မနေ့ညက Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်တွင် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် တို့က အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဥ်မှ အာဆင်နယ် အသင်း၏ ပွဲချဥ်းကပ်ပုံ စီမံချက်၊ တိုက်စစ်မှူး ရိုမီလူ လူကာကူ ၏ ထိုးဖောက်ပုံများနှင့်အတူ ကြံ့ခိုင်မှုနှင့် ခွန်အားကို အားပြုကစားသည့် အထောင်တိုက်စစ်မှူးနှင့် ရင်ဆိုင်ခဲ့ရသည့် ခံစစ်မှူးများ၏ အတွေ့အကြုံများကို အောက်ပါအတိုင်း တင်ဆက် ဆွေးနွေးသွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - မနေ့ကယှဥ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲမှာ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်း အိမ်အပြန်ခရီးမှာ ဘယ်လိုစွမ်းဆောင်ပြနိုင်မလဲ..? ဆိုတဲ့အချက်ကို ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်..။ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကလည်း အဲဒီလို စိတ်၀င်စားမှုနဲ့ ကိုက်ညီအောင် ပွဲထွက်လူစာရင်းမှာ ပါ၀င်နိုင်ခဲ့သလို အဖွင့်ဂိုးသွင်းယူ၊ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ခြေစွမ်းပြ.. ဆိုတဲ့နေရာမှာ သူပြောခဲ့တဲ့ စကားအတိုင်းဆိုရင် ‘လွှမ်းမိုးထိန်းချုပ်နိုင် (dominant)’ ခဲ့တယ်ပေါ့ဗျာ..။
ဒါပေမယ့် ကျွန်တော်ပထမဆုံး မေးချင်တာက အဲဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲကိုချဥ်းကပ်တဲ့ အစီအမံ ဘယ်လိုဖြစ်မလဲဗျ..? သူတို့ဘယ်လို ရည်မှန်းချက်မျိုး ထားရှိပြီး ကစားကွက်ခင်းကျင်းခဲ့လဲ..? အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ပြင်ဆင်ခဲ့တဲ့ သူတို့အသင်းရဲ့ ပွဲကိုချဥ်းကပ်ခဲ့ပုံအပေါ် သုံးသပ်ပေးပါလား..?
ဂျေမီ ကာရေဂါ - Yes.. ကျွန်တော်ရှင်းပြနိုင်ပါတယ်..။ အဲဒီပွဲမှာ ခြေရော၊ ရလဒ်ပါ ရှုံးနိမ့်ခဲ့ရတာကြောင့် မီခေးလ် အာတီးတာ မှာ ဖိအားတွေများခဲ့ပြီး သူ့ဆီမှာဘယ်လို အစီအမံတွေ ရှိခဲ့လို့လဲ..? ဘာတွေများ ကြိုတင်၊ စဥ်းစားထားတာ ရှိခဲ့လို့လဲ..? စသဖြင့် အကြီးအကျယ် ဝေဖန်ခံခဲ့ရတာပေ့ါ..။ တကယ်တော့ သူ့ဆီမှာ ချယ်လ်ဆီးကိုရင်ဆိုင်ဖို့ အကြံအစည်နဲ့ စီမံချက်ရှိပါတယ်..၊ သေသေချာချာလည်း ပြင်ဆင်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ပွဲကိုချဥ်းကပ်ပုံ၊ အစီအမံတွေ အလုပ်မဖြစ်ခဲ့ဘူးပေ့ါဗျာ..။ တွက်ဆပုံ မှားယွင်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်..။
ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို ကြည့်မယ်ဆိုရင် လူကာကူ ကိုပဲ လူတွေပြောနေကြပေမယ့် တကယ်ပြဿနာ ပေးနိုင်တာ သူတစ်ယောက်တည်း မဟုတ်ပါဘူး..။ သူတို့ရဲ့ကစားကွက်၊ ကစားနည်းစနစ်ကို ရင်ဆိုင်ရပါမယ်..။ သူတို့ဟာ အထောင်တိုက်စစ်မှူးတစ်ယောက်၊ No. 10 နှစ်ယောက်နဲ့ တိုက်စစ်ကို ခင်းကျင်းတယ်..၊ wing back နှစ်ယောက်က တောင်ပံကစားသမား (winger) တွေပုံစံ ကစားခဲ့ကြပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်ကို ရင်ဆိုင်မယ့် အာဆင်နယ်အသင်းရဲ့ ပွဲထွက်အခင်းအကျင်းကို အရင်ဆုံးကြည့်ကြရအောင်….
