feature-image

တန်မီ ရဲ့ Hattrick နဲ့ လူတန် အသင်းကို ကျော်ဖြတ်ခဲ့တဲ့ FA ဖလားပွဲ သုံးသပ်ချက်

စတန်းဖို့ဒ် ဘရစ်ချ် မှာ ကျဆင်းခဲ့တဲ့ နှင်းမုန်တိုင်းကြားမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ FA ဖလားပြိုင်ပွဲ၊ စတုတ္ထအဆင့် ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ လူတန် တောင်းအသင်းကို ၃ဂိုး- ၁ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်.။ ချယ်လ်ဆီးအသင်းဟာ တန်မီ အေဘရာဟမ် ရဲ့ ပွဲအစပိုင်းမှာ ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ သက်သက်သာသာ ဦးဆောင်နိုင်ခဲ့ပေမယ့် လူတန် တောင်း အသင်းရဲ့ ချေပဂိုးကြောင့် တတိယဂိုးမရခင်အထိ ရင်တထိတ်ထိတ်နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်…။ မနေ့ကပွဲစဉ်မှာ တွေ့ရှိခဲ့ရတဲ့ အချက်များကို ယခုလို သုံးသပ်၊ တင်ပြလိုက်ပါတယ်..။

အစွန်းနှစ်ဘက်ကြားက တန်မီ အေဘရာဟမ်

ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးနေရာဟာ ဘယ်သူနဲ့ထိုက်တန်လဲ..? ဆိုတဲ့ မေးခွန်းဟာ အခုအချိန်မှာ အတော်လေးကို ဖြေရခက်ခဲပါတယ်..။ လျှင်မြန်ပြီး ဘောလုံးစွမ်းရည် ကောင်းမွန်တဲ့ တီမို ဗာနာ နဲ့ သင့်တော်လား..? ဒါမှမဟုတ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်ပွဲတည်းလေးဂိုး သွင်းဂိုးသွင်းပေးခဲ့တဲ့ အိုလီဗီယာ ဂျီရူးဒ် ရဲ့ အမြင့်ဘော ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုနဲ့ကောင်းမွန်သလို တွဲလုံးတွေ ကစားနိုင်မှု စွမ်းရည်တွေနဲ့ ပိုပြီးကိုက်ညီမှုရှိလား..? တန်မီ အေဘရာဟမ် ကတော့ သူတို့နှစ်ယောက်ရဲ့ကြားက အလယ်အလတ်..၊ အစွန်းနှစ်ဘက် လွတ်ကင်းတယ်လို့ ပြောနိုင်ပါလိမ့်မယ်..။ သူဟာတီမို ဗာနာ လို တန်ကြေးမြင့်ပေးပြီး ခေါ်ယူခဲ့တဲ့ ကစားသမားမျိုး မဟုတ်သလို ဂျီရူးဒ် လို အောင်မြင်မှု ကြီးကြီးမားမားတွေ ရခဲ့ဖူးသူလည်း မဟုတ်ပါဘူး..။



 အင်္ဂလိပ် တိုက်စစ်မှူးဟာ ရွှေ့လျားမှု လျှင်မြန်သလို နေရာလွတ်တွေဆီကို ရောက်ရှိတဲ့နေရာမှာ ကောင်းမွန်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ပထမဂိုးမှာဆိုရင် နေရာလွတ်ကို ချိန်ကိုက်ရောက်ရှိပြီး ယုံကြည်ချက်အပြည့်နဲ့ အတိအကျ ကန်သွင်းနိုင်ခဲ့တာကို တွေ့ရမှာပါ။ ဒါ့အပြင် ဒုတိယဂိုးမှာလည်း သူ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ခုန်အားကို အသုံးပြုပြီး ခေါင်းတိုက်ရယူပေးခဲ့ပါတယ်..။ နောက်ဆုံး တတိယဂိုးမှာတော့ ဘောလုံးရောက်ရှိမည့်နေရာကို အချိန်ကိုက်ရောက်ရှိပြီး အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပါတယ်..။

ဒါ့ကြောင့်အခုလို hattrick ရရှိခဲ့ခြင်းဟာ တန်မီ အေဘရာဟမ် အနေနဲ့ ချယ်လ်ဆီးအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ဆက်လက်အသုံးဝင်နေမယ်ဆိုတာ ပြသလိုက်ခြင်းပါပဲ…။

အကောင်သေးပေမယ့် မခေတဲ့ လူတန် အသင်း..

