စနေနေ့ညက ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့မှ Estadio do Dragao ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မန်ချက်စတာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ၂၀၂၁ ခုနှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ် ဖလား၊ ဗိုလ်လုပွဲအပေါ် အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန်၊ ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း ဂျိုလီယန် လက်စ်ကော့ တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂယ်ရီ လိုင်နီကာ - အခုအောက်မှာ ဒိုင်လူကြီးရဲ့ ပွဲပြီးခရာမှုတ်လိုက်ချိန် ဂျိုး ကိုးလ် ရဲ့ ခုန်ပေါက်မြူးထူး အောင်ပွဲခံခဲ့တဲ့ပုံကို ခင်ဗျားတို့တွေ့ရမှာပါ..။ ဂျိုး ရေ.. ဘယ်လိုလဲ..? အခုထိ ခြေတွေတုန်၊ လက်တွေတုန် ဖြစ်နေတုန်းပဲလားဗျ… ဟားဟား..။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်း၊ ကြည်နူးဖို့လည်း အရမ်းကောင်းလှတဲ့ အခိုက်အတန့်ပါပဲဗျာ..။ ဘောလုံးကစားနည်းဆိုတာ ဒါပဲလေ..၊ ကိုယ့်အသင်းရဲ့ အမြင့်မားဆုံး အောင်မြင်မှုအပေါ် အစွမ်းကုန်ပေါက်ကွဲ၊ အောင်ပွဲခံသင့်တာပေါ့..၊ မဟုတ်ဘူးလားဗျ..။
ဂျိုး ကိုးလ် - ဟားဟား.. သေချာတာပေါ့ဗျာ..။ ကျွန်တော်လည်း အရမ်းပျော်လွန်းလို့ မထိုင်နိုင်၊ မထနိုင်ဖြစ်နေရကနေ နောက်ဆုံးလုံးဝကို လွတ်ထွက်သွားတာပဲဗျာ.. ဟားဟား..၊ ဂယ်ရီ ရေ.. တော်ပါပြီ..၊ လုံလောက်ပါပြီဗျာ..၊ ရှက်စရာကြီးဗျနော်.. ဟားဟား..။
ရီယို ဖာဒီနန် - ဟေး.. ဂျိုလီယန် ရေ.. ငြိမ်လှချည်လားဗျ..၊ တစ်ခုခုပြောပါဦး..
ဂျိုလီယန် လက်စ်ကော့ - အား… ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ် ဖလားကို ကြိုးစားနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့ဗျာ..၊ ဒီတစ်ကြိမ်လည်း နောက်ဆုံးပန်းဝင်တဲ့အချိန်ကျမှ လွဲခဲ့ရပြန်တာပေါ့..။ ကျွန်တော်တို့အသင်းဟာ ပြည်တွင်းမှာတော့ ဆုဖလားစုံရရှိပြီး လွှမ်းမိုးထားနိုင်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ.။ အခုချန်ပီယံလိဂ် ဖလားဟာ ကျွန်တော်တို့အသင်းကို ဥရောပအဆင့် အောင်မြင်မှုအတွက် သက်သေပြနိုင်မယ့်၊ ဂုဏ်ရှိန်ဝင့်ထယ် ကြီးမားစေမယ့် ဆုဖလား ဖြစ်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - ဒီနေ့ပွဲမှာ ပက်ပ် ဂွာဒီယိုလာ ရဲ့ ပုံမှန်ကစားနေကျ မဟုတ်ပဲ အဆန်းထွင်ခဲ့တဲ့ (overthinking) ထူးထူးခြားခြား နည်းစနစ် အပြောင်းအလဲက အရေးပါခဲ့တဲ့ အချက်တစ်ချက်အနေနဲ့ ပါဝင်နိုင်မလားဗျ..?
ရီယို ဖာဒီနန် - သေချာတာပေါ့ဗျာ..။ ဒီနေ့ပွဲမှာ ပက်ပ် ဟာ အခုနှစ်ဘောလုံးတစ်ရာသီလုံးမှာ ကစားခဲ့တဲ့ ပုံစံနဲ့ လုံးဝကွဲထွက်ခဲ့တဲ့ အခင်းအကျင်းနဲ့ ပွဲကိုချဉ်းကပ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အရင်ပွဲတွေမှာ သူဟာကွင်းလယ်အဖျက် ကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊ ဖာနန်ဒင်ဟို တစ်ယောက်ယောက်ကို ပွဲတိုင်းလိုလို ထည့်သွင်းခဲ့ပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ သူတို့နှစ်ယောက်စလုံး ပါမလာခဲ့ပဲ သူ့ရဲ့ကွင်းလယ် အခင်းအကျင်းကို ပြောင်းလဲခဲ့ပါတယ်..။ သူ့ရဲ့ခေါင်းထဲမှာ တစ်ခုခုတော့ မှန်းဆထားပုံ ရပါတယ်..၊ ဒါမှမဟုတ် ဒီတစ်ပါတ် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်ခဲ့လား.. မပြောတတ်ဘူးပေါ့ဗျာ..။ ဒါ့ကြောင့်လည်း သူ့ရဲ့ပွဲထွက်လူစာရင်းကို ယုံယုံကြည်ကြည်နဲ့ ပွဲထုတ်ခဲ့တာပါ..။
တကယ်တော့ ပက်ပ် ဟာ တစ်ပွဲနဲ့တစ်ပွဲ ပွဲကိုချဉ်းကပ်ပုံ မတူညီတတ်သလို နည်းစနစ် အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်တဲ့ နည်းပြတစ်ဦး ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပါတယ်..။ သူလည်းချယ်လ်ဆီးအသင်းရဲ့ အားနည်းချက်တစ်ချို့ကို မြင်ထားမိလို့ အခုလိုအပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် သောမတ်စ် တူခယ်လ် ဟာ မန် စီးတီးအသင်းဘက်က လုံးဝမခြိမ်းခြောက်နိုင်အောင်ကို ပိတ်ဆို့၊ ကစားနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ဒီနေ့ပွဲမှာ သူပွဲထုတ်ခဲ့တဲ့ မာရက်ဇ်၊ စတာလင် ဆိုတဲ့ တောင်ပံကစားသမား အတွဲအစပ်ကလည်း ဒီနှစ်ရာသီမှာ ပထမဆုံး အတွဲအစပ်ပဲဗျ..။ အဲဒါကလည်း သူ့ရဲ့နည်းစနစ်ပိုင်း အမှားအယွင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - အင်းဗျ..၊ ဒီနေ့ပွဲမှာတော့ ပက်ပ် ဂွာဒီယိုလာ ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ၊ စွန့်စားမှုဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရမှာပေါ့..။ ကဲ.. ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြစ်တဲ့ ကိုင် ဟားဗာ့ဇ် ရဲ့ သွင်းဂိုးကို ပြန်ပြိးသုံးသပ်ကြည့်ရအောင်ဗျာ..