အခုအပေါ်ကပုံ (ပုံ- ၁) မှာဆိုရင် ရော့ဘ် ဟိုးလ်ဒင်း က ကိုင် ဟာဗာ့ဇ် ကို လူကပ်ထားတယ်..၊ ပါဘလို မာရီ က လူကာကူ ကို လူကပ်ထားတယ်..၊ ကွင်းလယ်စက်၀ိုင်းမှာ မေဆန် မောင့် ကို ဂရန်းနစ် ချာကာ က လူကပ်ထားပါတယ်..။ သူတို့ဟာ တစ်ယောက်ချင်း လူကပ်ကစားတဲ့ man to man marking ပုံစံနဲ့ ရင်ဆိုင်ခဲ့ပါတယ်..။
ပြီးရင်အခုအောက်ကပုံ (ပုံ- ၂) မှာဆိုရင် ကီရင် တီယာနီ ရဲ့ တာ၀န်က ချယ်လ်ဆီးအသင်းရဲ့ ညာဘက် wing back ဖြစ်တဲ့ ရိစ် ဂျိမ်းစ် ကို ပြေးတက်ပြီး လူကပ်ထားမယ်..၊ အဲဒီအချိန်မှာ ချာကာ က မေဆန် မောင့် ကို left center back နေရာဆင်းပြီး ကာကွယ်ထားပါတယ်..။ အဲဒါလည်း back three ပုံစံပါပဲ..။ တကယ်လို့ ဒီပွဲမှာ ဘန် ဝှိုက် သာ ကစားနိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ‘back three’ ပုံစံနဲ့ ပွဲထွက်လာပါလိမ့်မယ်…။ မနေ့ကပွဲမှာ သူတို့ဟာ ပွဲချိန်တော်တော်များများ back three ပုံစံနဲ့ပဲ ကစားသွားပါတယ်..။ အခုကျွန်တော်ပြသခဲ့တဲ့ အခင်းအကျင်းက သူတို့ရဲ့ မူလအစီအမံ ဖြစ်ပါလိမ့်မယ်..။
အခုပြထားတဲ့ပုံ (ပုံ- ၃) ကတော့ ပွဲချိန် (၅) မိနစ်အရောက် အာဆင်နယ်အသင်းရဲ့ အခင်းအကျင်းပါ..။ အဲဒီပုံမှာဆိုရင် ရော့ဘ် ဟိုးလ်ဒင်း က center back နေရာမှာရှိတယ်..၊ သူက ဟာဗာ့ဇ် ကို လူကပ်ထားပါတယ်..။ သူ့ရဲ့ဘေးနားက ပါဘလို မာရီ က လူကာကူ ရဲ့ အနားမှာရှိနေတယ်..၊ ချာကာ က left center back နေရာမှာ ရှိနေပြီး မေဆန် မောင့် ရောက်လာနိုင်မယ့် နေရာကို ကြိုပြီးစောင့်နေပါတယ်..။
ဒါပေမယ့် သူတို့ရဲ့ ပြဿနာက လူကာကူ ဆီကို ဘောလုံးပေးပို့နိုင်မယ့် လမ်းကြောင်းတွေကို မဖြတ်တောက်နိုင်ခဲ့ခြင်းပါ..။ ဒ့ါကြောင့် ချယ်လ်ဆီးက တိုက်စစ်ဆင်လာရင် ဘောလုံးတွေဟာ သူတို့ရဲ့ ဂိုးဧရိယာထဲကို လွယ်လွယ်ကူကူ ရောက်လာပါတယ်..။ ကဲ.. နောက်ပြီးရင် သူတို့ပေးလိုက်ရတဲ့ ဂိုးနှစ်ဂိုးမှာ ကစားသမားတွေရဲ့ နေရာယူပုံ အခင်းအကျင်းကို ကြည့်ရအောင်..
အခုအောက်ကပုံ (ပုံ- ၄) မှာဆိုရင် ပွဲချိန် (၁၅) မိနစ်အချိန် ချယ်လ်ဆီးရဲ့ အဖွင့်ဂိုးရသွားမယ့် တိုက်စစ်ဆင်မှု စတင်လာချိန် အခင်းအကျင်းပဲ ဖြစ်ပါတယ်..။ အောက်ဆုံးဘယ်ဘက်ထောင့်က ရူဒီဂါ ဆီမှာ ဘောလုံးရောက်နေတဲ့အချိန် ဟိုးလ်ဒင်း က ဟာဗာ့ဇ်၊ ပါဘလို မာရီ က လူကာကူ… တစ်ယောက်ချင်း man to man အထိုင်မပျက်ပါပဲ..။ ဒါပေမယ့် ဘယ်အစွန်က မေဆန် မောင့် ဟာ ကီရင် တီယာနီ ဆီကို ပြေးကပ်လိုက်ပါတယ်..။ တကယ့် ပြဿနာက အဲဒီမှာစပါတယ်..။ ချာကာ က သူတို့သုံးယောက်ရဲ့ရှေ့မှာ ရှိနေပါတယ်..။ back three ပုံစံကတော့ မပျက်သေးဘူးဗျ..။
အဲဒီအချိန်မှာ မတ်တီယို ကိုဗာဆစ် က ရူဒီဂါ ဆီက ဘောလုံးကိုလက်ခံယူပြီး လှည့်ထွက်လာတယ်..၊ ချာကာ က လူကာကူ ဆီကို ဘောလုံးပေးလိမ့်မယ်ဆိုတာ လုံး၀မစဥ်းစားထားပါဘူး..။ သူက တာ၀န်ပေးထားတဲ့အတိုင်း မေဆန် မောင့် ကိုပဲ လူကပ်ဖို့စဥ်းစားနေပါတယ်.. (ပုံ-၅)။ ဒ့ါကြောင့် မီခေးလ် အာတီတာ တို့ရဲ့ ပွဲကြိုအစီအမံဟာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးတွေကို တစ်ယောက်ချင်း man to man လူကပ်ဖို့ပဲဖြစ်ပါလိမ့်မယ်..။ လူကာကူ ဆီ ဘောလုံးပေးပို့နိုင်မယ့် လမ်းကြောင်း၊ တွေကို ပိတ်ဆို့နိုင်ဖို့ မပါ၀င်ခဲ့သလို ဟာဗာ့ဇ်၊ မေဆန် မောင့် တို့ဆီကို ဘောလုံးတွေ မပေးနိုင်အောင် ပိတ်ဆို့မယ်ဆိုတဲ့ အစီအမံ မပါ၀င်ခဲ့ပါဘူး..။
အဲဒီမှာ မတ်တီယို ကိုဗာဆစ် က လူကာကူ ဆီကို ဘောလုံးပေးတယ်..၊ လူကာကူ က နောက်ကိုတစ်ချက်ပြန်တွဲတယ်..၊ အခုအောက်ကပုံ (ပုံ- ၆) မှာ ပြထားတဲ့အတိုင်း မေဆန် မောင့် က တီယာနီ ကို ဆွဲထုတ်သွားခဲ့တယ်..၊ ချာကာ တို့ဟာ လူကာကူ ရဲ့ အနားမှာပဲ ကျန်နေခဲ့ပြီး ညာဘက်က ပြေးတက်လာမယ့် ရိစ် ဂျိမ်းစ် ဟာ လုံး၀ကို လွတ်ထွက်သွားပါတယ်..။ ရိစ် ဂျိမ်းစ် ညာတောင်ပံက ခင်းပေးလိုက်တဲ့ ဘောလုံးရဲ့ ရလဒ်က ဘယ်လိုဖြစ်သွားလဲ.. ခင်ဗျားတို့လည်း သိပြီးသားဆိုတော့ အကျယ်မပြောတော့ပါဘူး..။ မနေ့ကပွဲမှာ အကောင်းဆုံးခြေစွမ်း ရနေတဲ့ လူကာကူ က အဲဒီပေးပို့မှုကို အဆုံးသတ် သွင်းယူပေးလိုက်ပါတယ်..။
