တနင်္လာနေ့ညက Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်တွင် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် တို့က သောမတ်စ် တူခယ်လ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်း၏ ပြောင်းလဲလာသော ခံစစ်ကစားပုံနှင့် နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များကို အောက်ပါအတိုင်း တင်ဆက် ဆွေးနွေးသွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - ပြီးခဲ့တဲ့စနေနေ့တုန်းက ချယ်လ်ဆီးအသင်းဟာ အက်တီဟတ် ကစားကွင်းမှာ မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရရှိခဲ့ပြီး သောမတ်စ် တူခယ်လ် ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်အသင်း မန်နေဂျာဘ၀ ရလဒ်ကောင်းတွေကို ဆက်လက်သယ်ဆောင်နိုင်ခဲ့ပါတယ်..။ တူခယ်လ် နဲ့ သူ့အသင်းသားတွေဟာ FA ဖလား၊ ချန်ပီယံလိဂ် ဖလား ဗိုလ်လုပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်သလို ဂျာမန်နည်းပြကြီးဟာ သူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) ပွဲအတွင်း သူ့ထက်ပိုပြီး ရမှတ် (points) ပိုများခဲ့တဲ့ အသင်းဆိုလို့ မန်ချက်စတာ စီးတီးအသင်းပဲ ရှိခဲ့ပါတယ်..။ အခုအောက်က ပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့ တူခယ်လ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေအရဆိုရင် သူတို့ဟာသွင်းဂိုးအများဆုံး (goak scored) အသင်းတွေစာရင်းမှာ အဆင့် (၇) နေရာမှာသာ ရှိခဲ့ပေမယ့် ပေးဂိုး (goal conceded) (၉) ဂိုးနဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်.။
ဒါ့အပြင် (၁၆) ပွဲမှာ ပေးဂိုးမရှိ (clean sheet) (၁၁) ပွဲ ရှိခဲ့ပြီး တစ်ပွဲချင်းပျမ်းမျှ အချက်အလက် (stats per game) တွေအရ တည်ကန်ဘောမပါပဲ ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်တဲ့နေရာမှာ (chances created in open play) မှာ တစ်ပွဲကိုပျမ်းမျှ (၁၀.၉) ကြိမ်နဲ့ ဂိုးသွင်းခွင့်အများဆုံး ဖန်တီးပေးနိုင်တဲ့ အသင်းဖြစ်နေပြီး ပြိုင်ဘက်အသင်းအတွက် ဂိုးရနိုင်ခြေ ခွင့်ပြုရမှု (xG against) အနည်းဆုံးအသင်းအဖြစ် ရပ်တည်လျှက် ရှိနေပါတယ်..။ ဒါ့ကြောင့်အဲဒီ xG against အချက်အလက်တွေ အရဆိုရင် ပြိုင်ဘက်အသင်းတွေဟာ ချယ်လ်ဆီးဘက်ကို ဂိုးကန်သွင်းခွင့် သိပ်ပြီးမဖန်တီးနိင်ဘူး ဆိုတဲ့သဘော သက်ရောက်နေပါတယ်.။ ဂျေမီ ရေ.. အဲဒီလိုအားရဖို့ ကောင်းလှတဲ့ အချက်အလက်တွေရဲ့ နောက်ကွယ်က ရေပက်မဝင် ခံစစ်ကြောင်းတစ်ခုရဲ့ အဓိကအချက်တွေကို ပြောပြနိုင်မလားဗျ..