ဂျိုး ကိုးလ် - ဒီသွင်းဂိုးမှာ ကိုင် ဟားဗာ့ဇ် ရဲ့ ပြေးလမ်းထဲကို ကွင်းလယ်ဘယ်ခြမ်းကနေ ချပေးလိုက်တဲ့ မေဆန် မောင့် ရဲ့ ပေးပို့မှုက တကယ့်ကို လိပ်စာအတိအကျနဲ့ delivery ပို့လိုက်သလိုပါပဲ..။ ကိုင် က ပြေးထွက်လာတဲ့ ဂိုးသမား အီဒါဆန် ကို အသာလေးကျော်ဖြတ်ပြီး သွင်းယူလိုက်ရုံပဲဗျ..။ အဲဒီနေရာမှာ သူ့ကိုလူကပ်ထားရမယ့် ဇီချန်ကို ရဲ့ နေရာယူမှု မှားယွင်းခဲ့သလို ပြေးထွက်တဲ့ နေရာမှာလည်း နောက်ကျခဲ့ပါတယ်..။
ဂျိုလီယန် လက်စ်ကော့ - အီဒါဆန် ကလည်း ဖျက်ထုတ်နိုင်ဖို့ မသေချာပဲနဲ့ ဂိုးဧရိယာအပြင်ဘက်ကို ရမ်းပြီးမထွက်ရဲဘူးလေဗျာ..၊ ဒါတောင်သူ့ရဲ့လက်နဲ့ ထိခဲ့ပါသေးတယ်..၊ ကံကောင်းတာလည်း ပါတာပေါ့ဗျာ..။ ဒါပေမယ့် ဂျိုး ပြောသလိုပါပဲ..၊ မေဆန် မောင့် ရဲ့ အကွက်မြင်မှုနဲ့ ဘောလုံးအရှိန် အတိအကျ ပေးပို့နိုင်ခဲ့မှုက အဓိကကျခဲ့ပါတယ်..။ တကယ်တော့ ဇီချန်ကို ဟာ မေဆန် မောင့် ဘောလုံးပေးမယ့်အချိန် အန္တရာယ်ရှိနိုင်တာကို ကြိုမြင်ပြီး ဟာဗာ့ဇ် ရဲ့ အတွင်းဘက်မှာ ရှိနေသင့်ပါတယ်..(ပုံ- ၁)။
ရီယို ဖာဒီနန် - ဒီပွဲရဲ့အဆုံးအဖြတ် အနိုင်ဂိုးမှာ ကျွန်တော်သဘောအကျဆုံးက သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ မေဆန် မောင့်..၊ တကယ့်ပွဲကြီးပွဲကောင်းမှာ အရေးပါတဲံ့၊ ကြီးကျယ်ခမ်းနားတဲ့ အဆုံးအဖြတ်၊ အခိုက်အတန့်ကို သူကဖန်တီးပေးခဲ့တာပါ..၊ နောက်ပြီးအဆုံးသတ် ဂိုးသွင်းပေးတဲ့ ဟာဗာ့ဇ် ပေါ့..၊ သူကလည်း ဒီနှစ်တစ်ရာသီလုံး ရုန်းကန်နေခဲ့ရပါတယ်..။ သူကလည်း ဝေဖန်မှုတွေကို ကြံ့ကြံ့ခံ၊ ရင်ဆိုင်ပြီး တကယ့်အရေးအပါဆုံးအချိန်မှာ အဆုံးအဖြတ် အနိုင်ဂိုးကို အရယူပေးခဲ့ပါတယ်.။ အခုလိုလူငယ်လေးတွေဟာ အရေးပါတဲ့ အဆုံးအဖြတ်၊ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်တယ်..၊ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေဖြစ်တယ် ဆိုတာ သက်သေပြနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်..။ ဒါဟာနောက်လာမယ့်နှစ်ကျရင် သူတို့တွေဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်မယ့်သူတွေ ဖြစ်လာကြလိမ့်မယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်..။ တကယ့်ကို စိတ်လှုုပ်ရှားဖို့ကောင်းလှတဲ့ လူငယ်လေးတွေရဲ့ ကြီးကျယ်ခမ်းနားမယ့် အနာဂတ်တစ်ခု ကျွန်တော်တို့ မြင်တွေ့ကြရဦးမှာပါ..။
