စနေနေ့ညက မန်ချက်စတာ စီးတီးအသင်း၏ အက်တီးဟတ်ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မန်ချက်စတာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ပွဲစဉ်မှ သုံးသပ်ချက်များနှင့် ပွဲချိန်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် အင်္ဂလန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် နှင့် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် တို့က Sky Sports ရုပ်သံဌာန၏ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ကယ်လီ ကိတ်စ် - မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ခွင့် ရဖို့အတွက် ဒီနေ့ပွဲကို အနိုင်ရရှိဖို့ လိုအပ်ခဲ့သလို တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဇူး ဟာ ချယ်လ်ဆီးအသင်း နောက်ခံလူ ခရစ်စ်တီယန်ဆန် ရဲ့ အမှားကနေ ရရှိခဲ့တဲ့ အခွင့်အရေးကနေတဆင့် ရာဟင်း စတာလင်း အတွက် အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီဂိုးနဲ့ မရှေးမနှောင်းလေးမှာပဲ သူတို့အသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုး က ပင်နီကာ ကန်ချက်နဲ့ ကန်သွင်းရာမှာ အလုပ်မဖြစ်ခဲ့တာကြောင့် ပွဲကိုအဆုံးသတ်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်ရှင့်..။
ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းဟာ ပွဲကိုပြန်လည်စိုးမိုးနိုင်ခဲ့ပြီး ဟာကင် ဇိုင်းယက်ချ်၊ မားကပ်စ် အလွန်ဆို တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲအတွက် အရေးပါတဲ့ သုံးမှတ်ကို အရယူနိုင်ခဲ့ပါတယ်..။ မီကာ ရေ… ပထမဆုံးအနေနဲ့ ဒီနေ့ပွဲမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ရှင့်ရဲ့အမြင်၊ သုံးသပ်ချက်ကို ပြောနိုင်မလားရှင့်…
မီကာ ရစ်ချက် - ကျွန်တော်တို့အသင်းဟာ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကစားပုံ ကျဆင်းသွားခဲ့တယ်လို့ ထင်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ တန်ပြန်တိုက်စစ်ဆင်တဲ့ နေရာမှာ အရမ်းမြန်ဆန်လွန်းတာကြောင့် သတိထားရလိမ့်မယ် ဆိုတဲ့အကြောင်းကို ပွဲမစခင်ကလည်း ကျွန်တော်ပြောခဲ့ပါသေးတယ်..။ တီမို ဗာနာ ဟာ ရသင့်တဲ့ဂိုးတွေ လွဲချော်ခဲ့တာကြောင့် အဝေဖန်ခံနေရပေမယ့် သူဟာကျွန်တော်တို့အသင်း ခံစစ်ကြောင်းကို ကောင်းကောင်းဒုက္ဓပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် သူ့ရဲ့လျှင်မြန်မှုနဲ့ မနားတမ်း ရွှေ့လျား လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့အသင်း ခံစစ်ကြောင်းက နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ လုပ်အားနှုန်းနဲ့ နိုင်လိုစိတ် ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတယ်လို့ပဲ ပြောရမှာပေါ့ဗျာ..
ကယ်လီ ကိတ်စ် - ဂျေမီ ရေ.. ချယ်လ်ဆီးအတွက်ကတော့ ဒီနေ့ပွဲရလဒ်ဟာ သူတို့အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲမှာ သိပ်ကိုအရေးပါခဲ့တဲ့ ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် သူတို့ဆီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ကို သေချာစေတဲ့ နောက်ထပ်အခွင့်အရေးကြီးတစ်ခု ရှိနေပါသေးတယ်ဆိုတာ ရှင်တို့၊ ကျွန်မတို့ သိထားပြီးသားပါ..။ ဒါ့ကြောင့်ဒီနေ့ပွဲရလဒ်ဟာ နောက်သုံးပါတ်အကြာမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပေါ် သက်ရောက်မှု ရှိုနိုင်ရဲ့လားရှင်..?
