feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (လီဗာပူးလ် Vs ချယ်လ်ဆီး)

စနေနေ့ညက လီဗာပူးလ်မြို့ အန်ဖီးလ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော လီဗာပူးလ် အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်အပေါ် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်..၊ လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် တို့က Sky Sports ရုပ်သံဌာန၏ ‘Saturday Night Football’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..၊ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးကို တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်..။ ဒ့ါကြောင့် ဒီနေ့ပွဲရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် ကျေနပ်ဖို့ကောင်းတဲ့ ရလဒ်တစ်ခုလို့ ပြောနိုင်ရဲ့လား… ဂျင်မီ ရေ..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒ့ါပေါ့..၊ ကျေနပ်သင့်တာပေ့ါဗျာ..။ သူတို့တွေရဲ့ ဒုတိယပိုင်း ကစားပုံဟာ အရမ်းကိုအားရဖို့ ကောင်းပါတယ်..။ တစ်သင်းလုံးဟာ စုစည်းမှုအပြည့်ရှိတယ်..၊ ကျစ်လျစ်တယ်..၊ နေရာလွတ်ကို မပေးရသလောက်ပါပဲ..။ ဒါ့အပြင် သူတို့ကိုထိုးဖောက်ရတာ အင်မတန်မှ ခက်ခဲပါတယ်..။ အထူးသဖြင့် သူတို့တွေရဲ့ ခိုင်မာတဲ့ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓါတ်ကို အထူးနှစ်သက်မိပါတယ်..။ ဒ့ါကြောင့်ဒီနေ့ပွဲ သရေရလဒ်ဟာ ထိုက်တန်တဲ့ ရလဒ်ပါ..။ လီဗာပူးလ်အသင်းဟာ 11 vs 11 တုန်းကတောင် ဒုက္ခပေးနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း တစ်ပိုင်းလုံး အပိုင်ဂိုးသွင်းခွင့် ကောင်းကောင်းမရခဲ့ပါဘူး..။ သူတို့ကစားပုံ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။



ဂျေမီ ရက်ဒ်နပ် - ဂျင်မီ ပြောတာ ကျွန်တော်သဘောတူပါတယ်...။ လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ ကစားပုံ ပိုပြီးကောင်းမွန်ခဲ့တယ်.. အခွင့်အရေးတွေလည်း ပိုပြီးရခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်း ကစားသမား (၁၀) ယောက်စလုံးဟာ သူတို့ကွင်းထဲမှာပဲ ရှိနေတာကြောင့် အင်မတန်မှ ကစားရ ခက်ခဲခဲ့သလို တန်ပြန်တိုက်စစ်တွေမှာ လူကာကူ ကြီးကိုလည်း သတိထားနေရပါသေးတယ်..။ သေချာတာကတော့ ဂျာဂင် ကလော့ပ် ဟာ သူ့အသင်းတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် ကျေနပ်မိမှာ ဖြစ်ပေမယ့် သုံးမှတ်အပြည့် မရခဲ့တဲ့အပေါ် စိတ်ပျက်မိပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရသလို အန်ဂိုလို ကန်တေး ကို ဒဏ်ရာကြောင့် လူစားလဲလိုက်ရပါတယ်..။ အဲဒီလို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် သူတို့အသင်းဟာ လိုချင်တဲ့ရလဒ်ကို ကျားကုတ်ကျားခဲ ရယူနိုင်ဖို့ လိုအပ်တဲ့ စိတ်ဓါတ်၊ ခွန်အားတွေ ရှိခဲ့ပါတယ်..။

ကစားသမား တစ်ဦးချင်းအနေနဲ့ဆိုရင် လီဗာပူးလ် ကွင်းလယ်က လူငယ်ကစားသမားလေး ဟာဗေးလ် အဲလီးယော့ ရဲ့ ခြေစွမ်းကို ကျွန်တော်နှစ်ခြိုက် မိပါတယ်ဗျ..။ ဒါပေမယ့် သူတို့အသင်းဟာ ဒီထက်ပိုပြီး တိုက်စစ်အား မြှင့်နိုင်ဖို့ လိုအပ်နေသေးတယ်လို့ ခံစားမိပါတယ်..။ ဘာပဲဖြစ်ဖြစ်ပါ.. ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ မာမာကျောကျောနဲ့ တုံ့ပြန်ကစားသွားပုံကို ချီးကျူးရမှာပါ..။ သူတို့ဟာ စိတ်ဓါတ်ပိုင်း ခိုင်မာကျစ်လျစ်သလို တစ်သင်းလုံး စုစုစည်းစည်းနဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြသွား နိုင်ခဲ့ပါတယ်..။

