feature-image

တနင်္ဂနွေနေနေ့ ဘောလုံးစကားဝိုင်း (အာဆင်နယ် Vs ချယ်လ်ဆီး)

တနင်္ဂနွေနေနေ့ညက လန်ဒန်မြို့ Emirates ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဥ်အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကိန်း၊ လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဂရမ်မ် ဆောင်းနက်စ်၊ အာဆင်နယ်အသင်း နောက်ခံလူဟောင်း ဆိုးလ် ကမ်းဘဲလ် တို့က Sky Sports ရုပ်သံဌာန၏ ‘Super Sunday’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..၊ ဒီနေ့ပွဲမှာဆိုရင် ချန်ပီယံဖြစ်လာနိုင်မယ့် အသင်းတွေက တစ်သင်းအဖြစ် ရေပန်းစားနေတဲ့ ချယ်လ်ဆီးအသင်းဟာ အင်းမရိတ် ကစားကွင်းကြီးမှာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို ရလဒ်ပိုင်းအနေနဲ့ရော အချက်အလက်ပိုင်းတွေအရပါ ပြတ်ပြတ်သားသားနဲ့ အနိုင်ရရှိသွားခဲ့တယ်..။ ကဲ.. ဂရမ်မ် ရေ.. ပထမဆုံးအနေနဲ့ ဒီနေ့ပွဲအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလားဗျ..

ဂရမ်မ် ဆောင်းနက်စ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ အရမ်းကိုကောင်းမွန်ပါတယ်..။ ပြီးပြည့်စုံတဲ့ ကစားပုံ (fabulous) လို့တောင် ပြောချင်ပါတယ်..။ အာဆင်နယ်အသင်းကို အားပေးတဲ့သူတွေက ဒုတိယပိုင်းမှာ သူတို့အသင်းရဲ့ ကစားပုံ ကောင်းမွန်လာတာပဲလို့ ပြောကြမှာ ဖြစ်ပေမယ့် အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ကစားအားချလိုက်လို့ပါ..။ သူတို့အသင်းဟာ ကစားပုံအရမ်းကောင်းတယ်..၊ ယုံကြည်မှုအပြည့်ရှိတယ်..၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်ရှိသလို အသင်းလိုက် ကစားပုံ တကယ်ကောင်းခဲ့ပါတယ်..။ အသင်းတစ်သင်းရဲ့ ကစားပုံဟာ အဲဒီလိုနားလည်မှုအပြည့်နဲ့ တကယ့်ကို ပြည့်စုံခဲ့တဲ့အဆင့်ကို ရောက်ရှိသွားတဲ့အခါမှာ သူတို့အတွက် အရာရာဟာ အရမ်းကိုလွယ်ကူနေသလို ဖြစ်သွားခဲ့တာပေါ့ဗျာ…



ရွိုင် ကိန်း - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ကစားပုံဟာ ပွဲမစခင်မှာ ကျွန်တော်တို့အားလုံးရဲ့ ခန့်မှန်းချက်တွေ၊ ထင်ကြေးတွေနဲ့ ကိုက်ညီအောင် အစွမ်းပြနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်လည်း နှစ်ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် တကယ်အားထည့် ကစားခဲ့မယ်ဆိုရင် ၅ဂိုး၊ ၆ဂိုး.. ၇ဂိုးလောက်တောင် ပြတ်သွားမလားပဲ..။ သူတို့အသင်းရဲ့ ကစားသမား တစ်ဦးချင်းစီရဲ့ အရည်အချင်း၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ စိတ်ဓါတ်၊ ယုံကြည်မှုအပိုင်း.. ဘာမှကို အပြစ်ပြောစရာ မလိုအောင်ပါပဲ..။ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကြောင့် ရှော့ခ် ရသွားတာကို ခင်ဗျားတို့ တွေ့ခဲ့ကြမှာပါ..။ အာဆင်နယ် အသင်းအနေနဲ့ ဒီလိုရလဒ်၊ ဒီလိုကစားပုံမျိုးကို မျက်ကွယ်ပြုပြီး ရှောင်ပြေးနေလို့မရတော့ပါဘူး.။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေသာ ဒီထက်ပိုပြီး သိသိသာသာ တိုးတက်အောင် မပြုလုပ်နိုင်ရင် လာမယ့်တစ်ရာသီလုံး ဒုက္ခကောင်းကောင်း တွေ့ပါလိမ့်မယ်..။

ဆိုးလ် ကမ်းဘဲလ် - အင်းဗျ..၊ ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေရဲ့ အရည်အသွေးပိုင်းရော၊ အတွေ့အကြုံပိုင်းမှာပါ သိသိသာသာကြီးကို သာလွန်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေဟာ ရိုမီလူ လူကာကူ ကို နေရာလွတ်တွေ အများကြီးပေးခဲ့တယ်ဗျာ..။ သူ့ဆီကိုအဝေးဘော၊ အနီးဘော.. ပေးပို့လာတဲ့ဘောလုံးတွေကို မတားဆီးနိုင်ခဲ့တဲ့အပြင် ကွင်းလယ်က ဂျော်ဂင်ဟို လို ကစားသမားကို ဘောလုံးပေးကိုင်ခွင့် ပေးခဲ့ပါတယ်..။ အဲဒီတော့ ဂျော်ဂင်ဟို က ပွဲကိုကောင်းကောင်း ထိန်းချုပ်သွားပြီပေ့ါဗျာ..။ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ကစားအားတင်ခဲ့တာကြောင့် သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဘက်က တကယ်တင်ကစားမယ်ဆိုရင် နောက်ထပ်ဂီယာ နှစ်ချက်လောက် တင်ကစားနိုင်ဖို့ ကျန်နေခဲ့ပါသေးတယ်..။



ဒေးဗစ် ဂျုံးစ် - ပွဲအပြီးမှာ နည်းပြသောမတ်စ် တူခယ်လ် ဟာ သူ့အသင်းရဲ့ကစားပုံနဲ့ ရိုမီလူ လူကာကူ ရဲ့ ပွဲထွက်အပေါ် အထူးကျေနပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်..။ အခုလို တိုက်စစ်မှူး ရိုမီလူ လူကာကူ ရောက်လာခဲ့ပြီးတဲ့နောက်မှာ သူတို့အသင်းရဲ့ ကစားပုံ ဘယ်လိုပြောင်းလဲသွားခဲ့လဲ.. သုံးသပ်ပေးပါဦးလား..

