကို ရှောင်ထွက်ပြီး ရအောင်ခေါင်းတိုက်သွားခဲ့တာပါ..။
အဲဒီဂိုးမှာ သီယာဂို ဆေးလ်ဗား၊ ကတ် ဇူးမား တို့ရဲ့ ရွှေ့လျားမှုတွေ ဘယ်လိုကောင်းတယ်ပြောပြော..၊ မေဆန် မောင့် ရဲ့ ပေးပို့မှုကောင်းမွန်တာကို ထည့်မပြောလို့ မရပါဘူး..။ ကျွန်တော်လည်း သီယာဂို ဆေးလ်ဗား ရဲ့ နေရာမှာ ရှိနေချင်လိုက်တာဗျာ…။ ဒီလိုကျလာတဲ့ ဘောလုံးမျိုးကို အဲဒီနေရာကနေ ခေါင်းတိုက်ခွင့်ရလို့ကတော့ ဘယ်လိုမှလွဲနိုင်မှာ မဟုတ်ပါဘူး..။ ဒီနှစ်မှာ တည်ကန်ဘောတွေဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကြီးမားတဲ့ လက်နက်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်..။ မနှစ်တုန်းကတော့ သူတို့ဟာ အဲဒီလိုအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး..။ ဒါဟာသိသာတဲ့ တိုးတက်လာမှု တစ်ခုပါပဲ..။
ဂယ်ရီ နဗီးလ် - သီယာဂို ဆေးလ်ဗား ဟာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားပါ..။ တကယ်တော့ အသက် (၃၆) နှစ်အရွယ်ကျမှ ပရီးမီးယားလိဂ်ကို ခြေချဖို့ဆိုတာ တကယ့်ကို ခက်ခဲပါတယ်..။ သူဟာအရမ်းကို ပါးနပ်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်.။ နောက်ပြီးအဲဒီအဖွင့်ဂိုးမှာ ထောင့်ကန်ဘောကို ပြေးပြီးတိုက်သွားတာ သိပ်ကိုကောင်းမွန်လှပါတယ်..။ တကယ်လို့ သူဟာကြံ့ခိုင်မှုအပြည့် ရှိနေမယ်..၊ တစ်ရာသီလုံး ကစားပေးနိုင်မယ်ဆိုရင် ချယ်လ်ဆီးအသင်း အခြေအနေကောင်းပါ့မယ်..၊ ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရပါလိမ့်မယ်..။ သူဟာကမ္ဘာအဆင့် ကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ တစ်ပွဲပြီးတစ်ပွဲ သက်သေပြသနေခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲအပြီးမှာ ဒေးဗစ် မိုးယက်စ် ဟာ ဒိုင်လူကြီး ခရစ်စ် ကူးပါး နဲ့ VAR ဒိုင်လူကြီး ခရစ်စ် ကာဗာနာ့ဂျ် တို့အပေါ် ဝေဖန်သွားခဲ့ပါတယ်..။ တကယ်တော့ ဒီနေ့ပွဲမှာ ဒိုင်လူကြီးတွေအတွက် အတော်လေးကို သက်သာတဲ့ ပွဲတစ်ပွဲလို့ ပြောရမှာပါ..။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းအနေနဲ့ ပထမပိုင်း မိနစ် (၃၀) မှာ ဂျာရော့ဒ် ဘိုဝင် သွင်းယူခဲ့တဲ့ဂိုး ပယ်ဖျက်ခံခဲ့ရတဲ့အချိန်မှာ VAR ပြန်ပြီး ကြည့်ပေးခဲ့မယ်ဆိုရင် သူတို့ပိုပြီး ကျေနပ်ခဲ့ပါလိမ့်မယ်..။
ဂျေမီ ကာရေဂါ - အဲဒီဖြစ်ရပ်ကို ကျွန်တော်အကြိမ်ကြိမ် ပြန်ကြည့်ခဲ့ပါတယ်..။ ဒါလည်းဘိုဝင် ဟာ ဆေးလ်ဗား ကို တကယ်ထိမိလား..? မထိမိခဲ့ဘူးလား..? မသေချာခဲ့ပါဘူး..။ တကယ်တော့ အဲဒီဖြစ်ရပ်ဟာ ဒီနေ့ပွဲမှာ အရေးပါတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းက တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာပါ..၊ တကယ်လို့ ဝက်စ်ဟမ်းအသင်းသာ ချေပဂိုးရခဲ့မယ်ဆိုရင် ပွဲရဲ့အခြေအနေဟာ ပြောင်းလဲသွားနိုင်ပါတယ်..။
ဂျာရော့ဒ် ဘိုဝင် ဟာ ဆေးလ်ဗား ကို ပြစ်ဒဏ်ကျူးလွန်ခဲ့သလား..? ဆိုတာ အနှေးပြကွက်တွေ ပြန်မကြည့်ပဲနဲ့ ဘယ်လိုမှ မဆုံးဖြတ်နိုင်ခဲ့ပါဘူး..။ ဒါပေမယ့် ကစားသမားတွေရဲ့ နေရာယူပုံ အနေအထားအရ ပြစ်ဒဏ်ကျူးလွန်ခဲ့ပုံတော့ ရခဲ့ပါတယ်..။ အနှေးပြကွက်နဲ့ သေသေချာချာ ကြည့်မိတဲ့အခါ ဘိုဝင် ရဲ့ ဒူးဟာ ဆေးလ်ဗား ရဲ့ နောက်ကျောကို တိုက်မိသွားခဲ့တယ်လို့ ထင်မိတာပဲ..။
တကယ်တော့ ဆူးချက်ခ် ခေါင်းတိုက်ပြီး ချပေးလိုက်ကတည်းက ဆေးလ်ဗား က ဘောလုံးဦးပါတယ်.။ ဒါ့ကြောင့်သူ့အနေနဲ့ ဟန်ဆောင်လှဲချလိုက်စရာ အကြောင်းမရှိဘူးလို့ မြင်တာပဲဗျ..။ ဒါပေမယ့် အရမ်းကြီးရှင်းလင်းတဲ့ ပြစ်ဒဏ်မျိုးတော့ မဟုတ်ပါဘူး..။ ကျွန်တော်ကတော့ ဆေးလ်ဗား ကို ထိခဲ့တယ်လို့ ထင်ခဲ့ပေမယ့် VAR ပြန်ကြည့်လိုက်မယ်ဆိုရင် ပိုပြီးရှင်းလင်းသွားမှာပေါ့ဗျာ..။ အခုကတော့ ဒိုင်လူကြီးတွေအနေနဲ့ နောက်ခံလူဘက်ကို ဦးစားပေး ဆုံးဖြတ်ခဲ့တယ်လို့ ယူဆပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ အခုဒီနေ့ပွဲဟာ ကျွန်တော်တို့အတွက် ခရစ်စ်မတ် ပွဲတော်ကာလမတိုင်ခင် နောက်ဆုံးဆွေးနွေးခဲ့တဲ့ သုံးသပ်ချက်၊ စကားဝိုင်း ဖြစ်ပါတယ်..။ နောက်ပွဲတွေမှာ ပြန်ပြီးဆုံတွေ့ကြတာပေါ့..။