ဗုဒ္ဓဟူးနေ့ညက စတန်းဖို့ဒ် ဘရစ်ချ်ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ရီးရဲလ် မက်ဒရစ်အသင်းတို့၏ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲစဉ် (ဒုတိယအကျော့) မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်းနှင့် ပွဲချိန်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ နှင့် မိုက်ကယ် အိုဝင်၊ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂယ်ရီ လိုင်နီကာ - ဒီနေ့ဒုတိယအကျော့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ ရီးရဲလ် မက်ဒရစ် ကို ခြေပြတ်၊ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး လှလှပပ ကျော်ဖြတ်နိုင်ခဲ့ပါပြီခင်ဗျ..။ ဒါ့ကြောင့်လာမယ့်မေလ (၂၉) ရက်နေ့၊ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော်မှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဖလား၊ နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် အင်္ဂလိပ်အသင်းအချင်းချင်း တွေ့ဆုံကြတဲ့ ‘All English Final’ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမှာပါ..။ ဒီနေ့ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုဟာ အပြာရောင်လူငယ်သွေးသစ် မျိုးဆက်သစ်တွေအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်သလို အင်္ဂလိပ် ဘောလုံးလောက အတွက်လည်း ဂုဏ်ယူဖို့ကောင်းတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်..။
ဒါ့အပြင် မန်နေဂျာ သောမတ်စ် တူခယ်လ် အတွက်ဆိုရင် သူရောက်ရှိလာတဲ့ အချိန်တိုကာလအတွင်း အခုလိုကြီးမားတဲ့ အောင်မြင်မှု မှတ်တိုင်ကြီးကို စိုက်ထူနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို အံ့အားသင့်၊ ချီးကျူးဖို့ကောင်းလှတဲ့ စွမ်းဆောင်မှုကြီးတစ်ခုလို့ ပြောရမှာပါပဲ..။ ကဲ.. ရီယို ရေ.. ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းဟာ ဂိုးဒါဇင်ဝက်လောက်နဲ့ အနိုင်ရနိုင်တဲ့ အခွင့်အရေးအထိ ရရှိခဲ့တယ်လို့ ပြောနိုင်တယ် မဟုတ်လားဗျ..
ရီယို ဖာဒီနန် - မှန်တာပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းဘက်ကသာ အဆုံးသတ်သေချာခဲ့မယ်ဆိုရင် ၅ ဂိုး၊ ၆ ဂိုးပြတ်လောက်နဲ့ကို အပြတ်အသတ် အနိုင်ရသွားနိုင်ပါတယ်..။ ဒီနေ့ပွဲမှာ သူတို့ရဲ့ကစားပုံဟာ အရမ်းကောင်းမွန်ခဲ့သလို ခံစစ်ကနေ တိုက်စစ်ကိုပြောင်းလဲရာမှာ (transition) မြန်ဆန်တယ်..၊ အထူးသဖြင့် ကွင်းလယ်မှာတင် ဘောလုံးအရယူပြီး ထိုးဖောက်ပုံတွေ.. ‘ကန်တေ’ ပေါ့ဗျာ.. သိပ်ကိုလှပ၊ သေသပ်ခဲ့ပါတယ်..။ ပွဲရဲ့အလှည့်အပြောင်းကို ဖြစ်စေခဲ့တဲ့ အဖွင့်ဂိုးကလည်း သူက (ကန်တေး) အခရာကျခဲ့တာပါပဲ..။ အဲဒီနောက်ပိုင်း ပွဲချိန်တစ်လျှောက်လုံး သူတို့ဟာ ပွဲကိုအဆုံးသတ်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်..။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးအသင်းဟာ သူတို့လုပ်ဆောင်ရမယ့် ရည်မှန်းချက်ကို အကောင်းဆုံး အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။
ရီးရဲလ် မက်ဒရစ်အသင်းဟာ ကြယ်ပွင့်ကစားသမားတွေ အများကြီးနဲ့ ဖွဲ့စည်းထားတယ် ဆိုပေမယ့် သူတို့ဟာ မောပန်းနေတဲ့ ကျားအိုကြီးတွေလို ဖြစ်နေပြီး ချယ်လ်ဆီးအသင်းကတော့ လူငယ်လေးတွေများတယ်..၊ တက်လူတွေပေါ့ဗျာ..၊ ဒါ့ကြောင့်အောင်ပွဲဆာလောင်စိတ်..၊ အနိုင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဓါတ်ပြင်းပြမှု အပိုင်းတွေမှာ ပိုမိုသာလွန်နေတယ်လို့ပဲ ပြောရမှာပါ..။ ကျွန်တော်ကတော့ ဒီနေ့လိုပွဲမျိုးကို ကိုယ်တိုင်မျက်မြင် ကြည့်ခွင့်ရခဲ့တာ သိပ်ကိုကံကောင်းခဲ့တယ်လို့ ထင်ပါတယ်..။
ဒါပေမယ့် ကိုယ်တိုင်ကြည့်ခွင့်မရခဲ့ဘူးဆိုရင်တောင်မှ ချယ်လ်ဆီးအသင်းသားတွေအချင်းချင်း အော်ကြဟစ်ကြ၊ တစ်ယောက်ကိုတစ်ယောက် ခွန်အားပေးရင်း တွန်းတင်ပေးနေကြတွေကို မြင်ခဲ့ကြ..၊ ကြားခဲ့ကြမှာပါ..။ နောက်ပြီးဒီအသင်းမှာ အသင်းကို ဦးဆောင်ပေးနိုင်တဲ့သူတွေအများကြီး ရှိနေပါတယ်..။ တစ်ယောက်တည်း မဟုတ်ဘူးနော.. ရူဒီဂါ.. မန်ဒီ.. အက်ဇ်ပီ.. ဂျော်ဂင်ဟို.. စတဲ့ ကစားသမားတွေကို တွန်းတင်၊ မောင်းနှင်ပေးနိုင်မယ့် ခေါင်းဆောင်တွေ အများကြီးပါ..။ ဒါ့ကြောင့်ဒီလိုပွဲကို ကြည့်ခွင့်ရခဲ့တာ ကံကောင်းတယ်လို့ ပြောရတာပါ..။
ဂယ်ရီ လိုင်နီကာ - ဂျိုး.. ရေ.. ခင်ဗျားကို ကြည့်ရတာ အရမ်းကို ပျော်နေသလိုပဲ.. ဟားဟား.. ပျော်မယ်ဆိုလည်း တကယ့်ကို ပျော်ရွှင်ကျေနပ်စရာ အခိုက်အတန့်ပဲကိုး… ဟားဟား..