ဂယ်ရီ လိုင်နီကာ - တကယ်တော့ သူတို့နှစ်ယောက်အပြင် ချယ်လ်ဆီးအသင်းက ဒီနေ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားဆိုလို့ ဘယ်သူမှမမြင်မိပါဘူး..။ ဒါ့ကြောင့်လည်း ဂိုးသမား မန်ဒီ ဟာ တစ်ပွဲလုံးခက်ခက်ခဲခဲ မဖမ်းလိုက်ရသလိုပဲဗျ..။
ဂျိုး ကိုးလ် - နာကျင်အချိန်ပို ပြည့်ခါနီးမှာ ဂိုးဘားတန်းပေါ်ကပ်ပြီး ကျော်သွားတဲ့ မားရက်ဇ် ရဲ့ ကန်ချက်တစ်ကြိမ်တော့ ရင်ခုန်လိုက်ရပါတယ်ဗျ..။ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းနဲ့ ပတ်သက်ပြီး ပထမပိုင်းပြီးတဲ့ အချိန်တုန်းကလည်း ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်။ သူတို့တွေရဲ့ တိုက်စစ်နဲ့ ခံစစ်ကြောင်းကြားက နေရာယူမှုဟာ အရမ်းကိုကျစ်လျစ်ပြီး မန်ချက်စတာ စီးတီးအသင်း ကစားသမားတွေအတွက် နေရာလွတ် လုံးဝမရသလောက်ပါပဲ..။ ဒါ့ကြောင့် မန် စီးတီးအသင်းဟာ သူတို့ရဲ့ တိုက်စစ်ဇုန်၊ ချယ်လ်ဆီးအသင်းရဲ့ ဂိုးဧရိယာထိပ်တွေမှာ ဘာမှဖန်တီးလို့မရ ဖြစ်ခဲ့ပါတယ်..။ နောက်ဆုံးပွဲပြီးခါနီး ရောက်လာလေလေ.. သူတို့ဟာ အကြံကုန်သွားပြီး ဂိုးဧရိယာထဲကို အမြင့်ဘောတွေနဲ့ ဖြတ်တင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်..။ မန် စီးတီးအသင်းက ဂိုးဧရိယာထဲကို အမြင့်ဘောတွေ ရိုက်တင်ပြီးခေါင်းတိုက် ဂိုးသွင်းဖို့ကြိုးစားတာမျိုးကို အရင်တုန်းက ခင်ဗျားတို့မြင်ခဲ့ဖူးလို့လားဗျာ.။ တကယ့်ကို မာကျော၊ ကျစ်လျစ်လှတဲ့ ခံစစ်ကစားပုံပါပဲ..။
ရီယို ဖာဒီနန် - ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ မေဆန် မောင့် ကို အရမ်းသဘောကျမိပါတယ်..။ သူဟာအကောင်းဆုံးကို အမြဲတမ်းရည်မှန်းထားတဲ့ တကယ့်ဘောလုံးသမားစစ်စစ်ဗျ..၊ ဘောလုံးသုံးသပ်သူ တော်တော်များများဟာ အရင်တုန်းက အတော်လး ဝေဖန်ကြပါတယ်..။ အခုအချိန်မှာ သူတို့အဲဒီလို ပြောကြတော့မှာ မဟုတ်ပေမယ့် အဲဒီအချိန်ကတည်းက ဘာဖြစ်လို့သူ့ကို အဲဒီလိုဝေဖန်ကြမှန်း ကျွန်တော်မသိပါဘူး..။ သူဟာ မလျော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှု အပြည့်ရှိမယ်ဆိုရင် အောင်မြင်မှု မလွဲမသေ ရရှိလိမ့်မယ်ဆိုတာ သက်သေပြလိုက်တာ ဖြစ်သလို ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီအတွက် တကယ့်ကို မီးရှူးတန်ဆောင် တစ်ခုအဖြစ် လမ်းပြပေးလိုက်တယ်လို့ ပြောရမှာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ အရည်အသွေး ကောင်းမွန်တဲ့ လူငယ်တွေကို မှန်မှန်ကန်ကန် အသုံးမချခဲ့လို့ဆိုပြီး ခင်ဗျားတို့ ချယ်လ်ဆီးအသင်းကို အရင်တုန်းက ဝေဖန်ခဲ့ကြတာကိုးဗျ.. ဟုတ်တယ်မလား.. ဂျိုး..