ဂျေမီ ရက်ဒ်နပ် - သူတို့အနေနဲ့ ဒီနေ့ပွဲရလဒ်အပေါ် အထူးကျေနပ်ကြပါလိမ့်မယ်..။ အထူးသဖြင့် အဓိကပြိုင်ဘက်ကြီး ဖြစ်နေတဲ့ စီးတီးအသင်းနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ နှစ်ပွဲစလုံးမှာ အနိုင်ရရှိခဲ့တယ်ဆိုတာ တကယ့်ကို ကျေနပ်၊ အားရစရာပါ..။ အဲဒီနှစ်ပွဲစလုံးမှာ စီးတီးအသင်းဟာ အဓိကကစားသမားတွေ မပါဝင်ခဲ့ဘူး..၊ လူစာရင်းအပြောင်းအလဲတွေ အများကြီးပြုလုပ်ခဲ့တယ်.. လို့ ပြောနိုင်ပေမယ့် အခုလိုအနိုင်ပွဲတွေဟာ ချယ်လ်ဆီးအသင်းရဲ့ ပြင်ဆင်မှုတွှေအတွက် စိတ်ဓါတ်ပိုင်းအရ အားသာချက်ရရှိစေခဲ့တာ အမှန်ပါပဲ..။
အထူးသဖြင့် ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ မန် စီးတီးအသင်းကို ဒုက္ဓကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်..။ ခုနက မီကယ် ပြောခဲ့သလိုပါပဲ.. တီမို ဗာနာ ဟာ အကောင်းဆုံးခြေစွမ်း မရနေခဲ့ဘူး.. ဆိုရင်တောင်မှ သူဟာကြိုးစားအားထုတ်မှု အပြည့်ရှိတယ်..၊ မှန်ကန်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်..၊ ဒါ့အပြင် အဆုံးအဖြတ် နောက်ဆုံးအနိုင်ဂိုးကိုလည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့တယ်.. မဟုတ်ဘူးလားဗျ..။ အထူးသဖြင့် သူဟာ မန် စီးတီး နောက်တန်းအတွက် တကယ့်အန္တရာယ်ကောင်ပါ..။ မန်ချက်စတာ စီးတီးအသင်းဟာ ခံစစ်ကြောင်းကို ကွင်းလယ်အထိတက်ပြီး (high line) ထိုင်ခဲ့တာဆိုတော့ မန်နေဂျာ တူခယ်လ် က သူ့ရဲ့ကစားသမားတွေကို မန် စီးတီးရဲ့အတင်းလိုက် ဖိအားပေးမှု (high presses) တွေကို အနီးပေး၊ အမြန်ပေးနဲ့ ကျော်ဖြတ်ပြီး ဗာနာ ရဲ့ ပြေးလမ်းထဲ အရောက်ခင်းပေးဖို့ တောက်လျှောက်မှာကြားနေခဲ့ပါတယ်..။
ဒုတိယပိုင်းပြန်စတာနဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းလိုက်လှုပ်ရှားမှု ပိုမိုကောင်းမွန်လာခဲ့ပြီး second balls တွေကိုလည်း ပိုပြီးအရယူလာနိုင်ခဲ့တယ်ခင်ဗျ..။ ဒါ့ကြောင့်လည်း ဒုတိယပိုင်းမှာ နှစ်သင်းကြားက ကစားပုံနဲ့ ပွဲရဲ့ချိန်ခွင်လျှာဟာ လုံးဝကိုပြောင်းလဲသွားခဲ့တာပါ..။
ကယ်လီ ကိတ်စ် - ဟုတ်ကဲ့ပါရှင့်..၊ ဆာဂျီယို အဂွဲရိုး ဖန်တီးပေးလိုက်တဲ့.. ဟားဟား.. မန် စီးတီးအသင်းရဲ့ အဖွင့်ဂိုးအကြောင်း သုံးသပ်ပေးပါဦးရှင့်..။
ဂျေမီ ရက်ဒ်နပ် - ဆာဂျီယို အဂွဲရိုး ဖန်တီးပေးလိုက်တယ်.. ဆိုတာ ခင်ဗျားက ပရိသတ်ကြားလို့ကောင်းအောင် သက်သက်ညှာညှာ ပြောလိုက်သဘော ဖြစ်ပါလိမ့်မယ်.. ဟားဟား..။ ခရစ်စ်တီယန်ဆန် ဟာ မန် စီးတီး နောက်တန်းက ရူဘင် ဒီယက်စ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အရထိန်းနိုင်ဖို့ကြိုးစားရင်း သူ့ရဲ့ပေါင်တွင်းကြောပါ ထိခိုက်မိလို့ ကံဆိုးခဲ့ပါတယ်..။ ဆာဂျီယို ကတော့ ဂျေဇူး ခင်းပေးလိုက်တဲ့ အပိုင်ဂိုးသွင်းခွင့်ကို တစ်ချက်ထိန်းလိုက်ဖို့ ကြိုးစားလိုက်ရာမှာ ထိချက်လွဲခဲ့ပေမယ့် လျှံထွက်လာတဲ့ ဘောလုံးဟာ စတာလင်း ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တာကြောင့် ကံကောင်းသွားခဲ့တာပေါ့..။ ဂျေဇူး ခင်းပေးလိုက်တဲ့ ဘောလုံးက အတော်လေး သပ်ရပ်ကောင်းမွန်ပါတယ်..။
အဲဒီသွင်းဂိုးရပြီးနောက်ပိုင်း အဖြစ်အပျက်တွေဟာ တကယ့်ကို ရူးသွပ်စရာပဲ မဟုတ်လား.. မီကာ ရေ.. ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့အသင်းဟာ ၂ဂိုးအသာနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ရရှိခဲ့တာကိုးဗျ..။ ဒါနဲ့ ခင်ဗျားတို့နဲ့အတူတူ လေ့ကျင့်ကွင်းတွေမှာရော အဂွဲရိုး ဟာ ပင်နီကာ ကန်ချက် (panenka kick) တွေ လေ့ကျင့်တာ၊ ကန်သွင်းခဲ့တာတွေ ပြုလုပ်ခဲ့ဘူးရဲ့လားဗျ..