ရွိုင် ကိန်း - လူကာကူ ဟာ ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ သူရောက်ရှိလာတာကြောင့် သူတို့အသင်းအတွက် တိုက်စစ်လမ်းကြောင်း အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့ နည်းလမ်းတွေ အများကြီးရရှိသွားပါတယ်..။ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမားတွေအကြောင်းကို ချီးမွမ်းခန်းဖွင့်နေလို့က ကျွန်တော်တို့ တနေကုန်သွားပါလိမ့်မယ်..။ အရေးကြီးတာက ခံစစ်ကြောင်း ခိုင်မာ၊ တောင့်တင်းမှုပါ..။ ဒီနေ့မှာဆိုရင်လည်း clean sheet ရခဲ့သလို ခိုင်မာတဲ့ ခံစစ်ကြောင်းအပေါ်မှာ အသင်းကို ဆက်လက်တည်ဆောက်ရတာပါ..။ နောက်ပြီးသူတို့အသင်းရဲ့ အရန်ခုံပေါ်က ကစားသမားတွေရဲ့ အင်အားကိုလည်း ကြည့်လိုက်ပါဦး..။ ကန်တေး.. သီယာဂို ဆေးလ်ဗား တို့လို ကစားသမားကြီးတွေ ရှိနေပါသေးတယ်…။ ဒ့ါကြောင့်မန်နေဂျာအတွက် အပြောင်းအလဲ ပြုလုပ်နိုင်ဖို့ နည်းလမ်းတွေ အများကြီးပါပဲ..။

ဒီနေ့ချယ်လ်ဆီးအသင်းကို ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် အသင်းရဲ့ကစားပုံနဲ့ စုစည်းမှုဟာ အရမ်းကို ‘တောက်ပ.. ကြွရွ (swagger)‘ နေပါတယ်..။ အာဆင်နယ်အသင်းအတွက် အဖြေမရှိခဲ့သလို တကယ်တော့ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ထိပ်ပုပ်၊ ခေါင်းပုပ် ကစားသွားခဲ့တာဗျ…။ အာဆင်နယ်အသင်းရဲ့ မလျော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် ဒီနေ့မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ အထူးအံဝင်ဂွင်ကျဖြစ်ပြီး ညက်ညောလွန်းခဲ့ပါတယ်.။



ဆိုးလ် ကမ်းဘဲလ် - သူတို့အသင်းဟာ ဆုဖလားတွေအတွက် ဆာလောင်မှုအပြည့် ရှိနေတယ်..၊ အစွမ်းကုန် ကြိုးစား အားထုတ်ကစားတယ်..၊ တစ်ယောက်ချင်းစီမှာ အရည်အသွေးပိုင်းအရလည်း မြင့်မားတယ်..၊ ကြံ့ခိုင်မှုကောင်းမွန်တယ်..၊ လျှင်မြန်မှုအပိုင်းရော၊ နည်းစနစ်ကျွမ်းကျင်မှုအပိုင်း၊ လိုအပ်သလို အားထည့် အရှိန်မြှင့် ကစားနိုင်တဲ့အပိုင်းမှာရော.. ဘာမှကို အပြစ်ပြောစရာ မရှိပါဘူး..။ ဒါပေမယ့် ဘောလုံးရာသီဟာ နောက်ထပ်အဝေးကြီးသွားရဦးမယ့် ခရီးရှည်ကြီးတစ်ခုပါ..။ အခုမှနှစ်ပွဲပဲ ရှိနေသေးတယ်.. ဆိုပေမယ့် သူတို့အသင်းဟာ ဆုဖလားတွေကို ကောင်းကောင်းစိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းဆိုတာ သေချာပါတယ်..။

မန်နေဂျာကတော့ ‘No.. သူတို့အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးပါတယ်..’ လို့ ပြောမှာပဲ..။ ဒါပေမယ့် သူတို့အသင်းဟာ ဆုဖလားကို အမှန်တကယ် စိန်ခေါ်နိုင်မယ့် အရည်အသွေးတွေ ရှိနေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ နောက်ပြီးသူတို့အသင်းရဲ့ အရန်ကစားသမားတွေကိုလည်း ကြည့်လိုက်ဦးလေဗျာ…

ဒေးဗစ် ဂျုံးစ် - ဂရမ်မ် ရေ.. ချယ်လ်ဆီးအသင်းအတွက်တော့ နောက်တစ်ပါတ် အန်ဖီးလ်ကွင်းမှာ ယှဥ်ပြိုင်ရမယ့်ပွဲကမှ တကယ့်ကိုစစ်မှန်တဲ့ စိန်ခေါ်မှုတစ်ခု၊ စာမေးပွဲတစ်ခု ဖြစ်ပါလိမ့်မယ်..။ ဒါပြီးရင် နောက်လာမယ့် လေးပွဲအတွင်း စပါး၊ မန်ချက်စတာ စီးတီး အသင်းတွေနဲ့ ရင်ဆိုင်ရပါဦးမယ်..။ ဒ့ါကြောင့်အဲဒီကာလတွေ ကျော်ဖြတ်ပြီးရင် ချယ်လ်ဆီးအသင်းအကြောင်း ကျွန်တော်တို့ ပိုပြီးသိလာရမယ်လို့ ထင်တာပဲဗျ.. ဟုတ်တယ်မလား..