ဂျိုး ကိုးလ် - ဟားဗျာ.. သိပ်ကိုပျော်ရတာပေါ့..။ ဒီနေ့ပွဲရလဒ်ဟာ ကျွန်တော်တို့အသင်းရဲ့ အပြာရောင်လူငယ်သွေးသစ်..မျိုးဆက်သစ်တွေအတွက် တကယ့်ကို အံ့သြဖို့ကောင်းလှတဲ့ စွမ်းဆောင်မှုတစ်ခုလို့ ပြောရမှာပါ..။ သောမတ်စ် တူခယ်လ် ရောက်ရှိလာခဲ့ပြီး သူ့ရဲ့အပြာရောင် အသင်းပျိုလေးဟာ တစ်ပွဲထက်တစ်ပွဲ တဖြည်းဖြည်းနဲ့ ပိုကောင်းလာသလို ဒီနေ့ပွဲမှာ ကစားပုံအရ တစ်ပွဲလုံးခြုံငုံကြည့်မယ်ဆိုရင် ‘ငါတို့ရှုံးသွားပါ့မလား..?’ လို့ သံသယဖြစ်ရမယ့် အတွေးစရာ အကြောင်းကို မရှိခဲ့ပါဘူး..။
ပွဲမစခင် အသင်းလူစာရင်းတွေ ထွက်လာတဲ့အချိန်တုန်းက ရီးရဲလ်ဘက်မှာ ဟာဇက်၊ ရာမို့စ် တို့လို ကြယ်ပွင့်ကစားတွေ ပြန်လည်ပါဝင်လာခဲ့တာကြောင့် အနည်းနဲ့အများ စိုးရိမ်စိတ်ဝင်ခဲ့ကြပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ တူခယ်လ် နဲ့ သူ့ရဲ့အသင်းသားတွေရဲ့ စုစည်းမှု၊ နည်းစနစ်ပိုင်း အထူးကောင်းမွန်ခဲ့သလို အဆုံးသတ်ပွဲရလဒ်ဟာ အသင်းနဲ့ ပတ်သက်တဲ့သူတိုင်းအတွက် တကယ့်ကို ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခုပါ..။ ဒီပွဲနဲ့ပတ်သက်ပြီး မချင့်မရဲ ဖြစ်မိတာက ပရိသတ်တွေ လာမကြည့်နိုင်တဲ့ တစ်ချက်ပဲ ရှိပါတယ်..။ တကယ်လို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲမှာ ပရိသတ်တွေသာ အပြည့်အဝနဲ့ အားပေးခွင့်ရမယ်ဆိုရင် ဒီလိုကစားပုံ၊ ဒီလိုရလဒ်မျိုးကြောင့် ကွင်းနဲ့အမိုးတွေတောင် ပွင့်ထွက်သွားလောက်ပါပြီဗျာ.. ဟားဟား..
ဂယ်ရီ လိုင်နီကာ - တကယ်လည်း အမိုးတွေ ပွင့်ထွက်သင့်ပါတယ်.၊ အဲဒီအတွက် အသင်းဘက်က ဝမ်းနည်းနေမှာ မဟုတ်ပါဘူး..ဟားဟား..။ ကွင်းထဲမှာ ဘယ်သူမှ တက်ရောက်နိုင်ခွင့်မရှိပါဘူး.. ဆိုသော်ငြား ‘Blue is the color’ ဆိုတဲ့ ခင်ဗျားတို့ရဲ့ သီချင်းသံနဲ့ အမိုးပွင့်ထွက်.. လျှံတက်သွားအောင် လွင့်ပျံနေနိုင်ခွင့်တော့ ရနေပါသေးတယ်ဗျာ.. ဟားဟား..၊ ကဲ.. မိုက်ကယ် ရေ.. ဒီနေ့ပွဲက ချယ်လ်ဆီးအသင်းရဲ့ ကစားပုံအပေါ် နည်းနည်းလောက် သုံးသပ်ပေးပါဦးဗျ..
မိုက်ကယ် အိုဝင် - ဟုတ်ကဲ့ပါ.. ခင်ဗျားတို့အစောက ပြောခဲ့သလိုပါပဲ.. ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ ပွဲစပွဲဆုံး မာကျော၊ ကျစ်လျစ်ခဲ့ပါတယ်..။ ဒါ့အပြင် ပွဲချိန်အစောပိုင်းမှာ ဂိုးသမား မန်ဒီ ဟာ အရေးပါခဲ့တဲ့ ကာကွယ်မှုနှစ်ကြိမ်လောက်ကို စွမ်းစွမ်းတမံ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်.။ ဒါပေမယ့် ဦးဆောင်ဂိုးရခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းကပဲ ပွဲကိုထိန်းချုပ် ကစားသွားနိုင်ခဲ့သလို နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်.။ တစ်ဖက်က မက်ဒရစ်အသင်းကတော့ အဖွင့်ဂိုးပေးလိုက်ရတဲ့နောက်ပိုင်း ချေပဂိုးတွေသွင်းပြီး ပြန်လာနိုင်မယ့်ပုံ မမြင်ခဲ့ရပါဘူး..။ တစ်သင်းလုံးရဲ့ စွမ်းဆောင်မှုအပြင် နောက်တန်းဗဟိုခံစစ်မှူးသုံးယောက်ရဲ့ ကျစ်လျစ်၊ မာကျောတောင့်တင်းမှုဟာ တကယ့်ကိုကြောက်ခမန်းလိလိပါပဲ..။ ဒါ့ကြောင့်ဒီနေ့ပွဲရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ဂုဏ်ယူဖို့ကောင်းတဲ့ ရလဒ်တစ်ခုလို့ ပြောရမှာပါ..။
ဂယ်ရီ လိုင်နီကာ - ကဲပါ.. ဂျိုးရေ.. ကျွန်တော်ကတော့ ဒီနေ့မှာ ခင်ဗျားကိုပဲ ကလိရမှာပဲ.. ဟားဟား.. လွန်ခဲ့တဲ့လပိုင်းလောက်က အနေအထားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခင်ဗျားတို့အသင်းရဲ့ အခြေအနေဟာ ဘယ်လိုနေလဲဗျ..