မီကာ ရစ်ချက် - သူအဲဒီလိုလုပ်တာမျိုး တစ်ခါမှမမြင်ခဲ့ဖူးပါဘူး..။ အဲဒီကန်ချက်မတိုင်ခင် ဘီလီ ဂေးမားလ် ရဲ့ ဖျက်ထုတ်မှုဟာ ဂျေဇူး ကို ထိမိခဲ့တယ်.. ဆိုပေမယ့် ပင်နယ်တီပေးခဲ့တာ နည်းနည်းပြင်းထန်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဒါဟာ ရိုးရိုးသားသား ဝန်ခံတာပါ..။ ဒါပေမယ့် ပင်နယ်တီရရှိခဲ့တဲ့အချိန် အဂွဲရိုး က ပင်နီကာ ကန်ချက်နဲ့ အဲဒီလို ကန်သွင်းလိုက်တော့ ကိုယ့်ရဲ့မျက်စိကိုတောင် မယုံနိုင်သလို ဖြစ်ခဲ့ရပါတယ်..။ အတော်လေးကို ဆိုးရွားတဲ့ကန်ချက်ပါ..။
ဆာဂျီယို အဂွဲရိုး ဟာ အဆုံးအဖြတ်ဂိုးကို အက်တီဟတ်ကွင်းမှာ ပင်နယ်တီကန်ချက်ကနေ လှလှပပ ကန်သွင်းယူနိုင်ခဲ့တယ်.. ဆိုတဲ့ မှတ်တမ်းမျိုးကိုရရှိဖို့ သူ့စိတ်ထဲ တွေးနေခဲ့လား မသိဘူးဗျ..။ မန်ဒီ က သူ့ရဲ့လှုပ်ရှားမှုကို ကြိုတင်မှန်းဆ နိုင်ခဲ့တယ်လို့ ထင်ပါတယ်..။ ဒ့ါကြောင့်အဂွဲရိုး ဟာ ဘယ်လိုစိတ်ကူးရပြီး အဲဒီလိုမျိုး လုပ်လေ့လုပ်ထမရှိတဲ့ ပင်နီကာ ကန်ချက်နဲ့ ဂိုးရအောင် ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ မစဉ်းစားနိုင်ခဲ့ပါဘူး..။
ကယ်လီ ကိတ်စ် - တကယ်လို့ အဲဒီကန်ချက်သာ ဂိုးရခဲ့မယ်ဆိုရင် အခုအချိန် အဝတ်လဲခန်းထဲမှာ ရှန်ပိန်ပုလင်းတွေဖောက်ပြီး အောင်ပွဲခံနိုင်မယ့် အနေအထားရောက်ရှိသွားနိုင်ပါတယ်..။ ဒါပေမယ့် အခုတော့ အဲဒီပုလင်းတွေ ခဏသိမ်းထားရဦးမှာပေါ့ရှင့်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယပိုင်းမှာ သောမတ်စ် တူခယ်လ် ဟာ ပထမပိုင်းပြီးခါနီးမှာ ကစဉ့်ကလျားဖြစ်ခဲ့တဲ့ သူ့ရဲ့အသင်းသားတွေကို ပြန်လည်စုစည်းနိုင်ခဲ့ပြီး ဒုတိယပိုင်း မိနစ် (၆၀) အကျော်မှာ ဟာကင် ဇိုင်းယက်ချ် က ချေပဂိုးသွင်းယူပြီး မန် စီးတီးအသင်းကို အခက်တွေ့စေခဲ့ပါတယ်..
ဂျေမီ ရက်ဒ်နပ် - ဟုတ်ပါတယ်..။ အဲဒီဂိုးရမသွားခင် အခိုက်အတန့်မှာ ကွင်းလယ်ကနေ ဘောလုံးနဲ့အတူ ဆွဲတက်လာတဲ့ ရိုဒရီ ဆီကနေ ဘောလုံးရယူ ဖျက်ယူခဲ့တဲ့ ဖိအားပေးကစားပုံ (pressing) အရမ်းကောင်းမွန်ခဲ့ပါတယ်..။ နောက်ပြီးညာတောင်ပံတစ်လျှောက် ဆွဲတက်လာတဲ့ အက်ဇ်ပီလီကွဲတား ရဲ့ အတွင်းကိုဖြတ်ပြီး ပေးပို့မှုကလည်း အတိအကျပါပဲ..၊ နောက်တော့ ပူလီဆစ် က နေသန် အက်ကီ ကို ကိုယ်နဲ့ကာ၊ လှည့်ထွက်ပြီး အက်ဇ်ပီ ဆီ ပြန်ပေးတယ်..၊ ဟာကင် ဇိုင်းယက်ချ် က အက်ဇ်ပီ ဆီကနေ ပြန်ရောက်လာတဲ့ အနိမ့်ဘောကို တစ်ချက်ထိမ်းပြီး အဖြောင့်ကန်ချက်နဲ့ လှလှပပ ကန်သွင်းရယူခဲ့ပါတယ်..။ အဲဒီကန်ချက်ကို ဂိုးသမား အီဒါဆန် ကာကွယ်နိုင်ခဲ့သင့်လား.? လို့တော့ ကျွန်တော်စဉ်းစားမိသေးဗျ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ တန်ပြန်တိုက်စစ်ဆင်လာရင် အရမ်းကိုကြောက်ဖို့ကောင်းတယ်..၊ သူတို့ရှေ့တန်းက တိုက်စစ်ကစားသမားတွေဟာ အရမ်းကိုလျှင်မြန်ကြတယ်လို့ မီကာ လည်း ပြောခဲ့ပါသေးတယ်..။
အဲဒီပေးလိုက်တဲ့ဂိုးကို မန် စီးတီးအသင်းဘက်ကနေ ပြန်ပြီးကြည့်မယ်ဆိုရင် နည်းပြဂွာဒီယိုလား က စိတ်ဆိုးလိမ့်မယ်ဗျ..၊ ဘာဖြစ်လို့လည်းဆိုတော့ အခုအောက်ကပူးတွဲပုံ (ပုံ- ၁) မှာဆိုရင် ရိုဒီရီ ဘောလုံးနဲ့အတူ ဆွဲတက်လာတဲ့အချိန် သူကကွင်းလယ်စက်ဝိုင်းနားမှာရှိနေတဲ့ စတာလင်း ကို ရှေ့တက်ပြီး ဘောလုံးလမ်းကြောင်း (opening) ဖွင့်ပေးဖို့ ညွန်ကြားနေတာ တွေ့မိမှာပါ..။ ဒါပေမယ့် စတာလင်း ဟာ သူရှိတဲ့နေရာမှာပဲ ရပ်နေတဲ့အပြင် အက်ဇ်ပီ ရှေ့တက်လာတဲ့အချိန်မှာလည်း နောက်ကလည်း ထပ်ချပ်မကွာ လိုက်လံဖိအားပေးဖို့ ပျက်ကွက်ခဲ့ပါတယ်..။ ဒါ့ကြောင့်ရိုဒီရီ ဟာ သုံးယောက်၊ တစ်ယောက် (3 vs 1) အနေအထားမှာ ဘောလုံးဆုံးရှုံးခံလိုက်ရပါတယ်.။ ပက်ပ် ဂွာဒီယိုလား ဟာ ဒီဂိုးပေးလိုက်ရတာကို အတော်လေးပေါက်ကွဲနေခဲ့တာ သတိထားမိကြမှာပါ..။ ဒါ့ကြောင့်လည်း သူဟာစတာလင်း ရဲ့ လုပ်အားနှုန်း၊ ကြိုးစားအားထုတ်မှုနဲ့ ခံစစ်ပိုင်းလိုက်ပါမှုတွေကို သိပ်ပြီးသဘောမတွေ့တာကြောင့်စတာလင်း ဟာ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ လိုင်းအပ်ပျောက်သွားတာလား မပြောတတ်ဘူးဗျ..။
ကယ်လီ ကိတ်စ် - ဒါပေမယ့် မန် စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ အရမ်းကို နီးစပ်နေပါပြီ..။ ရတော့ရမှာပါ. ဘယ်အချိန်လဲ..? လို့ စောင့်ကြည့်ရမယ့် အနေအထားပဲ ရှိတာပါရှင့်..။ ဒါပေမယ့် ပွဲချိန်မိနစ် (၈၈) မှာ ရာဟင်း စတာလင်း ဟာ ပင်နယ်တီပြစ်ဒဏ်ဘော ထပ်ပြီးရနိုင်မယ့် အနေအထားနဲ့ နီးစပ်ခဲ့သေးတယ် မဟုတ်လားရှင့်..၊ အံ့သြစရာကောင်းတာက ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို VAR က ဘာကြောင့်မပယ်ချခဲ့တာလဲ..? ဆိုတဲ့ အချက်ပါပဲ…
မီကာ ရစ်ချက် - ကတ် ဇူးမား ရဲ့ ဖျက်ထုတ်မှုဟာ ပင်နယ်တီပေးသင့်တဲ့ ဖျက်ထုတ်မှုလို့ ပြောနိုင်ပါတယ်..။ စတာလင်း ဟာ ကတ် ဇူးမား ကို ဘောလုံးရော၊ လူရော ကျော်ဖြတ်ပြီး လဲကျသွားတဲ့အထိ အနှေးပြကွက်ကို ရှုထောင့်မျိုးစုံကနေ ပြန်ပြီးကြည့်ကြည့်ပါတယ်..။ သူဟာ စတာလင်းကို တစ်ချက်၊ နှစ်ချက်.. နောက်ဆုံးလဲကျခါနီးမှာတောင် နောက်ကနေဖိအားရင်း ဘယ်ခြေနဲ့တစ်ခါ.. သုံးကြိမ်လောက် ထိခဲ့တယ်ဗျ..။ ဒါ့ကြောင့်တကယ်လို့ ကွင်းလယ်ဒိုင် အန်တော်နီ တေလာ ကသာ ပင်နယ်တီပေးခဲ့မယ်ဆိုရင် VAR ပြန်ကြည့်တဲ့အခါမှာလည်း ပယ်ချဖို့ မရှိနိုင်ပါဘူး..။
ကယ်လီ ကိတ်စ် - ဒါဆိုရင် တကယ့်ကို ရှင်းရှင်းလင်းလင်း..၊ ပေးကိုပေးရမယ့် ပင်နယ်တီ (clear and obvious penalty) ပါ..၊ ဒါ့ကြောင့်အခုလိုပယ်ချခဲ့တာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြောချင်တာလားရှင့်..?
မီကာ ရစ်ချက် - No.. အဲဒီလို တကယ့်ရှင်းရှင်းလင်းလင်းကြီး ကျူးလွန်ခဲ့တဲ့ ဖျက်ထုတ်မှုမျိုးတော့ မဟုတ်ပါဘူး..။ ဒါပေမယ့် ဇူးမား ဟာ စတာလင်း ကို နောက်ကနေဖိပြီး မထိတထိ ကန်လိုက်တာ အမှန်ပါပဲ..။ ဒါ့ကြောင့်လည်း စတာလင်း က ကန်သွင်းဖို့ခက်….
ဂျေမီ ရက်ဒ်နပ် - ဇူးမား ရဲ့ အဲဒီဖျက်ထုတ်မှုဟာ ပင်နယ်တီ ပေးသင့်ပါတယ်..။ သူကစတာလင်း ရဲ့ နောက်မှာရောက်နေတယ်..၊ စတာလင်း ကို ကန်မရအောင် တားဆီးချင်တယ်..၊ ဒါ့ကြောင့်ကြိုးစားပြီး ရအောင် တားဆီးခဲ့တဲ့ အနေအထားမှာ ပင်နယ်တီပေးလို့ရလောက်တဲ့ ဖျက်ထုတ်မှုမျိုး ရှိတဲ့တာ အမှန်ပါပဲ..။ ဒိုင်လူကြီး တေလာ ကသာ ပင်နယ်တီ ပေးခဲ့မယ်ဆိုရင် VAR က ပြန်ငြင်းလိမ့်မယ်မဟုတ်ဘူး.. ဆိုပြီး ခုနက မီကာ ပြောသွားခဲ့တဲ့မှတ်ချက်က အရမ်းမှန်ကန်ပါတယ်..။ ဒါပေမယ့် အရမ်းကိုရှင်းရှင်းလင်းလင်းကြီး မဟုတ်ခဲ့တာကြောင့် VAR က ဒိုင်လူကြီးကို ဗွီဒီယိုပြန်ကြည့်ဖို့ မပြောခဲ့တာ ဖြစ်ပါလိမ့်မယ်..။
မီကာ ရစ်ချက် - တကယ်လို့ ကျွန်တော်သာ နောက်ခံလူဆိုရင် အဲဒီအနေအထားမျိုးကို ပင်နယ်တီမပေးစေချင်ဘူးပေါ့..၊ ဒါပေမယ့် ကိုယ်သာတိုက်စစ်မှူးနေရာ ရောက်နေရင် ပင်နယ်တီရချင်တာပေါ့ဗျာ..။ ကျွန်တော်အဓိက ပြောချင်တဲ့အချက်က ဇူးမား ဟာ စတာလင်း ကို ကန်လို့မရအောင် နောက်ကနေ ဖိခဲ့တယ်.. ဆိုတဲ့အချက်ပါ..။ တကယ်လို့ ဇူးမား သာ မဖိခဲ့၊ နောက်ကနေ မကန်ခဲ့ဘူးဆိုရင် စတာလင်း က ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့မှာ အသေအချာပါပဲ..။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က နောက်ခံလူ တစ်ယောက်ဆိုတော့ အခုလိုအနေအထားမျိုးတွေကို မကြာခဏ ပင်နယ်တီပေးနေတာကလည်း စိတ်ပျက်စရာပါပဲ..။
ဂျေမီ ရက်ဒ်နပ် - ခင်ဗျားတို့လို ဗဟိုနောက်ခံလူတစ်ယောက်အနေနဲ့ တိုက်စစ်မှူးတစ်ယောက်က ကိုယ့်ကိုဘောလုံးရော၊ လူရော ကျော်ဖြတ်သွားပြီ..၊ ကိုယ့်ရဲ့ရှေ့မှာ ဂိုးကန်သွင်းလို့ရမယ့် အနေအထား ရောက်နေပြီဆိုရင် ပြာယာမခတ် မသွားဘူးလားဗျ..၊ ဒါဟာအန္တရာယ်ရဲ့ အငွေ့အသက်၊ မရဏခေါင်းလောင်းသံပဲလေဗျာ..။
မီကာ ရစ်ချက် - ဒါပေမယ့် စတာလင်း လွတ်သွားတဲ့နေရာကို ကြည့်လေဗျာ..၊ သူကန်မယ့်ထောင့်ကို ဂိုးသမားမန်ဒီ က ပိတ်ပြီးသားဆိုတော့ တကယ်တမ်းဆိုရင် ဇူးမား ဟာ အဲဒီလောက်ကြီး သွေးရူးသွေးတန်း လိုက်ဖျက်နေစရာ မလိုပါဘူးဗျ..။ နောက်ပြီး စတာလင်း ဆွဲထုတ်သွားတာက အတွင်းဘက်ကို မဟုတ်ပဲ အပြင်ဘက်ကို ထုတ်သွားခဲ့တာပါ..။ ဒါ့ကြောင့်တကယ်တမ်း ကန်သွင်းခွင့် ရခဲ့မယ်ဆိုရင်လည်း စတာလင်း အနေနဲ့ ဂိုးရအောင်ကန်သွင်းနိုင်ဖို့ အတော်လေးကို ခက်ခဲပါလိမ့်မယ်..။
ဂျေမီ ရက်ဒ်နပ် - ဒါဆိုရင် စတာလင်း က အတွင်းကိုဆွဲနိုင်ဖို့ ကြိုးစားပေမယ့် သူ့ရဲ့ first touch က သိပ်အကောင်းကြီး မဟုတ်ခဲ့လို့ နောက်ကနေ ဇူးမား က ဖျက်ထုတ်မိအောင် တမင်သက်သက် ဉာဏ်ဆင်တာလို့ ပြောတဲ့သဘော သက်ရောက်တာပေါ့..
ကယ်လီ ကိတ်စ် - ကဲ.. ကဲ.. အဲဒီဖျက်ထုတ်မှု ပင်နယ်တီ ပေးသင့်တယ်..၊ မပေးသင့်ဘူး.. ဆိုတဲ့ ကျွန်မတို့ရဲ့ အငြင်းအခုန်က ဒီလောက်နဲ့ပဲ ရပ်သင့်ပါပြီရှင့်..။ ဒါပေမယ့် အဲဒီအလှည့်အပြောင်းဟာ ချယ်လ်ဆီးအသင်းအတွက် အခွင့်အရေးဖြစ်ခဲ့ပြီး နာကျင်အချိန်ပိုရောက်ချိန်မှာ မားကို့စ် အလွန်ဆို က သူတို့အသင်းအတွက် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..
ဂျေမီ ရက်ဒ်နပ် - ဟုတ်ပါတယ်..၊ အဲဒီသွင်းဂိုးမှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ရိစ် ဂျိမ်းစ် ပေးတဲ့ဘောလုံးကိုလက်ခံပြီး မန် စီးတီး ကွင်းလယ်ကစားသမား သုံးယောက်ကြားက ဆွဲထွက်သွားခဲ့တာ အရမ်းကောင်းပါတယ်..။ နောက်ပြီးကျွန်တော်တို့ပြောပြောနေတဲ့ တီမို ဗာနာ ရဲ့ ပြေးလမ်းကြောင်းထဲကို ခင်းပေးလိုက်တာလည်း အနေတော်ပဲဗျ..။ တီမို ဗာနာ က တစ်ချက်ထိမ်း၊ ပြန်ချိုးပေးလိုက်တာလည်း သိပ်ကိုသပ်ရပ်ပါတယ်..။ အဆုံးသတ်ဂိုးသွင်းချက်ကိုတော့ ခြောက်ခါလောက် ကျွန်တော်ပြန်ကြည့်ပြီးပါပြီ..၊ ဘယ်သူသွင်းသွားတာလဲ..? ဘယ်လိုကန်သွားလဲ..? အခုအချိန်ထိ ကျွန်တော်မရှင်းပြတတ်ပါဘူး.. ဟားဟား…။ အလွန်ဆို ရဲ့ တစ်ကိုယ်လုံးနဲ့ထိပြီး ဝင်သွားလားတောင် ထင်ရတယ်.. မီကာ ရေ.. ဟားဟား..
မီကာ ရစ်ချက် - ထားပါတော့ဗျာ.. ဘယ်လိုပဲကန်သွင်းသည်ဖြစ်ပါစေ..၊ ကစားသမား တစ်ယောက်ဟာ ဂိုးသွင်းနိုင်မယ့် နေရာကိုရောက်နေဖို့၊ ရတဲ့အခွင့်အရေးကို အမိအရ အသုံးချနိုင်ဖို့ပဲ အဓိကပါပဲ..။ ဂိုးသမား အီဒါဆန် လည်း ဘာမှမတတ်နိုင်ဘူးဗျ..။
ဂျေမီ ရက်ဒ်နပ် - တိုက်စစ်လိုက်ပါတဲ့နေရာမှာ အလွန်ဆို ဟာ wing back ကနေ ဂိုးတွေအတော်ရတာပဲဗျ..၊ အဆုံးအဖြတ် ပွဲကြီးတွေမှာလည်း ဂိုးရလေ့ရှိပြီး ဂိုးလာဘ်ရှိတယ်လို့ ပြောရမှာနော..
မီကာ ရစ်ချက် - ကျွန်တော်တို့ ဖီအိုရင်တီးနား အသင်းမှာတုန်းကလည်း သူဟာ လေ့ကျင့်ကွင်းမှာလည်း ဂိုးသွင်းယူတဲ့ လေ့ကျင့်ခန်းတွေ၊ တိုက်စစ်မှူးတစ်ယောက်ရဲ့ လေ့ကျင့်ခန်းတွေ အမြဲတမ်း ပြုလုပ်လေ့ရှိသလို wing back နေရာကနေ တိုက်စစ်လိုက်ပါရတာကိုလည်း နှစ်သက်တဲ့သူပါ..။ ဒါ့ကြောင့်သူ့ရဲ့အကောင်းဆုံးနေရာဟာ wing back နေရာပဲဖြစ်ပြီး အခုလိုဂိုးရနိုင်မယ့် နေရာကို နားလည်နေတာကြောင့် ဂိုးတွေမကြာခဏ သွင်းပေးနေတာ အံ့သြစရာမရှိဘူးလို့ ပြောရမှာပါပဲ..။
ကယ်လီ ကိတ်စ် - ပွဲပြီးတဲ့အချိန်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ သောမတ်စ် တူခယ်လ် ပြောသွားသလိုပါပဲ.. ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ သုံးမှတ်ဟာ ချယ်လ်ဆီးအသင်းအတွက် သိပ်ကိုအရေးပါလှပါတယ်..။ အခုဆိုရင် သူတို့ဟာ (၆၃) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၃) နေရာကိုရောက်နေပြီး အဆင့် (၅) နေရာက ဝက်စ်ဟမ်း အသင်းထက် (၆) မှတ်သာ ရခဲ့ပါပြီ..။ ဒါ့ကြောင့်အခုဆိုရင် ရာသီကုန်ဖို့ သုံးပွဲ၊ လေးပွဲပဲကျန်မယ့် အနေအထားမှာ အောက်ကအသင်းတွေအတွက် သူ့ကိုအမှီလိုက်နိုင်ဖို့ အတော်လေးကို ခက်ခဲသွားပါပြီ..၊ ဒါ့ကြောင့်ဒီနေ့ပွဲရလဒ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုလို့ ပြောရမယ်ရှင့်..