ကယ်လီ ကိတ် - ဒီနေ့ပွဲမှာဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းနှစ်သင်း ဆုံတွေ့ခဲ့သလို နှစ်သင်းစလုံးဟာ သုံးပွဲစီကစားခဲ့ပြီးပါပြီရှင့်..။ အဲဒီတော့ သူတို့တွေရဲ့ ခြေစွမ်းတွေအပေါ် မူတည်ပြီး ချန်ပီယံဆု စိန်ခေါ်နိုင်မယ့် အသင်းတွေလို့ ပြောနိုင်ပြီလားရှင့်..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အင်းဗျ.. ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် တခြားအသင်းတွေလည်း ရှိပါသေးတယ်..။ အသင်းတွေအားလုံးကတော့ တောင့်တင်းတဲ့ အသင်းတွေပါပဲ..။ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းပွဲစဉ်လည်းဖြစ်တယ်..၊ ပြီးတော့ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ကစားရတာ အင်မတန်မှ ခက်ခဲပါတယ်..။ ဒီနေ့ပွဲမှာ ပထမပိုင်း ပွဲစတာနဲ့ လီဗာပူးလ် အသင်းဟာ အကောင်းဆုံး ခြေစွမ်းနဲ့ ပွဲကိုစတင်ခဲ့ပါတယ်..။ သူတို့ဟာ အဖွင့်ဂိုး ရခဲ့သင့်ပေမယ့် ချယ်လ်ဆီးအသင်းက ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုးရသွားခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးက ပိုပြီးခြေစွမ်းကောင်းခဲ့သလို အဲဒီအချိန်အတွင်း ဒုတိယဂိုးရအောင် သွင်းနိုင်ခဲ့သင့်ပါတယ်..။ ဒါဆိုရင် နိုင်ပြီပေ့ါဗျာ..။

ဒါပေမယ့် ပွဲကိုအဆုံးမသတ်နိုင်ခဲ့ပါဘူး..။ လီဗာပူးလ်လိုအသင်းဟာ အခွင့်အရေးရတာနဲ့ ပြန်ပြီးနိုးထ၊ ပြန်ပြီးရုန်းကြွ လာလိမ့်မယ်ဆိုတာ သိပြီးသားပဲဗျ.. အဲဒါနဲ့ပဲ ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီ ပေးလိုက်ရတယ်..။ ဒုတိယပိုင်း တစ်ယောက်လျော့နဲ့ ကစားရတဲ့အချိန် အသင်းတစ်သင်းရဲ့ စိတ်ဓါတ်နဲ့ မာကျောမှုကို ပြသဖို့ လိုအပ်လာပါပြီ..။ အဲဒီလို အခြေအနေ၊ စိန်ခေါ်မှုကို ချယ်လ်ဆီးအသင်းဟာ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။ ဒ့ါအပြင် ခက်ခက်ခဲခဲ ထိုးဖောက်နိုင်ခဲ့တဲ့ တန်ပြန်တိုက်စစ်တွေကနေ အခွင့်အရေးတစ်ချို့ရခဲ့ပြီး လီဗာပူးလ်အသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပါသေးတယ်..။ ဒီနေ့ပွဲမှာ သူတို့အသင်းဟာ အခြေအနေက ကိုယ့်ဘက်မှာ ရှိမနေခဲ့တာတောင်မှ အခွင့်အရေး နည်းနည်းလေးထဲကနေ တစ်မှတ်ကို ရအောင်ယူပြီး ထိပ်တန်းအသင်းတစ်သင်း ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..၊ ကျွန်မတို့ဟာ ဒီနေ့ပွဲရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ရိစ် ဂျိမ်းစ် ထုတ်ပယ်ခံရတဲ့ အခိုက်အတန့်အကြောင်းကို မကြာခင်မှာ ဆွေးနွေးကြတာပေ့ါ…။ အဲဒီအချိန်မတိုင်ခင်အထိ ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ထိုးဖောက်ကစားခဲ့တာကြောင့် တကယ့်ကို ကြည့်လို့ကောင်းတဲ့ အကြိတ်အနယ် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်.. မဟုတ်ဘူးလား.. ဂယ်ရီ ရေ..

ဂယ်ရီ နဗီးလ် - ဟုတ်တယ်ဗျ.. တကယ့်ကို အကြိတ်အနယ် ပွဲကောင်းတစ်ပွဲပါ..။ ချယ်လ်ဆီးအသင်းဟာ အရင်အပါတ်က အာဆင်နယ်အသင်းကို အဝေးကွင်းမှာ သက်သက်သာသာ အနိုင်ရခဲ့တာကြောင့် ဒီနေ့ပွဲကို ယုံကြည်မှုအပြည့်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ပထမပိုင်းမှာလည်း အကောင်းဆုံးခြေစွမ်း ရခဲ့တဲ့ လီဗာပူးလ်အသင်းကို ကောင်းကောင်းတုံ့ပြန်ကစားနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ စိတ်ဓါတ်ပိုင်း ခိုင်မာမှု၊ အသင်းသားတွေရဲ့ စုစည်းကျစ်လျစ်မှုနဲ့ မျှော်လင့်မထားတဲ့ အခက်အခဲတွေကို အကောင်းဆုံး တုံ့ပြန်နိုင်မှုတွေဟာ ချန်ပီယံဆု ရရှိနိုင်မယ့် အသင်းတွေရဲ့ အင်္ဂါရပ်တွေပါပဲ..။ အခုအချိန်မှာ ချန်ပီယံဆုအကြောင်းပြောဖို့ အရမ်းကိုစောလွန်းနေပါသေးတယ်..။ ဒါပေမယ့် သူတို့အသင်းမှာ အဲဒီလို ချန်ပီယံဆု ဆွတ်ခူးနိုင်မယ့် အရည်အသွေးတွေ ရှိနေပါတယ်..။
 