ဂျိုး ကိုးလ် - ဟားဟား.. ကျွန်တော်သိပါတယ်ဗျာ..၊ ဘောလုံးလောကဆိုတာ အကောင်းအဆိုး ဒွန်တွဲနေတာမို့ ခင်ဗျားပြောတဲ့ကာလဟာ ကျွန်တော်တို့အတွက် အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတဲ့ ကာလလို့ ပြောရမှာပါ..၊ အဲဒီကာလကို ဖြတ်သန်းခဲ့ရတယ်ပေါ့ဗျာ..။ အဲဒါနဲ့ဆက်စပ်ပြီး ဒီနေ့ပွဲမှာ ကျွန်တော်ပြောချင်တာက အဆုံးသတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ‘မေဆန် မောင့်’ ပါ..။ သူဟာကျွန်တော်တို့အသင်းကို ခုနှစ်သား အရွယ်ကတည်းက ရောက်ရှိလာခဲ့ပြီး အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့တယ်..၊ အသင်းနဲ့အတူတူ ရှုံးနိမ့်ခဲ့တယ်..၊ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတယ်..။ အထူးသဖြင့် ဒီနေ့ပွဲရဲ့ အဆုံးအဖြတ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဟာ သူ့လိုငယ်မွေးခြံပေါက်.. လူငယ်ကစားသမားလေးတစ်ယောက် ဖြစ်နေခဲ့တဲ့အပေါ် အရမ်းကို ကျေနပ်အားရခဲ့ပါတယ်..။ ဂိုးသမား မန်ဒီ ဟာလည်း ဒီနေ့ပွဲရဲ့ အရေးပါခဲ့တဲ့သူတစ်ယောက် ဖြစ်ခဲ့တာပေါ့ဗျာ..
တစ်ဆက်တည်းမှာပဲ သူအဆုံးသတ်ပေးခဲ့တဲ့ ဒုတိယဂိုးအပေါ် သုံးသပ်ရမယ်ဆိုရင် တစ်ခါတစ်လေမှာ ဘောလုံးနည်းစနစ်ပိုင်းဟာ ရိုးရိုးလေးပါပဲ..၊ ခေါင်းယှဉ်တိုက်ရင်း ပြန်ကျလာတဲ့ ဘောလုံးတွေ၊ ယှဉ်လုရင်း လျံထွက်လာတဲ့ ဘောလုံးတွေ၊ ကျွံလာတဲ့ဘောလုံးတွေ.. စတဲ့ second ball တွေကို အများဆုံးအရယူနိုင်တဲ့အသင်းက အနိုင်ရတာပါပဲ..။ အဲဒီနေရာမှာ ‘ကန်တေး’ ရဲ့ ဒီနေ့ပွဲမှာ ကစားသွားတဲ့ ကစားပုံ၊ ရုန်းကန်သွားတဲ့ ကစားအားဟာ တကယ့်ကို မယုံနိုင်စရာပဲဗျ..။ ဒီဂိုးကိုအစပြုခဲ့တဲ့ ရီးရဲလ် နောက်ခံလူ နာချို ရှေ့ကနေ ဘောလုံးဖြတ်ယူသွားခဲ့ပုံဟာ သိပ်ကိုမြန်ဆန်လွန်းလှပါတယ်.(ပုံ- ၁)။ နောက်တော့ ပူလီဆစ် ရဲ့ သွေးအေးမှု၊ အဆုံးအဖြတ်ကောင်းမွန်မှု (composure) ကလည်း တစိတ်တပိုင်းအနေနဲ့ ပါဝင်တာပေါ့ဗျာ..။ နောက်ဆုံးမှာတော့ မေဆန် ရဲ့ အဆုံးသတ် ကန်သွင်းချက်ဟာ အပြာရောင်တွေရဲ့ အစ္စတန်ဘူလ်ခရီးစဉ် လက်မှတ်ပါပဲ..။
မိုက်ကယ် အိုဝင် - ကန်တေး ကို ကြည့်စမ်းပါဗျာ.. သူ့ရဲ့ဘောလုံးတွေကို ဖျက်ထုတ်ပုံတွေဟာ သားကောင်ကို အကောင်းဆုံးအနံ့ခံ ရှာဖွေနေတဲ့ အမဲလိုက်မုဆိုးကောင်း တစ်ယောက်လိုပါပဲ..။ ဒါ့ကြောင့် ‘တစ်ကွင်းလုံးမှာ ဘယ်နေရာကိုကြည့်လိုက်.. ကြည့်လိုက်.. ကန်တေး ရှိနေတယ်.. (Kante is everywhere)‘ လို့ ပြောပြောနေရတာ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ရှိနေပြီလဲဗျာ..။ နောက်ပြီးသူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်စွမ်းပေါ့.. တကယ်တော့ သူဟာအဲဒီဘောလုံးကို ဖြတ်ယူပြီး တိုက်စစ်ကို တောက်လျှောက်လိုက်ပါသွားတယ်..၊ သူကာကွယ်ရမယ့်ဇုန်ကို စွန့်လွှတ်သွားခဲ့တယ်ဆိုတာ တကယ့်ကို အန္တရာယ်များတယ်နော..၊ နောက်ပြီးဒီဘောလုံးကို ရကိုရရမယ်.. ဆိုတဲ့ ယုံကြည်မှု အပြည့်အဝရှိနေဖို့လည်း လိုအပ်ပါတယ်..။ ဒါ့ကြောင့်အဲဒီဂိုးဟာ သိပ်ကိုကောင်းမွန်တဲ့ဂိုးပါ..၊ ဒါပေမယ့် အဲဒီဂိုးရဲ့ အဓိကအရေးပါခဲ့တဲ့ အဆုံးအဖြတ်၊ အခိုက်အတန့်ကတော့ ‘အန်ဂိုလို ကန်တေး’ ဖြစ်ပါတယ်.။