ဂရမ်မ် ဆောင်းနက်စ် - တခါတလေကျ စာရွက်ပေါ်မှာ ခက်ခဲမယ်လို့ ထင်ခဲ့ကြပေမယ့် အထင်နဲ့အမြင် လွဲတတ်ပါတယ်..။ ဒီနေ့ပွဲဆိုလည်း အင်းမရိတ် ကွင်းမှာ လာကစားရတာဆိုတော့ ချယ်လ်ဆီးအသင်းအတွက် လွယ်လိမ့်မယ် မဟုတ်ဘူးဆိုပြီး တွက်ဆခဲ့ကြတာပဲ..။ အဲဒီလိုမှ မဖြစ်လာခဲ့တာ..။ ဒ့ါကြောင့်တကယ် ကန်တဲ့အချိန်ကျမှ ကျွန်တော်တို့တွေရဲ့ မှန်းဆချက် မှန်၊ မမှန် စောင့်ကြည့်ရမှာပါပဲဗျ…

ခုနက ဆိုးလ် ပြောခဲ့သလိုပေ့ါ.. အခုမှနှစ်ပွဲပဲ ရှိပါသေးတယ်..၊ အခုပြီးခဲ့တဲ့ နှစ်ပွဲကို အေးအေးသက်သာ ဖြတ်ကျော် အနိုင်ရရှိခဲ့တယ်..၊ ဒ့ါကြောင့်သူတို့အသင်းရဲ့ ကစားပုံအရဆိုရင် ဆုဖလားအတွက် စိန်ခေါ်နိုင်မယ့် အလားအလာ ရှိနေတယ်ပေ့ါ..။ ဒါပေမယ့် သူတို့အသင်းဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်ကျော်ရပါဦးမယ်..။ အဲဒီကာလတွေကို ရင်ဆိုင်နိုင်ရမယ်..၊ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်..။ ကျွန်တော်ကတော့ သူတို့အသင်းဟာ တစ်ဦးချင်းစီမှာရော..၊ တစ်ယောက်နဲ့တစ်ယောက် အပေါ်မှာပါ ယုံကြည်မှုအပြည့်ရှိနေတဲ့ အသင်းတစ်သင်းအဖြစ် ရောက်ရှိနေတယ်လို့ ပြောချင်ပါတယ်..။ အဲဒီလိုအဆင့်မျိုးမှာ အသင်းတစ်သင်းဟာ ဘယ်လိုပုံစံနဲ့ ကစားသည်ဖြစ်စေ.. ဖြစ်တာပဲဗျ..။ တကယ်တော့ ဒီနေ့ပွဲမျိုးဆိုတာ ဥရောပပြိုင်ပွဲအဆင့် အဝေးကွင်းပွဲတစ်ပွဲ ဖြစ်ပေမယ့် အာဆင်နယ် ဟာ သူတို့ရဲ့ကစားပုံကို ဘယ်လိုမှကို လိုက်မမှီခဲ့ပါဘူး..။

ဒ့ါအပြင်အခုဆိုရင် လူကာကူ ပါ ထပ်ပြီးအားဖြည့်.. ရောက်လာခဲ့ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ game changer.. အပြောင်းအလဲတွေကို ယူဆောင်ပေးနိုင်တဲ့သူ ဖြစ်လာပါလိမ့်မယ်..။ ဒ့ါကြောင့်သူတို့အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်း ဖြစ်လာမှာတော့ သေချာနိုင်ပါတယ်..။ ကျွန်တော်ကတော့ သူတို့အသင်းဟာ လိဂ်ဖလားတင် မဟုတ်ပါဘူး..၊ ရှုံးထွက်ဖလားတွေမှာလည်း ချန်ပီယံဆုအတွက် စိန်ခေါ်ဦးမယ့် အသင်းဖြစ်လာဦးမယ်လို့ ထင်ပါတယ်..။ သူတို့အသင်းဟာ အောင်ပွဲတွေအတွက် လိုအပ်တဲ့ဂီယာကို တင်ပြီးကစားနိုင်တဲ့ အဆင့်အတန်းမှာ ရှိနေပါတယ်..။ ဒါပေမယ့် သူတို့အသင်းရဲ့ အဲဒီအောင်မြင်မှုခရီးရှည် လမ်းကြောင်းဟာ ခက်ခဲဦးမယ်..၊ ကြမ်းတမ်းဦးမယ်..၊ အတားအဆီးတွေ အခက်အခဲတွေ ရှိပါဦးမယ်..။ ဒီနှစ်ပွဲနဲ့တော့ ကျွန်တော်တို့ လီဗာပူးလ်..၊ မန် ယူနိုက်တက်.. မန် စီးတီးအသင်းတွေကို ဖယ်ထားလို့ မရနိုင်သေးပါဘူး..။



ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲမှာ ရိုမီလူ လူကာကူ ရဲ့ စွမ်းဆောင်ရည်ဟာ rating (၁၀) မှာ အနည်းဆုံး (၈) အထိ ပေးလို့ရတဲ့ ပြည့်စုံတဲ့ စွမ်းဆောင်ရည်မျိုး ပြသသွားနိုင်ခဲ့တယ်လို့ ပြောရမှာပါ.။ သူ့ရဲ့ကစားပုံအပေါ် ခင်ဗျားရဲ့အမြင်၊ သုံးသပ်ချက်ကို ပြောပြပေးနိုင်မလား.. ဂရမ်မ် ရေ..