နောက်ပြီးဒုတိယဂိုး မသွင်းယူခင် အခင်းအကျင်းကို ပြန်ကြည့်ရအောင်..။ အခုပြထားတဲ့ပုံ (ပုံ- ၇) မှာဆိုရင် အာဆင်နယ်နောက်တန်းဟာ back three ပုံစံအတိုင်း.. ညာဘက်အစွန်ဆုံးမှာ ဟိုးလ်ဒင်း၊ အလယ်မှာ ပါဘလို မာရီ နဲ့ ဘယ်ဘက်မှာ ချာကာ ဟာ မေဆန် မောင့် နားမှာ ရှိနေပါတယ်..။ ချာကာ ဟာ မေဆန် မောင့် ကိုပဲ အာရုံစိုက်ပြီး သူသွားလေရာကို ထပ်ချပ်မကွာ man to man လိုက်ပြီး marking ပေးနေတာ တွေ့ရပါတယ်..။ ဒ့ါကြောင့်သူတို့ရဲ့ ပွဲကိုချဥ်းကပ်ပုံ..၊ အစီအမံကို ကြည့်မယ်ဆိုရင် လူကာကူ ကို ဘောလုံးမရောက်အောင် တားဆီးဖို့ မဟုတ်ပဲ ‘No.10’ နှစ်ယောက်ဖြစ်တဲ့ ကိုင် ဟာဗာ့ဇ် နဲ့ မေဆန် မောင့် တို့ကို မလှုပ်နိုင်အောင် တားဆီးဖို့ ဦးစားပေးခဲ့ပုံ ရပါတယ်..။
တကယ်တော့ ချာကာ နဲ့ လိုကွန်ဂါ တို့ ကွင်းလယ် ကစားသမားနှစ်ယောက်ဟာ လူကာကူ ရဲ့ရှေ့က နေရာလွတ်တွေကို ပိတ်ဆို့ဖို့ စဥ်းစားသင့်တယ်ဗျ..။ ဒီလိုနဲ့ မားကို့စ် အလွန်ဆို ဟာ ကိုင် ဟာဗာ့ဇ် ရဲ့ ပါးနပ်တဲ့ ပေးပို့မှုကနေတဆင့် အာဆင်နယ်အသင်းရဲ့ ညာဘက်ခြမ်းကနေ လွတ်လွတ်ကျွတ်ကျွတ် ထိုးဖောက်လာပါတယ်..။ နောက်ပြီး ဂိုးဧရိယာထိပ်မှာ နေရာယူနေတဲ့ လူကာကူ ကိုပေးတယ်..၊ လူကာကူ က အတင်း၀င်ဖျက်ထုတ်တဲ့ ချာကာ ကို ကာပြီး ဘောလုံးကို အသာလေး ခွ ပေးလိုက်တာနဲ့ အနီးနားက မေဆန် မောင့် ဆီ ဘောလုံးရောက်လာပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၈) မှာဆိုရင် ကီရင် တီယာနီ ဟာ အတွင်းဘက်ကို ဆွဲခေါ်တာ ခံခဲ့ရပြီး သူဟာ မေဆန် မောင့် ဆီကို ဖျက်ထုတ်ဖို့ ပြေးလာခဲ့ပါတယ်..။ ဒါပေမယ့် တကယ်အန္တရာယ် ပေးနိုင်မှာက မေဆန် မောင့် မဟုတ်ပါဘူး..၊ နောက်ကနေ ပြေးတက်လာတဲ့ ရိစ် ဂျိမ်းစ် ဖြစ်ပါတယ်..။
ဒ့ါကြောင့် မီကယ်လ် အာတီးတာ ရဲ့ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးကိုတားဆီးဖို့ အစီအမံရှိပါတယ်..။ ဒါပေမယ့် သူတို့ရဲ့ back four ပဲ ပြောပြော၊ back three ပဲ ပြောပြော.. ခံစစ်ကြောင်းရဲ့ အဓိက ရည်ရွယ်ချက်က ချယ်လ်ဆီးတိုက်စစ် ကစားသမားတွေကို man to man mark လုပ်ဖို့ပဲ ဖြစ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဂျေမီ ပြောတဲ့အတိုင်းဆိုရင် အာဆင်နယ်အသင်းဟာ လူကာကူ ဆီကို ဘောလုံးမပေးပို့နိုင်အောင် တားဆီးဖို့ ရည်ရွယ်ခဲ့ပုံ မရခဲ့ဘူးပေါ့..။ ဂယ်ရီ ရေ.. သူတို့အနေနဲ့ အဲဒီလိုအခြေအနေမှာ ဘယ်လိုပုံစံမျိုးနဲ့ တားဆီးသင့်လဲ ပြောပြပေးနိုင်မလားဗျ..
ဂယ်ရီ နဗီးလ် - ဟုတ်ကဲ့ပါ..။ အဲဒီပွဲမစခင်ကတည်းက အာဆင်နယ်အသင်း ကွင်းလယ် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ချာကာ နဲ့ လိုကွန်ဂါ တို့ဟာ ဗဟိုခံစစ်မှူးနှစ်ယောက်နဲ့တွဲပြီး လေးထောင်ပုံစံ (box ပုံစံ) နဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေကို ရင်ဆိုင်သင့်တယ်လို့ ကျွန်တော်အကြံပြုခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ရိုမီလူ လူကာကူ ပါလာမယ်ဆိုတာ သိနေပြီလေ..၊ ဒါ့ကြောင့်ကွင်းလယ် ကစားသမားတွေဟာ ဗဟိုခံစစ်မှူးတွေကို အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်..၊ တိုက်စစ်မြှားဦးအဖြစ် ပါ၀င်လာမယ့် လူကာကူ ဆီကို ဘောလုံးမပေးပို့နိုင်အောင် တားဆီးနိုင်ဖို့ လိုအပ်ပါတယ်..။
မနေ့ကပွဲမှာဆိုရင် လူကာကူ ကို အဓိက man mark တာ၀န်ယူရတဲ့ ပါဘလို မာရီ ကို သနားမိပါတယ်..။ သူ့ခမျာမနိုင်ဝန် ထမ်းနေရတာဆိုတော့ ချယ်လ်ဆီးဘက်က အားနည်းတဲ့ သူ့ဘက်ကနေပဲ တစ်ချိန်လုံးဖိပြီး ထိုးဖောက်နေတာဗျ..။ ဒါပေမယ့် ခက်တာက သူကိုယ်တိုင်ကလည်း သူ့ကိုကူညီပေးဖို့ တောင်းဆိုရမယ်၊ သူ့ကိုယ်သူ သက်သာအောင် လုပ်ရမယ်ဆိုတာ သိနေပုံမရပါဘူး..။ တကယ်ဆိုရင် သူဟာအတွေ့အကြုံ အတင့်အသင့်ရနေပြီဖြစ်တဲ့ နောက်ခံကစားသမားတစ်ယောက် ဖြစ်နေပါပြီ..။ ဒ့ါကြောင့်အခုထက်ပိုပြီး သက်သက်သာသာနဲ့ ခုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ.. ကြည့်ရအောင်..
