feature-image

ချန်ပီယံလိဂ် ဗိုလ်လုပွဲ (မန်ချက်စတာ စီးတီး vs ချယ်လ်ဆီး) နည်းစနစ်ပိုင်း သုံးသပ်ချက်များ

ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့ Estadio do Dragao ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ၂၀၂၁ ခုနှစ်၊ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက မန်ချက်စတာ စီးတီးအသင်းအား အနိုင်ရရှိခဲ့ပြီး ဆုဖလားကြီးကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်..။ အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဂျာမနီလူငယ် တိုက်စစ်မှူး ကိုင် ဟာဗာ့ဇ် က သွင်းယူပေးခဲ့ပြီး နည်းပြ သောမတ်စ် တူခယ်လ် အတွက် အသင်းကို ကိုင်တွယ်ခဲ့သည့် လေးလမြောက်ကာလအတွင်း အကြီးမားဆုံး အောင်မြင်မှု မှတ်တမ်းကို စိုက်ထူပေးနိုင်ခဲ့သည်..။

အသင်းလူစာရင်းနှင့် ပွဲထွက်အခင်းအကျင်း..



မန်ချက်စတာ စီးတီးအသင်းမှာ ရီယက်ဇ် မာရက်ဇ်၊ ရာဟင်း စတာလင်း နှင့် ကီဗင် ဒီ ဘရိုင်း တို့ ဦးဆောင်သော တိုက်စစ်အတွဲအစပ်နှင့် အီလ်ကေ ဂမ်ဒိုဂန် အား base of midfield တွင် ကစားစေခဲ့ပြီး တိုက်စစ်အားသန်သည့် ၄- ၃- ၃ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့သည်..။ ပက်ပ် ဂွာဒီယိုလာ မှာ မာရက်ဇ် နှင့် စတာလင် တို့၏ တောင်ပံတစ်လျှောက် တိုးအား၊ လှုပ်ရှားမှုများဖြင့် ဘင် ချီးဝဲလ်၊ ရိစ် ဂျိမ်းစ် တို့ကို ဆွဲထုတ်ပြီး ပေါ်ထွက်လာသော နေရာလွတ်များ (spaces) ကို ကွင်းလယ်မှ ဖီးလ် ဖိုဒန်၊ ဘာနန်ဒို ဆေးလ်ဗား၊ ဂွန်ဒိုဂန် တို့က အသုံးချနိုင်ရန် ပြင်ဆင်ခဲ့သည်..။ ကီဗင် ဒီ ဘရိုင်း က နောက်ချန်တိုက်စစ်မှူးနေရာမှ ချယ်လ်ဆီးအသင်း၏ ကွင်းလယ်နှင့်ခံစစ်ကြားမှ နေရာလွတ်များကို အသုံးချရန် ရွေ့လျား၊ လှုပ်ရှားစေခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ တီမို ဗာနာ၊ မေဆန် မောင့် နှင့် ကိုင် ဟာဗာ့ဇ် တို့ တိုက်စစ်အတွဲဖြင့် ၃- ၄- ၂- ၁ ကစားကွက်ပုံစံ ခင်းကျင်းခဲ့ပြီး မန် စီးတီးအသင်းက အနေအထားပေါ် မူတည်ပြီး ၄- ၄- ၂ သို့မဟုတ် ၅- ၃- ၂ ပုံစံ ပြောင်းလဲကစားသွားခဲ့သည်..။ မေဆန် မောင့်၊ ဗာနာ နှင့် ကိုင် ဟာဗာ့ဇ် တို့မှာ တိုက်စစ်ဇုန်များတွင် နေရာအတည်တကျ မရှိပဲ တစ်ကွင်းလုံး ရွေ့လျား (regularly rotated) ကစားနေခဲ့သောကြောင့် တစ်ဦးချင်း လူကပ်ကစားရန် (man marking) ခက်ခဲစေသလို တစ်ဦးချင်းစီကလည်း ဘောလုံးနှင့်အတူ ဆွဲထွက်နိုင်သည့် စွမ်းရည်ရှိသူများဖြစ်ကြသည်..။ သူတို့သုံးဦးစလုံးမှာ လုပ်အားနှုန်း ကောင်းမွန်ကြသူများဖြစ်ပြီး ကွင်းလယ်သို့ဆင်းကာ အန်ဂိုလို ကန်တေး၊ ဂျော်ဂင်ဟို တို့နှင့်အတူ ကွင်းလယ်ခံစစ်ပိုင်း တောင့်တင်းအောင် ကူညီပေးခဲ့ကြသည်.။

ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့သည့် မန် စီးတီးအသင်း၏ တိုက်စစ်..