ဂျေမီ ကာရေဂါ - ဟုတ်ပါတယ်..။ တူခယ်လ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အချက်အလက်တွေဟာ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ..။ သူတို့သာ အခုထက်ပိုပြီး ဂိုးသွင်းအဆုံးသတ် သေချာခဲ့မယ်..၊ အထူးသဖြင့် တီမို ဗာနာ ပေါ့ဗျာ.. သူသာအခုထက်ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုကောင်းမွန်ခဲ့မယ်..၊ ဒါမှမဟုတ် နောက်ထပ် တိုက်စစ်မှူးကောင်းတစ်ယောက် ထပ်ပြီးရှိခဲ့မယ်ဆိုရင် ထိပ်ဆုံးကအသင်းတွေကို ဒီထက်ပိုပြီး ခြိမ်းခြောက်နိုင်ခဲ့မှာပါ..။ သူတို့ဟာ နောက်နှစ် ဘောလုံးရာသီကျရင် ပိုပြီးကောင်းလာဦးမှာဗျ..။
ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အချက်အလက်တွေထဲမှာ အဓိကအကျဆုံး အချက်တစ်ခုဖြစ်တဲ့ clean sheet ပေါ့ဗျာ..၊ အဲဒီလို clean sheet တွေ အများကြီးရတယ်ဆိုရင် အသင်းမန်နေဂျာက ခံစစ်ကို အားပြုကစားလို့ ဆိုပြီး လွယ်လွယ်ကူကူ သုံးသပ်ကြပါတယ်.။ တကယ်တော့ ‘ခံစစ်ကို အားပြု ကစားတယ်.. (defensive)’ နဲ့ ‘ခံစစ်ကစားပုံ ကောင်းမွန်တယ် (defending well)’ ဆိုတဲ့ စကားရပ်နှစ်ခုဟာ မတူဘူးဗျ..။ တူခယ်လ် ဟာ ခံစစ်ကိုအားပြု ကစားတာ မဟုတ်ပါဘူး..၊ သူတို့အသင်းရဲ့ ခံစစ်ကစားပုံ တကယ်ကောင်းမွန်တာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းဟာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်တွေကို ဂိုးဧရိယာထိပ်မှာ စုပြုံပြီး ခံစစ်ဆင်နေတဲ့ အသင်းမဟုတ်ပါဘူး..။ အဲဒီအကြောင်းကို ပြီးခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲက သုံးသပ်ချက်တစ်ချို့နဲ့ တင်ဆက်ပေးပါမယ်..။
အခုပြထားတဲ့ အပေါ်ကပုံ (ပုံ- ၂) မှာဆိုရင် အဲဒီနေ့ပွဲက သူတို့နှစ်သင်းရဲ့ အခင်းအကျင်းကို တွေ့ရမှာပါ..။ မန်ချက်စတာ စီးတီးအသင်းဟာ ရှေ့တန်းမှာ ဆာဂျီယို အဂွဲရိုး နဲ့ ဂါဘရီယယ်လ် ဂျေဇူး၊ သူတို့နှစ်ယောက်ရဲ့နောက်မှာ ‘No.10’ နှစ်ယောက်နဲ့ ဘာကစားကွက်လို့တောင် အမည်တပ်ရမှန်း မသိဘူး..။ အဲဒီ တိုက်စစ်မှူးနှစ်ယောက်ကို ချယ်လ်ဆီးအသင်းက ‘back three’ ပုံစံနဲ့ ဗဟိုခံစစ်မှူး (၃) ယောက်နဲ့ (3 vs 2) ရင်ဆိုင်ထားပါတယ်။
ဒါပေမယ့် ထူးခြားချက်က အဲဒီ ‘back three’ မှာ ဘယ်၊ ညာဗဟိုခံစစ်မှူးနှစ်ယောက်ဟာ ရှေ့ကိုတက်ပြီး အတင်းလိုက်ဖျက်ထုတ်တဲ့ (aggressive defending) ကစားဟန်ကို ကျင့်သုံးခြင်းဖြစ်ပါတယ်..(ပုံ- ၃)။ ဒီလိုနည်းနဲ့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကြားက နေရာလွတ်တွေကနေ ထိုးဖောက်မရအောင် တားဆီးပါတယ်..။