နည်းပြ နေသန် ဂျုံးစ် ရဲ့ လူတန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားတွေကို ထိန်းချုပ်ကစားနိုင်ဖို့ ခံစစ်မှာလူများများထည့်သွင်းပြီး ၅- ၃- ၂ ကစားကွက်နဲ့ ခင်းကျင်းခဲ့ပါတယ်..။ ဒါပေမယ့် အိမ်ရှင်အသင်းရဲ့ ထိုးဖောက်မှုတွေကို မထိန်းနိုင်ခဲ့တာကြောင့် မိနစ် (၂၀) အတွင်းမှာပဲ ချယ်လ်ဆီးအသင်းက နှစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်နည်းပြ ဂျုံးစ် ဟာ လေးယောက်တန်း ခံစစ်ကြောင်းကို ပြန်ပြောင်းပြီး ကွင်းလယ်ကို အားဖြည့်ခဲ့ပါတယ်..။ အထူးသဖြင့် ကွင်းလယ်ကနေ ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်ကို အကောင်းဆုံး ထိန်းကျောင်းနေတဲ့ ဘီလီ ဂေးလ်မား ကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ..။

သူတို့ရဲ့အစီအမံဟာ အလုပ်ဖြစ်ခဲ့ပြီး ကွင်းလယ်ကစားသမား ဂျော်ဒန် ကလာခ့် က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် သူတို့အသင်းဟာ မိနစ် (၆၀) လောက်အထိ အိမ်ရှင်အသင်းနဲ့ သူတင်ကိုယ်တင် ပြန်လည်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့်ကစားသမားအင်အား ကွာခြားမှုကြောင့် နောက်ဆုံးမှာ အားမတန်၊ မာန်လျော့ခဲ့ရပေမယ့် သူတို့အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲ အမှတ်ပေးဇယားမှာ အဆင့် (၁၁) အသင်းဆိုတဲ့ အဆင့်ထက် ပိုပြီးကောင်းမွန်တဲ့အသင်းဆိုတာ ပြသနိုင်ခဲ့ပါတယ်..။



ကက်ပါ ကတော့ ကက်ပါ ပါပဲ..

ပြိုင်ဘက်အသင်းဟာ ဘယ်လိုအသင်းပဲ ဖြစ်ပါစေ.. ကက်ပါ အရီဇာဘာလာဂါ ကတော့ အမှားအယွင်း တစ်ကြိမ်လောက် ပြုလုပ်လိုက်ရမှ စိတ်ချမ်းသာတယ်.. လို့ ပြောရမလိုပါပဲ..။ ချယ်လ်ဆီးအသင်း ပေးလိုက်ရတဲ့ဂိုးမှာ သူကျူးလွန်ခဲ့တဲ့အမှားဟာ ကျူးလွန်နေကျ အမှားမျိုးလို့ ပြောရမှာဖြစ်ပြီး မလိုအပ်တဲ့ အမှားလည်းဖြစ်ပါတယ်..။

လူတန်အသင်းက ချေပဂိုးသွင်းယူလိုက်ချိန်မှာ ချယ်လ်ဆီးအသင်းဟာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီး အဲဒီချေပဂိုးကြောင့် အိမ်ရှင်အသင်းဟာ ပွဲချိန် (၇၇) မိနစ်ထိ ရင်တမမနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်..။ တကယ်တော့ ကက်ပါ ဟာ ဆိုးရွားလှတဲ့ ဂိုးသမားတစ်ယောက်တော့ မဟုတ်ပါဘူး..။ ပွဲချိန်မိနစ် (၆၀) အရောက်မှာ သူဟာ တိုက်စစ်မှူး ဟယ်ရီ ကောနစ်ခ် အပိုင်ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် သူပါဝင်တဲ့ပွဲတိုင်း အမှားအယွင်းတစ်ခုခုတော့ မြင်ရတော့မှာပဲ.. ဆိုတဲ့ စိတ်အစွဲကို မချွတ်နိုင်သေးသရွေ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားဟာ အက်ဒ်ဒွပ် မန်ဒီ ကို ကျော်လွန်ပြီး အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားဖြစ်လာဖို့ မလွယ်ကူသေးပါဘူး..။



တောက်ပလာဦးမယ့် ဘီလီ ဂေးလ်မား..