ပထမဆုံးအနေနဲ့ ကျွန်တော်တို့လို ခန္ဓာကိုယ် အရပ်အမောင်းသေးတဲ့ နောက်ခံလူတွေဟာ center back အနေနဲ့ ကစားရပြီ..၊ ကိုယ့်ထက် ဗလရော၊ ကြံ့ခိုင်မှုပါ သာလွန်တဲ့ တိုက်စစ်မှူးနဲ့ တစ်ဦးချင်း ရင်ဆိုင်ရပြီဆိုရင် အဲဒီတိုက်စစ်မှူးကို သူ့ရဲ့စိတ်ကြိုက်အနေအထားမှာ ဘောလုံးကိုင်ခွင့်မရအောင် တားဆီးနိုင်ဖို့ အရင်ဆုံး ပြုလုပ်ရပါမယ်.။ အခုပြထားတဲ့ပုံ (ပုံ- ၉) မှာဆိုရင် လူကာကူ ဟာ မာရီ ကိုပဲ ဖိပြီးတိုက်စစ်ဆင်နေပါတယ်..။ အခုပြထားတဲ့ အဲဒီပုံထဲက အနေအထားအရဆိုရင် သူဟာ လူကာကူ ရဲ့ နောက်မှာ နေရာမယူသင့်ပါဘူး..။ လူကာကူ ရဲ့ ရှေ့ကိုရဲရဲတက်ပြီး တခြားခံစစ်မှူးတွေနဲ့ တစ်တန်းထဲ နေရာယူရဲရပါမယ်..။ သူက ရှေ့ကိုတက်လိုက်မယ်ဆိုရင် လူကာကူ လည်း ရှေ့ကိုလိုက်ပြီး တက်လာရပါမယ်..။ ဒါဆိုရင် ကွင်းလယ်က လိုကွန်ဂါ နဲ့ ချာကာ တို့က လိုအပ်ရင် သူ့ကိုကူပြီး ဖျက်ထုတ်လို့ ရနိုင်လာပါလိမ့်မယ်..။
ဒါပေမယ့် ပါဘလို မာရီ ဟာ လူကာကူ ကို ကြောက်ပြီးနောက်ကိုဆုတ်လေလေ၊ သူ့အတွက်ပိုပြီး ဒုက္ခရောက်လေလေပါပဲ..။ သူဟာအမြဲတမ်းပဲ ခံစစ်ကြောင်းရဲ့နောက်မှာ ရောက်နေပါတယ်..။ ဒီနေ့ပွဲက လူကာကူ နဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဆင်ပုံကို အခုလိုအချိန်ဆိုရင် နောက်တစ်ပါတ်မှာ ယှဥ်ပြိုင်ရမယ့် လီဗာပူးလ်အသင်းရော၊ တခြားအသင်းတွေပါ ကောင်းကောင်းခွဲခြမ်းစိတ်ဖြာ၊ လေ့လာနေလောက်ပါပြီ..။ မာရီ ဟာ လူကာကူ ရဲ့ ညာဘက်မှာဖြစ်ဖြစ်၊ ရှေ့မှာပဲဖြစ်ဖြစ် ကြိုပြီးနေရာယူထားသင့်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ လူကာကူ ကို ဘယ်လိုနည်းနဲ့မှ တစ်ယောက်ချင်းယှဥ်ပြီး တွန်းတိုက်၊ တားဆီးနိုင်မှာ မဟုတ်ပါဘူး..။ သူမှမဟုတ်ပါဘူး..၊ လူကာကူ သာ စိတ်ကြိုက်အနေအထားမှာ ဘောလုံးကိုင်ရပြီဆိုရင် လက်ရှိပရီးမီးယားလိဂ်က ဘယ်နောက်တန်းလူကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး..။ အခုအောက်ကပုံ (ပုံ- ၁၀) မှာလည်း သူဟာခံစစ်ကြောင်းရဲ့ နောက်ကိုရောက်နေပါတယ်..။ တစ်ပွဲလုံးလိုလို အဲဒီလိုနေရာယူထားတာ မဖြစ်သင့်ဘူးဗျ...။
နောက်ပြီးလူကာကူ ရဲ့ ကစားပုံကို သေသေချာချာ ကြည့်မယ်ဆိုရင် ခင်ဗျားကိုကာပြီး ဘောလုံးကိုထိန်းလိမ့်မယ်..၊ ပြီးရင်လှည့်ထွက်ပါလိမ့်မယ်..။ အဲဒီလိုလှည့်ထွက်တဲ့အခါမှာ ကိုယ့်ရဲ့ညာဘက်..၊ သူ့ရဲ့ဘယ်ခြေနဲ့ ကန်သွင်း.. ဒါမှမဟုတ် ပေးပို့လို့ရမယ့်ဘက်ကို လုံး၀ပေးမထွက်ပါနဲ့..၊ သူ့ရဲ့ဘယ်ခြေကိုသာ စိတ်ကြိုက်အသုံးချခွင့် ပေးခဲ့မယ်ဆိုရင် ဒုက္ခရောက်ပြီလို့သာ အောက်မေ့ပေတော့..။ ဒ့ါကြောင့်မနေ့ကပွဲမှာ လူကာကူ ရဲ့ ခြေစွမ်းကောင်းမွန်ခဲ့တာ မှန်ပေမယ့် မာရီ အနေနဲ့ ဒီထက်ပိုပြီး ကောင်းမွန်အောင် ဖျက်ထုတ်နိုင်ဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်ပါတယ်..။