တိုက်စစ်ဦးစားပေး အခင်းအကျင်းဖြင့် ပွဲထွက်လာခဲ့သည့် မန် စီးတီးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု (ball possession) စုစုပေါင်း၏ (၆၀%) ရာခိုင်နှုန်းအထိ ရရှိခဲ့သည်..။ မန် စီးတီး အသင်းမှာ ဘောလုံးကိုင်ထားချိန်များတွင် ဇီချန်ကို က ကွင်းလယ်ဘယ်အခြမ်းသို့ ဝင်ရောက်နေရာယူလာခဲ့ပြီး ဖီးလ် ဖိုဒန် က attacking midfielder ဆန်ဆန် ရွေ့လျားကစားခဲ့သည်..။ ဂွမ်ဒိုဂန် မှာ base of midfield တွင် ရှိနေခဲ့ပြီး စွန်ပုံစံ ကွင်းလယ်အခင်းအကျင်းဖြင့် ကွင်းလယ်အင်အားအသာစီး (numerical advantage) ရယူရန် ကြိုးစားခဲ့သည်..(ပုံ-၁)။



ကီဗင် ဒီ ဘရိုင်း မှာ နောက်ချန်တိုက်စစ်မှူး (false 9) အဖြစ် နေရာယူခဲ့ပြီး စတာလင်း နှင့် မာရက်ဇ် တို့က တောင်ပံမှ တိုက်ရိုက်ထိုးဖောက်ခဲ့သည်..(ပုံ- ၂)။ သို့သော်ချယ်လ်ဆီးအသင်း၏ ကွင်းလယ်နှင့် ခံစစ်ကစားသမားတို့၏ ကျစ်ကျစ်လျစ်လျစ် နေရာယူထားမှုကြောင့် ကီဗင် ဒီ ဘရိုင်း မှာ နေရာလွတ်များတွင် လှုပ်ရှားခွင့်မရတော့ပဲ ချယ်လ်ဆီးအသင်း၏ last central defender အား တိုက်ရိုက်ထိုးဖောက်ရသည့်ပုံစံ ဖြစ်သွားခဲ့သည်..။

ကီဗင် ဒီ ဘရိုင်း မှာ ပုံမှန်တိုက်စစ်မှူးတစ်ယောက်ကဲ့သို့ ခွန်အားသုံး မကစားနိုင်သည့်အပြင် ဘောလုံးကိုင်ထားခွင့် သိပ်မရသောကြောင့် ထိရောက်မှုမရှိ ဖြစ်လာခဲ့ရာတွင် ဖီးလ် ဖိုဒန် နှင့် နေရာချိန်း ကစားစေခဲ့သည်..။ သို့သော် အဆိုပါအပြောင်းအလဲမှာလည်း အလုပ်မဖြစ်ခဲ့သောကြောင့် တိုက်စစ်မှူးစစ်စစ် ထည့်သွင်းမကစားရန် ဆုံးဖြတ်ခဲ့သည့် နည်းပြ ပက်ပ် ဂွာဒီယိုလာ ၏ ပွဲကိုချဉ်းကပ်ပုံမှာ အလုပ်မဖြစ်ခဲ့ပေ..။



ကီဗင် ဒီ ဘရိုင်း မှာ အန်တိုနီယို ရူဒီဂါ နှင့် ထိခိုက်မိပြီး လူစားလဲမခံရစဉ်အထိ ဘောလုံးထိချက် (touches) (၃၇) ကြိမ်သာ ရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သလို သူ၏နေရာသို့ အစားဝင်ရောက်လာခဲ့သည့် တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဇူး မှာလည်း touches (၂၂) ကြိမ်သာ ရရှိခဲ့ပြီး ထိရောက်သည့် စွမ်းဆောင်ရည် မပြသနိုင်ခဲ့ပေ..။

မာရက်ဇ်၊ စတာလင်း vs ချီးဝဲလ်၊ ရိစ် ဂျိမ်းစ် တို့၏ စီးချင်းတိုက်ပွဲများ..