ခုနကပုံ (ပုံ- ၃) ရဲ့ အဆက်ပေါ့ဗျာ..၊ Left center back နေရာက ကစားတဲ့ ရူဒီဂါ က ကွင်းလယ်ကို ဘောလုံးဆင်းယူတဲ့ ဖာရန် တောရက်စ် ရဲ့ နောက်ကို ထပ်ချပ်မကွာလိုက်ပြီး ဖိအားပေး ကစားပါတယ်..။ ကဲ.. အဲဒါဆို သူတို့အသင်းရဲ့ ခံစစ်အထိုင် ဘယ်လိုဖြစ်သွားပြီလဲ..? ကြည့်ပါဦး…၊ ၄- ၂- ၃- ၁ ပုံစံ ဖြစ်သွားပြီဗျ..(ပုံ- ၄)။ ကျွန်တော်တို့က တူခယ်လ် ကို ‘back three’ ဒါမှမဟုတ် ‘back five’ ပုံစံနဲ့ ကစားတယ်.. လို့သာ ပြောပြောနေတာ.. သူတို့အသင်းရဲ့ ဗဟိုခံစစ်မှူး သုံးယောက်ထဲက Left center back ဖြစ်တဲ့ ရူဒီဂါ၊ ဒါမှမဟုတ် ညာဘက်က Right center back အက်ဇ်ပီ.. တစ်ယောက်ယောက် ရှေ့တက်သွားရင် full backs နှစ်ယောက် (အလွန်ဆို နှင့် ရိစ် ဂျိမ်းစ်) က side backs တွေ ပြန်ဖြစ်သွားပြီး ‘back four’ ပုံစံပြောင်းသွားပါတယ်..။ အဲဒီလို ပြောင်းလွယ်၊ ပြင်လွယ် ပြုလုပ်နိုင်မှုဟာ တကယ့်ကို ထူးချွန် ပြောင်မြောက်တဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတစ်ခုပါပဲ..။
ချယ်လ်ဆီးအသင်းရဲ့ အတင်းလိုက် ဖိအားပေးတဲ့ aggressive press ကစားပုံကို အခုအောက်ကပုံ (ပုံ- ၅) နဲ့ ဆက်လက်ပြသထားပါတယ်..။ အဲဒီပုံမှာဆိုရင် ဂိုးလွန်ဘောကနေတဆင့် အီဒါဆန် က ညာတောင်ပံက ရူဘင် ဒီယက်စ် ဆီ ဘောလုံးပေးပါတယ်..။ အဲဒီမှာ ချယ်လ်ဆီးအသင်းက တစ်သင်းလုံးလုံးလိုလို ပြိုင်ဘက်ကွင်းထိတက်ပြီး အတင်းလိုက်ဖိအားပေး (aggressive press) ကစားခဲ့တာ တွေ့ရမှာပါ..။ အဲဒီပုံမှာဆိုရင် ထိပ်ဆုံးနံပါတ်တစ်အဝိုင်းက wing back နေရာက မားကို့စ် အလွန်ဆို၊ သူ့ရဲ့နောက် နံပါတ်နှစ် အဝိုင်းမှာ Left center back ရူဒီဂါ၊ သူ့ရဲ့နောက်က တတိယအဝိုင်းက Right center back အက်ဇ်ပီလီကွဲတား.. သူကနောက်ကို ဘောလုံးဆင်းယူတဲ့ အဂွဲရိုး နောက်ကို တောက်လျှောက်ကပ်လိုက်လာတယ်..၊ နောက်ဆုံးမှာ ဗဟိုခံစစ်မှူး ခရစ်စ်တီယန်ဆန်..။ အဲဒီလို ပြိုင်ဘက်ကွင်းဘက်ထဲကို တစ်ခြမ်းစောင်းကြီး တစ်သင်းလုံးတက် ကစားတဲ့ပုံစံဟာ တကယ့်ကို ကြောက်စရာကြီးဗျ..။