ရီယို ဖာဒီနန် - ဒါပေါ့ဗျာ..။ ကျွန်တော်တို့ဟာ ကန်တေး ကို ကွင်းလယ်အဖျက် ကစားသမား (holding midfielder) လို့ပဲ သိထားတာပါ..။ သူဟာလုပ်အားနှုန်းကောင်းတယ်..၊ တကွင်းလုံးနေရာအနှံ့ ရွှေ့လျားနိုင်တယ်..၊ ကစားကွက် ကြိုတင်မှန်းဆနိုင်မှု ကောင်းမွန်တယ်..၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှုကောင်းတယ်..၊ ပြန်ကျလာတဲ့ second ball တွေ အရယူရမှာလည်း ကောင်းမွန်ပါတယ်.။ ဒါပေမယ့် ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ တိုက်စစ်လမ်းကြောင်းတွေကို စတင်ခဲ့တာလည်း သူပဲဗျ..။ ဘောလုံးကို အရယူတယ်..၊ ပြီးရင်ဘယ်သူ့ဆီကို အရောက်ပေးရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်..။ ဒါ့ကြောင့်လည်း သူတို့ဟာ ဂိုးသွင်းခွင့်တွေအများကြီး ရရှိခဲ့တာပါ..။
ဂျိုး ကိုးလ် - ဒါကတော့ အသင်းရဲ့ ကစားနည်းစနစ်နဲ့လည်း တစ်နည်းတစ်ဖုံ ပတ်သက်ပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်ကြောင်းက သုံးယောက်ထဲမှာ ခရစ်စ်တီယန်ဆန် နဲ့ ရူဒီဂါ တို့ဟာ တိုက်စစ်ကိုလိုက်ပါဖို့ အရမ်းကိုစိတ်အားထက်သန်ပါတယ်.. (aggressive)၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် ကွင်းလယ်ကို တက်သွားတာနဲ့ သူတို့နေရာကို ဂျော်ဂင်ဟို က ဝင်ဖြည့်ပေးတယ်..၊ အဲဒီအချိန်မှာ ကန်တေး အတွက် နေရာလွတ် အကျယ်ကြီး ရလာပါတယ်..။ သူကဘောလုံးရနိုင်မယ့် အခွင့်အရေးမြင်လိုက်တာနဲ့ အမြန်ဆုံးရောက်သွားပြီး ဖြတ်လုတော့တာပါပဲ..။
ဂယ်ရီ လိုင်နီကာ - ဒါပေါ့.. ခံစစ်ကနေ တိုက်စစ်ကိုပြောင်းတဲ့နေရာမှာ ကန်တေး ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ ဒီနေ့ပွဲမှာ အရမ်းကိုမှန်ကန်ခဲ့တယ်လို့ ပြောရမှာပါ..။ အခုပြောရင်းနဲ့ တစ်ဆက်စပ်ထဲ ပထမဂိုး.. ဗာနာ ရဲ့ အဖွင့်ဂိုးအကြောင်း ပြန်ပြောကြတာပေါ့ဗျာ..။ တကယ်တော့ အဲဒီဂိုးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ တီမို ဗာနာ အတွက် သိပ်ကိုအရေးပါခဲ့တဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့မှာပါ..။ မိုက်ကယ် ရေ.. အဲဒီဂိုးကို အဆုံးသတ်ပေးနိုင်ဖို့ ခေါင်းတိုက်ခဲ့ရတာ သူ့အတွက် သိပ်ကိုခက်ခဲနေခဲ့ပါ့မလား..? ဘာပဲဖြစ်ဖြစ် တိုက်စစ်မှူးတစ်ယောက်ဟာ အဆုံးသတ် ဂိုးသွင်းပေးနိုင်မယ့်နေရာကို ရောက်ရှိနေဖို့က အရေးအကြီးဆုံးပါပဲ.. ဟုတ်တယ်မလားဗျ..