လီဗာပူးလ် အသင်းအနေနဲ့က ရလာတဲ့အခွင့်အရေးကို အမိအရ အသုံးချပြီး ချယ်လ်ဆီးအသင်းကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ်..။ ဒ့ါကြောင့်ဒီနေ့ပွဲရလဒ်အပေါ် သူတို့တွေ အထူးကျေနပ်လိမ့်မယ် မဟုတ်ပါဘူး..။ တကယ်လို့ သူတို့သာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဂျာဂင် ကလော့ပ် ရဲ့ Heavy Metal လီဗာပူးလ်အသင်းရဲ့ အရှိန်မျိုး ဒီနေ့မှာရခဲ့မယ်ဆိုရင် သူတို့အနိုင်ရပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်ဟာ ရာသီအစပိုင်းပဲ ရှိသေးတာကြောင့် ချန်ပီယံဆုအကြောင်း ပြောရမှာ အရမ်းကိုစောလွန်းပါသေးတယ်..။ ဒီနေ့ပွဲဟာ တကယ့်ပွဲကောင်း တစ်ပွဲပါ..။ ဒ့ါကြောင့် ရိစ် ဂျိမ်းစ် ကို အနီကတ်ဒ်ပြခဲ့တာ မှန်ကန်တယ်လို့ ထင်မိပေမယ့် ပွဲချိန်ပြည့် 11 vs 11 ရင်ဆိုင်သင့်တဲ့ ပွဲတစ်ပွဲမှာ ပွဲကောင်းတစ်ပွဲရဲ့အရသာ အပြည့်အဝမရခဲ့တဲ့ အပေါ်မှာပဲ မချင့်မရဲ ဖြစ်မိပါတယ်...။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..၊ ကိုင် ဟာဗာ့ဇ် ရဲ့ အဖွင့်ဂိုးအကြောင်း စပြီးဆွေးနွေးကြတာပေ့ါ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ကိုင် ဟာဗာ့ဇ် ဟာ ရိစ် ဂျိမ်းစ် ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ဂိုးသွင်းဖို့ထက်စာရင် ခပ်လှမ်းလှမ်းကနေ နောက်လှန်တိုက်ပြီး ခြောက်ကိုက်စည်းထဲက တစ်ယောက်ယောက်အတွက် ‘မ’ ပေးလိုက်ပုံ ရပါတယ်..။ ဒါပေမယ့် ခေါင်းတိုက်ချက် အတော်လေး ကောင်းမွန်ခဲ့သလို ဂိုးသမား အဲလစ်ဆန် ရှေ့ရောက်နေတာကြောင့် သူ့ကိုကျော်ပြီး ဂိုးဝင်သွားခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ကစားပုံ ပိုပြီးကောင်းလာခဲ့ပါတယ်..။ အဲဒီဂိုးဟာ လီဗာပူးလ်အသင်းရဲ့ စိတ်အားထက်သန်မှုတွေကို ကုန်ဆုံးသွားစေသလိုပါပဲ..

ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..။ လီဗာပူးလ်အသင်းဟာ မိနစ် (၂၀) လောက်အထိ ကစားပုံ သွက်လက်မြန်ဆန်ခဲ့ပြီး ပေးပို့ပုံတွေ ကောင်းမွန်ခဲ့တယ်..၊ ပွဲကိုကောင်းကောင်း စိုးမိုးထားနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေ ကောင်းကောင်းဒုက္ခပေး တုံ့ပြန်နိုင်ခဲ့ပါတယ်..။ တိုက်စစ်က ဟာဗက်ဇ်၊ မောင့် တို့ဟာ လူကာကူ ကို ဝန်းရံပြီး လျှင်မြန်တဲ့ တွဲလုံးတွေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်..။ အဖွင့်ဂိုးဟာဆိုလည်း သူတို့တွဲလုံးတွေက ရလာတဲ့ ထောင့်ကန်ဘောကနေ ဂိုးရခဲ့တာပါ..။

ဂယ်ရီ ရေ.. ခင်ဗျားကတော့ ဟာဗာ့ဇ် ဟာ ဂိုးသွင်းဖို့ ရည်ရွယ်ခဲ့တာ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်နော်..၊ ဒါပေမယ့် သူပြေးတက်သွားပြီး ခေါင်းတိုက်ချက်ဟာ ခြောက်ကိုက်စည်း အပြင်ဘက်မှာဆိုတော့ ဂျင်မီ ပြောခဲ့သလို တစ်ယောက်ယောက်အတွက် ရည်ရွယ်ပြီး ‘မ’ ပေးလိုက်တာပဲ ဖြစ်ပါလိမ့်မယ်…။ အဲဒီခေါင်းတိုက်ချက်ဟာ တခြားတစ်ယောက်အတွက် ဖန်တီးတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သွင်းဖို့ ကြိုးစားခဲ့တာပဲဖြစ်ဖြစ်.. အတော်လေးကို လှပတဲ့ ခေါင်းတိုက်ချက်ပါ..။ ဟာဗာ့ဇ် ဟာ ဒီနေ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲရဲ့အရေးပါတဲ့ အခိုက်အတန့်၊ အလှည့်အပြောင်းကို ဖန်တီးပေးခဲ့သလို တစ်ဖက်က ပင်နယ်တီ ပေးလိုက်ရတဲ့ ဘောလုံးမှာ သူ့ရဲ့ခံစစ်ပိုင်း ကာကွယ်ပုံ အားနည်းခဲ့ပါတယ်..။

လီဗာပူးလ်အသင်း ရရှိသွားခဲ့တဲ့ ချေပဂိုးကို ပြန်ကြည့်မယ်ဆိုရင် ဆာဒီယို မာနေး ရဲ့ မရမက အစွမ်းကုန် ကြိုးစားခဲ့မှုကို ချီးကျူးရမှာပါ..။ ဆာဒီယို မာနေး ရဲ့ ဘာကြောင့်အောင်မြင်ခဲ့လဲ.. ဆိုတာ သုံးသပ်ကြည့်မယ်ဆိုရင် သူ့ရဲ့လုပ်အားနှုန်းနဲ့ ကြိုးစားအားထုတ်မှုက အဓိကကျခဲ့တယ်ဆိုတာ တွေ့ရမှာပါ..။ ကဲ.. အဲဒီပင်နယ်တီ ချေပဂိုးကို ရရှိစေခဲ့တဲ့ ထောင့်ကန်ဘောကို တစ်ချက်ပြန်ကြည့်ရအောင်..