ချယ်လ်ဆီးအသင်းရဲ့ မနေ့ကအနိုင်ပွဲမှာ ကွင်းလယ် ဘီလီ ဂေးမားလ် ရဲ့ အခန်းကဏ္ဍဟာ အရေးပါခဲ့ပါတယ်..။ အသက် (၁၉) နှစ်အရွယ် စကော့တလန် ကွင်းလယ်ကစားသမားလေးဟာ မနှစ်ကဘောလုံးရာသီ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ EFL ဖလားပွဲစဉ်မှာ စတင်ခြေစွမ်းပြခဲ့ပြီး အများကသတိထားမိကြပေမယ့် ဒဏ်ရာကြောင့် သူ့ရဲ့တိုးတက်မှု နှေးကွေးခဲ့ရပါတယ်..။ အခုဆိုရင် သူဟာကြံ့ခိုင်မှုအပြည့်အ၀ ပြန်လည်ရရှိနေပြီဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာ ပွဲထွက်တစ်နေရာအတွက် မျှော်လင့်ချက် ရှိနေပြီဖြစ်ပါတယ်..။ ဒါ့အပြင်ဒီနေ့ပွဲကလို ခြေစွမ်းမျိုးကိုသာ ပြသနေမယ်ဆိုရင် သူဟာအသင်းရဲ့ကစားကွက် အခင်းအကျင်းမှာ အရေးပါတဲ့နေရာက ပါဝင်နေဦးမှာလို့ ပြောနိုင်တော့မှာ ဖြစ်ပါတယ်..။

မနေ့ကပွဲမှာ သူတို့ရဲ့ပြိုင်ဘက်ဟာ လူတန်အသင်း ဆိုပေမယ့် ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်မှာ နှစ်ယောက်တည်းသာ ခင်းကျင်းခဲ့ပြီး ဝါရင့်ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကန်တေး၊ မတ်တီယို ကိုဗာဆစ် နဲ့ ဂျော်ဂင်ဟို တို့ မပါဝင်ခဲ့ပါဘူး..။ ဒါပေမယ့်အသင်းရဲ့ ကွင်းလယ်ကစားသမားကွက်ဟာ အချိတ်အဆက် မိခဲ့သလို ဘီလီ ဂေးလ်မား ဟာ ကွင်းလယ်ကနေ ကစားကွက်ကို အကောင်းဆုံး ထိန်းကျောင်း ပေးနိုင်ခဲ့ပါတယ်..။



စကော့ လူငယ် ကွင်းလယ်ကစားသမားလေးဟာ ဝါရင့်ကစားသမား တစ်ယောက်အလား အသင်းဖော်တွေကို ဘယ်နေရာမှာ ဖိအားပေးရမယ်..၊ ဘယ်နေရာမှာ စောင့်ရမယ်..၊ ဘယ်ကိုပေးရမယ်.. စသဖြင့် ညွန်ပြပြောဆို၊ မောင်းနှင်ပေးနိုင်ခဲ့ပါတယ်..။ အခုလိုဆယ်ကျော်သက် ကစားသမားလေး တစ်ယောက်က သြဇာအာဏာ အပြည့်အဝနဲ့ မောင်းနှင်ပေးနိုင်တယ်ဆိုတာ သူနဲ့မေဆန် မောင့် တို့ရဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်အခင်းအကျင်းရဲ့ တောက်ပနေတဲ့ အနာဂတ်ကို ပြသနေခြင်းလည်း ဖြစ်ခဲ့ပါတယ်..။

တီမို ဗာနာ အတွက် အသင့်တော်ဆုံး ၄- ၄- ၂ ကစားကွက် အခင်းအကျင်း…

ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးကတည်းက ဖရန့် လမ်းပတ် ဟာ ကစားကွက် အပြောင်းအလဲ (၁၀) ကြိမ် ပြုလုပ်ပြီးဖြစ်သလို အခုနောက်ဆုံးမှတော့ ၄- ၄- ၂ ဘူတာကို ဆိုက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်..။ ၄- ၃- ၃၊ ၄- ၂- ၃- ၁ အခင်းအကျင်းတွေထက်စာရင် အခု ၄- ၄- ၂ ကစားကွက်ဟာ သူ့ရဲ့ရှေ့တန်းကစားသမားတွေ အတွက်က ရိုးရှင်းပြီး အခြေခံကျတဲ့ ကစားကွက်လို့ ပြောရမှာပါပဲ..။