မိုက်ကယ် အိုဝင် - ဒါပေ့ါဗျာ.. ခုနကပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ မေဆန် မောင့် က ဘောလုံးက ဘားတန်းထိပြီး အပေါ်ကိုထောင်တက်သွားတာ.. ပြန်မကျလာတော့ဘူးလို့တောင် ထင်နေမိတယ်.. လို့ အရွန်းဖောက်သွားခဲ့သေးတယ်လေ…။ ဒါပေမယ့် အဲဒီဂိုးကို အစပြုခဲ့တဲ့ အန်ဂိုလို ကန်တေး ဆီကို ခရစ်စ်တီယန်ဆန် က ဘောလုံးပေးလိုက်တဲ့အချိန် ရီးရဲလ် အသင်းရဲ့ ခံစစ်ကြောင်းနေရာယူမှုဟာ အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပါဘူး.. (ပုံ- ၂)။ သူတို့ဟာ စွန့်စားမှုယူပြီး ကန်တေး ဆီကနေ ဘောလုံးအရယူဖို့ ကြိုးစားတယ်..၊ အဲဒီအတွက် ပြန်ပေးဆပ်လိုက်ရတယ်လို့ပဲ ပြောရမှာပါ..။
အဲဒီကနေ ‘တစ်နွယ်ငင်..၊ တစ်စင်ပါ..’ ပြီး ဟာဗာ့ဇ် ဆီကို ဘောလုံးရောက်သွားတဲ့အချိန် အခုအောက်ကပုံ (ပုံ- ၃) မှာ ပြထားတဲ့အတိုင်း 3 Vs 2 အနေအထား ဖြစ်သွားခဲ့ပါတယ်..။ ဒါ့ကြောင့် ဟားးဗာ့ဇ် ရဲ့ ဂိုးသမား ကော့တွား ရဲ့ အပေါ်ကို အသာလေး ‘မ’ ပြီး ကန်သွင်းချက်ဟာ ဂိုးဘားတန်းထိပြီး ကျလာချိန် ဗာနာ ရဲ့ လက်ကျန်တာဝန်ဟာ သိပ်ကိုရိုးရှင်းသွားပါပြီ.။ သူကကြိုပြီး ခုန်လိုက်တယ်ဆိုတဲ့ သဘောဟာ နောက်ခံလူတွေ ရောက်လာပြီး တွန်းတိုက်ခံရမှာက ကာကွယ်တဲ့သဘောလည်း ပါသလို ပြန်ကျလာတဲ့ဘောလုံးကို ခုန်လိုက်တဲ့အရှိန်နဲ့ တိုက်မိရင် ဂိုးဘားတန်းပေါ် ကျော်သွားနိုင်တာကြောင့် အရှိန်လျော့ချင်တဲ့ ရည်ရွယ်ချက်လည်း ပါနိုင်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဟုတ်ပါတယ်..။ အစောကပြောခဲ့သလိုပါပဲ.. ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ဒီထက်ပို ဂိုးပြတ်နိုင်မယ့် အခွင့်အရေးတွေ ရခဲ့တယ်ဆိုပေမယ့် ဂိုးသမား မန်ဒီ ဟာ တကယ့်ကို အရေးပါခဲ့တဲ့ ကာကွယ်မှုတစ်ချို့ကို ပြုလုပ်နိုင်ခဲ့တယ်နောဗျ..၊ အထူးသဖြင့် ချယ်လ်ဆီးအသင်း အဖွင့်ဂိုးမရခင်လေးမှာ ကာရင် ဘန်ဇီးမား ကန်သွင်းခဲ့တဲ့ ဝေ့ဝှိုက်ကန်ချက်ကို လှလှပပ ကာကွယ်သွားခဲ့တဲ့ အခိုက်အတန့်ဟာ အတော်လေးကို အရေးပါခဲ့ပါတယ်..။
ဂျိုး ကိုးလ် - မှန်တာပေါ့ဗျာ..၊ ဒီနေ့ပွဲမှာ ဂိုးသမား မန်ဒီ ရဲ့ လက်စွမ်းဟာ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ တကယ်တော့ ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းက သူ့ကိုအကောင်းဆုံး ကာကွယ်ပေးနိုင်ခဲ့ပါတယ်..၊ ဒါပေမယ့် ကာကွယ်ပေးဖို့ လိုအပ်လာတဲ့ အချိန်တိုင်းမှာ သူဟာအသင်းအတွက် အမြဲတမ်းအသင့်ရှိနေခဲ့တယ်ဗျ..။ ဂိုးသမား မန်ဒီ နဲ့ ပတ်သက်ရင် သူ့ကိုရအောင် ခေါ်ယူပေးခဲ့တဲ့ အသင်းကတာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်းချီးကျူးဖို့တော့ လိုအပ်ပါလိမ့်မယ်..။
ချယ်လ်ဆီးအသင်းဟာ ဂိုးသမား ကက်ပါ နဲ့ အလုပ်မဖြစ်တဲ့အချိန်မှာ အသင်းကို ကယ်တင်ပေးနိုင်မယ့် ဂိုးသမားကောင်း တစ်ယောက်ရရှိဖို့ လိုအပ်လာခဲ့ပါတယ်..။ အဲဒီလိုအချိန်မှာ မန်ဒီ ဟာ အသင်းရဲ့လစ်ဟာချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်..။ သူ့ရဲ့ဘောလုံးအထိန်းအသိမ်းနဲ့ ပေးပို့ပုံတွေမှာ လိုအပ်ချက်ရှိတယ် ဆိုပေမယ့် သူဟာလိုအပ်တဲ့ ကာကွယ်မှုတွေကိုတော့ အကောင်းဆုံး ပြုလုပ်ပေးနိုင်နေတာပဲ မဟုတ်ဘူးလားဗျ..။
ရီယို ဖာဒီနန် - သူ့ရဲ့ပုံစံဟာ အခုခေတ်ပေါ် ဂိုးသမားတစ်ယောက်ရဲ့ပုံစံမျိုး မဟုတ်ဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အခုခေတ်မှာ အသင်းတိုင်းက ဂိုးသမားကို ရွေးချယ်ဖို့ စဉ်းစားပြီဆိုရင် ဘောလုံးအထိန်းအသိမ်း၊ ဘောလုံးပေးပို့မှုတွေ ကောင်းမွန်ရဲ့လား.. ဆိုတဲ့အချက်ကို ဦးစားပေး ကြပါတယ်..။ မန်ဒီ ရဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ဘောလုံးပေးပို့ပုံတွေဟာ (ball at his feet) ညံ့ဖျင်းတယ်.. ဆိုတဲ့အထဲတောင် ပါဝင်ပါတယ်..။ ဒါမေယ့် ဂိုးသမား တစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်က ဂိုးပေါက်ကိုရောက်လာတဲ့ ဘောလုံးတွေကို ကာကွယ်ပေးနိုင်ဖို့ပါပဲ..