လီဗာပူးလ်အသင်းရခဲ့တဲ့ ဘယ်ထောင့်ကန်ဘောကို အန်ဒီ ရော်ဘတ်ဆန် က ဂိုးဧရိယာထဲကို ကန်တင်လိုက်တယ်..။ ဆာဒီယို မာနေး က ကျလာတဲ့ ဘောလုံးကို ဟာဗာ့ဇ် နဲ့ ယှဉ်ပြီးတိုက်ပါတယ်..(ပုံ- ၁)။ ဘောလုံးဟာ ချယ်လ်ဆီးအသင်း ဂိုးပေါက်ကိုဖြတ်သွားပြီး ဘယ်ဂိုးတိုင်ဘေးနား ပြန်ကျပါတယ်..။ ဂျိုး မာတစ် က ဂိုးလွန်ဘော မဖြစ်အောင် ပြန်ဆယ်တယ်..၊ ပြန်ကျလာတဲ့ ဘောလုံးကို ခေါင်းတိုက်ရာမှာ ဂိုးဘားတန်းထိပြီး ပြန်ထွက်လာပါတယ်..။ အဲဒီမှာ ခုနက ခေါင်းတိုက်ပြီး မြက်ခင်းပေါ်လဲနေတဲ့ မာနေး က အမြန်ပြန်ထလာတယ်..။

အခုပြထားတဲ့ပုံ (ပုံ- ၂) မှာဆိုရင် အစောတုန်းက မာနေး နဲ့ယှဉ်ပြီး ခေါင်းတိုက်ခဲ့တဲ့ ဟာဗာ့ဇ် ဟာ သူ့ရဲ့နေရာမှာပဲ မလှုပ်မရှား ဆက်ပြီးရပ်နေပါတယ်..။ မာနေး က သူ့ရဲ့ဘေးနားကဖြတ်ပြီး ကျလာတဲ့ဘောလုံးကို ပြေးပိတ်ခဲ့ပါတယ်..။ တကယ်တော့ ပွဲချိန် (၄၅) မိနစ်က ပြည့်နေပါပြီ..၊ အဲဒီလိုအချိန်တွေမှာ အရမ်းကို သတိထားရပါတယ်..။ မားကို့စ် အလွန်ဆို ဟာ ဂျိုး မာတစ် ထက်အရင် အဲဒီဘောလုံးကို အန္တရာယ်ကင်းတဲ့ နေရာရောက်သွားအောင် ရှင်းထုတ်နိုင်ခဲ့သင့်ပါတယ်..။ ဒါမှမဟုတ် ဂိုးသမား မန်ဒီ ကို လွှတ်ပေးလိုက်ပေါ့ဗျာ..။ မာနေး ရဲ့ မရမက ကြိုးစားအားထုတ်ခဲ့တဲ့ ဇွဲလုံ့လကို ချီးကျူးရမှာပါ..။ ရိစ် ဂျိမ်းစ် က လက်နဲ့သေသေချာချာ ပုတ်ခဲ့ပါတယ်..။ ဂယ်ရီ ရေ.. အစောတုန်းကတော့ ခင်ဗျားက သိပ်ပြီးမသေချာလှဘူးလို့ ပြောခဲ့တယ်နော်..။



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ရိစ် ဂျိမ်းစ် ရဲ့ ဖျက်ထုတ်မှုဟာ သေချာပေါက် ပင်နယ်တီ ပေးရမှာပါ..။ ဒါပေမယ့် သူတမင်သက်သက် ရည်ရွယ်ခဲ့လား..? ကျွန်တော်မသိပါဘူး..။ ရည်ရွယ်ချက် ပါတယ်လို့လည်း မထင်မိပါဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိရင် ပင်နယ်တီ ပေးရမှာပါပဲ..။
ဂယ်ရီ နဗီးလ် - သိပ်ပြီးမသေချာလှဘူး.. လို့ ကျွန်တော်ပြောခဲ့တာက မာနေး ကန်လိုက်တဲ့ ဘောလုံးဟာ ပေါင်ကိုအရင်မှန်ပြီးမှ သူ့ရဲ့လက်မောင်းကို လာပြီးထိတာဗျ..။ ဒါပေမယ့် သူ့ရဲ့လှုပ်ရှားမှုက ဘောလုံးကို ပုတ်ထုတ်လိုက်တဲ့ ပုံစံမျိုးတော့ တွေ့ရတာပဲ..။