ဂရမ်မ် ဆောင်းနက်စ် - သူ့ဆီမှာ တိုက်စစ်မှူးတစ်ယောက် ရှိသင့်တဲ့စွမ်းရည် အကုန်လုံးရှိနေပါတယ်..။ သူဟာနောက်တန်းလူတွေကြားက ဘောလုံးကို အရယူနိုင်တယ်..၊ တွန်းတိုက်ပြီး ကိုင်ထားနိုင်တယ်..၊ သူ့ရဲ့ hold up play ကစားပုံတွေကို ကြည့်မယ်ဆိုရင် အရင်တုန်းကထက်ကို သိသိသာသာ တိုးတက်လာခဲ့ပါတယ်..။ ရွိုင်း ရေ.. ခင်ဗျားတို့လို ကွင်းလယ်ကစားသမားတွေဆိုရင် သူ့လိုတိုက်စစ်မှူးနဲ့ တွဲဖက်ကစားချင်မှာ အသေအချာပဲ.. မဟုတ်ဘူးလားဗျ…။ ကိုယ့်ဆီမှာ အခက်အခဲတွေ့နေပြီဆိုရင် သူ့ဆီကို ဘောလုံးရောက်အောင် ပေးလိုက်တာနဲ့ ဖိအားတွေ အတော့်ကို သက်သာသွားမှာပါ..။ နောက်ပြီးသူ့ရဲ့ နေရာယူ ကောင်းမွန်ပုံနဲ့ ဖြတ်တင်ဘောတွေကို အရယူပုံတွေဟာ နောက်ခံလူတွေအတွက် အတော်လေးကို အခက်တွေ့စေပါတယ်..။ အထူးသဖြင့် ကျွန်တော်ချီးကျူးလိုတာက သူ့ရဲ့ပွဲအပေါ်ကို သုံးသပ်နိုင်စွမ်း၊ ဖတ်နိုင်စွမ်းနဲ့ အသင်းဖော်တွေကို ဦးဆောင်နိုင်တဲ့ စွမ်းရည်ပါပဲ..။ သူဟာအီတလီကနေ အရင်ကထက်ပိုပြီး သိသိသာသာ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်..။

ဆိုးလ် ကမ်းဘဲလ် - အင်းဗျ.. အန်တိုနီယို ကွန်တီ ဟာ သူ့ကိုတကယ့်ကို ထူးချွန်တဲ့ ကစားသမား တစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။ သူကလည်း ကွန်တီ ရဲ့ သင်ပြ၊ လမ်းညွှန်မှုတွေကို အမြဲတမ်း အသိအမှတ်ပြု ထည့်သွင်းပြောဆိုခဲ့တာပါပဲ..။ ဒါ့အပြင် သူဟာ သီယာရီ အွန်နရီ၊ ဒီဒီယာ ဒရော့ဘာ တို့လို တိုက်စစ်မှူးတွေဆီကလည်း ဆည်းပူး၊ လေ့လာသင်ကြားခဲ့ပါတယ်..။ ဒ့ါကြောင့်လည်း သူဟာတကယ့်ကို ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အဖြစ် ပြောင်းလဲ၊ တိုးတက်လာခဲ့တာပါ..။ အထူးသဖြင့် သူ့ရဲ့လေ့လာ၊ သင်ယူချင်စိတ်၊ တိုးတက်ချင်တဲ့စိတ်တွေ အဟုန်တညီးညီး မကုန်ဆုံးသေးတာဟာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။ ဒီနေ့မှာတော့ ဘယ်လိုမှသူ့ကို ယှဥ်ပြီးကစားလို့ကို မရနိုင်ခဲ့ပါဘူး.။



ရွိုင် ကိန်း - သူဟာထူးချွန်တဲ့ ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် ရောက်ရှိပြီးသားပါ..။ ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့တွေ့ဆုံခန်းတွေမှာဆိုရင် လူကာကူ ဟာ ပိုပြီးရင့်ကျက်တဲ့ ကစားသမား တစ်ယောက်အဖြစ် ပြောင်းလဲလာတယ်..၊ အသင်းလိုက်ကို ပိုပြီးဦးစားပေးတဲ့ team player အဖြစ် ပြောင်းလဲလာတယ်ဆိုတာ သတိထားမိခဲ့ပါတယ်..။ ပုံမှန်အားဖြင့် တိုက်စစ်မှူးတွေဆိုတာ လောဘကြီးတယ်..၊ တစ်ကိုယ်ကောင်းဆန်ကြတာပဲ..။ မန် ယူနိုက်တက် အသင်းတုန်းကဆိုရင် သူဟာအသင်းဖော်တွေနဲ့ တွဲပြီးကစားလေ့ မရှိတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်..။ ကွန်တီ ဟာ အဲဒီအကျင့်တွေကို ပြောင်းလဲပေးခဲ့ပြီး အသင်းတစ်သင်းအနေနဲ့ အောင်မြင်တဲ့ ကစားသမားတစ်ယောက်အဖြစ် ပုံသွင်းပေးခဲ့ပါတယ်..။

အခုချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ သူ့အတွက် ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ ပြောခဲ့ကြပါတယ်..။ အခုခေတ်ကာလမှာ အရည်အချင်းရှိတဲ့..၊ တိုးတက်မယ့် အလားအလာရှိတယ်ဆိုရင် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၅၀) လောက် ပေးနေရပြီဆိုတော့ ဒီလိုပြည့်စုံပြီး အသင့်သုံးနိုင်တဲ့ ကစားသမားတစ်ယောက်ကို စတာလင်ပေါင်သန်း (၉၀) ကျော်နဲ့ ၀ယ်ယူနိုင်ခဲ့တာဟာ မျှတတဲ့စျေးနှုန်းလို့ ပြောရမလိုပါပဲ…။ မနှစ်ကဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တယ်..၊ သူတို့ဟာ ဂရေးလစ်ရှ် ကို ထပ်မံအားဖြည့်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဥရောပဖလားကို ရရှိခဲ့တယ်..၊ သူတို့ဟာ လူကာကူ ကို ထပ်ပြီးအားဖြည့်ခဲ့ပါတယ်..။ ဒါဟာသူတို့ရဲ့ ပြိုင်ဘက်တွေကို သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ..။