ဂျိုး ကိုးလ် - ဒီနေ့ပွဲရဲ့ အဆုံးအဖြတ် ဖြစ်စေခဲ့တဲ့ သူ့ရဲ့ပေးပို့မှုအကြောင်း ကျွန်တော်တို့ ဆွေးနွေးကြပြီး ဖြစ်သလို မေဆန် ဟာ ဘောလုံးအထိန်းအသိမ်း၊ အလိမ်အလှည့်၊ ဘောလုံးပညာ ကောင်းမွန်တဲ့သူ တစ်ယောက်ပါ..။ ဒါပေမယ့် သူ့ရဲ့ on the ball ဘောလုံးစွမ်းရည်ထက်စာရင် ကျွန်တော်အဓိက ရည်ညွန်းချင်တာ သူ့ရဲ့ off the ball ကြိုးစားအားထုတ်မှုနဲ့ လုပ်အားနှုန်းပဲဗျ..။ ပထမပိုင်းမှာဆိုရင် မန်ချက်စတာ စီးတီးအသင်းဟာ ဘောလုံးကိုင်ထားရင် တစ်ကြိမ်မှာ ကျွန်တော်တို့အသင်း ခံစစ်ကြောင်းကို ထိုးဖောက်နိုင်တော့မလို ဖြစ်ခဲ့ပါတယ်..။ အဲဒီအချိန်မှာ မေဆန် က ထိပ်ကနေ ကိုက် (၈၀) လောက် အမြန်ပြေးဆင်းပြီး ဘောလုံးကို မရမက အတင်းလိုက် ဖျက်ထုတ်နိုင်ခဲ့ပါတယ်..။ သူတို့ရဲ့အဲဒီလို ကြိုးစားအားထုတ်မှုနဲ့ မခိုမကပ်တဲ့ ဇွဲလုံ့လတွေဟာ သူတို့လို အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားတွေနဲ့ တခြားကစားသမားတွေရဲ့ကြားက ကွာခြားချက် ဖြစ်နိုင်ပါတယ်..။ သူဟာဘောလုံးပညာ ကောင်းမွန်သလို လုပ်အားနှုန်း၊ ကြိုးစားအားထုတ်မှု၊ စိတ်ဓါတ်ခိုင်မာ ကောင်းမွန်မှုတွေနဲ့ ပြည့်စုံတဲ့ ကစားသမား တစ်ယောက်ပါပဲဗျာ..။
ဂျိုလီယန် လက်စ်ကော့ - ခင်ဗျားတို့ပြောသလိုပါပဲ..၊ သူဟာကွင်းထဲကို ရောက်တာနဲ့ အင်ပြည့်အားပြည့် မခိုမကပ် တစ်ကွင်းလုံးလိုက်ပါ ကစားတတ်သလို ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာလည်း မိသားစုဝင်တွေရဲ့ အားပေးကူညီမှု၊ ပံ့ပိုးမှုတွေဟာ ဘယ်လောက်တောင် အရေးပါတဲ့အကြောင်း တခုတ်တရ ထည့်ပြောခဲ့ပါသေးတယ်..။ အထူးသဖြင့် သူတို့လေးတွေရဲ့ ဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းကြောင်း တစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် တစ်ပါတ်ကို လေးရက်၊ ငါးရက်လောက်လာပြီး အကယ်ဒမီမှာ လေ့ကျင့်ခဲ့ရတဲ့ လူငယ်ကစားသမားလေး ဘဝကနေ အခုလိုချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ ကျော်ဖြတ်ခဲ့တဲ့ အချိန်တွေ၊ အရင်းအနှီးတွေဟာ တကယ့်ကို ကျေနပ်အားရစရာပါပဲ..။
အခုဆိုရင် ကျွန်တော်တို့ရှေ့ ကွင်းထဲက မြက်ခင်းစိမ်းပေါ်မှာ ကျေကျေနပ်နပ်ကြီး ပျော်ရွှင်နေကြတဲ့ သူရယ်..၊ ရိစ် ဂျိမ်းစ် နဲ့ ဘင် ချီးဝဲလ် တို့ကို ကြည့်နေရင်း ကျွန်တော်လည်း သူတို့အပျော်တွေ ကူးစက်ရင်း ပီတိတွေ တစိမ့်စိမ့် ဖြစ်ရပါတယ်..။ ကျွန်တော်ဆိုရင် ဘဝတစ်လျှောက်လုံး အဲဒီလိုအမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ကစားခွင့်ရခဲ့ဖို့ အိပ်မက်ခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ဘူးပေါ့ဗျာ..။ ဒါ့ကြောင့်ကိုယ့်ကိုယ် အရမ်းကြီး ကျေနပ်အားရခဲ့လား.. လို့ ဆန်းစစ်မိလိုက်ရင် ပြည့်စုံလုံလောက်ခဲ့တယ်လို့တော့ မထင်မိခဲ့သလိုပါပဲ..။
ဂယ်ရီ လိုင်နီကာ - အေးဗျာ.. သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ခြေပစ်လက်ပစ် အနားယူ၊ အောင်ပွဲခံနေကြတာ ကြည်နူးစရာပါပဲ..။ ဒါပေမယ့် မကြာခင်မှာ ကာဖြူးချိန် (ကိုဗစ်ရောဂါကြောင့် ညမထွက်ရအမိန့်) ရောက်တော့မှာ ကောင်လေးတွေလည်း အမြန်ရွေ့ရလိမ့်မယ်.. ဟားဟား..။ ကဲ.. နောက်တစ်ယောက်ကတော့ မပြောမဖြစ် ‘အန်ဂိုလို ကန်တေး’ ပေါ့ဗျာ.။ ‘ကမ္ဘာမြေကြီးရဲ့ (၇၀%) ရာခိုင်နုန်းကို အန်ဂိုလို ကန်တေး က စိုးမိုးထားပါတယ်..’ ဆိုတဲ့ သူနဲ့ပတ်သက်ပြီး အမြဲတမ်းပြောနေတဲ့ ဆိုရိုးတောင် ရှိတယ်မဟုတ်လားဗျ..