ကယ်လီ ကိတ် - သူတို့တွေ VAR ပြန်ကြည့်ကြတာလဲ.. အဲဒီလို လက်နဲ့ပုတ်ထုတ်လိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် သေချာအောင် ပြန်ကြည့်တာ ဖြစ်ပါလိမ့်မယ်..။ အန်တော်နီ တေလာ က ကွင်းဘေးက monitor ကို သွားကြည့်တဲ့ နေရာမှာ ရိစ် ဂျိမ်းစ် ရဲ့ လက်နဲ့ ခန္ဓာကိုယ်အနေအထားဟာ ရည်ရွယ်ချက် ပါ၊ မပါ (unnatural position) ကို ဦးစားပေး ကြည့်မှာပါပဲ..။ နောက်ပြီးရင် သူ့ရဲ့လက်၊ ဒါမှမဟုတ် လက်မောင်းဟာ ဘောလုံးဆီကို သွားသလားပေါ့… (hand/ arm to ball) အဲဒါကို ကြည့်ပါမယ်ရှင့်..။ အန်တော်နီ တေလာ ဟာ အဲဒီအချက်တွေကိုကြည့်ပြီး ပင်နယ်တီပေးခဲ့တာ ဖြစ်ပါတယ်..။ အဲဒါနဲ့ တစ်ဆက်ထဲ ပင်နယ်တီပေးလိုက်ပြီဆိုရင် Laws of the Game အရ ‘သေချာပေါက် ဂိုးသွင်းခွင့်ကို ရည်ရွယ်ချက်ရှိရှိ ဥပဒေပ တားဆီးတာ‘ ဖြစ်တဲ့အတွက် အနီကတ်ဒ် ပြခဲ့တာပါ..။ အခုပြထားတဲ့ ဥပဒေရဲ့စာပိုဒ်ထဲမှာ ‘ဘယ်လိုအနေအထားပဲ ဖြစ်ပါစေ.. (wherever the offence occurs)’ လို့ ဆိုထားတာကြောင့် ပြဌာန်းချက်နဲ့အညီ ပြစ်ဒဏ်ပေးသွားတာပဲလို့ ပြောရမှာပါရှင့်..။



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အင်းပေါ့ဗျာ..။ ဥပဒေက ရှိပြီးသားဆိုတော့ အဲဒီအတိုင်းပဲ ဆောင်ရွက်ရမှာပေါ့..။ ကျွန်တော်ကတော့ ပေးလိုက်ရတဲ့ ချေပဂိုးမှာ ပထမဆုံးအနေနဲ့ ဘောလုံးကို မိမိရရ မဖမ်းနိုင်၊ မရှင်းထုတ်နိုင်ခဲ့တဲ့ ဂိုးသမား မန်ဒီ နဲ့ ကွင်းထဲမှာ အိပ်ပျော်နေခဲ့တဲ့ ဟာဗာ့ဇ် တို့ကို နည်းနည်းအပြစ် တင်ချင်မိတယ်..။ ရိစ် ဂျိမ်းစ် ရဲ့ လက်ထိဘောကတော့ ပင်နယ်တီပေးရမှာပါ..။ အဲဒီပင်နယ်တီနဲ့ တစ်ဆက်တည်း အနီကတ်ဒ်ပါ တွဲပါလာတာပေါ့..။

ဂျေမီ ရက်ဒ်နပ် - ချယ်လ်ဆီးအသင်းပေးလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောနဲ့ ရိစ် ဂျိမ်းစ် ရဲ့ အနီကတ်ဒ်အပေါ် နောက်ထပ်ဧည့်သည်တစ်ယောက်ဆီက ထင်မြင်ချက် တောင်းပါဦးမယ်..။ ဆီဇာ အက်ဇ်ပီလီကွဲတား ရေ… ခင်ဗျားတို့အသင်း ပေးလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်နဲ့ အနီကတ်ဒ်ပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား..? နောက်ပြီးပထမပိုင်းပြီးခါနီးမှာ ဖြစ်သွားခဲ့တဲ့ အလှည့်အပြောင်းအပေါ် ခင်ဗျားတို့ အသင်းအဝတ်လဲခန်းထဲက တုံ့ပြန်မှုကို ပြောပြနိုင်မလား..

ဆီဇာ အက်ဇ်ပီလီကွဲတား - အကုန်လုံး လောင်ကုန်တာပေါ့ဗျာ..။ အဖြစ်အပျက်တွေဟာ အရမ်းကို မြန်ဆန်လွန်းခဲ့ပါတယ်..။ နောက်ပြီးပြစ်ဒဏ်ဟာ သိပ်ကိုပြင်းထန်လွန်းတယ်ဗျ..။ အနီကတ်ဒ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ တစ်ချက်လောက် ပြန်ကြည့်လို့ရမလားဗျ.. ဟားဟား..၊ ကျွန်တော်ရဲ့ ထင်မြင်ချက် မပြောခင် တစ်ခါလောက် သေသေချာချာ ပြန်ကြည့်ချင်ပါသေးတယ်..



ကျွန်တော်ကတော့ ဘောလုံးဟာ ရိစ် ဂျိမ်းစ် ရဲ့ ခြေထောက်ကိုမှန်ပြီးမှ လက်မောင်းကို လာထိတာလို့ပဲ မြင်မိတာပဲ..။ အဲဒီလက်ထိဘော စည်းမျဉ်းအပြောင်းအလဲ အပါအဝင် ဘောလုံးစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်၊ ဒိုင်အဖွဲ့တွေနဲ့လည်း အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်..။ ပြောရတာ အတော်ခက်ပါတယ်..။ ဘောလုံးက ဂိုးစည်းပေါ်မှာ..၊ ရိစ် အတွက် စဉ်းစားဖို့ အချိန်မရှိပါဘူး..။ ဘောလုံးဟာ သူ့ရဲ့ပေါင်ကို အရင်ထိပြီးမှ လက်ကိုလာမှန်တာပါ..။ အဲဒီအချိန်မှာ သူ့ရဲ့လက်က ကိုယ်မှာတော့ ကပ်မနေပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့ ပြေးပြီဆိုရင် လက်ကိုခန္ဓာကိုယ်မှာ ကော်နဲ့ကပ်ပြီး ပြေးလို့မှမရတာ..။ ဒ့ါကြောင့် ကျွန်တော်တို့လို နောက်ခံလူတွေအတွက် အတော်လေးကို ခက်ခဲတဲ့ အနေအထားပါပဲ..။