ကျွန်တော်တို့ခေတ်တုန်းက အတွေးအခေါ်တွေနဲ့ဆိုရင် အတော်လေးကို အဆင်မပြေတဲ့ အခင်းအကျင်းနဲ့ ကစားဟန်လို့ ပြောကြမှာ အသေအချာပဲဗျ..။ ဒါပေမယ့် အခုခေတ် ဘောလုံးလောကမှာ ခေတ်ပေါ်နည်းပြတိုင်းဟာ အဲဒီလိုတိုက်စ် ကစားသမားတိုင်း တစ်ဦးချင်းကပ်ပြီး (1 vs 1) အတင်းလိုက်ဖိအားပေးတဲ့ (aggressive defending) ပုံစံကို ကျင့်သုံးနေကြပါတယ်..။ ဒါဟာခံစစ်အားပြုပြီး ပိတ်ဆို့ကစားတာ မဟုတ်ပါဘူး..။ ခံစစ်ကစားပုံ ကောင်းမွန်တာ ဖြစ်ပါတယ်..။
အခုအောက်ကပုံ (ပုံ- ၆) မှာဆိုရင် ချယ်လ်ဆီးအသင်း ချေပဂိုးရသွားတဲ့ (၆၃) မိနစ်က အခင်းအကျင်းကို ပြထားပါတယ်..။ မန် စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီ က ကွင်းလယ်အထိ ဘောလုံးနဲ့အတူ ဆွဲတက်လာတယ်..။ သောမတ်စ် တူခယ်လ် က သူ့ရဲ့ခံစစ်ကြောင်းကို ကွင်းလယ်ထိတက်ပြီး high line ကစားထားတယ်..၊ အဲဒီမှာ Right center back ဖြစ်တဲ့ အက်ဇ်ပီလီကွဲတား ဟာ သူ့ရဲ့နောက်မှာ တိုက်စစ်မှူးတစ်ယောက် ပြေးထွက်သွားနိုင်တဲ့ အနေအထားကို လုံးဝဂရုမစိုက်ပဲ သူ့ရဲ့ရှေ့က ရာဟင်း စတာလင်း ဆီကိုပဲ ရှေ့တက်ပြီး လိုက်ကပ်ထားတာ တွေ့ရမှာပါ..။
ဒါ့ကြောင့်ရိုဒရီ က ဘောလုံးပေးပို့ အခွင့်မသာတဲ့အချိန် နောက်ပြန်ဆွဲထွက်သွားရာမှာ အက်ဇ်ပီ က သူကပ်ရမယ့် စတာလင်း ကိုပါ ချန်ထားခဲ့ပြီး ညာဘက်နောက်ကနေ ဘောလုံးကိုအရယူ..၊ တိုက်စစ်အထိ တောက်လျှောက် လိုက်ပါသွားခဲ့ပါတယ်.။ အဲဒီချေပဂိုးဟာလည်း သောမတ်စ် တူခယ်လ် ကျင့်သုံးတဲ့ aggressive defending နဲ့ ကစားသမား တစ်ယောက်ချင်း အတင်းလိုက် ဖိအားပေး (aggressive pressing) ကစားပုံကြောင့် ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်..။
အခုအောက်က ပူးတွဲပုံ (ပုံ- ၇) ကတော့ ချယ်လ်ဆီးအသင်းရဲ့ အနိုင်ဂိုးစတင်လာတဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ညာတောင်ပံကနေ ဘောလုံးနဲ့ဆွဲမထွက်လာခင်ပေါ့ဗျာ..။ အဲဒီဂိုးပေးလိုက်ရတဲ့အပေါ် ပက်ပ် ဂွာဒီယိုးလား ဟာ နေသန် အက်ကီ ကို အပြစ်တင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာခုနက ကျွန်တော်ပြောခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဗဟိုနောက်ခံလူတွေလို aggressive defending မလုပ်ခဲ့ပါဘူး..။ တကယ်တော့ အဲဒီလို aggressive defending ကစားပုံကို မန် စီးတီးအသင်းက ရူဘင် ဒီးယက်စ် နဲ့ ဂျွန် စတုံး တို့နှစ်ယောက်လုံး ကစားနေခဲ့တာပဲဗျ..။ ရိစ် ဂျိမ်းစ် က နေရာယူထားတဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဆီ ဘောလုံးပေးလိုက်တဲ့အချိန်မှာ နေသန် အက်ကီ ဟာ အခုဝိုင်းပြထားတဲ့ နေရာအထိတက်ပြီး အိုဒွိုင်း ကို ဘောလုံးနဲ့အတူ လှည့်မထွက်နိုင်အောင် အတင်းလိုက် ဖိအားပေးနိုင်ရမှာ ဖြစ်ပါတယ်.။
အိုဒွိုင်း က ဘောလုံးနဲ့အတူ ဆွဲထွက်လာခဲ့တဲ့ အချိန်မှာတောင် အက်ကီ က မရရအောင် အတင်းလိုက် ဖျက်ထုတ်ခဲ့တာမရှိပဲ နောက်ပြန်ပြေးဆင်းသွားပါတယ်..။ ပြီးတော့ ဂိုးဧရိယာထဲကို ပြေးဝင်လာနိုင်မယ့် အိုဒွိုင်း ကို လူကပ်ကစားဖို့ မကြိုးစားခဲ့ပါဘူး..။ အခုလိုဗဟိုနောက်ခံလူတွေကို aggressive defending နဲ့ aggressive pressing ကစားတဲ့ပုံစံကို ဂျာဂင် ကလော့ပ်၊ ပက်ပ် ဂွာဒီယိုးလား နဲ့ သောမတ်စ် တူခယ်လ် တို့ အကုန်လုံးသုံးစွဲကြတာပဲဗျ..။ ဒါ့ကြောင့်အခုခေတ်မှာ နောက်ခံလူနေရာက ကစားမယ်ဆိုရင် ကျွန်တော်တို့တုန်းကလို နောက်ကနေစောင့်ပြီး ကိုယ့်ရှေ့ကို ရောက်လာတဲ့ဘောလုံးတွေ ဖျက်ထုတ်မယ်.. ဆိုတဲ့စိတ်မျိုုးထားလို့ မရတော့ပါဘူး..။ အခုခေတ်မှာ ဗဟိုနောက်ခံလူတွေဟာ တိုက်စစ်မှူးတွေကို တစ်ယောက်ချင်း (1 vs 1) အပီအပြင် ဖျက်ထုတ်နိုင်ရမှာ ဖြစ်သလို ရှေ့ကိုတက်ပြီး အတင်းလိုက် ဖိအားပေးနိုင်ရမယ်..၊ အခြေအနေပေးလာရင် တိုက်စစ်အထိ တောက်လျှောက်လိုက်ပါနိုင်ရပါမယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ…။ ကဲ.. ဂယ်ရီ ရေ… တူခယ်လ် ရဲ့ ခံစစ်အထိုင် အခင်းအကျင်းနဲ့ ခံစစ်ကစားဟန်အပေါ် ခင်ဗျားရဲ့အမြင်၊ သုံးသပ်ချက်လေး ပြောပြပါလား..
ဂယ်ရီ နဗီးလ် - အခုနောက်ပိုင်း နှစ်တွေမှာ aggressive defending နဲ့ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းတဲ့အချိန် (transition) တွေမှာ ခံစစ်ကစားသမားတွေ တောက်လျှောက်လိုက်ပါသွားခဲ့တဲ့ ကစားဟန်ကို စပြီးမြင်လာခဲ့ရပါတယ်..။ ကျွန်တော်တို့ခေတ်တုန်းက တစ်ချို့ကစားသမားတွေ.. ဥပမာ- ချယ်လ်ဆီးက ဂျွန် တယ်ရီ၊ ဒေးဗစ် လူးဝစ်ဇ် တို့ အဲဒီလို aggressive defending နဲ့ ကစားကြပါတယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းက အင်္ဂလိပ်ဘောလုံးလောကမှာ ဇုန်ခံစစ် (zonal defending) ကို အဓိကထား ကစားတာကြောင့် အခုလိုခံစစ်ကြောင်းတစ်ခုလုံး ရှေ့ကိုတက်ပြီး ကစားတာမျိုးထိ မရှိခဲ့ပါဘူး..။