ကျွန်တော်ကလည်း နောက်ခံလူတစ်ယောက်ဆိုတော့ ကိုယ့်ရဲ့နောက်က ဂိုးသမားဟာ ယုံကြည်စိတ်ချမှု အပြည့်ပေးနိုင်တဲ့ ဂိုးသမားမျိုးဖြစ်နေဖို့ပဲ အလိုရှိပါတယ်..။ မန်ဒီ ပါဝင်တဲ့ပွဲတိုင်းကို ကြည့်မယ်ဆိုရင် အရေးပါတဲ့ ကာကွယ်မှု၊ သေချာပေါက်ဂိုးတွေကို ကာကွယ်ပေးနိုင်ခဲ့တာ တွေ့ရမှာပါ..။
ဂယ်ရီ လိုင်နီကာ - သောမတ်စ် တူခယ်လ် ဟာ မနှစ်ကဘောလုံးရာသီတုန်းက ပီအက်စ်ဂျီ အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိခဲ့ပေမယ့် ဆုဖလား ကိုင်မြှောက်ခွင့် မရရှိခဲ့ပါဘူး..။ ဒီတစ်နှစ်တော့ မန်ချက်စတာ စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အစ္စတန်ဘူလ် ဗိုလ်လုပွဲအပြီးမှာ ဆုဖလား ကိုင်မြှောက်ခွင့်ရမလား..? သိရမယ့်အချိန်ထိ ကျွန်တော်မစောင့်နိုင်အောင်ပဲ ဖြစ်နေရပါပြီ..၊ ဒါပေမယ့် အဲဒီပွဲမှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်ခဲ့သည်ဖြစ်ပါစေ.. အချိန်တိုအတွင်း ချယ်လ်ဆီးအသင်းအတွက် ဆောင်ရွက်ပေးခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ပေးချက်တွေဟာ တကယ့်ကို အံ့အားသင့်စရာပဲ မဟုတ်ဘူးလားဗျ..
ရီယို ဖာဒီနန် - သေချာတာပေါ့ဗျာ..။ တူခယ်လ် ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို သွားပြီးသေသေချာချာ လေ့လာခွင့်ရရင် သိပ်ကောင်းမှာပဲ.. လို့ ဒါ့ကြောင့်ပွဲမစခင်က ကျွန်တော်တို့ ပြောခဲ့ကြသေးတယ်လေ.. သူဘယ်လိုတွေများ လေ့ကျင့်ပေးလိုက်လည်း မသိဘူးဗျာ..
ဂျိုး ကိုးလ် - တူခယ်လ် က သူ့ရဲ့တွေ့ဆုံခန်းတွေမှာ နည်းစနစ်အကြောင်း၊ လေ့ကျင့်ခန်းအကြောင်းတွေကို အတော်လေး ပြောပြလေ့ရှိပါတယ်..။ အင်္ဂလိပ်စကားပြောဟာ သူ့ရဲ့မိခင် ဘာသာစကား မဟုတ်ပေမယ့် နားထောင်တဲ့သူတွေ ဘဝင်ကျအောင်..၊ မေးတဲ့သူတွေအတွက် လိုချင်တဲ့အဖြေရအောင် အတော်လေးကို ပြောနိုင်တဲ့သူပါ..။ ဒါ့အပြင် ပုဂ္ဂိုလ်ရေးအရ အဆင့်အတန်းရှိပါတယ်.။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအသင်းကို လက်ခံရယူပြီးချင်းမှာ အခုလိုအသင်းကောင်းတစ်သင်းကို လက်ဆင့်ကမ်းပေးခဲ့တဲ့အတွက် ဖရန့် လမ်းပတ် ကို ကျေးဇူးတင်တဲ့အကြောင်း ချက်ချင်းကိုထုတ်ပြောခဲ့ပါတယ်..။
ဆိုလိုချင်တာက သူဟာလူငယ်သွေးသစ်တွေနဲ့ သမ္ဘာရင့်ကစားသမားတွေ အချိုးညီညီ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းကို လက်ခံရယူရမယ်..၊ အခြေအနေတည်ငြိမ်တဲ့ အသင်းတစ်သင်းကို လက်ခံယူရမယ်ဆိုတာ သိထားခဲ့ပါတယ်..။ နောက်ပြီးသူဟာ ကစားသမားတိုင်းကို လိုအပ်သလို ကစားချိန်ပေးပြီး အလှည့်ကျသုံးစွဲခဲ့ပါတယ်..။ အဲဒီလိုနည်းနဲ့ အသင်းထဲမှာ စုစည်းမှု၊ စိတ်ဓါတ်ပိုင်းနဲ့ အပြုသဘောဆောင်တဲ့ တွန်းအားပေးမှု (positive energy) တွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်..။ အဲဒါကတော့ ကျွန်တော်မြင်တွေ့နေရတဲ့ ‘တူခယ်လ် ရဲ့ ချယ်လ်ဆီးအသင်း’ ပါပဲ..။
မိုက်ကယ် အိုဝင် - ကွင်းဘေးစည်းတစ်လျှောက် သူ့ရဲ့မနားတမ်း လှုပ်ရှား၊ ပြောဆို.. တွန်းအားပေးမှုတွေဟာလည်း အသင်းသားတွေအတွက် နောက်ထပ် positive energy တစ်ခု ဖြစ်ပါတယ်..။ အခုခေတ်ပေါ် နည်းပြတိုင်းဟာ ကွင်းဘေးစည်းတစ်လျှောက် မနားတမ်းလှုပ်ရှားပြီး အသင်းသားတွေကို အဆက်မပြတ် ညွန်ကြားပြောဆိုနေကြတာပါပဲ..။ ပွဲစပွဲဆုံး အရန်ခုံကနေ မထစတမ်း မတုန်မလှုပ်.. ကျောက်ရုပ်နည်းပြကြီးတွေဟာ ဒီနေ့ခေတ်မှာ အလုပ်မဖြစ်တော့ဘူးဗျ..။ သူ့တို့ကိုယ်တိုင်ပါ အသင်းရဲ့တစိတ်တပိုင်း ဖြစ်နေပါပြီ..။ တူခယ်လ် နဲ့ ပတ်သက်ပြီး ကျွန်တော်အဓိက ပြောချင်တဲ့အချက်ကတော့ သူဟာအသင်းရဲ့ နောက်တန်းခံစစ်ကြောင်းကို အကောင်းဆုံး ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်.။ ဒါ့ကြောင့်အခုဆိုရင် သူ့ရဲ့ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းဟာ အရမ်းကို မာကျော၊ ကျစ်လျစ်နေတာပေါ့ဗျာ..။
ဂယ်ရီ လိုင်နီကာ - ကဲ.. ‘တီမို ဗာနာ’ အကြောင်း ပြောကြတာပေါ့..။ ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ဂိုးဟာ သူ့ကိုသိပ်ကိုအရေးကြီးတယ်လို့ ပြောနိုင်တယ်မလားဗျ..