ကယ်လီ ကိတ် - ကျွန်မတို့ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဆက်မပြောခင် သောမတ်စ် တူခယ်လ် က ဒိုင်လူကြီး အန်တော်နီ တေလာ ဟာ ဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ မကြည့်ပဲ ဓါတ်ပုံကြည့်ပြီး ဆုံးဖြတ်လိုက်မှာကို စိုးရိမ်မိတယ်လို့ မှတ်ချက်ပေးသွားပါတယ်ရှင့်..။ တကယ်တော့ အန်တော်နီ တေလာ monitor ရှေ့ကို ရောက်သွားတဲ့အချိန်မှာ VAR ပြကွက် ပြီးဆုံးသွားပြီး နောက်ဆုံးကျန်နေခဲ့တဲ့နေရာ ဖြစ်နေပါတယ်..။ ဒ့ါကြောင့်ရုပ်သေပုံ ဖြစ်နေခဲ့တာပါ..။ အဲဒီရုပ်သေပုံရိပ်ကိုကြည့်ပြီး ဆုံးဖြတ်ခဲ့တယ် ဆိုရင်ရော သူ့ရဲ့ဆုံးဖြတ်ချက် မှန်ကန်နိုင်ပါ့မလားရှင့်..

ဂယ်ရီ နဗီးလ် - ဒိုင်လူကြီး အန်တော်နီ တေလာ ရဲ့ဆုံးဖြတ်ချက်က မှန်ပါတယ်..။ ဒါပေမယ် ဒိုင်လူကြီးဟာ ရုပ်သေပုံရိပ်ကိုကြည့်ပြီး ဆုံးဖြတ်ခဲ့ပုံရတယ်.. ဆိုပြီး ပထမပိုင်းအပြီးမှာ ကျွန်တော်ပြောခဲ့ပါသေးတယ်..။ သူ့အနေနဲ့ ဖြစ်ရပ်တစ်ခုလုံးကို အစအဆုံး ပြန်မကြည့်တာ နည်းနည်းတော့ ထူးဆန်းတာပေ့ါ..။

ဂျေမီ ရက်ဒ်နပ် - ဒိုင်လူကြီးရော၊ VAR အဖွဲ့တွေရောကပါ အနီကတ်ဒ်လို့ပဲ ပြောပါလိမ့်မယ်..။ အခုအချိန်မှာ VAR အပေါ် ကျွန်တော်သိပ်မပြောချင်တော့ပါဘူး..။ ဒီနှစ်မှာဆိုရင် VAR အဖွဲ့တွေရဲ့ လုပ်ဆောင်ပုံတွေ အတော်ကို တိုးတက်လာပြီး အကူအညီတကယ် ပေးနိုင်တဲ့အဆင့်ကို ရောက်လာတယ်လို့ ထင်ပါတယ်..။ ဒ့ါကြောင့် ဖျက်ထုတ်မှုတွေ အမှန်တကယ် လုပ်ခဲ့လား..? အမှန်တကယ် လက်နဲ့ထိခဲ့လား..? ဥပဒေပ လုပ်ရပ်ကို တကယ် ကျူးလွန်ခဲ့လား..? စတဲ့အချက်တွေကိုပဲ ပိုပြီးအာရုံစိုက်တာ ကောင်းပါလိမ့်မယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘောလုံးပွဲ ကြည့်ကြတာပါ..။ ဒ့ါကြောင့်ဘောလုံးပွဲတွေမှာ တွန်းတွန်းတိုက်တိုက် ဖျက်ထုတ်တာတွေ အနည်းနဲ့အများ ရှိပါလိမ့်မယ်..။ VAR တို့၊ နည်းပညာ အထောက်အကူ ပေးတဲ့အရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်တွေကို အရမ်းအာရုံစိုက်လွန်းရင် ဘောလုံးပွဲတွေရဲ့ အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်..။ ဒ့ါကြောင့်ဒီနှစ်ဘောလုံးရာသီမှာ အခုအချိန်ထိ ဒိုင်လူကြီးတွေနဲ့ VAR အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ဟာ ကျေနပ်ဖို့ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်..။