ဂျိုလီယန် လက်စ်ကော့ - ကျွန်တော်ဗီလာအသင်းမှာ ရှိနေတုန်းကလည်း သူနဲ့ဆုံဖူးပါတယ်..။ အဲဒီအချိန်က သူကလက်စ်တာ မှာပဲ ရှိသေးတယ်..။ ကျွန်တော်တို့ ၂- ၀ နဲ့ ဦးဆောင်နေတဲ့အချိန် သူဝင်လာပြီးတာနဲ့ ပွဲဟာလုံးဝပြောင်းလဲသွားပြီး နောက်ဆုံးမှာ လက်စတာက ၃- ၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်..။ သူဟာပွဲကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်..။ သူ့ရဲ့နေရာမှာ ကစားခဲ့ဖူးတဲ့ မက်ခလီလီ ရှိတယ်..၊ ရာမီးရက်စ် ရှိတယ်..၊ ဒါပေမယ့် ကန်တေး ကတော့ တကယ့်ကို သူမတူအောင် ထူးချွန်တဲ့ ကစားသမားလို့ ပြောရမှာပါ..။
ဂျိုး ကိုးလ် - ကျွန်တော်က မက်ခလီလီ နဲ့ အတူတွဲပြီး နှစ်တွေအများကြီး ကစားခဲ့ပါတယ်..။ ကွင်းလယ်အဖျက် နေရာမှာ မက်ခလီလီ က အကောင်းဆုံးလို့ ကန်တေး ကို မမြင်ခင်အချိန်ထိ ထင်ခဲ့တာပဲဗျ..။ သူဟာ ‘မက်ခလီလီ’ ကို နောက်ထပ်အပိုဆောင်း စွမ်းရည်တွေ အားဖြည့်ထားတဲ့ ကစားသမားလို့ ပြောရမှာပါ..။
ရီယို ဖာဒီနန် - ဒါပေါ့..။ သူဟာတစ်ယောက်တည်းနဲ့ အကုန်လုံး ပြုလုပ်နိုင်တာကိုးဗျ.။ သူဟာအန္တရာယ်ကို ကြိုတင်မြင်နိုင်၊ မှန်းဆနိုင်တယ်..၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်တယ်.၊ ဘောလုံးလုတာ အရမ်းကောင်းတယ်..၊ လျှင်မြန်တယ်…၊ ဘောလုံးလာမယ့် နေရာကြိုတင်သိနေတယ်ဗျ..။ ဒါ့ကြောင့်ကွင်းထဲမှာ တကယ်ကန်နေရတဲ့သူဆိုရင် ဘောလုံးကိုကိုင်ပြီး ခေါင်းမော့လိုက်တာနဲ့ သူကဘယ်နားက ရောက်လာမှန်းမသိဘူး.. အဲဒီလိုပဲ ခံစားရပါလိမ့်မယ်..။ သူဟာကွင်းလယ်မှာ အရေးအကြီးဆုံး ကစားသမား ဖြစ်သလို ဘောလုံးလုယူနိုင်တယ်..၊ ဘောလုံးကို ထိန်းထားနိုင်တယ်..၊ ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်ပါတယ်..။ ဒါ့ကြောင့်ကွင်းလယ်အဖျက် ကစားသမား နေရာမှာတော့ ရှိရှိသမျှထဲက အကောင်းဆုံး ကစားသမားလို့ ပြောရမှာပဲဗျ..။ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းဟာ အဓိကသူ့ကြောင့် တောင့်တင်းနေတာပါ..။
ဂျိုး ကိုးလ် - အဲဒါတွေအပြင် သူဟာကွင်းလယ်ကနေ တိုက်စစ်မှူးတွေရဲ့နောက်မှာ အမြဲတမ်းရှိနေပြီး အကောင်းဆုံး ပံ့ပိုးပေးနေခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်နဲ့နောက်တန်းမှာ ကျပ်နေပြီဆိုရင် ဟာဗာ့ဇ် ဆီကို ကန်တင်ပေးတယ်..၊ ဟာဗာ့ဇ် က ခေါင်းနဲ့ထိန်းပြီး ကွင်းလယ်ကို ပြန်ချပေးတာနဲ့ ကန်တေး က ရောက်နေတာပဲဗျ..။ ပက်ပ် ဂွာဒီယိုလာ ဟာ ဒီနေ့ပွဲမှာ ရိုဒရီ၊ ဖာနန်ဒင်ဟို တို့ကို ချန်ထားပြီး နည်းစနစ်ပိုင်း စွန့်စားမှုယူခဲ့ပါတယ်.။ ဒါပေမယ့် သူတို့အသင်း ကွင်းလယ်က ဂွန်ဒိုဂန်၊ ဆေးလ်ဗား နဲ့ ဖိုဒန် တို့ဟာ အဲဒီလို second ball တွေ ပြန်ကျလာမယ့် နေရာကို မမှန်းဆတတ်ဘူးဗျ..။ အဲဒီလို အန္တရာယ်ရှိမယ့်နေရာမှာ မှန်းဆတဲ့အပိုင်းမှာ သူတို့နဲ့ ကန်တေး နဲ့ ကွာခြားပါတယ်..။ ကန်တေး က ပြန်ကျလာတဲ့ ဘောလုံးတွေကို အရယူပြီး တိုက်စစ်ကို ပြန်လည်စတင်နိုင်ပါတယ်..။ ဒါ့ကြောင့်သူဟာ ကျွန်တော်တို့အသင်းရဲ့ ခံစစ်ရော၊ တိုက်စစ်မှာပါ အဓိကအရေးပါတဲ့ ကစားသမားလို့ ပြောရမှာပါ..။
ဂယ်ရီ လိုင်နီကာ - အား.. ဒီနေ့ပွဲမှာ ရိစ် ဂျိမ်းစ် လေးကိုလည်း ကျွန်တော်တို့ မေ့ထားလို့ မရဘူးနော..။ သူဟာညာနောက်ခံလူနေရာကနေ တကယ့်ကို ရင့်ကျင်တဲ့ ဝါရင့်ကစားသမား တစ်ယောက်အလား ကစားပြသွားခဲ့တာဗျ..