သောမတ်စ် တူခယ်လ် ၏ နည်းဗျူဟာ အခင်းအကျင်းတွင် wing backs များ၏ အခန်းကဏ္ဍမှာ အရေးပါလှသည်..။ ပက်ပ် ဂွာဒီယိုလာ ကလည်း မာရက်ဇ် နှင့် စတာလင် တို့၏ တောင်ပံတစ်လျှောက် တိုးအား၊ လှုပ်ရှားမှုများဖြင့် ချယ်လ်ဆီးခံစစ် ကစားသမားများကို ဆွဲထုတ်ပြီး ကွင်းလယ်ကစားသမားများဖြင့် နေရာလွတ်များ (spaces) ကို တိုးဝင်အသုံးချရန် စီမံခဲ့သောကြာင့် ရိစ် ဂျိမ်းစ်၊ ဘင် ချီးဝဲလ် တို့နှင့် မန် စီးတီးအသင်း တောင်ပံ ကစားသမားများဖြစ်သော ရာဟင်း စတာလင် နှင့် ရီယက်ဇ် မာရက်ဇ် တို့ကြားမှ တစ်ဦးချင်းရင်ဆိုင် တိုက်ပွဲများမှာ အရေးပါခဲ့သည်..။

သို့သော် စတာလင် နှင့် မာရက်ဇ် တို့နှစ်ဦးမှာ တစ်ဦးချင်းကျော်ဖြတ်၊ ထိုးဖောက်မှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သလို ရိစ် ဂျိမ်း နှင့် ချီးဝဲလ် တို့မှာ ချယ်လ်ဆီးအသင်းဘက်မှ ဖျက်ထုတ်မှု (tackles) အများဆုံး ပြုလုပ်နိုင်ခဲ့သည့် ကစားသမားဖြစ်ခဲ့သည်..။ ရိစ် ဂျိမ်းစ် မှာ tackles (၉) ကြိမ် ပြုလုပ်ခဲ့ရာ (၇) ကြိမ် အောင်မြင်ခဲ့ပြီး ချီးဝဲလ် က တစ်ဦးချင်းဖျက်ထုတ်မှု (၅) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။



ထို့အပြင် ရိစ် ဂျိမ်းစ် နှင့် ချီးဝဲလ် တို့မှာ ချယ်လ်ဆီးအသင်းမှ ပြစ်ဒဏ်ဘော ကျူးလွန်မှု (fouls committed) အများဆုံး ပြုလုပ်ခဲ့သော ကစားသမားများ ဖြစ်ခဲ့သော်လည်း အန္တရာယ်ရှိသည့် ခံစစ်ဇုန်နေရာများတွင် ပြစ်ဒဏ်ဘော တစ်ကြိမ်မှ မပေးခဲ့ရပေ..။ ထို့ကြောင့်ပေါ်တိုကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် မန် စီးတီးအသင်း တောင်ပံကစားသမားများကို ထိန်းချုပ်နိုင်ခဲ့သော wing backs များ၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်..။

ဇီချန်ကို ၏ ဘယ်တောင်ပံခြမ်းကို ဖိအားပေးခဲ့သည့် တူခယ်လ် ၏ တုံ့ပြန်မှု

စတာလင်၊ မာရက်ဇ် တို့က တောင်ပံမှ ထိုးဖောက်ပြီး ရရှိလာသည့်ခံစစ်ဇုန်မှ spaces များကို ကွင်းလယ်မှ ထိုးဖောက်ရန် ကြံစည်ခဲ့သည့် ပက်ပ် ဂွာဒီယိုလာ ၏ အခင်းအကျင်းကို ရိပ်စားမိချိန်တွင် သောမတ်စ် တူခယ်လ် က မိမိခံစစ်ကြောင်းကို နောက်ဆုတ်ခိုင်းလိုက်ပြီး (low block) နောက်ခံလူများနှင့် ကွင်းလယ်ကစားသမားများကြား နေရာလွတ်များ မပေါ်လာစေရန် ဂရုစိုက်ဖို့ ညွန်ကြားခဲ့သည်..(ပုံ- ၃)။ ထို့နောက် တီမို ဗာနာ အား base of midfield မှ ဂွမ်ဒိုဂန် အား လူကပ်ကစားစေပြီး အန်တိုနီယို ရူဒီဂါ က ဘင်နာဒို ဆေးလ်ဗား အား ကွင်းလယ်အထိ တက်ရောက်၊ လူကပ်ကစားစေခဲ့သည်..။ ထို့ကြောင့် ပေါ်တူဂီ ကွင်းလယ်ကစားသမားမှာ မလှုပ်နိုင်သလို ဖြစ်သွားခဲ့ရပြီး တစ်ပွဲလုံးတွင် ဘောလုံးထိချက် (၂၇) ကြိမ်သာ ရရှိခဲ့သည်..။