ကယ်လီ ကိတ် - ဂျင်မီ ရေ.. ရှင်ကတော့ ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ထက်စာရင် သောမတ်စ် တူခယ်လ် ရောက်ရှိလာရှိပြီး ရှင်တို့ချယ်လ်ဆီးအသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့အပေါ် ပိုပြီးကျေနပ်မိလိမ့်မယ်လို့ ကျွန်မထင်တာပဲ..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အားး.. အရမ်းသဘောကျတာပေါ့..။ အထူးသဖြင့် ဒီနေ့ပွဲ ဒုတိယပိုင်းမှာ အသင်းသားတွေ ပြသခြေစွမ်းဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲထက် ပိုပြီးကျေနပ်ဖို့ ကောင်းပါတယ်..။ နောက်ပြီးတူခယ်လ် ဟာ ဒီနေ့ပွဲ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းနဲ့ ပွဲကထက်ပိုပြီး အသင်းအတွက် စိတ်အား၊ လူအား.. အင်အားတွေ စိုက်ထုတ်ခဲ့ရပါလိမ့်မယ်..။ အာဆင်နယ်နဲ့ပွဲမှာ သူတို့ကစားပုံ မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး..။ အခုလိုအနေအထားမျိုးမှာ သူရော၊ ကစားသမားတွေ အားလုံးပါ အန်ဖီးလ် ကွင်းမှာ ရရှိခဲ့တဲ့ တစ်မှတ်အပေါ် ကျေနပ်ခဲ့ကြပါလိမ့်မယ်..။ ချန်ပီယံဖြစ်ချင်တဲ့ အသင်းတိုင်းဟာ ဒီလိုခက်ခဲပြီး စိန်ခေါ်မှုအပြည့် ရှိတဲ့နေရာမျိုးကနေ လက်ဗလာနဲ့ ပြန်လာခဲ့လို့ မရပါဘူး..။ ဒါ့အပြင် တစ်ယောက်လျော့နဲ့ အခုလိုစွမ်းဆောင်နိုင်ခဲ့တာဟာ ပိုပြီးကျေနပ်ဖို့ ကောင်းပါတယ်..။ အခုအချိန်မှာ သူတို့အသင်းသားတွေရဲ့ စည်းလုံးမှု၊ စိတ်ဓါတ် ပြင်းပြမှုနဲ့ ယုံကြည်မှုအင်အားဟာ အရမ်းကိုကောင်းနေတယ်..၊ အသင်းက အောင်မြင်ခဲ့တဲ့ အရှိန်အပေါ် ဆက်ပြီးမောင်းနှင်နေနိုင်ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ နောက်ထပ်ခရီးအရှည်ကြီး ကျန်ရှိနေသေးတဲ့အတွက် ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောရမှာ အရမ်းကို စောလွန်းနေပါသေးတယ်....။

ဂယ်ရီ နဗီးလ် - ကျွန်တော်ကစားခဲ့ဖူးသမျှ ပရီးမီးယားလိဂ် အဝေးကွင်းတွေထဲမှာ အန်ဖီးလ် ကွင်းက အခက်ခဲဆုံးပါ..။ ကျွန်တော်တို့တွေ ခေတ်တုန်းက ဆာ အဲလက်စ် ဖာဂူဆန် က ‘အန်ဖီးလ် ကွင်းဟာ အသင်းတစ်သင်းကို ချန်ပီယံဖြစ်၊ မဖြစ် တိုင်းတာတဲ့ မှတ်ကျောက်ပဲ..’ လို့ ပြောခဲ့ဖူးပါတယ်..။ ဒီလိုကွင်းမျိုးမှာ ဒုတိယပိုင်းကို လူတစ်ယောက်လျော့နဲ့ သူတို့ပရိသတ်တွေရဲ့ရှေ့မှောက်၊ ဖိအားတွေ မျိုးစုံအောက်မှာ ရင်ကော့ပြီး ထွက်လာနိုင်ခဲ့တယ်ဆိုတာ ချယ်လ်ဆီးနည်းပြနဲ့ အသင်းသားတွေအတွက် ယုံကြည်မှုပိုပြီး ကောင်းမွန်စေခဲ့မှာ အသေအချာပါပဲ..။ အခုအချိန်ဟာ အရမ်းကိုစောလွန်းနေသေးတယ် ဆိုပေမယ့် သူတို့တွေရဲ့စိတ်ထဲမှာ အတားအဆီးကြီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဆိုတဲ့ အတွေးတွေ၊ ယုံကြည်မှုတွေ ရရှိလာပါလိမ့်မယ်..။ သူတို့တွေရဲ့ ဒုတိယပိုင်း ကစားပုံဟာ အရမ်းကို မာကျော၊ ကျစ်လျစ်ပါတယ်..။

လီဗာပူးလ်အသင်းကတော့ လိုချင်တဲ့အရှိန်အဟုန် ပြန်လည်ရရှိအောင် တည်ဆောက်နေဆဲလို့ ပြောရမလိုပါပဲ..။ သူတို့အသင်းရဲ့ ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေပါတယ်..။ တစ်ပွဲလုံးမှာ အသင်းရဲ့ကစားပုံစံကို သုံးသပ်ကြည့်မယ်ဆိုရင် ပထမပိုင်း (၁၅) မိနစ်၊ ဒုတိယပိုင်း (၁၅) မိနစ်လောက်အထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကစားနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း သူတို့တွေရဲ့ တိုက်နိုင်အား၊ စွမ်းအားတွေ လျော့ကျသွားတယ်လို့ ခံစားမိပါတယ်..။ ပွဲရဲ့အရှိန် (tempo) ကျသွားပြီး အရင်တုန်းက ဂျာဂင် ကလော့ပ် အသင်းတွေလိုအရှိန်အဟုန်၊ မြန်ဆန်မှုမျိုး ပြန်ရအောင် ကစားအား မတင်နိုင်ခဲ့ပါဘူး.။

ဒါပေမယ့် သူတို့အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဝဖေန်ရတာ စောလွန်းနေပါသေးတယ်..။ အကောင်းဆုံးအဆင့်ကိုရောက်ဖို့ နည်းနည်းလေး လိုနေသေးတယ်လို့ပဲ ပြောရင်ကောင်းပါလိမ့်မယ်..။