ဂျိုလီယန် လက်စ်ကော့ - မှန်တာပေါ့ဗျာ..။ ပထမပိုင်းမှာ ရာဟင်း စတာလင် တစ်ချိန်လွတ်ထွက်သွားခဲ့ပါတယ်..။ ဒါပေမယ့် သူကအနောက်ကနေ ပြေးလိုက်ပြီး မရမက ဖျက်ထုတ်နိုင်ခဲ့တယ်ဗျ..။ အဲဒီနောက်ပိုင်း စတာလင်း ဟာ လုံးဝကို နေရာလွတ် မရှာနိုင်တော့သလို လုံးဝကို မလှုပ်နိုင်သလောက် ဖြစ်သွားခဲ့ပါတယ်..။ ရိစ် ဂျိမ်းစ် ဟာ ဝီဂန်အသင်းမှာ ရှိနေတဲ့အချိန်တုန်းက သူ့ကိုကျွန်တော်စပြီး သတိထားမိပါတယ်.။ အဲဒါနဲ့စိတ်ဝင်စားပြီး စုံစမ်းကြည့်တော့မှ ချယ်လ်ဆီးကနေ အဌားချထားတဲ့ ကစားသမားမှန်း သိလိုက်ပါတယ်..။ အဲဒီအချိန်ကနေစပြီး ရိစ် ဂျိမ်းစ် ဟာ တဟုန်တိုး တိုးတက်သွားတော့တာပါပဲ..။ သူဟာဘောလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်ထားနိုင်တဲ့သူ ဖြစ်သလို ဘောလုံးဖျက်ထုတ်တဲ့ နေရာမှာလည်း စိတ်ရှည်တယ်ဗျ..။
ခံစစ်ကစားသမား အများစုဟာ တိုက်စစ်မှူးတွေခြေထဲ ဘောလုံးအရောက်မခံပဲ ချက်ချင်းအတင်းဝင်၊ အတင်းဖျက်ထုတ်ကြတာ များပါတယ်..။ ဒါပေမယ့် ရိစ် ကတော့ တောင်ပံကစားသမားတွေကို ဘောလုံးပေးကိုင်ရဲတယ်..၊ သတ္တိရှိရင် တစ်ယောက်ချင်း ရအောင်ကျော်.. ဆိုပြီး စိန်ခေါ်ရဲတဲ့ ဗီဇရှိပါတယ်..။ အထူးသဖြင့် သူ့လိုမျိုး ရာဟင်း စတာလင်း ကို ဘောလုံးနဲ့အတူ သယ်ပြေးခိုင်းပြီး နောက်ကနေ ဖြတ်လုနိုင်တဲ့ ကစားသမား များများစားစား မရှိပါဘူး..။
ဂျိုး ကိုးလ် - သူကလည်း လူငယ်အကယ်ဒမီမှာကတည်းက ကျွန်တော်တို့တွေ သတိထားမိခဲ့ကြတဲ့ နောက်ထပ်ကစားသမား တစ်ယောက်ပါ..။ တကယ်တော့ သူဟာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ဖြစ်တဲ့ ခရစ်စ်တယ် ပဲလေ့စ် အသင်းနဲ့ပွဲမှာကတည်းက နာမည်ကျော် တောင်ပံကစားသမား တစ်ယောက်ဖြစ်တဲ့ ဝီလ်ဖရက်ဒ် ဇာဟာ ကို မလှုပ်နိုင်အောင် ထိန်းနိုင်ခဲ့တာပါ..။ အဲဒီအချိန်ကနေ ဒီနေ့ဆိုရင် ရာဟင်း စတာလင် လို ကစားသမားမျိုးကို ချန်ပီယံလိဂ် ဖလား ဗိုလ်လုပွဲကြီးမှာ အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့တယ်ဆိုတာ နောက်ထပ်တစ်ဆင့်မြင့်ခြေစွမ်းကို သက်သေပြလိုက်ခြင်း ဖြစ်ပါတယ်..။ သူဟာခံစစ်ပိုင်းမှာ ဆုံးဖြတ်ချက် မှန်ကန်ရုံမက တိုက်စစ်ကို လိုက်ပါတဲ့နေရာမှာလည်း ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းကျော်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိတယ်..၊ ဖြတ်တင်ဘောတွေ ပေးပို့တဲ့နေရာမှာလည်း သူ့လောက်ကောင်းတဲ့ ကစားသမား များများစားစား မရှိပါဘူး..။
ဂယ်ရီ လိုင်နီကာ - အင်းဗျ..၊ ဂါးရက် ဆောက်ဂိတ် ကတော့ အင်္ဂလန်အသင်းရဲ့ ညာတောင်ပံ နောက်ခံလူနေရာအတွက် ခေါင်းစားရဦးမှာပဲ..။ ဒါပေမယ့် သူ့အတွက် ကျေနပ်ဖို့ကောင်းတဲ့ ခေါင်းကိုက်ဆေးလို့ ပြောရမှာပါနော..။ ပက်ပ် ဂွာဒီယိုလာ အတွက်တော့ ဒီနေ့ပွဲမှာ သူ့ရဲ့နည်းစနစ်ပိုင်း စွန့်စားမှုနဲ့ အပြောင်းအလဲဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရမှာပါ..၊ ဒါပေမယ့် ဗိုလ်လုပွဲဆိုတာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့် မှားယွင်းတယ်လို့ ပြောရတာလည်း အတော်လေးခက်ခဲပါတယ်ဗျ..
ဂျိုး ကိုးလ် - ဒါပေါ့ဗျာ..၊ ဗိုလ်လုပွဲဆိုတာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်..။ အခုဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်း အနိုင်ရခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းဟာ ကျွန်တော်တို့ထက် ပိုပြီးတောင့်တင်းတဲ့ အသင်းဆိုတာ သံသယရှိစရာ မလိုပါဘူး..။ ဒီနေ့ပွဲမှာ အကြောင်းအရင်းရင်း တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်..၊ ပက်ပ် ရဲ့ လူထုတ်ပုံကြောင့်ပဲဖြစ်ဖြစ် သူတို့အသင်းဟာ အနိုင်ရဖို့ လိုအပ်တဲ့ အားထုတ်မှုမျိုး မရခဲ့ဘူးလို့ ပြောမှာပါ..။
ဂယ်ရီ လိုင်နီကာ - ပြန်ပြီးခြုံကြည့်မယ်ဆိုရင် ဒီနှစ်ဘောလုံးရာသီဟာ သူတို့အသင်းအတွက် အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဆာဂျီယို အဂွဲရိုး အပြင် ကီဗင် ဒီ ဘရိုင်း အတွက်ပါ ရာသီအပိတ်.. အဆုံးသတ်မလှခဲ့ဘူးလို့ ပြောရမှာပဲဗျ..