ထိုသို့ကွင်းလယ်ကစားကွက်ကျပ်သွားသည့် မန် စီးတီးအသင်းမှာ  ဘောလုံးနှင့်အတူ ဆွဲတက်ခွင့် (progression with the ball) ကို ဇီချန်ကို ၏ ဘယ်ဘက်အခြမ်းမှသာ ရခဲ့သောကြောင့် ဇီချန်ကို မှာ ထိုနေ့ပွဲ၏ ဘောလုံးထိချက် အများဆုံးရရှိခဲ့သော ကစားသမား (touches- ၁၀၉ ကြိမ်) ဖြစ်ခဲ့ရသည်..။ သို့သော် ထိရောက်သည့် ဖန်တီးမှုတစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သလို ချယ်လ်ဆီးအသင်းဘက်ကလည်း တိုက်စစ်ကျွံသွားလေ့ရှိသည့် သူ့ဘက်အခြမ်းမှ အများဆုံးတိုက်စစ်ဆင်ခဲ့သည်..။

ချယ်လ်ဆီးအသင်း၏ ပွဲစဉ်အချက်အလက်များအရ ညာတောင်ပံဘက် တိုက်စစ်ဆင်မှု (၅၃%) ရာခိုင်နှုန်း အထိရှိခဲ့ပြီး ကွင်းလယ်မှ ထိုးဖောက်မှု (၂၃%) ရာခိုင်နှုန်းနှင့် ဘယ်တောင်ပံမှ တိုက်စစ်ဆင်မှ (၂၄%) ရာခိုင်နှုန်း ရှိခဲ့သည်..။ ညာတောင်ပံ တိုက်စစ်တွင် ရိစ် ဂျိမ်းစ် နှင့် ဟာဗာ့ဇ် တို့က အများဆုံးပါဝင်ခဲ့သလို ဂျိမ်းစ် နှင့် ဟာဗာ့ဇ် တို့မှာ ချယ်လ်ဆီးအသင်းမှ ဘောလုံးနှင့်အတူ ဆွဲထွက်မှု (dribbles) အများဆုံး ပြုလုပ်နိုင်ခဲ့သည့် (တစ်ဦးလျှင် (၄) ကြိမ်စီဖြင့်) ကစားသမားများ ဖြစ်ခဲ့သည်..။ ထို့အပြင် ဟာဗာ့ဇ် နှင့် တီမို ဗာနာ တို့မှာ မကြာခဏ နေရာပြောင်းလဲ၊ ရွှေ့လျားကစားနေခဲ့ပြီး ပုံစံမတူ ထိုးဖောက်မှုများဖြင့် ဇီချန်ကို အပါအဝင် မန် စီးတီး နောက်ခံလူများကို အာရုံထွေပြားစေခဲ့သည်..။

အထူးသဖြင့် တီမို ဗာနာ မှာ မိမိအသင်း ခံစစ်ကြောင်း မန် စီးတီး၏ press မိနေချိန်တွင် ပြိုင်ဘက်ခံစစ်ကြောင်းကျော်ပြီး (channels) ပေးပို့လာသည့် အဝေးဘောများကို သူ၏လျှင်မြန်မှုကို အသုံးချကာ အမိအရလိုက်ဆယ်၊ အသင်းအတွက် အကျိုးပြုနိုင်ခဲ့သည်..(ပုံ- ၄)။ ဂျာမနီ တိုက်စစ်မှူး မှာ ဂိုးသွင်းအဆုံးသတ်ရာတွင် လွဲချော်နေသော်လည်း သူ၏ off the ball လှုုပ်ရှားမှုများနှင့် မခိုမကပ်သော လုပ်အားနှုန်း (work rate) တို့ကြောင့် နည်းပြသောမတ်စ် တူခယ်လ် ၏ ဦးစားပေး တိုက်စစ်မှူးတစ်ဦးအဖြစ် နေရာပေးခံရနေရခြင်းဖြစ်သည်..။