ဂျေမီ ကာရေဂါ - ခုနက ဂယ်ရီ အဓိကပြောသွားတာက ပါဘလို မာရီ..၊ ကျွန်တော်တို့လို ခန္ဓာကိုယ်သေးတဲ့ နောက်ခံလူတွေဟာ လူကာကူ တို့လို ခွန်အားနဲ့ ခန္ဓာကိုယ် ကြီးမားတဲ့ big striker တွေကို အတင်း၀င်၊ တွန်းတွန်းတိုက်တိုက် ခွန်အားချင်း မပြိုင်ဖို့..၊ duel ချင်း မယှဥ်ဖို့ ပြောတာပါ..။ ကျွန်တော် ကစားသမားဘဝကနေ အနားယူခါနီးမှာ လူကာကူ နဲ့ ဆုံခဲ့ဖူးပါတယ်..။ အများဆုံး ရင်ဆိုင်ခဲ့ရတာက ဒီဒီယာ ဒရော့ဘာ ပေ့ါဗျာ..။ ဂယ််ရီ ပြောခဲ့သလိုပါပဲ..၊ မနေ့ကပွဲကို ကြည့်နေတဲ့အချိန် မာရီ ဟာ လူကာကူ နဲ့ တစ်ယောက်ချင်း duel တွေမှာ ဘယ်လိုမှ မယှဥ်နိုင်တာ တွေ့နေတော့ ကျွန်တော်လည်း သနားမိတာပါပဲ..။ လူကာကူ ကို တစ်ယောက်ချင်း သူဘယ်လိုမှမထိန်းနိုင်ခဲ့ပါဘူး..။ ကျွန်တော့်တုန်းကလည်း ဒရော့ဘာ ကို အဲဒီလိုခွန်အားချင်း ယှဥ်တိုက်ပြီး 1 vs 1 duels တွေမှာ ဘယ်လိုမှ မနိုင်ပါဘူး..။ ဒ့ါကြောင့်အာဆင်နယ်အသင်း ခံစစ်ကြောင်းအနေနဲ့ လူကာကူ ကို ထိန်းချုပ်နိုင်ဖို့ သူတို့ရဲ့ကစားပုံကို ပြင်ဆင်ရပါမယ်..။ ကျွန်တော်ဥပမာ ပြပါမယ်..။
အခုအပေါ်ကပုံ (ပုံ- ၁၁) မှာဆိုရင် ဒီဒီယာ ဒရော့ဘာ က အမြင့်ဘောကို လှည့်ပြီးထိန်းရင်း စတိဗ် ဖင်နန် ကို တွန်းတိုက် ကျော်ဖြတ်လာပါတယ်..။ ဒရော့ဘာ ကို စတိဗ် မထိန်းနိုင်ခဲ့သလို သူ့နေရာမှာ ကျွန်တော်ဆိုရင်လည်း ထိန်းနိုင်မှာ မဟုတ်ပါဘူး..။ ဒ့ါကြောင့် ဘောလုံးပြန်ကျလာမယ့် အချိန်ကိုစောင့်ပြီး ကျွန်တော်နဲ့ ဖင်နန် နှစ်ယောက်ပေါင်း..၊ ဟိုဘက်ဒီဘက်.. နှစ်ဘက်ညှပ်ပြီး ဖျက်ရပါတယ်..။ တစ်ယောက်ချင်းသာ ဖျက်မယ်ဆိုရင် ကျွန်တော်လည်းမလွယ်ဘူး..၊ ဖင်နန် လည်း မလွယ်ပါဘူး..။
နောက်ထပ် အဲဒီပုံ (ပုံ- ၁၁) ရဲ့ ညာဘက်ခြမ်းကပုံမှာကျတော့ ဒရော့ဘာ ဆီကို ဘောလုံးရောက်တယ်..၊ ကျွန်တော်ကသူ့ကို အနောက်ကနေ အရင်ဆုံးတွန်းထားပါတယ်..။ လူချင်းတော့ ပူးနေသလိုပါပဲ.. ဒါပေမယ့် ကွာခြားချက်က ဒရော့ဘာ ဟာ ကျွန်တော့်ကိုကာပြီး လှည့်ထွက်သွားတာ မပြုလုပ်နိုင်အောင် ကာကွယ်ခဲ့တဲ့အနေနဲ့ နေရာယူပုံကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်က သူနဲ့လူချင်း ပူးကပ်နေရာကနေ နောက်ကိုနည်းနည်းဆုတ်..၊ ခန္ဓာကိုယ်ကို နှိမ့်လိုက်ပါတယ်..။ အဲဒီလိုနည်းနဲ့ ဘောလုံးကို မြင်နေရသလို သူလည်းကျွန်တော့်ကို လက်နဲ့ကာပြီး လှည့်ထွက်သွားလို့ မရတော့ပါဘူး..။ နောက်ခံလူတစ်ယောက် အနေနဲ့ အရေးကြီးဆုံးက ဘောလုံးကို ကိုယ့်ရဲ့မျက်စိအောက်မှာ အမြဲတမ်းမြင်နေဖို့ လိုအပ်ပါတယ်..။ ဒ့ါကြောင့်သူကဘောလုံးကို ကိုယ်နဲ့ကွယ်ပြီး ကာထားမယ်ဆိုရင်တောင် တောင့်တောင့်ကြီး ရပ်မနေပဲ ဘောလုံးကိုမြင်နိုင်မယ့် အနေအထား၊ ကိုယ့်ကိုကာပြီး လှည့်ထွက်သွားလို့ မရအောင် ကာကွယ်နိုင်မယ့် ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဂယ်ရီ ရေ.. ခုနက ခင်ဗျားပြောသွားတဲ့အထဲမှာ ‘တိုက်စစ်မှူးရဲ့ရှေ့ကို အရင်ရောက်အောင် နေရာယူနိုင်ဖို့ လိုအပ်တယ်..’ ဆိုတဲ့ စကားကို နည်းနည်းပြန်ပြီး ရှင်းပြပေးနိုင်မလားဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ လူကာကူ တို့လို ကစားသမားတွေဟာ ခန္ဓာကိုယ် ကြီးမားသလို ခြေတံလက်တံလည်း ရှည်တာကြောင့် ခြေတွေ၊ လက်တွေဆန့်ပြီး ကားထားလိုက်ပြီဆိုရင် သူတို့ရှေ့မှာ ကြိုပြီးနေရာယူနိုင်ဖို့ဆိုတာ အတော်လေးကို ခက်ခဲမှာပဲဗျ..