ရီယို ဖာဒီနန် - သိပ်မှန်တာပေါ့ဗျာ..၊ သူဟာဖိအားတွေ..၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အမြဲတမ်း အကြပ်ခံနေရတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါတယ်.။ ဒါပေမယ့် သူဟာအဲဒီလိုဝေဖန်မှုတွေကို ဂရုစိုက်ပုံ မရပါဘူး..။ မှန်ပါတယ်.. သူဟာဂိုးရနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်နေတယ်..၊ ဒါပေမယ့် သူဟာဂိုးရနိုင်မယ့် နေရာတွေမှာ အမြဲတမ်းရှိနေခဲ့တာပဲဗျ..။ ဒါ့အပြင်ဂိုးပေါက်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတဲ့ ခံစားချက်အသိ သူ့မှာရှိပါတယ်..။ လိုအပ်နေတာက ‘ကိုယ့်ကိုယ်ကို ယုံကြည်မှု (confidence)’ ရှိဖို့ပါပဲ..။ အဲဒီလိုယုံကြည်မှုတွေကို ကစားပွဲကနေ..၊ မန်နေဂျာရဲ့ အားကိုးမှုတွေကနေ ရရှိနိုင်ပါတယ်..။
တူခယ်လ် ရောက်လာပြီး ချယ်လ်ဆီးအသင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲတစ်ခုက ကစားသမားတွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိနေတာပါပဲ..။ ကစားသမားတွေ အပြောင်းအလဲ ရှိနေပေမယ့် ကစားသမားတိုင်းဟာ သူ့ရဲ့ယုံကြည်မှုကို အကောင်းဆုံးခြေစွမ်းတွေနဲ့ တုံ့ပြန်ပေးနေကြပါတယ်..။ ဒါ့ကြောင့်လည်း အသင်းဟာ တစ်သွေးတည်း၊ တစ်သားတည်း.. စုစုစည်းစည်း (togetherness) ရှိနေတာကို တွေ့ရမှာပါ…။ ဥပမာ ဒီပွဲမှာဆိုရင် ခရစ်စ်တီယန် ပူလီဆစ် ကို ပွဲထွက်လူစာရင်းမှာ သေချာပေါက် ပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး ကြိုတင် မှန်းဆခဲ့ကြပါတယ်..။ တူခယ်လ် က သူ့ကိုပွဲမထုတ်ခဲ့ဘူး..၊ ဒါပေမယ့် လူစားဝင်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး ခြေစွမ်းပြပြီး အသင်းအတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်တာပဲ မဟုတ်ဘူးလားဗျ..
ဂျိုး ကိုးလ် - ခင်ဗျားပြောတဲ့ ယုံကြည်မှုတွေ (confidence)..၊ စုစုစည်းစည်းရှိမှုတွေ (togetherness) ဆိုတာဟာ နိုင်ပွဲတွေနဲ့ (winning games) အတူတူ ကပ်ပါလာတာလို့ ပြောရင်မမှားပါဘူး..။ ဒါပေမယ့် ရီယို ထောက်ပြတာ မှန်ပါတယ်.၊ သူတို့ဟာ အတူတူတကွ စုစုစည်းစည်း တစိတ်တဝမ်းတည်း ရှိနေကြပါတယ်..။ သီယာဂို ဆေးလ်ဗား ဆိုရင် ကွာတားဖိုင်နယ် ပွဲစဉ်တုန်းက ဒဏ်ရာရနေပေမယ့် အနိုင်ပွဲရတဲ့အခါ ပွဲကြည့်စင်ပေါ်ကနေ အားပါးတရ အောင်ပွဲခံခဲ့တာပဲဗျ..။ အီမာဆန် ဆိုရင်လည်း ဝင်ကစားရတဲ့အချိန် ခဏလေးမှာတောင် အနိုင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ကဲ.. ပြောရင်းနဲ့ ဘေးချော်သွားပါပြီ.. မူရင်းဆွေးနွေးချက်ဖြစ်တဲ့ ‘တီမို ဗာနာ’ အကြောင်း ပြန်သွားကြတာပေါ့.. မိုက်ကယ် ရေ.. သူဟာအဆုံးသတ် ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးတစ်ယောက် (prolific goal scorer) လို့ ပြောနိုင်ရလားဗျ..