စပိန်လာလီဂါက ဗလင်စီယာအသင်းကို ကျွန်တော်ကိုင်တွယ်စဉ်က ဇုန်ခံစစ်နဲ့ ကာကွယ်ဖို့ ပြင်ဆင်ခဲ့ပါတယ်..။ ဇုန်ခံစစ်ကြောင်းနဲ့ ကာကွယ်ရာမှာ ကစားသမား တစ်ယောက်ချင်းရဲ့ နေရာယူမှုဟာ အရေးကြီးပါတယ်..။ ဒါပေမယ့် တစ်ချို့ကစားသမားတွေဟာ ရှေ့ကိုပဲ အတင်းလိုက်ပြီး ဖျက်ထုတ်တယ်..၊ တိုက်စစ်ကိုလိုက်ပါချင်တာကြောင့် သူတို့ကိုဘယ်လို ကိုင်တွယ်ရမှန်း ကျွန်တော်မသိခဲ့ပါဘူး…။ လွန်ခဲ့တဲ့လတွေက ပြုလုပ်ခဲ့တဲ့ စကားဝိုင်းတစ်ခုမှာ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ မန် စီးတီး နဲ့ ချယ်လ်ဆီးအသင်းတွေရဲ့ aggressive defending ကစားပုံအကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြဖူးပါတယ်..။ သူတို့ထဲမှာ မန် ယူနိုက်တက်အသင်းရဲ့ ခံစစ်ကြောင်းကတော့ ကျန်တဲ့အသင်းတွေလောက် ရှေ့တက်ပြီး aggressive မကစားပါဘူး..။ သူတို့က တိုက်စစ်မှူးထက် ငါးကိုက်လောက် နောက်ခွာပြီးနေရာယူလေ့ ရှိပါတယ်..။
ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အချိန်တိုအတွင်းမှာ တူခယ်လ် ဘယ်လိုများ ပြောင်းလဲခဲ့လဲ..? ကျွန်တော်မပြောတတ်ဘူးဗျ..။ သူရောက်လာတဲ့ လေးလ၊ ငါးလအတွင်း အင်္ဂါ၊ ဗုဒ္ခဟူူးနေ့တိုင်း၊ စနေနေ့တိုင်းလိုလို သုံးရက်တစ်ပွဲနှုန်း ကန်နေရတာဆိုတော့ တစ်ပွဲပြီးတိုင်း ပြန်အားမွေးတဲ့ (recoveries) ကဏ္ဍကိုပဲ အားစိုက်နေရတာကကြောင့် တခြားနည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို ကောင်းကောင်းဇာတ်တိုက်၊ လေ့ကျင့်ဖို့ အချိန်ရမှာ မဟုတ်ပါဘူး..။ ဒါကြောင့်သူဘယ်လိုများ လေ့ကျင့်ခဲ့လဲ..? စဉ်းစားနေတာပါ..။
အခုလိုအချိန်တိုအတွင်း သူလိုချင်တဲ့ကစားကွက်ကို သွတ်သွင်းနိုင်တဲ့ နည်းပြရဲ့အရည်အချင်းကို ချီးကျူးရသလို နည်းပြညွန်ကြားသမျှ လျှင်လျှင်မြန်မြန် လိုက်နာနိုင်ခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးရမှာပဲဗျ..။ တကယ်တော့ ချယ်လ်ဆီးအသင်းက ဗဟိုနောက်ခံလူတွေဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ၊ အင်းဒရီယက်စ် ခရစ်စ်တီယန်ဆန်၊ ဆီဇာ အက်ဇ်ပီလီကွဲတား တို့သုံးယောက်နဲ့ သီယာဂို ဆေးလ်ဗား.. သူဟာတကယ့် ကမ္ဘာ့အဆင့် ထိပ်တန်းနောက်ခံလူတစ်ယောက် ဖြစ်ခဲ့ပေမယ့် အရွယ်လွန်သွားပြီ.. တို့ိလို ကစားသမားတွေနဲ့ (၁၆) ပွဲမှာ clean sheets (၁၁) ပွဲ ရခဲ့တယ်ဆိုတာ မဖြစ်နိုင်တဲ့ စွမ်းဆောင်မှုတစ်ခုလို့တောင် ပြောလို့ရပါတယ်..။
ဒါ့ကြောင့် မန်နေဂျာ တူခယ်လ် နဲ့ သူ့ရဲ့နည်းပြစွမ်းရည်၊ အရည်အချင်းဟာ တကယ့်ကို ချီးကျူးဖို့ကောင်းပါတယ်..။