ဂယ်ရီ နဗီးလ် - ခက်ခဲတာပေါ့..။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အမြဲတမ်းအသင့်ဖြစ်နေအောင် ကြိုးစားပြီး လေ့ကျင့်ရတာပါပဲ..။ အထူးသဖြင့် ကိုယ်လူကပ်ထားရမယ့် တိုက်စစ်မှူးကို အခြေပျက်သွားအောင်၊ သူ့ရဲ့စိတ်ကြိုက်နေရာကနေ စောင့်နေလို့မရအောင် ကိုယ့်ဘက်က ကြိုတင်ပြီး တစ်ချိန်လုံးလှုပ်ရှားနေဖို့ လိုအပ်ပါတယ်..။ ကိုယ်အတင်းလူကပ်ထားမိတဲ့ တိုက်စစ်မှူးတွေက body ခုပြီး လှည့်ထွက်သွားခဲ့ရင် ဘယ်လိုတွေဒုက္ခရောက်ခဲ့လဲ ဥပမာတွေနဲ့ပြပါမယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၁၂) မှာဆိုရင် ဒီဒီယာ ဒရော့ဘာ နဲ့ ဂျေမီ ကာရေဂါ ပေ့ါဗျာ..။ ပထမဆုံး ဘယ်ဘက်အခြမ်းက အနေအထားမှာတုန်းက ဂျေမီ ဟာ ဒရော့ဘာ ရဲ့ရှေ့မှာ ရှိနေပါတယ်..။ အဲဒီအနေအထားဟာ အိုကေပါတယ်..။ ဒီဒီယာ ဟာ အဲဒီအတိုင်း စောင့်နေရင် လူကျွံမိမှာဆိုတော့ သူ့ရဲ့နေရာ ပြောင်းမှကို ဖြစ်ပါမယ်..။ ဘာဆက်ဖြစ်လဲ..
ဒရော့ဘာ က ဂျေမီ ရဲ့ ဘေးကနေ ရှေ့ကိုတက်သွားတယ်..၊ ဂျေမီ က နောက်ပြန်ဆင်းသွားတယ်..။ အခုညာဘက်ခြမ်းကပုံကို ကြည့်မယ်ဆိုရင် မာရီ နဲ့ လူကာကူ တို့ရဲ့ အနေအထားနဲ့ တစ်ထပ်တည်းပါပဲ..။ သွားပြီ.. ဂျေမီ တော့သေပြီ..။ ဒရော့ဘာ က ညာတောင်ပံ ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ်နဲ့ တစ်ချက်တားတယ်..၊ ပြန်ကျလာတဲ့ ဘောလုံးကို တစ်ချက်လှည့်ပြီး ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းလိုက်တာ… အင်မတန်မှ လှပတဲ့ဂိုးပါ..။ အဲဒီသမိုင်း၀င် သွင်းဂိုးကို ပရိသတ်တွေ တော်တော်များများ မှတ်မိကြပါလိမ့်မယ်..။
အခုနောက်ထပ် ဥပမာတစ်ခုကတော့ ကျွန်တော်ပေ့ါဗျာ..။ ၁၉၉၆ ခုနှစ်မှာ နယူးကာဆယ် ယူနိုက်တက် အသင်းနဲ့ ဆုံတဲ့ပွဲမှာ ဒေးဗစ် ဂျီနိုလာ နဲ့ ကျွန်တော်ရင်ဆိုင်ခဲ့တုန်းပေ့ါဗျာ..။ ကျွန်တော့်ကိုကာပြီး သွင်းယူသွားခဲ့တဲ့ဂိုးဟာ အခုအချိန်ထိ ကျွန်တော့်ကို ခြောက်လှန့်နေဆဲပါ..။ အခုပြထားတဲ့ပုံ (ပုံ- ၁၃) မှာတွေ့လား..၊ ဘယ်တောင်ပံက ဂျီနိုလာ ဘောလုံးလက်ခံတော့မယ့်အချိန် ကျွန်တော်က သူ့ရဲ့နောက်မှာ အတင်းလူကပ်ထားမိပါတယ်..။ နယူးကာဆယ် ပရိသတ်တွေက အဲဒီသွင်းဂိုးကို တစ်ရက်ကိုသုံးကြိမ်လောက် ပြန်ပြီးကြည့်ဖြစ်တယ်လို့ ကျွန်တော့်ကို လာပြောကြပါတယ်..ဟားဟား..။
ကျွန်တော်လည်း ဘယ်လိုစိတ်ကူးနဲ့ သူ့ကိုအဲလောက်ထိ အတင်းသွားပြီး ကပ်မိခဲ့လဲ.. မပြောတတ်ပါဘူး..။ တကယ့်ကို ဆိုးရွားလှတဲ့ ခံစစ်ကစားခဲ့မှုပါပဲ..။ ဒေးဗစ် ဂျီနိုလာ ဟာ လူကောင်ထွားကြိုင်းသလို အရပ်အမောင်းက (၆) ပေ၊ (၂) လက်မ.. ကျွန်တော်သူ့ကို ဘယ်လိုမှ ဗလချင်း မယှဥ်နိုင်ပါဘူး..၊ ဒါ့အပြင်ဘယ်ခြေ.. ညာခြေ နှစ်ဘက်စလုံးကလည်း သန်သေးတယ်..။ အဲဒီဘောလုံးကိုလည်းရရော..၊ သူကဘာမှ ထူးထူးခြားခြား လုပ်မနေပါဘူး..၊ အခုညာဘက်ခြမ်းကပုံမှာ ပြထားတဲ့အတိုင်း သူ့ရဲ့ညာဘက်ကို တစ်ချက်လှည့်ထွက်ပြီး ကန်သွင်းသွားပါတယ်..။ သူကခန္ဓာကိုယ်ကြီးနဲ့ ကာထားလိုက်တော့ ကျွန်တော်ဘောလုံးကို လုံးဝမမြင်လိုက်ရပါဘူး..။ တကယ့်ကို တုံးအလှတဲ့ နောက်တန်းတစ်ယောက်ရဲ့ ကာကွယ်မှုပါ..။ ဒ့ါကြောင့်ကျွန်တော်တို့တွေလည်း အဲဒီလို ဆိုးရွားတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်..။
ဒါပေမယ့် သူတို့ကို တားဆီးနိုင်မယ့် နည်းလမ်း ရှိပါတယ်..၊ အဲဒါကတော့ သူတို့ထက်ဦးအောင် ရှေ့ကိုပြေးတက်ပြီး အခြေအနေပျက်အောင် ပြုလုပ်ရမယ်..၊ ဒါမှမဟုတ် ဘောလုံးကို သူတို့ထက်အရင်ဦးအောင် ဖျက်ထုတ်နိုင်ရပါမယ်..။ ဒါမှမဟုတ် သူ့ရဲ့ခြေထဲ ဘောလုံးရောက်သွားပြီဆိုတာနဲ့ နောက်ကနေ အတင်းပူးမနေပဲ နောက်ကိုဆုတ်ပြီး ခွာလိုက်..၊ အနည်းဆုံး ဘောလုံးကို မြင်ရပြီဆိုရင် သူဘာလုပ်မယ်ဆိုတာ မှန်းဆလို့ ရသွားပါပြီ..။ အဲဒီအချိန်ကျမှ ဖျက်ထုတ်မယ်ဆိုလည်း ရနိုင်ပါတယ်..။ အထူးသဖြင့် သူတို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမှားကြီးကြီး ကျူးလွန်မိရင် ပေးဆပ်ရမှာပါပဲ…။
ဂျေမီ ကာရေဂါ - ကျွန်တော်ဟာ မော်ရင်ဟို vs ဘင်နီးတက်ဇ် တို့ခေတ်က ဒီဒီယာ ဒရော့ဘာ နဲ့ အမြဲလိုလို ရင်ဆိုင်နေကျဆိုတော့ ကျွန်တော့်ရဲ့ အတွေ့အကြုံကို ပြောပြပါမယ်..။ ပုံမှန်အားဖြင့် နောက်တန်းလူတွေကို တိုက်စစ်မှူးတွေကို အမြဲတမ်း မျက်ခြေမပြတ်စေနဲ့၊ မလွတ်သွားအောင် အမြဲတမ်းကပ်ထား.. စသဖြင့် မှာကြားလေ့ ရှိပေမယ့် လူကာကူ တို့လို တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် ပြောင်းပြန်ဖြစ်သွားပါတယ်..။ ကျွန်တော်က အမြဲတမ်း သူတို့နဲ့ ခပ်ခွာခွာပဲ နေပါတယ်..။ အဲဒီအခါကျတော့ သူတို့က ကျွန်တော့်ကို လာပြီးကပ်ကြတာဗျ..။ မနေ့ကပွဲမှာဆိုရင် လူကာကူ ဟာ မာရီ ကို လူကာပြီး ကစားနိုင်အောင် သူကလည်း အရင်ဦးအောင် ကပ်ပြီးကစားတာကို တွေ့ရမှာပါ..။ ဒ့ါကြောင့် ကျွန်တော်တို့ဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရပြီဆိုရင် ဒရော့ဘာ ကို တစ်ယောက်တည်းနဲ့ မရင်ဆိုင်ဘူး..၊ ပြီးရင် ဘောလုံးက ဝေးဝေးမှာရှိနေရင် သူ့ရဲ့ရှေ့ကို ဦးအောင်ပြေးတက်..၊ ဘောလုံးကသူ့ဆီကို ရောက်လာပြီဆိုရင် နောက်ကိုပြေးဆင်း… အဲဒီလိုပဲ ကစားပါတယ်..။ ဒါတောင်အမြဲတမ်း မှန်တယ်လို့ မပြောနိုင်ပါဘူး..။
ဒေးဗစ် ဂျုံးစ် - ဂယ်ရီ ရေ.. ခင်ဗျားတို့ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းမှာ အဲဒီလို big striker တွေ ပါခဲ့တယ်ဆိုရင် ဆာအဲလက်စ် ဟာ ပွဲကြိုပြင်ဆင်မှုတွေ ဘယ်လိုပြုလုပ်လေ့ရှိလဲ..? ဒါမှမဟုတ် ခင်ဗျားတို့ကို ဘယ်လိုမှာကြားခဲ့လဲဗျ.. ဥပမာ- အခုမီခေးလ် အာတီတာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေမျိုးပေ့ါဗျာ..။ ကိုယ်တိုင်ဂိုးသွင်းနိုင်၊ ခံစစ်ကြောင်းကို ခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်မှူးကို ဦးစားပေးပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားမလား..? ကစားကွက် ဖန်တီးပေးမယ့် တခြားကစားသမားတွေကို ဦးစားပေးမလား..?
ဂယ်ရီ နဗီးလ် - မနေ့ကပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲကြိုခံစစ်အစီအမံကို ဂျေမီ ကာရေဂါ အစောက ပြောသွားခဲ့ပါတယ်..။ သူတို့ဟာ ချယ်လ်ဆီးအသင်းက ‘No.10’ နှစ်ယောက်ကို ဦးစားပေးပြီး တားဆီးဖို့ ကြိုးစားခဲ့ပုံ ရပါတယ်..။ မှန်ပါတယ်.. ဟာဗာ့ဇ် နဲ့ မောင့် တို့ဟာ အာဆင်နယ်အသင်းကို ခြိမ်းခြောက်နိုင်ပါတယ်..၊ ဒါပေမယ့် သူတို့ဟာ အထောင်တိုက်စစ်မှူးကို ဦးစားပေးရမယ်..၊ လူကာကူ ကို မလှုပ်နိုင်အောင် ဦးစားပေး တားဆီးရပါမယ်..။ ဆာအဲလက်စ် ကလည်း အဝတ်လဲခန်းထဲမှာ ပွဲကြိုမှာကြားချက်တွေ ပြုလုပ်ပြီဆိုရင် ‘အန္တရာယ်အများဆုံး ပေးနိုင်မယ့် ကာစားသမားတွေကို ဦးစားပေး ထိန်းချုပ်..’ လို့ပဲ မှာကြားလေ့ ရှိပါတယ်..။
ဒါဆိုရင် ထိပ်တန်းအသင်းကြီး တစ်သင်းမှာ အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိနေတာပဲလို့ ခင်ဗျားတို့က ငြင်းကြပါလိမ့်မယ်..။ ဥပမာ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ အာဆင်နယ် invincible အသင်းမှာဆိုရင် ဘယ်တောင်ပံက ရောဘတ် ပီးရက်စ်၊ သီယာရီ အွန်နရီ နဲ့ အက်ရှ်လေ ကိုးလ် တို့ရဲ့ တိုက်စစ်တွဲလုံးက တကယ့်အန္တရာယ်ပါပဲ..။ ရေး ပါလာ နဲ့ လောရန်း တို့ရဲ့ ညာတောင်ပံက မခြိမ်းခြောက်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး..။ ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ဘယ်တောင်ပံကို ထိန်းချုပ်နိုင်ပြီဆိုရင် ခင်ဗျားတို့ အနိုင်ရဖို့ အခွင့်အလန်းများနေပါပြီ..။
ဒါပေမယ့် မနေ့က အာဆင်နယ်အသင်းဟာ လူကာကူ ကို ထိန်းချုပ်ဖို့ မကြိုးစားခဲ့ပါဘူး…။ သူတို့ဟာ ‘ကိုင် ဟာဗာ့ဇ်’ နဲ့ ‘မေဆန် မောင့်’ တို့ကို ဦးစားပေး ထိန်းချုပ်ခဲ့တယ်ဆိုရင် အဲဒီနှစ်ယောက်ဟာ ကန့်လန့်ကာနောက်ကွယ်က ကစားသမားတွေပါ..။ သူတို့ဟာ ခင်ဗျားကိုဒုက္ခပေးနိုင်ပါလိမ့်မယ်..၊ ဒါပေမယ့် လူကာကူ က ခင်ဗျားတို့ကို တကယ် ဧကန်မုချ ဒုက္ခပေးမှာပါ..။ ဒ့ါကြောင့်သူ့ဆီကို ဘောလုံးမရောက်လာအောင် ဗဟိုခံစစ်မှူးနှစ်ယောက်နဲ့ ရှေ့ကကွင်းလယ်ကစားသမား နှစ်ယောက်တို့နဲ့ box ပုံစံ ပိတ်ဆို့သင့်တယ်လို့ အကြံပြုတာပါ..။ ဒါဆိုရင်ကွင်းလယ်က ဂျော်ဂင်ဟို နဲ့ ကိုဗာဆစ် တို့နှစ်ယောက် ဘောလုံးကိုင်ကစားခွင့် ပိုရသွားမှာပေါ့…၊ ဘာဖြစ်လဲ.. ဂျော်ဂင်ဟို နဲ့ ကိုဗာဆစ် တို့ ကွင်းလယ်မှာ ဘောလုံးကိုင်ထားခွင့် ပိုရသွားတာနဲ့ ဘာမှမထူးခြားသွားပါဘူး..။
နောက်တစ်ပါတ် စနေနေ့ကျရင် ဂျာဂင် ကလော့ပ် နဲ့ လီဗာပူးလ်အသင်းရဲ့ ပွဲကိုချဥ်းကပ်ပုံဟာ စိတ်၀င်စားဖို့ ကောင်းပါလိမ့်မယ်..။ သူတို့ဟာ တစ်သင်းလုံးကို ကွင်းလယ်ထိ တက်ဖိပြီး high defense line နဲ့ လူကာကူ ကို ကွင်းလယ်ထိ တက်ဖိမယ်…၊ ဒါမှမဟုတ် ဂိုးဧရိယာထိပ်ထိ တစ်သင်းလုံးဆင်းခံပြီး low block နဲ့ ပိတ်ဆို့ကစားချင် ကစားသွားပါမယ်..။ အာဆင်နယ်အသင်း စီမံချက်ဟာ ကွင်းလယ်ထိ တက်ဖိသလိုလို၊ တစ်သင်းလုံး နောက်ကိုဆင်းပြီး ခံသလိုလို ဟိုမရောက်၊ ဒီမရောက်နဲ့ ပီပီပြင်ပြင် မရှိခဲ့ပါဘူး..။
ဒေးဗစ် ဂျုံးစ် - ဂျာဂင် ကလော့ပ် ကတော့ ဗဟိုခံစစ်မှာ ဗာဂျီး ဗန် ဒိုက်ခ် ရှိနေတာဆိုတော့ အရမ်းကြီးစိတ်ပူမှာ မဟုတ်ဘူးထင်တာပဲဗျ..
ဂျေမီ ကာရေဂါ - အာဆင်နယ်အသင်းရဲ့ ပြဿနာက မန်ချက်စတာ စီးတီး၊ လီဗာပူးလ် တို့လို အရည်အသွေးမြင့် ကစားသမားတွေ မရှိပဲ အဲဒီအတိုင်း လိုက်ကစားခဲ့ခြင်း ဖြစ်ပါတယ်..။ လီဗာပူးလ်အသင်းမှာ ဘယ်လိုတိုက်စစ်မှူးကိုမဆို တစ်ယောက်ချင်း 1 vs 1 ထိန်းချုပ်နိုင်တဲ့ ခံစစ်မှူး ရှိနေပါတယ်..။ တကယ်လို့ လူကာကူ ဟာ အာဆင်နယ်အသင်းနဲ့ပွဲက ပုံစံအတိုင်း ကစားမယ်ဆိုရင် ဗန် ဒိုက်ခ် က ထိန်းချုပ်နိုင်ပါလိမ့်မယ်..။ သူတို့နှစ်ယောက်ရဲ့ ရင်ဆိုင်တိုက်ပွဲဟာ တကယ့်ကိုစိတ်၀င်စားဖို့ ကောင်းပါလိမ့်မယ်..။ ဘယ်သူက အသာရမယ်ဆိုတာ ဘယ်ပြောနိုင်မှာလဲဗျာ..။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ high defense line နဲ့ ကွင်းလယ်အထိ တက်ပြီးကစားလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်..။