ဂျေမီ ရက်ဒ်နပ် - ဒါပေါ့ဗျာ..။ ဘရန်ဒန် ရောဂျားစ်၊ ဒေးဗစ် မိုယက်စ် တို့သာ ဒီပွဲကိုကြည့်နေမယ်ဆိုရင် အလွန်ဆို ဂိုးသွင်းလိုက်တဲ့အချိန်မှာ remote control နဲ့ တီဗွီကို ပစ်ပေါက်မိကြမှာပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီသွင်းဂိုးဟာ သူတို့နှစ်သင်းစလုံးကို အကြီးအကျယ် အထိနာစေခဲ့တာ အမှန်ပဲဗျ..။ အထူးသဖြင့် မနေ့ကပွဲမှာ လက်စ်တာ အသင်းက နယူးကာဆယ် ကို မထင်မှတ်ပဲ ရှုံးသွားခဲ့တာကြောင့် ဒီပွဲမှာရခဲ့တဲ့သုံးမှတ်ဟာ ချယ်လ်ဆီးအသင်းအတွက် အတော်လေးကို အသက်ရှုချောင်စေပါတယ်.။
ကယ်လီ ကိတ်စ် - ဟုတ်ကဲ့ပါရှင့်..၊ မီကာ ရေ.. နောက်ဆုံးအနေနဲ့ ဒီနေ့ပွဲရလဒ်ဟာ ရှင်တို့အသင်းအတွက် လာမယ့်ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအပေါ် ဘယ်လိုများအကျိုးသက်ရောက်မှု ရှိနိုင်မလဲရှင့်..
မီကာ ရစ်ချက် - အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်မှုအပိုင်းကို ထိခိုက်မှု ရှိနိုင်ပါတယ်..။ ပြီးခဲ့တဲ့ FA ဖလား အကြိုဗိုလ်လုပွဲတုန်းကလည်း ရှုံးနိမ့်ခဲ့တာကိုးဗျ.။ အဲဒီပွဲတုန်းက ပွဲထွက်လူစာရင်း (၈) ယောက်လောက် အပြောင်းအလဲ ပြုလုပ်ခဲ့တယ်..၊ ဒီနေ့ပွဲမှာလည်း ပီအက်စ်ဂျီအသင်းနဲ့ပွဲက လူ (၉) ယောက်လောက် အပြောင်းအလဲ ပြုလုပ်ခဲ့လို့ပါ..၊ အကောင်းဆုံး ပွဲထွက်လူစာရင်း မဟုတ်ခဲ့ပါ ဆိုပြီး အကြောင်းပြနိုင်ပေမယ့် အနိုင်ရတဲ့အသင်းကတော့ လာမယ့်ဗိုလ်လုပွဲအတွက် ပြင်ဆင်ရာမှာ ယုံကြည်မှုအပိုင်း၊ စိတ်ဓါတ်ပိုင်း အသာစီးရသွားတာ အမှန်ပါပဲ..။
တစ်ဘက်လှည့်ပြီး စဉ်းစားမယ်ဆိုရင် ကိုယ့်ရဲ့ခြေကိုလျှိုထားချင်လို့ အရှုံးခံမယ်ဆိုရင် ဒီနေ့ပွဲဟာ အရှုံးခံလို့ အကောင်းဆုံးအခြေအနေပါ..၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားပေါ် လက်တစ်ဖက်ရောက်နေပြီလို့ ပြောနိုင်နေပြီ ဖြစ်တဲ့အတွက်ပါပဲ..။ ဒါပေမယ့် သေချာတာက သူတို့ဟာ အခုပွဲကလို အမှားမျိုးကို လာမယ့်ဗိုလ်လုပွဲမှာ ကျူးလွန်လို့ လုံးဝမရပါဘူး..။ ဗိုလ်လုပွဲဆိုတာ တစ်ပွဲတည်းယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက် အဲဒီပွဲမှာ အမှားအယွင်း ပြုလုပ်ခဲ့မယ်ဆိုရင် ပြန်လည်ပြင်ဆင်နိုင်မယ့် အခွင့်အရေးမရှိတော့ပါဘူး..။ ဒါ့ကြောင့်ဒီနေ့ပွဲရလဒ်ဟာ ကျွန်တော်တို့အသင်းအတွက် ဆေးခါးကြီးတစ်ခွက်ကို မြိုချလိုက်ရတာလို့ပဲ ပြောချင်ပါတယ်..။ သူတို့ဟာ အခုလိုသင်ခန်းစာတွေကို သင်ယူပြီး အကောင်းဆုံးရှေ့ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။