ရိုဒရီ နှင့် ဖာနန်ဒင်ဟို တို့ မပါဝင်ခဲ့သည့် မန် စီးတီးအသင်း၏ ကွင်းလယ်

ပက်ပ် ဂွာဒီယိုလာ မှာ တိုက်စစ်အားသန်သည့် ကစားကွက်ဖြင့် ဖွင့်ကစားရန် ဆုံးဖြတ်ခဲ့သောကြောင့် သူ၏ base of midfield တွင် ရိုဒရီ (သို့မဟုတ်) ဖာနန်ဒင်ဟို အစား ဂွမ်ဒိုဂန် ကို ထည့်သွင်းပြီး တိုက်စစ်အားဖြည့်ခဲ့သည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းမှ တန်ပြန်တိုက်စစ်ဆင်ချိန်တွင် ခံစစ်ပိုင်းကူညီပေးနိုင်မှု အားနည်းခဲ့ပြီး မကြာခဏ ပေါက်ထွက်ခဲ့ရသည်..(ပုံ- ၅)။



ထို့အပြင် ဂျာမန်ကွင်းလယ် ကစားသမားမှာ ဘောလုံးလမ်းကြောင်း ကြိုတင်မှန်းဆနိုင်မှု အားနည်းခဲ့သဖြင့် မကြာခဏ နေရာယူမှားခဲ့ပြီး ကွင်းလယ်တွင် ကွက်လပ်ကြီးများ (gaps) ပေါ်လာခဲ့သည်..(ပုံ- ၆)။ ထိုသို့ကွင်းလယ် စိုးမိုးမှု မရနိုင်ပဲ ဖြစ်နေခဲ့သောကြောင့် ပက်ပ် ဂွာဒီယိုလာ မှာ မိမိအသင်း ရှုံးနိမ့်နေခဲ့သော်ငြား ဖာနန်ဒင်ဟို ကို အလုပ်မဖြစ်ခဲ့သည့် ဆေးလ်ဗား အစား ထည့်သွင်းပြီး ကွင်းလယ်ခံစစ်ပိုင်းကို အားဖြည့်ခဲ့ခြင်းဖြစ်သည်..။



Second balls များကို အရယူခြင်း

ချယ်လ်ဆီးအသင်းမှာ ပွဲစကတည်းက မန် စီးတီးအသင်း ကစားသမားများ ဘောလုံးကိုင်ထားချိန် သိပ်မရအောင် အတင်းလိုက်ဖိအားပေး၊ သဲကြီးမဲကြီး လိုက်လံဖျက်ထုတ် (aggressive) ကစားခဲ့သည်..။ ထို့ကြောင့် second balls များကို အများဆုံး ပြန်လည်အရယူနိုင်ခဲ့ပြီး အချက်အလက်များအရ ချယ်လ်ဆီးအသင်းမှာ တစ်ပွဲလုံးအတွင်း ဖျက်ထုတ်မှု (tackles) (၃၇) ကြိမ်အနက် (၂၁) ကြိမ် အောင်မြင်ခဲ့သည်..။ မန် စီးတီး အသင်းမှာ tackles (၁၇) ကြိမ်အနက် (၈) ကြိမ်သာ ဘောလုံးအရ ပြန်ယူနိုင်ခဲ့သည်..။

အထူးသဖြင့်  ရိစ် ဂျိမ်းစ် နှင့် အန်ဂိုလို ကန်တေး တို့၏ ဘောလုံးဖျက်ထုတ်မှုများ (tackles)၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်ခဲ့မှုများ (interceptions) အထူးကောင်းမွန်ခဲ့သည်..။ ပြင်သစ်ကွင်းလယ်လူမှာ (၁၀) ကြိမ် ဘောလုံးအရယူနိုင်ခဲ့သလို ပြစ်ဒဏ်ဘော တစ်ကြိမ်မှ မပေးခဲ့ရပေ..။ ထို့အပြင်အချက်အလက်များအရ အန်ဂိုလို ကန်တေး မှာ ချယ်လ်ဆီးအသင်း ကစားသမားများအနက် အမြင့်ဘောများကို အများဆုံး (aerial duels) ပြန်လည်အရယူနိုင်ခဲ့သည့် ကစားသမားလည်း ဖြစ်ခဲ့သည်..။ အန်ဂိုလို ကန်တေး ၏ လုပ်အားနှုန်း၊ ဘောလုံးလမ်းကြောင်း မှန်းဆနိုင်မှုနှင့် တစ်ကွင်းလုံးအနှံ့ ရွှေ့လျား ကစားနိုင်မှုတို့မှာ မန် စီးတီးအသင်း၏ ကွင်းလယ်စိုးမိုးမှုကို တားဆီးခဲ့ရာတွင် အရေးပါခဲ့သလို အရေးကြီးသည့် အဆုံးအဖြတ်ပွဲစဉ်များတွင် ကွင်းလယ်အဖျက် ကစားသမားများ၏ အခန်းကဏ္ဍကို ပိုမိုပေါ်လွင် စေခဲ့ပါသည်..။