နောက်ပြီးလူကာကူ ရဲ့ သန်မာမှုနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အနေအထားကလည်း set pieces တွေ ကာကွယ်ရာမှာရော၊ အသုံးချတဲ့နေရာမှာပါ အင်မတန်မှ အရေးပါပါတယ်..။ ချယ်လ်ဆီးအသင်းဟာ နည်းစနစ်ပိုင်း ကောင်းမွန်ပြီး ကြံ့ခိုင်မှုအပိုင်းမှာရော အမြင့်ဘောတွေ ကစားတဲ့နေရာမှာပါ ထူးချွန်ပါတယ်..။ ဒ့ါကြောင့်လူကာကူ ရဲ့ set pieces တွေ အသုံးချနိုင်တဲ့စွမ်းရည်ကို အားဖြည့်ပေးလိုက်တာကြောင့် အသင်းက တခြားကစားသမားတွေကို စိတ်ဓါတ်ရော၊ စွမ်းဆောင်ရည်ပိုင်းမှာပါ မြှင့်တင်ပေးလိုက်သလိုပါပဲ..။ သူတို့အသင်းဟာ နဂိုကကြံ့ခိုင်မှုကောင်းမွန်ပြီးသား အသင်းဆိုတော့ အခုဆိုရင် သူတို့အသင်းကို အနိုင်ရဖို့ ပိုပြီးတော့တောင် ခက်ခဲသွားပါပြီ..

ဒေးဗစ် ဂျုံးစ် - အင်းဗျ..၊ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးမှာဆိုရင် ဗဟိုနောက်ခံလူတွေ ကပ်ထားတဲ့ကြားက လူကာကူ ရဲ့ ခွန်အားကိုပါးပါးနပ်နပ် အသုံးချကစားသွားပုံကို ကျွန်တော်တို့ မြင်တွေ့လိုက်ရတာပဲ.. ဟုတ်တယ်မလား.. ဂရမ်မ် ရေ..

ဂရမ်မ် ဆောင်းနက်စ် - လူကာကူ ဟာ သူ့ဆီကို ရောက်လာတဲ့ ဘောလုံးကို နောက်ခံလူတွေကိုကာပြီး ထိန်းထားတယ်..၊ သူ့ဘေးက မေဆန် မောင့် က ညာဘက်ကနေ ပြေးတက်သွားဟန်ပြပြီး ကီရန် တီယာနီ ကို ဆွဲထုတ်သွားပါတယ်..။ မေဆန် မောင့် ရဲ့ လှုပ်ရှားမှုကြောင့် အာဆင်နယ်အသင်းရဲ့ ဘယ်တောင်ပံခြမ်းမှာ နေရာလွတ်ကြီး (space) ပေါ်လာပါတယ်..(ပုံ-၁) ။ လူကာကူ က အဲဒီနေရာလွတ်ကို ဘောလုံးရောက်အောင် ပေးပို့ရပါမယ်..။ ဒ့ါကြောင့်သူဟာ အနီးမှာကပ်ပါလာတဲ့ ကိုဗာဆစ် နဲ့တွဲကစားပြီး ကိုဗာဆစ် က နောက်ကနေ အသင့်ပြေးတက်လာတဲ့ ရိစ် ဂျိမ်းစ် ရဲ့ ပြေးလမ်းကြောင်းထဲကို ခုတ်တင်ပေးလိုက်ပါတယ်..။



နောက်တော့ လူကာကူ ဟာ ပါဘလို မာရီ ကို တွန်းတိုက်ပြီး ပြေးတက်သွားတယ်..၊ ရိစ် ဂျိမ်းစ် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို အသာလေး ပြေးပိတ်လိုက်ပါတယ်..။ ရိုးရိုးလေးပါပဲ..။ အဲဒီကစားကွက်ဟာ အထောင်တိုက်စစစ်မှူးတွေ ကစားနေကျ text book ကစားကွက်ပဲဗျ.၊ ဘာမှမထူးဆန်းပါဘူး..။ တကယ်တော့ ဒီနေ့ပွဲမှာ လူကာကူ ဟာ hattrick တောင် ရသင့်ပါတယ်..။ အဲဒီဂိုးမှာဆိုရင် အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်မှူးတွေ ပျော့တာကြောင့်လည်း ပါတယ်ဗျ..။

ဒေးဗစ် ဂျုံးစ် - ဆိုးလ် ရေ.. ပါဘလို မာရီ ဟာ အဲဒီလိုအနေအထားမျိုးမှာ ဘယ်လိုပုံစံနဲ့ ကာကွယ်သင့်လဲ.. ပြောပြပေးပါလား..
ဆိုးလ် ကမ်းဘဲလ် - အဓိကအရေးကြီးဆုံးက ဖြစ်ပေါ်လာတဲ့ အနေအထားမှာ ဘယ်လိုအကောင်းဆုံး တုံ့ပြန်မလဲ..? (reaction) ဆိုတဲ့ ဆုံးဖြတ်ချက်က အရေးအကြီးဆုံး ဖြစ်ပါတယ်..။ လူကာကူ က နောက်နဲ့တွဲကစားတယ်..၊ ပြီးရင် (၆) ကိုက်စည်းထဲ.. ဂိုးရှေ့ကိုပြေးမယ်ဆိုတာ သိသာနေတာပဲလေ..၊ သူ့ထက်ပိုပြီး စောစောစီးစီး နောက်ကိုပြေးဆင်းရမယ်..၊ သူပြေးတက်လာမှာကို စောင့်မနေနဲ့..၊ ဘာဖြစ်လို့လည်းဆိုတော့ နောက်ဆုံးကျ ဘောလုံးဟာ ဂိုးရှေ့ကိုပဲ ရောက်လာမှာ သိနေတာပဲကိုဗျာ..။ အသင့်စောင့်..၊ လာတဲ့ဘောလုံးရှင်းထုတ်.. ဒါပါပဲ..။