ဂျိုလီယန် လက်စ်ကော့ - ဒါပေါ့ဗျာ..၊ သူတို့လို ထိပ်တန်းကစားသမားကြီးတွေအတွက် ဒီထက်ပိုပြီး လှပတဲ့ အဆုံးသတ်နဲ့ ထိုက်တန်တာပေါ့..။ ဒါ့အပြင် ဒီနေ့ပွဲမှာ ကီဗင် ဒီ ဘရိုင်း က ရူဒီဂါ နဲ့ ထိခိုက်မိပြီး လူစားလဲလိုက်ရတာကလည်း ပွဲရဲ့အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုလို့ ပြောရပါမယ်..။ ရူဒီဂါ ဟာ ဒီ ဘရိုင်း ရဲ့ ပြေးလမ်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ခဲ့ပေမယ့် ဘယ်လ်ဂျီယမ် ကစားသမားကို ကွင်းထဲက ထွက်သွားရအောင်အထိ ဖျက်ထုတ်ဖို့ ရည်ရွယ်ခဲ့ပုံ မရပါဘူး.။
ဂျိုး ကိုးလ် - ဟုတ်ပါတယ်..၊ မမျှော်လင့်ပဲနဲ့ ထိခိုက်မိတဲ့အရှိန် အတော်ပြင်းထန်ခဲ့တာကြောင့် သူ့ရဲ့မျက်နှာပေါ်က ဒဏ်ရာဟာ အတော်လေး ဆိုးရွားခဲ့ပုံရပါတယ်.။ ဒါဟာအသင်းနဲ့ ပတ်သက်နေတဲ့သူတိုင်း၊ အသင်းကို အားပေးသူတိုင်းအတွက် စိတ်ပျက်စရာပါပဲ..။ ဘယ်သူကမှတော့ ကိုယ့်အသင်းရဲ့ အဓိကကစားသမား တစ်ယောက် အခုလိုဒဏ်ရာကြောင့် ပွဲချိန်ပြည့် ကစားခွင့် မရခဲ့တာကို မြင်ချင်ပါ့မလဲ..
ဂယ်ရီ လိုင်နီကာ - နောက်နှစ်ဘောလုံးရာသီကို ကြိုပြီးခန့်မှန်းကြည့်ရအောင်ဗျာ..။ လာမယ့်နှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချယ်လ်ဆီးဟာ မန်ချက်စတာ စီးတီးအသင်းအတွက် သတိထားရမယ့် ပြိုင်ဘက်အသင်း ဖြစ်လာနိုင်လားဗျ..? နောက်နှစ်ကျရင် လီဗာပူးလ်အသင်းကလည်း ပြန်ပြီးခြေစွမ်း ထက်လာမှာ အသေအချာပါပဲ..၊ နောက်ပြီးမန်ချက်စတာ ယူနိုက်တက်အသင်းကလည်း တစ်နှစ်ထက်တစ်နှစ်က ပိုပြီးတိုးတက်လာပါတယ်..။ ဒါ့ကြောင့်လာမယ့်နှစ်ကျရင် ချန်ပီယံဆုအတွက် အကြိတ်အနယ် အရမ်းဖြစ်ကြလိမ့်မယ်လို့ ထင်တာပဲဗျ..
ဂျိုလီယန် လက်စ်ကော့ - သိပ်သေချာတာပေါ့ဗျာ..။ ချယ်လ်ဆ်ီးအသင်းဟာ အရန်အင်အားပါ တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ နောက်ပြီးအခုလို ချန်ပီယံလိဂ် ပြိုင်ပွဲမျိုးကို အနိုင်ရလိုက်တယ်ဆိုတဲ့ အောင်မြင်မှုဟာ အသင်းသားတွေကို ပိုပြီးစည်းလုံးသွားစေသလို လာမယ့်နှစ်တွေအတွက် တကယ့်ကို ကြီးမားတဲ့ ယုံကြည်မှုတစ်ခု ရရှိသွားစေပါလိမ့်မယ်..။ အထူးသဖြင့် အဲဒီယုံကြည်မှုကြောင့် ရရှိလာတဲ့ နောက်ဆက်တွဲအရှိန်ဟာ သိပ်ကိုကြီးမားလိမ့်မှာ အသေအချာပဲဗျို့…
ဂယ်ရီ လိုင်နီကာ - လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလကျရင် ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီး နှစ်သင်းစလုံးဟာ တိုက်စစ်မှူးနေရာအတွက် ထပ်ပြီးထိပ်တိုက် တွေ့ကြလိမ့်ဦးမယ် ထင်တာပဲဗျ..
ဂျိုး ကိုးလ် - ကျွန်တော်ကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ လှုပ်ရှားမှုအပေါ် ပိုပြီးမူတည်လိမ့်မယ်လို့ ထင်မိပါတယ်.။ အခုဆိုရင် ဂျက်ခ် ဂရေးလစ်ရှ်၊ ဟာလန်း တို့ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အပြင် လီယွန်နယ် မက်ဆီ လို ကစားသမားတောင် ခေါ်ယူမယ်ဆိုပြီး ပြောနေကြတာကိုးဗျ..။ ဒါ့ကြောင့်နှစ်သင်းစလုံးဟာ ဈေးကွက်ထဲမှာ အပြိုင်အဆိုင် လှုပ်ရှားကြလိမ့်မယ်ဆိုတာ အသေအချာပါပဲ..
ရီယို ဖာဒီနန် - ခဏလေး.. ကျွန်တော်တို့ရဲ့ စကားဝိုင်းကို အဆုံးမသတ်ခင် ကျွန်တော်တို့ BT Sports အဖွဲ့သားတွေ၊ Pundits တွေရဲ့ကိုယ်စား.. အခုနှစ်ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ် စကားဝိုင်းတွေက အနားယူတော့မယ့် ဂယ်ရီ လိုင်နီကာ ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်..။ ခင်ဗျားရဲ့ ပြောဆို၊ ဆွေးနွေးချက်တွေ အမြင်စူးရှမှုတွေဟာ တကယ့်ကို အံ့မခန်းဖြစ်ရသလို ကျွန်တော်ဆိုရင် ကစားသမားဘဝကနေ အနားယူပြီးတဲ့အချိန် ခင်ဗျားရဲ့လက်တွဲခေါ်ယူမှုကြောင့် အခုလိုအခြေအနေမျိုး ရောက်လာရတာပါ..။ အခုကျွန်တော်နဲ့အတူ ရှိနေတဲ့ ဂျိုး..၊ ဂျိုလီယန် တို့လည်း တစ်သဘောတည်း ရှိပါလိမ့်မယ်..၊ အစစအရာရာတိုင်းအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. ဂယ်ရီ ရေ..
ဂယ်ရီ လိုင်နီကာ - ခင်ဗျားပြောတာနဲ့ ငိုမိတော့မှာပါပဲဗျာ..။ ကျွန်တော်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်..။ နောက်နှစ်ကျရင် ကျွန်တော်က လက်စ်တာအသင်းရဲ့ ဥရောပပြိုင်ပွဲတွေကို ကိုယ်တိုင်အားပေးချင်တာကြောင့် အခုလိုချန်ပီယံလိဂ် စကားဝိုင်းတွေကနေ အနားယူလိုက်တာ ဖြစ်ပါတယ်..။ ဘာပဲဖြစ်ဖြစ်ပါ.. ကံမကုန်သေးရင် နောက်နှစ်ဗိုလ်လုပွဲ.. အဲ.. ယူရိုပါလိဂ် ဗိုလ်လုပွဲကျရင် ခင်ဗျားတို့နဲ့ ပြန်ဆုံချင်ဆုံနိုင်ပါသေးတယ်ဗျာ..။ ကဲ.. နောက်ဆုံးအနေနဲ့.. ဂျိုး ရေ.. ခင်ဗျားတို့ရဲ့ ချယ်လ်ဆီးအသင်းရဲ့ အောင်ပွဲအတွက် အထူးဂုဏ်ပြုလိုက်ပါတယ်နော.. ဒါ့ကြောင့်ဒီနေ့ညဟာ ခင်ဗျားတို့ အပြာရောင်တွေရဲ့ည..၊ ခင်ဗျားတို့ရဲ့ညပါ..။ ကျွန်တော်မပိုင်ပါဘူး..။ ဂျိုလီယန် တို့ မန်ချက်စတာ စီးတီးအသင်းဟာလည်း နောက်နှစ်ကျရင် အခုလိုအရှိန်အဟုန်နဲ့ ထပ်ပြီးအောင်မြင်လိမ့်ဦးမယ်လို့ ယုံကြည်ပါတယ်..။ အခုနောက်ဆုံးအနေနဲ့ ရာသီအပိတ် နှုတ်ခွန်းဆက် စကားကို ချယ်လ်ဆီးအသင်းရဲ့ကိုယ်စား ဂျိုး ကိုးလ် ကပဲ နိဂုံးချုပ်ပေးပါလို့ ဖိတ်ခေါ်လိုက်ပါတယ်..
ဂျိုး ကိုးလ် - ကျွန်တော်တို့အသင်းအတွက် အင်မတန်မှကို ကြီးကျယ်ခမ်းနားတဲ့ ညတစ်ညလို့ ပြောရမှာပါပဲ..။ ကြိုးစားအားထုတ်မှုကောင်းမွန်ရင် အောင်မြင်မှုတွေ ရရှိလိမ့်မယ်ဆိုတာ ကျွန်တော်အမြဲတမ်း ယုံကြည်ခဲ့ပါတယ်..။ အဲဒီလို ကြိုးစားအားထုတ်မှု၊ မခိုမကပ်တဲ့ ဇွဲလုံလ၊ ဝီရီယတွေကြောင့်ပဲ အခုလိုဒီနေ့ညချမ်းဟာ ကျွန်တော်တို့အသင်းအတွက် အစစအရာရာ ဖေးမခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ပက်ပ် ရဲ့ ပွဲထုတ်ပုံ လူစာရင်း၊ ဒီ ဘရိုင်း ရဲ့ ဒဏ်ရာ.. စသဖြင့်ပေါ့ဗျာ..၊ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဘက်ကို ဖေးမခဲ့မှုတွေ ပိုများခဲ့ပါတယ်..။ အထူးသဖြင့် ကွင်းထဲမှာ ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကျွန်တော်တို့ ကစားသမားတွေရဲ့ည..၊ ကြယ်ပွင့်သစ်တွေ ထွန်းလင်းတဲ့ည..၊ မိုးကောင်းကင်ရဲ့ အနားသတ်ကို ဖောက်ထွက်သွားတဲ့ည လို့ ပြောကြားရင်း အားလုံးကို နုတ်ဆက်လိုက်ပါတယ်..