မန် စီးတီးအသင်း၏ press နှင့် ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုး

ပက်ပ် ဂွာဒီယိုလာ ၏ ကွင်းလယ်အဖျက် ကစားသမား မထည့်သွင်းရန် ဆုံးဖြတ်ချက်မှာ အသင်း၏ pressing ကစားပုံအပေါ်ကိုပါ ထိခိုက်စေခဲ့သည်..။ အောက်ပါပုံ (ပုံ- ၇) တွင် ပြသထားသည့်အတိုင်း ချယ်လ်ဆီးအသင်း ခံစစ်မှ build up play စတင်ချိန်များတွင် မန် စီးတီး အသင်း တိုက်စစ်ကစားသမား သုံးယောက်မှာ center backs သုံးယောက်ကို press လုပ်ခဲ့ပြီး ကွင်းလယ်ကစားသမား နှစ်ယောက်က ချယ်လ်ဆီးကွင်းလယ် ကစားသမားနှစ်ယောက်ထံ ဘောလုံးမပေးပို့နိုင်ရန် ပိတ်ဆို့ခဲ့သည်..။

ထို့ကြောင့် ချယ်လ်ဆီးဘက်မှ wing backs များထံ ဘောလုံးဖြန့်ဝေရာတွင် full backs များဖြစ်သည့် ဇီချန်ကို၊ ဝေါ့လ်ကား တို့က ရှေ့တက် တားဆီးရန် ဖြစ်လာခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အနိုင်ဂိုးမှာလည်း မန် စီးတီးအသင်း၏ pressing ကစားပုံကြောင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောနိုင်ပါသည်..။



ချယ်လ်ဆီးအသင်းမှ build up play စတင်ရာတွင် ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ က ဘယ်တောင်ပံတွင် လွတ်နေသော ဘင် ချီးဝဲလ် ထံသို့ ခုတ်တင်ပေးလိုက်သည်..(ပုံ- ၈)။



ထို့ကြောင့် မန် စီးတီး ညာနောက်ခံလူ ဝေါ့ကာ က ဘင် ချီးဝဲလ် ကို ပိတ်ဆို့ရန် (closed down) ပြေးတက်သွားခဲ့သည်..။ ဘင် ချီးဝဲလ် က တစ်ချက်မဆိုင်းပဲ marking လွတ်သွားသော မေဆန် မောင့် ထံ ပေးပို့လိုက်သည်..(ပုံ- ၉)။ ထိုအခါ ဗဟိုနောက်ခံလူ ဂျွန် စတုံး က ရှေ့တက်သွားခဲ့သော ဝေါ့လ်ကာ ၏ နေရာကို ဖြည့်ကစားရန် ညာဘက်သို့ ပြေးထွက်နေရာယူခဲ့သည်..။



မေဆန် မောင့် ထံ ဘောလုံးရောက်ရှိချိန်တွင် တီမို ဗာနာ က ရူဘင် ဒီးယက်ဇ်၊ ကိုင် ဟားဗာ့ဇ် က ဇီချန်ကို တို့နှင့် တစ်ဦးချင်း (1 vs 1) အနေအထား ရှိနေခဲ့သည်..။ ထိုအချိန်တွင် လိုက်ပ်ဇစ် တိုက်စစ်မှူးဟောင်းက marking ပေးထားသော ရူဘင် ဒီးယက်ဇ် ကို ဘယ်ဘက်သို့ဆွဲခေါ်၊ ယောင်ပြပြေးထွက် သွားလိုက်သောကြောင့် ညာခြမ်းမှ ဇီချန်ကို ၏ အတွင်းဘက်ကို ပြေးဝင်လာခဲ့သည့် ဂျာမနီအသင်းဖော်အတွက် ပြေးလမ်းကြောင်းပွင့်သွားခဲ့သည်..(ပုံ- ၁၀) ။  ထိုမှတဆင့် ကိုင် ဟာဗာ့ဇ် မှာ သူ၏ပြေးလမ်းကြောင်းအတိုင်း အတိအကျ ပေးပို့လာသည့်ဘောလုံးအား ဂိုးသမား အီဒါဆန် ကို ကျော်ဖြတ်ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်..။



ချယ်လ်ဆီးအသင်း၏ မာကျော၊ ကျစ်လျစ်သော ရေပက်မဝင်ခံစစ်

မန်ချက်စတာ စီးတီးအသင်းမှာ တိုက်စစ်အကောင်းဆုံး အသင်းတစ်သင်းအဖြစ် လူသိများခဲ့သော်လည်း ချယ်လ်ဆီးအသင်းနှင့် ဗိုလ်လုပွဲတွင် ဂိုးပေါက်တည့်ကန်ချက် (shot on target) တစ်ကြိမ်သာ ရရှိခဲ့သည်..။ တကယ်တမ်းတော့ အဆိုပါကန်ချက်မှာလည်း အတိအကျ ကန်သွင်းချက်ဟု မပြောနိုင်ခဲ့ပေ.။ အဆိုပါပွဲစဉ်အတွင်း ချယ်လ်ဆီးကစားသမားများမှာ tackles (၃၇) ကြိမ် ပြုလုပ်ခဲ့သော်လည်း မိမိအသင်း ပင်နယ်တီဧရိယာအတွင်း ဖျက်ထုတ်မှု တစ်ကြိမ်မှ မပါဝင်ခဲ့ပေ..။ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ မန် စီးတီးအသင်း၏ တိုက်စစ်ဆင်မှုများကို ဂိုးဧရိယာအတွင်း အဝင်မခံပဲ ဖျက်ထုတ်နိုင်ခဲ့သည်ဟု ပြောနိုင်ပေသည်..။

သို့သော်ယခုကဲ့သို့ ရေပက်မဝင် ခံစစ်ကြောင်းတွင် ဗဟိုခံစစ်မှူးများ၏ ရှင်းထုတ်မှု (clearances) များမှာ အဓိကကျခဲ့ပြီး center backs သုံးယောက်စလုံးမှာ တစ်ဦးလျှင် clearances (၁၁) ကြိမ်စီ ပြုလုပ်နိုင်ခဲ့သည်..။ မန်ချက်စတာ စီးတီး ကစားသမား (၁၄) ယောက်၏ clearances စုစုပေါင်းမှာ (၇) ကြိမ်သာ ရှိခဲ့ပါသည်..။ ထို့အပြင် အက်ဇ်ပီလီကွဲတား နှင့် အန်တိုနီယို ရူဒီဂါ တို့မှာ မန် စီးတီးအသင်း၏ ဂိုးကန်သွင်းချက်များကို နှစ်ကြိမ်စီ ပိတ်ဆို့ (blocked) နိုင်ခဲ့ပြီး အဆိုပါ blocked shots များအနက် ဖီးလ် ဖိုဒန် ၏ ကန်ချက်ကို အံ့မခန်းပိတ်ဆို့ခဲ့သည့် ရူဒီဂါ ၏ ဖျက်ထုတ်မှုမှာ အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါသည်..။

အန်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် မှာ ပွဲချိန် (၃၉) မိနစ်တွင်မှ ဝင်ရောက်လာခဲ့ရသော်လည်း အမှားအယွင်း လုံးဝမရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့် ကစားနိုင်ခဲ့သလို အရေးပါသည့် interception တစ်ကြိမ် ပြုလုပ်ပေးသွားနိုင်ခဲ့ပါသည်..။ ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲစဉ်တစ်လျှောက်လုံးတွင် ချယ်လ်ဆီးအသင်း၏ မာကျော၊ ကျစ်လျစ်သော ခံစစ်ကြောင်းမှာ အသင်း၏အောင်ပွဲအတွက် အရေးပါခဲ့ပြီး နောက်ဆုံးခံစစ်မှူးဖြစ်သည့် ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ မှာ ဗိုလ်လုပွဲစဉ် အပါအဝင် ပေးဂိုးမရှိ (clean sheets) (၉) ပွဲ ရယူခဲ့ပြီး ဗလင်စီယာ ဂိုးသမား ဆန်တီယာဂို ကာနီဇားရက်စ် (၂၀၀၀/၀၁)၊ ရီးရဲလ် မက်ဒရစ် ဂိုးသမား ကေလာ နားဗက်စ် (၂၀၁၅/ ၁၆) တို့နှင့်အတူ တစ်ရာသီအတွင်း clean sheets အများဆုံး ရယူခဲ့သည့် စံချိန်ကိုပါ အရယူနိုင်ခဲ့သည်..။



နိဂုံးချုပ်သုံးသပ်ချက်

ပထမဆုံးအနေဖြင့် မိမိတို့အပိုင်နိုင်ဆုံး၊ မိမိတို့နှင့် အကျွမ်းတဝင်အဖြစ်ဆုံး ကစားကွက်၊ နည်းဗျူဟာဖြင့်သာ ပွဲကိုချဉ်းကပ်ခဲ့ပြီး ပြိုင်ဘက်အသင်းအနေအပေါ် မူတည်၍ လိုအပ်သလို အပြောင်းအလဲပြုလုပ်၊ ထိန်းညှိနိုင်ခဲ့သည့် သောမတ်စ် တူခယ်လ် နှင့် ချယ်လ်ဆီးအသင်းကို ချီးကျူးရပါမည်..။ တစ်သင်းလုံး၏ စိတ်အားထက်သန်မှု၊ ပေးဆပ်မှုနဲ့ လုပ်အားနှုန်းတို့မှာ အထူးကျေနပ်ဖွယ်ကောင်းလှသလို ရိစ် ဂျိမ်းစ် နှင့် ကန်တေး တို့၏ စွမ်းဆောင်ရည်များကတော့ အတိုင်းထက်အလွန်..၊ အပြစ်ပြောဖွယ်မရှိ ဖြစ်ခဲ့ရသည်..။

မန်ချက်စတာ စီးတီးအသင်းမှာ နည်းစနစ်ပိုင်းအရ ပွဲကိုချဉ်းကပ်ခဲ့ပုံ မှားယွင်းခဲ့သလို သူတို့၏ စမ်းသပ်မှု၊ စွန့်စားခဲ့မှာ ချယ်လ်ဆီးအသင်းကို ကစဉ့်ကလျား ဖြစ်စေဖို့ မလုံလောက်ခဲ့ပါဟု ပြောနိုင်ခဲ့ပါသည်..။ တကယ်တော့ ပက်ပ် ဂွာဒီယိုလာ မှာ ယခုကဲ့သို့ ဖြတ်သန်းလာခဲ့သည့် ခရီးလမ်းတစ်လျှောက် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် ပွဲကြီးပွဲကောင်းများတွင်လည်း ယခုလိုနည်းစနစ် အသစ်အဆန်းများကို စမ်းသပ်၊ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုဗိုလ်လုပွဲစဉ်တွင် ကစားသမားများ လုံလောက်သည့် ခြေစွမ်းမပြနိုင်ခဲ့မှုမှာ ပွဲထွက်အခင်းအကျင်းနှင့် နည်းစနစ်ပိုင်းဆုံးဖြတ်ချက်တို့နှင့် သက်ဆိုင်နိုင်ပါသည်..။

ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ အကောင်းဆုံးသော မာကျော၊ ကျစ်လျစ်မှု၊ စုစည်းမှု၊ အကောင်းဆုံးသော စိတ်ဓါတ်နှင့် ကြိုးစားအားထုတ်မှုတို့ဖြင့် ပြိုင်ဘက်အသင်း၏ အမှားအယွင်းများကို မိမိရရ အသုံးချရင်း အနိုင်ပွဲကို ထိုက်ထိုက်တန်တန် ရယူသွားနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း သုံးသပ်၊ တင်ဆက်လိုက်ပါသည်..။

Reference
========
- ‘Tactical Analysis: How Manchester City undid themselves against Chelsea in the Champions League final’, by Neel Shelat, Sportslens.com
- The Debrief: Dominance on the flanks and unbeatable defence provide foundations for Champions League glory’, chelseafc.com
- Manchester City 0 - 1 Chelsea: Tactical Analysis, coachesvoice.com