ဒေးဗစ် ဂျုံးစ် - ဒါပေမယ့် လူကာကူ က ပြေးထွက်သွားတာ သူ့ထက်စောနေတာကိုးဗျ…
ဆိုးလ် ကမ်းဘဲလ် - No.. မှန်ပါတယ်..။ တကယ်တော့ နောက်ခံလူတစ်ယောက်အနေနဲ့ အန္တရာယ်ကို ကြိုမြင်ရမယ်..၊ ပါးနပ်ရမယ်လေ…
ရွိုင် ကိန်း - အင်းဗျ.. ဗဟိုနောက်ခံလူ (center half) တွေက ဘာဖြစ်လို့ အထောင်တိုက်စစ်မှူးတွေကို ဗလချင်းယှဥ်တိုက်၊ နဘန်းလုံးချင်နေတာလဲ.. ကျွန်တော်နားမလည်မိဘူးဗျ..။ အမှန်တော့ လူကာကူ နောက်ကိုပြန်ပေးကတည်းက သူ့ကိုခွာပြီး နောက်ကိုဆုတ်..၊ အသင့်အနေအထားနဲ့ ခွာပြီးစောင့်မယ်ဆိုရင် ဒီလိုများ မဖြစ်ဘူးလားလို့…။ တကယ်တော့ သူကလူကာကူ ကို အကျောပေးပြီး အဲဒီလို တွန်း.. ဆွဲဖို့ လုပ်လိုက်တာ လူကာကူ ရဲ့ အကြိုက်ဖြစ်သွားခဲ့ပါတယ်..။



ဂရမ်မ်း ဆောင်းနက်စ် - အဲဒီလို ဂိုးပေါက်ကိုကျောပေး၊ ဘောလုံးကိုလက်ခံယူ၊ အနီးကလူနဲ့တစ်ချက်တွဲပြီး ဂိုးရှေ့မှာ အသင့်စောင့်..၊ ရောက်လာတဲ့ ဘောလုံးကိုပိတ်သွင်းတဲ့နေရာမှာ ကျွန်တော်တို့နဲ့ တွဲကစားခဲ့ဖူးတဲ့ ကင်နီ ဒါးကလစ်ရှ် က အကောင်းဆုံးပါ..။ သူဟာလူကာကူ ရဲ့ ခန္ဓာကိုယ် အရွယ်အစားမျိုး မရှိပေမယ့် ဘောလုံးထိန်းတာ၊ ဘောလုံးကာတာ ပိုပြီးသပ်ရပ်တယ်..၊ နောက်ပြီးတိုက်စစ်မှူးတစ်ယောက်.. မုဆိုးတစ်ယောက်ရဲ့ အနံ့ပေါ့… ဘောလုံးရောက်လာမယ့် နေရာကိုကြိုပြီး မြင်နိုင်စွမ်းမှာ ပိုပြီးကောင်းမွန်တယ်ဗျ..။ အခုလက်ရှိမှာ လူကာကူ ဟာ ကင်နီ လောက် မကောင်းသေးဘူး.၊ ဒါပေမယ့် သူဟာအခုထက်ပိုပြီး ကောင်းလာဦးမှာဗျ..။ ဒ့ါကြောင့်သူဟာ အခုအချိန်မှာ တကယ့်ကို ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးဘူး..၊ ဒီထက်ပိုပြီး သပ်ရပ်ကောင်းမွန်တဲ့ တွဲလုံးတွေ၊ ပိတ်သွင်းချက်တွေကို ကျွန်တော်တို့ မြင်တွေ့ကြရပါဦးမယ်..။

ရွိုင် ကိန်း - ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံခန်းမှာလည်း လူကာကူ ဟာ သူ့ရဲ့ဂိုးပေါက်ကိုကျောပေးပြီး ကစားပုံတွေ၊ အသင်းဖော်တွေနဲ့ တွဲဖက်ကစားပုံတွေ အခုထက်ပိုပြီး ကောင်းမွန်အောင် ကြိုးစားရဦးမယ်လို့ ပြောသွားပါသေးတယ်..။ အထူးသဖြင့် နောက်တန်းခံစစ်ကြောင်းက နောက်ကိုအမြန်ဆုတ်လိုက်ပြီဆိုရင် ကွင်းလယ်ကစားသမားတွေနဲ့ ဘယ်လိုတွဲကစားပြီး ထိုးဖောက်မလဲ.. ပြန်ပြီးလေ့ကျင့်ဖို့ လိုအပ်ပါလိမ့်မယ်..။ ကျွန်တော့်ရဲ့အသင်းဖော် မာ့ခ် ဟုခ်ျ ဆိုရင် ဘောလုံးကိုထိန်းထားတယ်..၊ ပြီးရင်နောက်ကနေ ပြေးတက်လာတဲ့ အသင်းဖော်တွေနဲ့ တွဲဖက်ကစားတဲ့ link up play တွေမှာ အရမ်းကောင်းပါတယ်..

ဆိုးလ် ကမ်းဘဲလ် - လူကာကူ က hold up play ရော၊ link up play ရော နှစ်မျိုးစလုံး ရတယ်ဗျ..။ အဲဒါ ဗဟိုနောက်ခံလူတွေအတွက် အိပ်မက်ဆိုးပါပဲ..။ တကယ်လို့သူ့ကို အရမ်းကြီးလူကပ်လိုက်မယ်ဆိုရင် သူကခင်ဗျားကိုကာပြီး လှည့်ထွက်သွားမယ်..၊ တကယ်လို့ ခွာပြီးကစားမယ်..၊ နေရာလွတ် ပေးလိုက်မယ် ဆိုရင်ပြန်လည်း ခင်ဗျားတို မြင်တဲ့အတိုင်းပဲလေ..။ ဒ့ါကြောင့်ဗဟိုခံစစ်မှူးတွေအနေနဲ့ သူဘယ်နေရာမှာရှိတယ်..၊ ဘယ်လိုဆက်ပြီး လုပ်လိမ့်မယ်ဆိုတာ ကြိုပြီးမှန်းဆနိုင်မှ ရပါလိမ့်မယ်..။ ဒါပေမယ့် နောက်ဆုံးကျတော့ သူဘာပဲလုပ်လုပ်ဗျာ.. ဂိုးဧရိယာထဲမှာပဲ အဆုံးသတ်ရမှာ ဖြစ်တဲ့အတွက် အန္တရာယ်ရှိတဲ့နေရာကို သူ့ထက်ပိုပြီး စောစောရောက်နိုင်အောင် ပြေးဆင်းဖို့၊ အသင့်ရှိနေဖို့ အရေးကြီးဆုံးဖြစ်ပါတယ်..။ ဒ့ါကြောင့် နောက်ခံလူ တစ်ယောက်အနေနဲ့ ဂိုးရှေ့ ခြောက်ကိုက်စည်းထဲ အရင်ဆုံးရောက်ဖို့ အဓိကပါပဲ..။