ဟာကင် ဇိုင်းယက်ချ် နဲ့ ခရစ်စ်တီယန် ပူလီဆစ် တို့ဟာ တောင်ပံကစားသမားတွေအဖြစ် တာဝန်ယူကစားခဲ့ပြီး အဓိကပြောင်းလဲသွားတာက ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်မှူးတွေ တာဝန်ယူရတဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်..။ ကွင်းလယ်မှာ နှစ်ယောက်ပဲ ထားရှိတော့တာ ဖြစ်တဲ့အတွက် ရွှေ့လျားမှု၊ လှုပ်ရှားမှု ပိုမိုကောင်းမွန်ဖို့ လိုအပ်လာပါတယ်.။ ဒါ့ကြောင့်လည်း ဖရန့် လမ်းပတ် ဟာ ကစားအားကောင်းတဲ့ မေဆန် မောင့် နဲ့ ဘီလီ ဂေးလ်မား တို့ကို ဦးစားပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။



တကယ်တော့ အခုလို ၄- ၄- ၂ ကစားကွက်ကို ပြောင်းလဲခဲ့ရခြင်းရဲ့ အဓိကအချက်ဟာ တီမို ဗာနာ ကြောင့်ပဲ ဖြစ်ခဲ့ရပါတယ်..။ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ တိုက်စစ်မှူးဟာ အထောင်တိုက်စစ်မှူးအဖြစ် တိုက်စစ်ကို မဦးဆောင်နိုင်ခဲ့သလို တောင်ပံကစားသမားအဖြစ် ဘေးထွက်ကစားတာဟာလည်း သူ့အတွက်အဖြေ မဟုတ်ခဲ့ပါဘူး..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ဟာ တန်မီ အေဘရာဟမ် ကို တိုက်စစ်ကို ဦးဆောင်စေခဲ့ပြီး တီမို ဗာနာ ကတော့ နောက်ချန်တိုက်စစ်မှူးဆန်ဆန် လွတ်လွတ်လပ်လပ် ရွှေ့လျားတယ်..၊ တန်မီ အေဘရာဟမ် ရဲ့ ရွှေ့လျားမှုကြောင့် ရရှိလာတဲ့ နေရာလွတ်တွေကို အသုံးချနိုင်အောင် ကြိုးစားခဲ့ပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ ပထမဂိုးမှာ သူတို့နှစ်ဦးရဲ့ ရွှေ့လျားမှု၊ တွဲလုံးနဲ့ နားလည်မှုကို တွေ့ရှိရမှာပါ..။

တီမို ဗာနာ ဟာ အဆုံးသတ်ဂိုးသွင်းချိန်မှာ အခွင့်အရေး အရယူနိုင်မှု အားနည်းနေဆဲဖြစ်သလို ရရှိခဲ့တဲ့ ပင်နယ်တီ ကန်ချက်ကိုပါ လွဲချော်ခဲ့ရတာဟာ စိတ်ပျက်စရာပါ..။ ဒါပေမယ့် ယေဘူယျအားဖြင့် မနေ့ကပွဲမှာ သူ့ရဲ့ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ သူ့ရဲ့ရွှေ့လျားမှုတွေဟာ ထိရောက်မှုရှိသလို ဘယ်တောင်ပံ၊ ညာတောင်ပံ ရွှေ့လျားကစားပြီး ဇိုင်းယက်ချ်၊ ပူလီဆစ် တို့ကို ကစားရတာ ပိုပြီးလွယ်ကူစေခဲ့ပါတယ်..။ ဒ့ါကြောင့်အခုကစားကွက် အခင်းအကျင်းဟာ ချယ်လ်ဆီးအသင်းအတွက် ဂျာမန်တိုက်စစ်မှူး တီမို ဗာနာ ရဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိနိုင်ဖို့ အဆင်ပြေဆုံး အခင်းအကျင်းဖြစ်နိုင်ဖွယ် ရှိနေပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

(Sqawaka မှ ဆောင်းပါးရှင် Mohammad Butt ၏ ‘“Tammy is the golden middle” – Five things learned as Abraham hat-trick helps Chelsea beat Luton in the FA Cup’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)