ဂျေမီ ရက်ဒ်နပ် - တစ်ဖက်အသင်းက ဆယ်ယောက်စလုံး နောက်မှာပဲ ပိတ်ဆို့ကစားနေရင် ထိုးဖောက်ရတာ အရမ်းခက်ခဲပါတယ်…။ အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ နဂိုကတည်းက ခံစစ်ကစားပုံ တကယ်ကောင်းတာပါ.။ ဒ့ါကြောင့်အခုပွဲရလဒ် တစ်ခုတည်းကိုကြည့်ပြီး ဒီအသင်းကတော့ မရလောက်ပါဘူးလို့ ပြောရမှာ သိပ်ကိုစောလွန်းပါသေးတယ်ဗျ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ တစ်ဦးချင်းအမြင်နဲ့ဆိုရင် သူတို့ရဲ့တိုက်စစ်၊ ရှေ့တန်းမှာ ထပ်ပြီးအားဖြည့်ဖို့ လိုအပ်ပါလိမ့်မယ်.။ ဒါမှမဟုတ် ရာသီအစပိုင်း ဖြစ်တာကြောင့် သွေးမပူသေးတာပဲလား..? တစ်ခုခုပါပဲ..။ သေချာတာက ပြိုင်ဘက်က ဆယ်ယောက်ဆိုတိုင်း လျော့မတွက်ပါနဲ့..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဒါပေမယ့် ချယ်လ်ဆီးဟာ တစ်ယောက်လျော့နဲ့ (၄၅) မိနစ်အပြည့် ကစားသွားခဲ့တာနော်..၊ မိနစ် (၂၀)၊ မိနစ် (၃၀) လောက်ပဲ ကစားသွားခဲ့တာ မဟုတ်ပါဘူး.. ဒ့ါကြောင့်လီဗာပူးလ်အသင်းက ဒီထက်ပိုပြီး ခြိမ်းခြောက်နိုင်ခဲ့သင့်တာပေ့ါ..။ အနည်းဆုံး သည်းထိပ်ရင်ဖို ကန်သွင်းရတဲ့ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့သင့်တယ် မထင်ဘူးလားဗျ..။ သူတို့တွေဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး ဒီယေဂို ဂျော့တာ ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကလွဲရင် ဂိုးဧရိယာ အပြင်ဘက်က ကန်သွင်းခွင့်တွေပဲ ရခဲ့ပါတယ်..။ အဲဒီကန်ချက်တွေကိုတော့ ဘယ်လိုမှ ပိတ်လို့ရမှာ မဟုတ်ဘူးလေ..။ ဒီနေ့ပွဲ..၊ အထူးသဖြင့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးဂိုးသမား မန်ဒီ စွမ်းစွမ်းတမံနဲ့ အံ့မခန်း ကာကွယ်ခဲ့ရတဲ့ ဂိုးသွင်းခွင့်မျိုးမှ မရခဲ့တာ..။ တကယ်လို့ ဂိုးမရှိ သရေကျခဲ့တယ်ပဲ ဆိုပါဦး.. ချယ်လ်ဆီးဂိုးသမားက အံ့မခန်းကာကွယ်မှု သုံးကြိမ်လောက် ပြုလုပ်ခဲ့လို့ အမှတ်လျော့သွားရတယ်ဆိုရင် လီဗာပူးလ်အသင်း ကံမကောင်းခဲ့ဘူးလို့ ပြောနိင်မှာပေါ့..   
 
ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..၊ ကျွန်တော်တို့ သုံးမှတ်အပြည့် မရခဲ့လို့ စိတ်ပျက်မိခဲ့ပါတယ်.။ ဒါပေမယ့် ခင်ဗျားတို့အသင်းဟာ နဂိုကတည်းကမှ တကယ့်ကို ခံစစ်ကောင်းတဲ့ အသင်းပါ..၊ သူတို့ဟာ ခံစစ်ထိုင်ပြီး ဘယ်လိုကစားရမယ်ဆိုတာ ကောင်းကောင်းနားလည်နေတဲ့ အသင်းတစ်သင်းပါ..။ ဥပမာပြရမယ်ဆိုရင် ဆီဇာ အက်ဇ်ပီလီကွဲတား ဟာ ဒုတိယပိုင်းမှာ right center back ကနေ right wing back ပြောင်းကစားခဲ့ရပေမယ့် အသင်းရဲ့ကစားပုံ ဘာများပြောင်းသွားခဲ့လို့လဲ..

ကယ်လီ ကိတ် - ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာ ယာဂင် ကလော့ပ် ကလည်း ရှင်ပြောခဲ့တဲ့အတိုင်း (၁၀) ယောက်ကျန် ချယ်လ်ဆီးအသင်းကို ထိုးဖောက်ရတာ ခက်ခဲတဲ့အကြောင်း အဓိက ရည်ညွန်း ပြောဆိုသွားခဲ့ပါတယ်ရှင့်..။ ဒီနေ့ပွဲကတော့ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းနှစ်သင်းဟာ ပရိသတ်များ မျှော်လင့်ထားသလို ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် ဖျော်ဖြေခဲ့အပြီး အရှုံးနိုင်မပေါ်ခဲ့တဲ့ ပွဲရလဒ်ဟာ ချန်ပီယံဆု ဖလားလမ်းကြောင်းပေါ် သက်ရောက်မှုရှိနိုင်မလား.. စောင့်ကြည့်ရမှာ ဖြစ်တဲ့အကြောင်း တင်ဆက်ရင်း ကျွန်မတို့ရဲ့ ဆွေးနွေးပွဲ စကားဝိုင်းကို အဆုံးသတ်ပါရစေရှင့်..