ရွိုင် ကိန်း - တကယ်လို့ ကွင်းလယ်အဖျက် ကစားသမားတွေ ဆင်းပြီးကူပေးနိုင်ရင်လည်း မဆိုးဘူးလားလို့ပါ..။ ဒါပေမယ့် သူတို့တွေကလည်း တစ်ချိန်လုံးနောက်ခံလူတွေနဲ့အတူ လူကာကူ ကိုပဲ အာရုံစိုက်နေဖို့ မလွယ်လှဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်း ကွင်းလယ် ကစားသမားတွေဟာ လူကာကူ ဆီကိုပဲ တစ်ချိန်လုံး ထိုးပေးနေမှာမှ မဟုတ်တာ…
ဆိုးလ် ကမ်းဘဲလ် - ဒါ့ကြောင့်ဂိုးဧရိယာထဲကိုပဲ အရင်ဦးအောင် ပြေးဆင်းဖို့ ပြောတာပါ..။ တကယ်တော့ စဥ်းစားနေရင်သာ ခက်တာပါ..။ ရိုးရိုးလေးပါပဲ..၊ တိုက်စစ်မှူးရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ပြီးဖျက်ထုတ်နေစရာ မလိုပါဘူး..၊ အရေးအကြီးဆုံးက ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထဲမှာ ကောင်းကောင်းကာကွယ်နိုင်အောင် အရင်ဆုံး ကြိုးစားရမှာပါ..။

ဒေးဗစ် ဂျုံးစ် - အင်းဗျ..၊ ခင်ဗျားတို့ပြောတော့တာ ရိုးရိုးလေးပါ..၊ ဒါဟာ တိုက်စစ်မှူးတစ်ယောက်ရဲ့ text book ကစားကွက်ပါ.. လို့ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ လူကာကူ နဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်တွဲလုံးတွေကို ကာကွယ်ရတာ အဲဒီလောက် လွယ်ကူပုံ မရပါဘူး..။ ဒုတိယဂိုးမှာလည်း လူကာကူ ရဲ့ အခန်းကဏ္ဍ ပါ၀င်ခဲ့တာပါပဲ..။ ရွိုင်း ရေ.. အဲဒီဒုတိယဂိုးကို ဖန်တီးသွားခဲ့တဲ့ တွဲလုံးတွေထဲမှာ ခင်ဗျားနှစ်သက်ခဲ့တဲ့ ပေးပို့မှု..၊ ဒါမှမဟုတ် ကစားသမားကို ပြောပြနိုင်မလား..

ရွိုင် ကိန်း - ကျွန်တော်တို့လို ကွင်းလယ်ကစားသမား တစ်ယောက်အတွက် အလှပဆုံး ပေးပို့မှုဆိုတာ အရိုးရှင်းဆုံး ပေးပို့မှုကို ဆိုလိုပါတယ်..။ ဒ့ါကြောင့် ရိစ် ဂျိမ်းစ် ကန်သွင်းခွင့်ရအောင် နောက်ဆုံးပေးပို့ခဲ့တဲ့ မေဆန် မောင့် ရဲ့ ပေးပို့မှုကို အနှစ်သက်ဆုံးပါပဲ..။ ကိုင် ဟာဗာ့ဇ် ရဲ့ လှပတဲ့ပေးပို့မှုကနေ ဘယ်တောင်ပံက မားကို့စ် အလွန်ဆို လွတ်ထွက်သွားတယ်..၊ သူကလူကာကူ ဆီ ဖြတ်ပြီးပေးပို့တဲ့အချိန် ကွင်းလယ်က ချာကာ က မလိုအပ်ပဲ အတင်း၀င် လျောထိုးဖျက်ထုတ်ခဲ့ပါတယ်..။ ဒါပေမယ့် လူကာကူ က ပါးပါးနပ်နပ်နဲ့ ခွ ပေးလိုက်တော့ အာဆင်နယ်အသင်း ဘယ်ဘက်တစ်ခြမ်းလုံး ပွင့်သွားပြန်ပါတယ်..။



အဲဒီအချိန်မှာ မေဆန် မောင့် က နောက်ကနေ ပြေးတက်လာတဲ့ ရိစ် ဂျိမ်းစ် ရဲ့ ရှေ့ကိုပေးပို့လိုက်ရာမှာ အကွက်မြင်တာရော၊ ခင်းပေးလိုက်တဲ့ ဘောလုံးရဲ့ အရှိန်၊ အနေအထား.. အားလုံး ဘာမှကို အပြစ်ပြောစရာမရှိခဲ့ပါဘူး..။ ရိစ် က တစ်ချက်ထိန်းတယ်.. ကန်သွင်းတယ်.. ‘Bang!!’ ဘယ်တောင်ပံက တီယာနီ တစ်ယောက် ဘာမှကာကွယ်ချိန် မရခဲ့ပါဘူး..။ တကယ်လို့ သူ့ရဲ့ပေးပို့မှုဟာ နှေးသွားမယ်ဆိုရင် နောက်တန်းက ဖျက်ထုတ်ဖို့ အချိန်ရလိုက်မယ်..၊ မြန်လွန်းသွားရင်လည်း ထိန်းရတာ ခက်ခဲပါမယ်…။ အဲဒီလို ပေးပို့မှုမျိုးကို ကစားသမားတိုင်း လိုချင်တာပဲဗျ..။ ဒါမျိုးဟာ အကြိမ်ကြိမ်လေ့ကျင့်..၊ ထပ်ခါထပ်ခါ ကြိုးစားလေ့ကျင့်ခဲ့တဲ့ ကြိုးစားမှုတွေရဲ့ နောက်ဆက်တွဲရလဒ် ဖြစ်ပါတယ်..။ နောက်ပြီးအသင်းဖော်ချင်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပေါ့..၊ သူကလည်း ဂျိမ်းစ် အပေါ်မှာ ယုံကြည်မှု အပြည့်အ၀ ရှိခဲ့ပါတယ်..။

ဂရမ်မ် ဆောင်းနက်စ် - အဲဒီလိုဂိုးမျိုးဟာ အသင်းတစ်သင်းရဲ့ အသင်းလိုက် နားလည်မှု ဘယ်လောက် ကောင်းတယ်ဆိုတာ ပြသနေတဲ့ ညွန်းကိန်း (indicator) လည်း ဖြစ်ပါတယ်..။ မေဆန် မောင့် ပေးလိုက်တဲ့ ဘောလုံးရဲ့အရှိန်..၊ အနေအထားနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှုတွေကို အားလုံးမြင်တွေ့နိုင်ပါတယ်..။ ဒီလိုအဆင့်မျိုးမှာ အဲဒီလိုဂိုးမျိုးဟာ တစ်သင်းနဲ့တစ်သင်းကြားက အဆင့်အတန်းကို ပြသနေတဲ့ဂိုးလည်း ဖြစ်ပါတယ်..။ တစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှု၊ ပေးပို့မှု၊ first touch အထိန်းအသိမ်း၊ သပ်ရပ်တဲ့ကန်သွင်းမှု… ဘာမှအပြစ်ပြောစရာ မရှိအောင်ပါပဲ.။ တကယ်လို့ အဲဒီဘောလုံးဟာ ရေဝပ်နေတဲ့ကွင်းထဲမှာဆိုရင်တော့ အဲဒီလိုအရှိန်နဲ့ လှလှပပ သွားချင်မှသွားမှာပေ့ါဗျာ..။ ဒါပေမယ့် သူတို့အသင်းရဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ရွှေ့လျားကစားနေတာတွေကလည်း အရမ်းကို ကြည့်လို့ကောင်းပါတယ်..။



ရွိုင် ကိန်း - ထိပ်တန်းကစားသမား တစ်ယောက်ဆိုတာ အဲဒီလိုအခိုက်အတန့်မျိုးတွေ ကြုံတွေ့လာတဲ့အခါမှာ သက်သေပြနိုင်ခဲ့တာပါပဲ..။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိတယ်..၊ လေ့ကျင့်ခန်းတွေမှာ အဲဒီလိုပုံစံမျိုးတွေ အများကြီးအထပ်ထပ်အခါခါ လေ့ကျင့်ခဲ့ကြပါတယ်..။ တကယ်လို့ သာမန် ကစားသမားဆိုရင် ပေးပို့တာ ခုန်ဆွ..၊ ခုန်ဆွနဲ့ ဖြစ်သွားနိုင်တယ်..၊ ဟိုဘက်က ကန်သွင်းတဲ့ ကစားသမားကလည်း တလွဲကြီး ကန်သွင်းခဲ့တာတွေ ဖြစ်သွားနိုင်ပါတယ်..။ ပြီးရင်နောက်ထပ်နှစ်မိနစ်လောက် တစ်ယောက်နဲ့တစ်ယောက် ကွင်းထဲမှာ စကားတွေများနေကြပြီပေ့ါဗျာ..။ ဒ့ါကြောင့်အကြိမ်ကြိမ် အခါခါ ကြိုးစားလေ့ကျင့်ပါ..၊ မိမိရဲ့ အသင်းဖော်အချင်းချင်း အပြည့်အဝ ယုံကြည်မှု ရှိကြပါ..၊ ဒါဆိုရင် အခုလိုသွင်းဂိုးမျိုးတွေကို ဆုလာဘ်အဖြစ်နဲ့ ရရှိပါလိမ့်မယ်..။

ဆိုးလ် ကမ်းဘဲလ် - နည်းနည်းထပ်ဖြည့်ပါ့မယ်..။ ထိပ်တန်းအသင်းတွေဟာ ဘယ်အချိန်မှာ လူကုန်တက်ပြီး အတင်းတက်ဖိ (overload) ရမယ်ဆိုတာကို နားလည်ပါတယ်..။ သူတို့ဟာ သာမန်အသင်းတွေထက် အန္တရာယ်အနံ့ကို ပိုရတယ်..၊ ခြေတစ်လှမ်းပိုပြီး မြင်နိုင်ပါတယ်..။ ဒီနေ့မှာဆိုရင် ချယ်လ်ဆီးအသင်းဟာ အဲဒီလို အခွင့်အရေး ရနိုင်တာကို ကြိုပြီးမြင်ခဲ့သလို ထိထိမိမိလည်း အသုံးချနိုင်ခဲ့ပါတယ်..။

ဒေးဗစ် ဂျုံးစ် - တကယ်တော့ နှစ်ကြိမ်တင်မဟုတ်ဘူးဗျ..၊ လူကာကူ ဟာ အသင်းအတွက် တတိယဂိုးကို မေဆန် မောင့် ရဲ့ ပေးပို့မှုကနေ သေချာပေါက် ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ဂိုးသမား ဘန့်တ် လီနို က အကောင်းဆုံး ကာကွယ်မှု ပြုလုပ်သွားနိုင်ခဲ့လို့သာ သက်သာခဲ့ရပါတယ်..။ ကဲ.. ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းရဲ့ တိုးတက်လာမှုနဲ့ ဒီနေ့ပွဲကစားပုံအပေါ် ချီးမွမ်းခန်းကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်အောင်ခင်ဗျ..…