မိုက်ကယ် အိုဝင် - ဗာနာ ဟာ ဂိုးသွင်းကောင်း၊ မကောင်းထက်စာရင် အခွင့်အရေးတွေ ဖြုန်းတီးတဲ့နေရာမှာတော့ အတော်လေးကို သေချာတာ အမှန်ပဲဗျ..။ ဒါပေမယ့် သူ့ရဲ့မှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် တစ်လုံးဆိုတစ်လုံး ထိထိမိမိ ဂိုးသွင်းပေးနိုင်တဲ့ သွေးအေးအဆုံးသတ် သမားတစ်ယောက်လို့ မပြောနိုင်ပါဘူး..။ ဒီနေ့ပွဲ ပထမပိုင်း (၁၈) မိနစ်မှာ လူကျွံဘော ပေးလိုက်ရတဲ့ သွင်းဂိုးမှာဆိုရင် သူ့ရဲ့ပြေးထွက်သွားတဲ့ပုံ၊ နေရာယူတဲ့ပုံ မှားယွင်းခဲ့တာကြောင့် လူကျွံဘော ပေးလိုက်ရတာပါ..။ တကယ်တော့ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အခုလိုအနေအထားမှာ ပြေးတဲ့အရှိန်လည်းမလျော့ပဲ လူကျွံဘောမဖြစ်အောင် ပြေးလမ်းရှာတတ်ဖို့ လိုအပ်ပါတယ်..။ လူကျွံဘောဖြစ်နေမှန်း သိနေပြီဆိုတာနဲ့ အခုအောက်ကပုံ (ပုံ- ၄) မှာ ပြထားတဲ့အတိုင်း နောက်တန်းလူတွေ ပြန်မှီလာအောင် ဘေးကိုကွေ့ပတ်ပြေးပြီး စည်းခိုးရတာပေါ့ဗျာ..။
ကျွန်တော်တို့လည်း အဲဒီလိုပဲ ကစားခဲ့ကြတာပဲ..။ အခုသူပြေးသလို တိုက်ရိုက်တည့်တည့်ကြီး အဖြောင့်ပြေးနေလို့ကတော့ တောင်ပံကချိုးပေးလိုက်တဲ့အချိန်မှာ လူကျွံဘောဖြစ်မှာပဲဗျ..။ ဒါ့ကြောင့်ကိုယ့်ဆီကို ဘောလုံးလာတဲ့အချိန် အသင့်ဖြစ်အောင် ပါးနပ်ဖို့တော့ လိုအပ်နေတာ အမှန်ပါပဲ..။ တိုက်စစ်မှူးတစ်ယောက်ဆိုတာ အဲဒီလိုအန္တရာယ်ဇုန်ထဲမှာ အမြဲတမ်းနေရာယူ လှုပ်ရှားနေရတာ ဖြစ်တဲ့အတွက် အန္တရာယ်အငွေ့အသက်၊ အန္တရာယ်အနံ့တွေကို တခြားသူတွေထက် ပိုပြီးခံစားနိုင်ဖို့ လိုအပ်တာ အမှန်ပါပဲ..။ တကယ်တော့ အဲဒီဂိုးဟာ ချယ်လ်ဆီးအသင်း ရရှိသင့်တဲ့ ဂိုးတစ်ဂိုးလို့ ပြောနိုင်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ကဲ. နောက်ထပ်ဂျာမန် တစ်ယောက်ဖြစ်တဲ့ ‘ကိုင် ဟားဗာ့ဇ်’ ပေါ့ဗျာ..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့မှန်းဆခဲ့တဲ့ ချယ်လ်ဆီးအသင်း ပွဲထွက်လူစာရင်းမှာဆိုရင် ခရစ်စ်တီယန် ပူလီဆစ် အစား သူပါဝင်လာတာ တစ်ခုပဲလွဲချော်ခဲ့တာပါ..။ သူလည်းဒီနေ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တာပါပဲ.. ရီယို ရေ.. သူ့ရဲ့ကစားပုံကိုကြည့်လိုက်ရင် ဘယ်သူနဲ့ဆင်တူတယ်လို့ ထင်လည်းဗျ…
ရီယို ဖာဒီနန် - ကျွန်တော်ကတော့ သူကစားတာကိုကြည့်ရင်း ‘ဒီမီတာ ဘာဘာတော့ဗ်’ နဲ့ တူနေလားလို့..။ သူ့ရဲ့ပုံစံ၊ ပျင်းရိပျင်းတွဲ ပြေးတဲ့ပုံစံရော၊ သွေးအေးတဲ့နေရာမှာရော အတော်လေးကို ဆင်တူတာပါ..။ ဒါပေမယ့် သူ့ရဲ့ကစားပုံနဲ့ ရွေ့လျားမှုတွေဟာ အရမ်းကို ညက်ညောတယ်ဗျ..။ သူ့ရဲ့ထိချက်တွေ၊ နေရာယူ၊ ပြေးထွက်ပုံတွေဟာ အရမ်းကို လှပတယ်..၊ အနုပညာဆန်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ အနာဂတ်မှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ်..။
ဂျိုး ကိုးလ် - ဒါပေါ့..။ နောက်ပိုင်းမှာ သူဟာအသင်းအတွက် ဂိုးတွေအများကြီး သွင်းယူပေးနိုင်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ဆီမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အပြည့်ရှိတယ်..၊ ခေါင်းတိုက်ကောင်းတယ်..၊ အမြင့်ဘောကစားတာ ကောင်းမွန်တယ်..၊ တည်ကန်ဘောတွေ အသုံးချတဲ့နေရာမှာလည်း ကောင်းတယ်..၊ မှန်ပါတယ်.. သူဟာ ‘ဘာဘာတော့ဗ်’ နဲ့ အတော်လေး ဆင်တူတာဗျ..၊ ဒါပေမယ့် ဘာဘာတော့ဗ် ထက် ပိုပြီး လျှင်မြန်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - မိုက်ကယ် ရေ.. ခင်ဗျားက ဗာနာ ကို အတော်လေး ပြောလိုက်တယ်နော်.. ဟားဗာ့ဇ် ကိုရော ကြိုက်ရဲ့လားဗျ.. ဘယ်လိုလဲ.?
မိုက်ကယ် အိုဝင် - ကြိုက်ပါတယ်..။ တစ်ချို့ကစားသမားတွေက ပရီးမီးယားလိဂ်ကို ခြေချလိုက်တာနဲ့ တခါတည်းတန်းပြီး ခြေစွမ်းပြတော့တာပါပဲ..။ တစ်ချို့သူတွေက အချိန်နည်းနည်းယူရတယ်..။ သူကအဲဒီလို အမျိုးအစားထဲက ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့်သူဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်အဖိုးတန် ရတနာတစ်ပါး ဖြစ်လာမှာပါ..။ အထူးသဖြင့် သူ့ရဲ့ first ball အထိန်းအသိမ်းက အရမ်းကောင်းတယ်ဗျ..။ ဒါမျိုးကို လူတိုင်းမလုပ်နိုင်ပါဘူး..။ ဒါ့အပြင် အဆုံးသတ်ဂိုးသွင်းလည်း သေချာပါတယ်..။ သူဟာသိပ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ်..၊ အချိန်ခဏလေးပဲ စောင့်ကြရမှာပါ..။
ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ.. ဒီနေ့မှာတော့ ဆွေးနွေးစရာတွေ အတော်လေးများခဲ့တာကြောင့် အတော်လေး အချိန်နှောင်းနေခဲ့ပါပြီ..၊ မကြာခင်မှာ ယှဉ်ပြိုင်ရမယ့် အစ္စတန်ဘူလ် က နောက်ဆုံးဗိုလ်လုပွဲမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ..