feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး Vs အက်စ်တွန် ဗီလာ)

စနေနေ့ညက စတန်းဖို့ဒ် ဘရစ်ခ်ျ ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် အက်စ်တွန် ဗီလာ အသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်အပေါ် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဂရမ်မ် ဆောင်းနက်စ် နှင့် အက်စ်တွန် ဗီလာအသင်း တိုက်စစ်မှူးဟောင်း ဒါရင် ဘန့် တို့က Sky Sports ရုပ်သံဌာန၏ ‘Saturday Night Football’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..၊ ဂရမ်မ် နဲ့ ဒါရင် တို့ရေ.. ပထမဆုံးအနေနဲ့ ဒီနေ့ပွဲနဲ့ပတ်သက်ပြီး ရှင်တို့ရဲ့ သုံးသပ်ချက်တွေကို အရင်ဆုံး ပြောပြပေးနိုင်မလားရှင့်..

ဂရမ်မ် ဆောင်းနက်စ် - ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲရလဒ်အပေါ် အထူးကျေနပ် ကြပါလိမ့်မယ်..။ ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ အက်စ်တွန် ဗီလာအသင်းဟာ အတော်လေး ကစားပုံကောင်းခဲ့ပါတယ်..။ ဒါကြောင့်သူတို့ဟာ ပထမပိုင်းအပြီးမှာ ဦးဆောင်ဂိုး ပေးထားရပေမယ့် ချေပဂိုးပြန်ရနိုင်ဖို့ အလားအလာ အများကြီးရှိနေတယ်လို့ မျှော်လင့်ထားကြပါလိမ့်မယ်..။ ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန် (၄၉) မိနစ်မှာ တိုင်ရွန် မင်းစ် ရဲ့ အမှားကနေ ကိုဗာဆစ် က ဒုတိယဂိုး ရရှိသွားချိန်မှာတော့ ချယ်လ်ဆီးဘက်က ပွဲကိုအေးအေးဆေးဆေး၊ သက်သက်သာသာ ကစားလို့ ရသွားပါတယ်..။ အဲဒီအတွက် အက်စ်တွန် ဗီလာအသင်းဟာ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ခဲ့သင့်ပေမယ့် တစ်ပွဲလုံးအနေနဲ့ ကြည့်မယ်ဆိုရင် သူတို့အသင်းရဲ့ ဒီနေ့ပွဲကစားပုံအပေါ် ကျေနပ်သင့်ပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့အကြောင်း ပြောရမယ်ဆိုရင် သူတို့ဟာ တကယ်ကောင်းတဲ့ အသင်းပါ..။ ဒီနေ့ပွဲမှာဆိုရင် အခုမှစပြီး အသင်းမှာ ပါဝင်လာခဲ့တဲ့ ကစားသမားတစ်ချို့ကြောင့် အကောင်းဆုံးခြေစွမ်းကို မရရှိခဲ့တာတောင်မှ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ သူတို့အသင်းမှာ ရှိနေခဲ့ပါတယ်..။



ဒါရင် ဘန့် - ဒီနေ့ပွဲ ပထမပိုင်းမှာ အက်စ်တွန် ဗီလာ အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းတွေ သုံးကြိမ်၊ လေးကြိမ်လောက် ရရှိခဲ့ပါတယ်..။ ဒ့ါကြောင့်ပွဲကိုအရှိန်တင်ပြီး ကစားရမယ့်အချိန် တိုင်ရွန် မင်းစ် ရဲ့ လက်ဆောင်ဂိုးဟာ ချယ်လ်ဆီးဘက်ကို လုံးဝအသာစီး ရသွားစေခဲ့ပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် ဂျော်ဂင်ဟို ကို ဒုတိယပိုင်းမှာ စောစောစီးစီး ထည့်သွင်းခဲ့ရတာပေ့ါဗျာ..။ ဒ့ါကြောင့် ၃ - ၀ ဆိုတဲ့ ပွဲပြီးရလဒ်ဟာ ဒီနှစ်သင်းကြားမှာ  ကစားသွားတဲ့ ခြေစွမ်းအရဆိုရင် ကျွန်တော်တို့အတွက် ရက်စက်ရာ ကျခဲ့ပါတယ်…။ ဒါပေမယ့် ကွာခြားတာက ခုနက ဂရမ်မ် ပြောသွားသလိုပါပဲ… သူတို့အသင်းမှာ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ ရှိနေခဲ့ခြင်း ဖြစ်ပါတယ်..။

ကယ်လီ ကိတ် - ရှင်တို့နှစ်ယောက်ရဲ့ သုံးသပ်ချက်တွေအရဆိုရင် ဒီနေ့ပွဲရလဒ်ဟာ ကန်သွားတဲ့နှစ်သင်းကြားက ခြေစွမ်းကို ကိုယ်စားမပြုဘူးလို့ ဆိုလိုချင်ပုံရပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ တာထွက်ကောင်းမွန်ခဲ့တယ်လို့ ပြောလို့ရသလို အခုဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်ခဲ့ပါပြီ မဟုတ်လားရှင့်..

ဂရမ်မ် ဆောင်းနက်စ် - အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် ဒီနေ့ပွဲလို့ပွဲစဉ်မျိုးကိုလည်း ဖြတ်သန်းနိုင်ရပါလိမ့်မယ်..။ ဒီနေ့မှာဆိုရင် သူတို့ရဲ့ ကစားပုံဟာ အကောင်းဆုံးခြေစွမ်းမှာ ရှိမနေခဲ့ပါဘူး...။ ဒါပေမယ့် ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကြောင့် လိုအပ်တဲ့ရလဒ်ကို ဆောင်ယူနိုင်ခဲ့တယ်ပေ့ါဗျာ..။ ဒါပေမယ့် အံ့သြဖို့ကောင်းတဲ့ တစ်ချက်က ကြားရက်တွေမှာ ပွဲတွေကစားခဲ့ရတယ်..၊ နိုင်ငံတကာ ပွဲစဉ်တွေကနေ ပြန်လာတဲ့အခါမှာ အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းတတ်တယ်.. ဆိုပေမယ့် သူတို့အသင်းရဲ့ ဒီနေ့ပွဲထွက်လူစာရင်းမှာ ကြားရက်မှာ ကစားခဲ့ရတဲ့ ကစားသမား လေးယောက်ပဲ ပါဝင်ခဲ့ပါတယ်..။ ဒ့ါကြောင့်ပွဲပန်းနေလို့ပါ.. ဆိုတဲ့ အကြောင်းရင်းဟာ သူတို့အသင်း ဒီနေ့ပွဲမှာ ပုံမှန်ခြေစွမ်း မရရှိခဲ့တဲ့ အကြောင်းရင်းတော့ မဟုတ်ခဲ့ဘူးဗျ...။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲ ကြုံတွေ့ခဲ့သည် ဖြစ်ပါစေ... သူတို့ဟာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ ပြသလိုက်ခြင်းပါပဲ..။



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ဒီနေ့ပွဲရဲ့ ထူးခြားချက်တစ်ခုကတော့ ‘ရိုမီလူ လူကာကူ’ ဟာ ဒီနေ့ပွဲမတိုင်ခင်အထိ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ရော၊ ပြိုင်ဘက်အနေနဲ့ပါ (၁၄) ပွဲ ကစားခဲ့ဖူးပါတယ်..။ ဒါပေမယ့် တစ်ဂိုးမှ မသွင်းပေးနိုင်ခဲ့ပါဘူး..။ ဒီကနေ့ ၃ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ သူဟာအသင်းအတွက် နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ဂိုးမိုးခေါင်နေခဲ့တဲ့ မှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့ပါတယ်..။ ဒါရင် ရေ.. သူ့ရဲ့သွင်းဂိုးနှစ်ဂိုးထဲက ပထမဂိုးအကြောင်း အရင်ဆုံးသုံးသပ်ပေးပါလားရှင့်..

ဒါရင် ဘန့် - ပထမဂိုးမှာဆိုရင် ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းကနေ အဆင့်ဆင့်တိုက်စစ်ဆင်လာတဲ့ တွဲလုံးတွေ အရမ်းကောင်းခဲ့ပါတယ်..။ အထူးသဖြင့် အက်စ်တွန် ဗီလာအသင်းရဲ့ အတင်းလိုက် ဖိအားပေးမှု (aggressive pressing) ကို ဘောလုံးနဲ့အတူ ဆွဲထွက်ရင်း ရုန်းထွက်ခဲ့တဲ့ မတ်တီယို ကိုဗာဆစ် ရဲ့ လှုပ်ရှားမှု သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ကိုဗာဆစ် ဟာ ကွင်းလယ်ကို ရောက်တဲ့အချိန် လူကာကူ ရဲ့ ပြေးလမ်းထဲ အတိအကျ ထိုးပေးလိုက်တဲ့ ဘောလုံးဟာ လှပ၊ သေသပ်ခဲ့ပါတယ်..။ လူကာကူ ကလည်း နောက်တန်းလူတွေထက် ဦးအောင်ပြေးထွက်သွားနိုင်ခဲ့သလို သူ့ရဲ့အကွက်မြင်မှုရယ်..၊ သူအားသန်တဲ့ ဘယ်ခြေနဲ့ ကန်သွင်းမယ့် လမ်းကြောင်းကို ပိတ်ဖို့ကြိုးစားတဲ့ အိပ်ဇယ်လ် တွမ်ဇမ်ဘီ ကို တစ်ချက်ခေါက်ပြီး ညာခြေနဲ့ ဂိုးသမား စတီးယား ရဲ့ ခြေထောက်ကြားထဲကနေ ပါးပါးနပ်နပ် ကန်သွင်းလိုက်ပုံတွေဟာ တကယ့်ကို သွေးအေးပြီး သပ်ရပ်လှပလွန်းခဲ့ပါတယ်..။

ကယ်လီ ကိတ် - လူကာကူ ဟာ ကန်မသွင်းခင် တစ်ချက်ပြန်ခေါက်ပြီးမှ ကန်သွင်းတဲ့ပုံစံမျိုးကို တွမ်ဇမ်ဘီ မဟုတ်ပဲနဲ့ တခြားနောက်ခံလူတွေနဲ့ ဆိုရင်ရော အဲဒီလို လှည့်စားလို့ ရနိုင်မလားရှင့်..
ဒါရင် ဘန့် - နောက်ခံလူတိုင်းကိုတော့ အဲဒီလို တသတ်မှတ်တည်း ကစားနေလို့ ဘယ်ရနိုင်မလဲဗျ..။ သူဟာအရင်အပါတ်က ဗန် ဒိုက်ခ် နဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ..။ အဲဒီလိုထိပ်တန်းခံစစ်မှူး တစ်ယောက်နဲ့သာ ရင်ဆိုင်ရပြီဆိုရင် ဘယ်လို အနေအထားနဲ့ပဲဖြစ်ဖြစ် ကန်သွင်းခွင့်ရဖို့ကိုပဲ အရင်ဆုံးကြိုးစားပါလိမ့်မယ်..။ အထူးသဖြင့် တွမ်ဇမ်ဘီ ဟာ သူနဲ့ယူနိုက်တက်အသင်းမှာ အတူကစားခဲ့တဲ့သူတွေ ဖြစ်ကြတာကြောင့် တစ်ယောက်အကြောင်း တစ်ယောက်သိနေကြပါတယ်..။ တွမ်ဇမ်ဘီ က ဘယ်ခြေနဲ့ကန်မယ့် လမ်းကြောင်းကို လျောထိုးပြီး ပိတ်ဖို့ကြိုးစားတယ်..၊ သူကလည်း အဲဒီလို ခြေစုံပစ်ဝင်လာမှာကို ကြိုတင်မှန်းဆ နိုင်ခဲ့ပုံရပါတယ်..။ နောက်ခံလူကို တစ်ချက်ခေါက်ပြီး နောက်ကောက်ချထားနိုင်ခဲ့ပြီပဲ ဆိုပါတော့…၊ ပြေးတက်ပြီး ပိတ်ဆို့တဲ့ ဂိုးသမားရဲ့ ခြေထောက်ကြားထဲကနေ အဆုံးသတ်ရဲတယ်ဆိုတာ တကယ့်ကိုသွေးအေး၊ သပ်ရပ်လွန်းပါတယ်..။



ဂရမ်မ် ဆောင်းနက်စ် - အဲဒီသွင်းဂိုးမှာဆိုရင် လူကာကူ ဟာ သူ့ရဲ့ဘယ်ခြေနဲ့ကန်သွင်းဖို့ အခွင့်အရေး ရလိုက်တဲ့အချိန်မှာ အနီးဆုံးမှာ ရှိနေတဲ့ နောက်ခံလူဟာ ပိတ်ဆို့ဖို့ ပြေးဝင်လာလိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်း.. သိနေခဲ့ပါတယ်..။ သူကဂိုးပေါက်ကို တစ်ချက်ကြည့်ပြီး ကန်မယ့်အရိပ်အယောင် ပြလိုက်ပါတယ်..။ ဒီထက်ပိုပြီး ပါးနပ်တဲ့ နောက်ခံလူဆိုရင်တော့ ကန်မယ့်လမ်းကြောင်းကို ပြေးပိတ်မယ့်အစား သူ့ရဲ့ခြေထဲကဘောလုံးကို ဦးတည်ပြီး ဖျက်ထုတ်ဖို့ စဉ်းစားမလား.. ပေ့ါဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဘက်ကို အသေပိတ်ဖို့ ကြိုးစားလိုက်ပြီဆိုတာနဲ့ တိုက်စစ်မှူးရဲ့ လှည့်စားချက်ထဲ မျောပါသွားပြီး တခြားဘက်က လုံးဝကိုပွင့်ထွက် သွားနိုင်တာပေါ့ဗျာ..။ အမှန်တော့ အဲဒီသွင်းဂိုးဟာ သူ့ရဲ့စိတ်ကြိုက် အဆုံးသတ်ပုံမျိုးလို့ပဲ ပြောရမယ်ထင်ပါတယ်..။

လူကာကူ ရဲ့ ဒုတိယဂိုး၊ ချယ်လ်ဆီးရဲ့ တတိယဂိုးမှာတော့ ညာတောင်ပံက အက်ဇ်ပီလီကွဲတား လွတ်ထွက်သွားတဲ့အချိန် ဂိုးဧရိယာရှေ့မှာ ရှိနေတဲ့ လူကာကူ ရဲ့ လှုပ်ရှားမှုဟာ အရမ်းကို သေသပ်၊ ကောင်းမွန်ခဲ့ပါတယ်…။ ဘောလုံးရောက်လာချိန်မှာ သူဟာပထမတစ်ချက်နဲ့ထိန်းရင်း ကန်ခွင့်ရဖို့ ခန္ဓာကိုယ်ကို တစ်ခါတည်း ပြင်လိုက်တယ်..၊ ဒုတိယထိချက် အနေနဲ့ တစ်ခါတည်း လှလှပပ ကန်သွင်းလိုက်ပါတယ်..။ ကျွန်တော်ကတော့ အနီးတိုင်ဘက်ကို ဖြတ်ပြေးမလိုနဲ့ အဝေးတိုင်ဘက်မှာ အသင့်နေရာယူလိုက်တဲ့ သူ့ရဲ့လှုပ်ရှားမှုကို သဘောကျမိပါတယ်..။ ပထမ တစ်ချက်ထိန်း၊ ဒုတိယ ထိချက်မှာ ကန်သွင်း.. Bang..!! ဂိုးသမားဘာမှကို မတတ်နိုင်ခဲ့ပါဘူး..။

ဒါရင် ဘန့် - သူ့ရဲ့ပထမထိချက်ကိုက ကောင်းလွန်းတာဗျ..၊ တကယ်လို့ အဲဒီထိချက် (first touch) မှာ ဘောလုံးက ခြေထောက်နဲ့ အရမ်းကို ကပ်လွန်းနေခဲ့မယ်ဆိုရင် ဒုတိယထိချက်နဲ့ ကန်သွင်းလို့ရတော့မှာ မဟုတ်ပါဘူး..။ ဒါဆိုရင် ဒုတိယထိချက်ဟာ ကန်သွင်းဖို့ တည်လိုက်ပြီး တတိယထိချက်ကျမှ ကန်သွင်းလို့ ရပါမယ်..။ အဲဒါဆိုရင်တော့ ဗီလာနောက်ခံလူတွေက ပိတ်ဆို့နိုင်ပါလိမ့်မယ်...။ ဒါတောင် second touch နဲ့ ကန်မသွင်းခင် သူ့ရဲ့ first touch က သိပ်အကောင်းကြီး မဟုတ်ပါဘူး..။ ဒါပေမယ့်သူဟာ ကန်သွင်းဖို့ ကြိုတင်ရည်ရွယ် ထားတာကြောင့် first touch ပြီးတာနဲ့ ခန္ဓာကိုယ်ကို နည်းနည်းပြင်လိုက်ပြီး လှလှပပ ကန်သွင်းခဲ့ပါတယ်..။ အဲဒါကြောင့် သူဟာပိုပြီးတိုးတက်လာတဲ့ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ဖြစ်တယ်ဆိုတာ အဲဒီသွင်းဂိုးနဲ့ သက်သေပြသလိုက်တယ်လို့ ပြောရမှာပါပဲ..။



ဂရမ်မ် ဆောင်းနက်စ် - အင်းဗျ..၊ မန် ယူနိုက်တက်အသင်းမှာတုန်းက သူ့ရဲ့ဘောလုံးအထိန်းအသိမ်း (first touch) တွေ ညံ့လွန်းတယ်ဆိုပြီး ကျွန်တော်တို့တွေ ဝဖေန်ခဲ့ကြပါတယ်..။ အခုအီတလီကနေ ပြန်လာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ first touch တွေဟာ အရင်တုန်းကနဲ့ ဘာမှမဆိုင်တော့ဘူးဗျ..။ အီတလီမှာတုန်းက တင်းနစ်ဘောလုံးတွေ ပစ်ပေးတဲ့စက်နဲ့ ဘောလုံးထိန်းတာ ကျင့်ခဲ့တယ်လို့ ပြောသံကြားဖူးတယ်..၊ မှန်လား.? မမှန်လားတော့ မသိပေမယ့် သူ့ရဲ့ ဘောလုံးအထိန်းအသိမ်းပိုင်း သိသိသာသာ တိုးတက်လာတာကတော့ အသေအချာပဲဗျ..။

ကယ်လီ ကိတ် - ရရှိသွားတဲ့ သွင်းဂိုးတွေမှာ သူ့ရဲ့နေရာယူ၊ လှုပ်ရှားမှုတွေကလည်း အထူးကောင်းမွန်တာ တွေ့ရတယ်နော်..

ဒါရင် ဘန့် - ဟုတ်ပါတယ်..။ တိကျတဲ့ ကန်ခွင့်တွေရရှိအောင် နေရာယူသွားပုံတွေ အရမ်းကောင်းမွန်သလို အကောင်းဆုံးအဆုံးသတ်ချက်တွေအတွက် ခန္ဓာကိုယ်ကို ပြင်သွားတဲ့ပုံစံတွေကို ဂရမ်မ် လည်း ခုနက ပြောပြခဲ့ပါတယ်..။ ဒါပေမယ့် လူကာကူ ဟာ လျှင်မြန်မှု အမြန်နှုန်းကောင်းတယ်..၊ ခွန်အားနဲ့ကြံ့ခိုင်မှုလည်း ပြည့်စုံနေတာကြောင့် လှုပ်ရှားမှုတွေ ကောင်းမွန်ဖို့ ဆိုတဲ့အချက်အပေါ် အရမ်းကြီး မှီခိုနေစရာ မလိုပါဘူး..။ အင်္ဂလန်ကို ပြန်လာတဲ့အချိန် သူ့ရဲ့ back to the goal ကစားပုံ ပိုပြီးကောင်းလာခဲ့သလို အခုအချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း အပြည့်အ၀ ရနေတာဆိုတော့ သူ့ရဲ့ဒုတိယဂိုးမှာဆိုရင် first touch အရမ်းကောင်းနေတာ မဟုတ်တောင်မှ သူဟာရဲရဲဝံ့ဝံ့ ကန်သွင်းရဲခဲ့ပါတယ်..။ ဒ့ါကြောင့်သူဟာ ပရီးမီးယားလိဂ်ကို စွယ်စုံရ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်အနေနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်..။

ကယ်လီ ကိတ် - ဒီနေ့ပွဲမှာ ပွဲအဖြေကို အဆုံးအဖြတ်ပေးခဲ့တဲ့ ကစားသမားတွေထဲက လူကာကူ ဟာ ကန်ချက်နှစ်ကြိမ်ကို သွင်းဂိုးနှစ်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပေမယ့် နောက်ထပ် ကစားသမား တစ်ယောက်ဖြစ်တဲ့ ကိုဗာဆစ် ကတော့ အဆုံးသတ် ဂိုးသွင်းကောင်းတဲ့ ကစားသမား တစ်ယောက် မဟုတ်သလို ချယ်လ်ဆီးအသင်းမှာ ဂိုးတွေသွင်းပေးလေ့ရှိတဲ့ ကစားသမားတွေထဲမှာလည်း မပါခဲ့ပါဘူး..။

ဂရမ်မ် ဆောင်းနက်စ် - အင်းဗျ…။ ကျွန်တော်သိတဲ့ အချက်အလက်တွေအရဆိုရင်… ကိုဗာဆစ် ဟာ ချယ်လ်ဆီးအသင်းအတွက် (၁၄၃) ပွဲမှာ (၃) ဂိုးပဲ သွင်းပေးနိုင်ခဲ့သေးတာနော်.. မှားရင်လည်း ပြင်ပေးပါဦး..။ အဲဒီသွင်းဂိုးအရေအတွက်နှုန်းဟာ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ အတော်လေးကို နည်းပါတယ်..။ ဒါတောင်အဲဒီဂိုးက တိုင်ရွန် မင်းစ် ရဲ့ တစ်ဦးချင်း အမှားကြောင့်သာ ခွင့်ပြုလိုက်ရတာပါ..။ အဲဒီပေးလိုက်ရတဲ့ဂိုးမှာ တိုင်ရွန် မင်းစ် ရဲ့ နေရာယူထားပုံကို ကြည့်မယ်ဆိုရင် ညာတောင်ပံက ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း က လက်ပစ်ဘော မြှောက်ပေးလိုက်တဲ့အချိန် မင်းစ် ဟာ လူကာကူ ရဲ့ရှေ့မှာ ရောက်နေခဲ့ပါတယ်..(ပူးတွဲပုံ)။



အဲဒီမှာ လက်ပစ်ဘောလည်း မြှောက်ရော..၊ လူကာကူ က body တစ်ချက်ခုလိုက်တာနဲ့ ဘောလုံးရော၊ လူရော သူ့ကိုကျော်သွားပါတယ်..။ တကယ်တော့ သူဟာ ဗဟိုနောက်ခံလူဆိုတော့ အဲဒီလိုရှေ့အထိ အတင်းလိုက်ဖို့ မလိုပါဘူး..။ ဒါကအမှားတစ်ခုပေ့ါ..။ အဲဒီမှာ စိုးရိမ်စိတ်ဝင်ပြီး အမှားတွေဆက်တိုက် ကျူးလွန်မိတယ်လို့ ထင်ပါတယ်…။ အဲဒီဂိုးဟာ မပေးသင့်တဲ့ဂိုးပါ..။ နောက်ဆုံးပေါ့ဗျာ.. သူ့အနေနဲ့ ချယ်လ်ဆီးကစားသမားတွေရဲ့ နေရာယူထားပုံတွေ သိပ်မသေချာဘူးဆိုရင် အဲဒီဘောလုံးကို ဘေးကန်ထုတ်ပြီး ရှင်းပစ်လိုက်ဖို့ အချိန်တွေအများကြီး ရခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့အတွက် ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့လို့ ပြောရမှာပါ..။

ဒါရင် ဘန့် - ဂိုးသမား စတီးယား ကလည်း ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်ဗျ..။ သူ့အနေနဲ့ ရှေ့ကိုအရင်ပြေးတက်ပြီး ဖျက်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင်တောင် မှီနိုင်မလားပဲ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဂျော်ဂင်ဟို ဝင်လာခဲ့ပြီးနောက်ပိုင်း ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်….။ ကျွန်တော်ကတော့ အက်စ်တွန် ဗီလာအသင်းဟာ ပထမပိုင်းမှာ အနည်းဆုံးတစ်ဂိုးတော့ ရအောင်မသွင်းနိုင်ခဲ့တာကို စိတ်ပျက်မိလိမ့်မယ်လို့ ထင်ပါတယ်..။

ဂရမ်မ် ဆောင်းနက်စ် - ဟုတ်ပါတယ်..။ ဗီလာအသင်း ကစားသမားတွေဟာ ပထမပိုင်းအပြီးမှာ သူတို့ရဲ့ကစားပုံနဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမိပါလိမ့်မယ်..။ အဲဒီအတိုင်းဆိုရင် ဒုတိယပိုင်းမှာ အခွင့်အရေးရနိုင်စရာ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် တင်ကစားရမယ့် တကယ့်အချိန်ကြီးကျမှ နောက်ထပ်တစ်ဂိုး ထပ်ပေးလိုက်ရသလို ဂိုးပေးလိုက်ရတဲ့ ပုံစံကလည်း စိတ်ပျက်စရာပါ..။ ပွဲချိန် (၄၉) မိနစ်မှာ အိမ်ရှင်အသင်းကို ၂ဂိုးအသာနဲ့ ဦးဆောင်ခွင့်ပေးလိုက်ပြီဆိုတာ အရှိန်တင်ပြီး မောင်းတော့မယ့် မော်တော်ကားတစ်စင်းရဲ့ ကားဘီးတွေကို လေလျှော့လိုက်တဲ့ အတိုင်းပါပဲ..။ ချယ်လ်ဆီးအသင်းဟာ ဒုတိယဂိုး ရသွားပြီးတဲ့နောက်ပိုင်း အတော်လေးကို စိတ်သက်သာရာ ရသွားသလို ယုံကြည်ချက်လည်း ပိုမိုကောင်းမွန်သွားခဲ့ပါတယ်..။ ဒ့ါကြောင့် တတိယဂိုးကို အနှေးနဲ့အမြန် ရရှိနိုင်တော့မယ်ဆိုတာ တွေးမိခဲ့တာပါပဲ..။နောက်ပြီးသူတို့အသင်းမှာ လူကာကူ လို တိုက်စစ်မှူးလည်း ရှိနေခဲ့တာကိုး..



ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ သုံးဂိုးသွင်းနိုင်ခဲ့သလို clean sheet ပါ ရရှိခဲ့ပါတယ်..။ နည်းပြသောမတ်စ် တူခယ်လ် ကတော့ သူ့ရဲ့အသင်း ကစားပုံကို အားမရတဲ့အကြောင်း ရိုးရိုးသားသားပဲ ဝန်ခံသွားခဲ့ပေမယ့် သူတို့အသင်းဟာ (၄) ပွဲမှာ (၁၀) မှတ် ရရှိခဲ့ပြီး လျော့သွားတဲ့ နှစ်မှတ်ကလည်း လီဗာပူးလ်အသင်းကို လူတစ်ယောက်လျော့နဲ့ (၄၅) မိနစ်လုံးလုံး ကစားခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဒ့ါကြောင့်အခုဆိုရင် ချယ်လ်ဆီးအသင်းရဲ့ အမှတ်ပေးချန်ပီယံဆု အလားအလာအပေါ် ရှင်တို့ရဲ့အမြင်တွေ ပြောပြနိုင်မလား..

ဂရမ်မ် ဆောင်းနက်စ် - လူကာကူ နဲ့ပဲ စတာပေ့ါ..။ သူတို့အသင်း ချန်ပီယံဆု ရဖို့ဆိုရင် လူကာကူ ကို တစ်ရာသီလုံး ကြံ့ခိုင်မှု ပြည့်ဝနေအောင် အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ အခုအချိန်မှာ သူဟာချယ်လ်ဆီးအသင်းရဲ့ အရေးကြီးတဲ့သွင်းဂိုးတွေ ယူဆောင်ပေးမယ့်သူ ဖြစ်တာကြောင့် အဓိကကစားသမားလို့ ပြောလို့ရပါတယ်..။ ဒီနေ့ဆိုရင် သူတို့အသင်းဟာ ကစားပုံ မကောင်းခဲ့ပေမယ့် သုံးဂိုးပြတ် အနိုင်ရခဲ့တယ်လေ..။ ဘာဖြစ်လို့အနိုင်ရခဲ့လဲ..? ဂိုးတွေရအောင် သွင်းပေးနိုင်လို့ပေါ့ဗျာ..။ သွင်းဂိုးတွေရခဲ့မယ်ဆိုရင် အစစအရာရာ အဆင်ပြေ ချောမွေ့သွားပါလိမ့်မယ်..။ ကစားပုံမကောင်းလည်း ဘာမှမဖြစ်ဘူးပေ့ါ..။

ဒါတောင်မှ သူတို့အသင်းဟာ တိုက်စစ်ပြီးတိုက်စစ်.. လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး ထိုးဖောက်နိုင်တယ်..၊ ခံစစ်ပိုင်း တောင့်တင်းပြီး စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက်လည်း ရှိနေပါတယ်..။ ဒ့ါကြောင့်သူတို့အသင်းဟာ တကယ့်ကို သဘောကျဖို့ ကောင်းတဲ့အသင်းပါ..။ ဒီလိုအသင်းကောင်း တစ်သင်းကို ပထမပိုင်းမှာ သူတင်ကိုယ်တင် အခက်တွေ့အောင် ကစားပြနိုင်ခဲ့တဲ့ အက်စ်တွန် ဗီလာအသင်းကို ကျွန်တော်တို့ ချီးကျူးသင့်တာပေ့ါ..။ အထူးသဖြင့် ချန်ပီယံလိဂ် ချန်ပီယံ..၊ လက်ရှိဥရောပ ချန်ပီယံအသင်းရဲ့ အိမ်ကွင်းမှာ မကြောက်မရွံ့ အကောင်းဆုံး ရင်ဆိုင်သွားခဲ့တာပါ..။ ဒ့ါကြောင့်ကျွန်တော့်ရဲ့အမြင်ကို ပြောရမယ်ဆိုရင် သူတို့ရဲ့အဓိက တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ကြံ့ခိုင်မှုအပြည့်နဲ့ အကောင်းဆုံးခြေစွမ်း ရနေသရွေ့ ချယ်လ်ဆီးအသင်းဟာ အင်မတန်မှ အန္တရာယ် ကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်…။



ကယ်လီ ကိတ် - ကျွန်မတို့ဟာ သူတို့အသင်းရဲ့ မာကျောလှတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကို အရင်ဆုံး ပြောရမယ် ထင်ပါတယ်..။ သောမတ်စ် တူခယ်လ် တာဝန်ယူခဲ့ပြီး (၃၅) ပွဲမှာ ပေးဂိုးမရှိ (clean sheet) ရခဲ့တဲ့ပွဲ (၂၂) ပွဲ ရှိခဲ့ပါတယ်.။ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အနေနဲ့က မနှစ်က ဘောလုံးရာသီမှာ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရဲ့ (၁၀%) ရာခိုင်နှုန်းကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် ဒီနှစ်မှာဆိုရင် သူတို့အသင်းရဲ့ အခွင်းအရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှုနှုန်း (chance conversion rate) ဟာ (၁၇ %) ရာခိုင်နှုန်း ရှိနေပါတယ်..။ အဲဒီအချက်အလက် စွမ်းဆောင်ရည်ကို တခြားအသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အဆုံးသတ် အကောင်းမွန်ဆုံး အသင်းလို့ ပြောလို့ရပါတယ်ရှင့်..

ဒါရင် ဘန့် - ဒ့ါကြောင့်လည်း အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ဟာ ချယ်လ်ဆီးအသင်း အဓိကလိုအပ်နေတဲ့ လစ်ဟာချက် (missing piece) လို့ အားလုံးက တညီတညွတ်တည်း ပြောခဲ့ကြတာကိုးဗျ…။ မနှစ်ကဘောလုံးရာသီမှာဆိုရင် တီမို ဗာနာ ဟာ ဂိုးသွင်းခွင့်တွေ အများအပြားကို ဖြုန်းတီးပစ်လိုက်ပါတယ်..။ တစ်ချို့ပွဲတွေမှာ သူဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေဟာ ချယ်လ်ဆီးအသင်းကို အမှတ်တွေ လျော့စေခဲ့ပါတယ်..။ ခံစစ်ပိုင်းအနေနဲ့က သောမတ်စ် တူခယ်လ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း သူတို့အသင်းဟာ ပရီးမီးယားလိဂ်အပြင် ဥရောပမှာပါ ခံစစ်အကောင်းဆုံးအသင်းလို့ ပြောလို့ရပါတယ်..။ ဒ့ါကြောင့် အထောင်တိုက်စစ်မှူး၊ အဆုံးသတ် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူးဟာ သူတို့အသင်းရဲ့ အဓိကလိုအပ်ချက် ဖြစ်နေတယ်ဆိုတာ အချက်အလက်တွေကလည်း ပြသနေပါတယ်…။

အခုဆိုရင် ရိုမီလူ လူကာကူ ဟာ အသင်းအတွက် တကယ့်ကို လိုအပ်နေတဲ့ အဆုံးသတ်ဂိုးသွင်းပေးမယ့် တိုက်စစ်မှူး ဖြစ်တယ်ဆိုတာ ဒီနေ့ပွဲမှာ ဘယ်ခြေနဲ့တစ်ဂိုး၊ ညာခြေနဲ့တစ်ဂိုး သွင်းယူပြီး သက်သေပြခဲ့ပါတယ်..။ ဒ့ါအပြင်သူ့ရဲ့လှုပ်ရှားမှုတွေဟာ တီမို ဗာနာ၊ ကိုင် ဟာဗာ့ဇ် တို့လို ကျန်တဲ့အသင်းဖော်တွေအတွက် အခွင့်အရေးတွေကို ရရှိစေပါလိမ့်မယ်..။ ဒ့ါကြောင့်သူတို့အသင်းဟာ အဲဒီလိုအပ်ချက်၊ လစ်ဟာချက်ကို ဖြည့်ဆည်းနိုင်ခဲ့ရုံမက လူကာကူ ဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်လည်း ဖြစ်နေပါတယ်..။



ဂရမ်မ် ဆောင်းနက်စ် - ရိုမီလူ လူကာကူ ရဲ့အကြောင်းတွေကို မကြာခဏ ပြောခဲ့ပြီးဖြစ်တာကြောင့် သူ့ရဲ့တစ်ကိုယ်ရည် စွမ်းဆောင်ရည်တွေအပေါ် ကျွန်တော်အကျယ်ချဲ့ပြီး ထပ်မပြောတော့ပါဘူး..။ ကျွန်တော်အကြံပေးချင်တာက နောက်ပွဲတွေမှာ သူ့ကိုလေ့လာမယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ် အမူအရာ၊ ဟန်ပန်တွေ၊ အသင်းဖော်တွေကို ဆက်ဆံတဲ့ပုံစံတွေကိုလည်း အထူးအလေးပေး ကြည့်ရှုဖို့ တိုက်တွန်းပါတယ်..။ အခုဆိုရင် သူဟာ ဘောလုံးမရတာနဲ့၊ အသင်းဖော်တွေက ဘောလုံးမပေးတာနဲ့ လက်ကိုမြှောက်လိုက်၊ စိတ်ပျက်တဲ့ အမူအရာတွေပြလိုက် လုပ်တတ်တဲ့ တစ်ချို့ထိပ်တန်း ကစားသမားတွေလို ကစားသမားမျိုး မဟုတ်တော့ဘူးဗျ..။

သူဟာအခုဆိုရင် အသင်းလိုက် လုပ်အားနှုန်း၊ အသင်းသားတွေရဲ့ စုပေါင်းစွမ်းဆောင်ရည်ကို အလေးပေးတဲ့ team player အဖြစ် လုံးဝပြောင်းလဲသွားပါပြီ..။ အီတလီမှာ သွားပြီးကစားခဲ့တဲ့ အတွေ့အကြုံတွေက သူ့ကိုအဲဒီလို ပြောင်းလဲပေးလိုက်တယ်လို့ ထင်မိတာပါပဲ..။

ဒီနေ့ပွဲဒုတိယပိုင်းမှာဆိုရင် ဇီးယက်ခ်ျ ဟာ အသင့်ပြေးထွက်ဖို့ နေရာယူထားတဲ့ သူ့ဆီကို ဘောလုံးပေးသင့်ပါတယ်..။ ဒါပေမယ့် မော်ရိုကို တောင်ပံကစားသမားက သူ့ဆီကို မပေးခဲ့ဘူးဗျ..။ ကင်မရာသမားက ချက်ချင်းပဲ လူကာကူ ကို အနီးကပ်ဆွဲပြီး ရိုက်ပြပါတယ်..။ သူကဇီးယက်ခ်ျ ကို အပြစ်မတင်ပဲ လက်ခုပ်တီးပြီးတောင် အားပေးလိုက်ပါသေးတယ်..။ ဒ့ါကြောင့်သူဟာ စိတ်ဓါတ်၊ ခံယူချက်ပိုင်းအရပါ တကယ့်ကို ပြီးပြည့်စုံတဲ့ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ဖြစ်ဖို့ နီးစပ်နေပြီလို့ ထင်ပါတယ်..။ ကျွန်တော့်ရဲ့အမြင်အရဆိုရင် သူဟာအစစအရာရာ တစ်ဘက်ကမ်းခပ် ထူးချွန်နေတဲ့ ကစားသမားတော့ မဟုတ်ဘူးပေ့ါ..။ ဒါပေမယ့် ဘက်စုံ၊ စွယ်စုံရ တိုက်စစ်မှူးတစ်ယောက်အဖြစ် အသိအမှတ်ပြုလို့ရတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ ဆိုချင်ပါတယ်..။



ကယ်လီ ကိတ် - ဒီနေ့ပွဲမှာ ရိုမီလူ လူကာကူ ရဲ့ အောင်မြင်ခဲ့တဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျ အိမ်အပြန်ခရီးနဲ့ ဆန့်ကျင်ဘက်ကတော့ ဆာအူးလ် နီဂွက်ဇ် ရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျ ပွဲဦးထွက် ခြေစွမ်းပါပဲ..။ သူဟာ (၄၅) မိနစ်ပဲ ကစားခွင့်ရခဲ့သလို နည်းပြသောမတ်စ် တူခယ်လ် ကလည်း ဆာအူးလ် ဟာ ပရီးမီးယားလိဂ်ရဲ့ လျှင်မြန်တဲ့အရှိန်ကို အသားကျဖို့ ရုန်းကန်ခဲ့ရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံခဲ့ပါတယ်ရှင့်..

ဂရမ်မ် ဆောင်းနက်စ် - သူဟာစပိန်လာလီဂါ ချန်ပီယံ အက်တလက်တီကို မက်ဒရစ်အသင်းမှာ အဓိကကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်..။ စပိန်မှာဆိုရင် သူတို့အသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ပြီး လူတိုင်းက သူတို့ကိုအနိုင်ရရှိချင်ပါတယ်..။ သူကျင်လည်ခဲ့တဲ့ စပိန်ပြိုင်ပွဲတွေရဲ့ ကစားပုံဟာ ကျွန်တော်မှန်းဆကြည့်ချက်အရ ပွဲတွေရဲ့အရှိန်နဲ့ ကြံ့ခိုင်မှုဟာ (intensity) ပရီးမီးယားလိဂ်နဲ့ သိပ်မကွာပါဘူး..။ ဒါပေမယ့် စပိန်မှာက ပွဲရဲ့အရှိန်ကို အတင်အချလုပ်ပြီး ထိန်းညှိကစားပါတယ်..။ ဒီမှာက အဲဒီလိုမဟုတ်ဘူးဗျ..၊ တစ်ချိန်လုံးအမြန်နှုန်း အမြင့်ဆုံးကို တစ်ချိန်လုံးတင်ပြီး ကစားနေကြတာပါ..။

ဒါပေမယ့် သူဟာပွဲအရှိန်ကြောင့် တစ်ခုတည်း မဟုတ်ပါဘူး..။ သူ့ကိုဘာမှဖိအားပေးတာ မရှိခဲ့တဲ့ သာမာန် ပေးပို့မှုတွေပါ မှားယွင်းနေခဲ့တာပါ..။ တခြားထိပ်တန်း ကစားသမားတွေလည်း ပရီးမီးယားလိဂ်ကို ရောက်လာတဲ့အချိန် ရုန်းကန်ခဲ့ရတာတွေ ရှိခဲ့ပေမယ့် ပင်ကိုယ်အရည်အသွေးကောင်းတဲ့ ကစားသမားတွေ ဖြစ်တာနဲ့အညီ အချိန်တိုအတွင်း အသားကျအောင် ရုန်းထွက်နိုင်ခဲ့ကြပါတယ်..။ ဒ့ါကြောင့် အတွေ့အကြုံတွေ အများကြီးရှိနေပြီးဖြစ်တဲ့ သူ့လိုကစားသမား တစ်ယောက်ဟာ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်..။ ဒီနေ့ပွဲမှာ သူ့ရဲ့ပထမပိုင်း (၄၅) မိနစ်ဟာ တကယ့်ခက်ခဲခဲ့တဲ့ အတွေ့အကြုံ၊ သင်ယူမှုတစ်ခု ဖြစ်ပါလိမ့်မယ်..။ သူ့ကိုကြည့်ရတာ ပရီးမီးယားလိဂ်အသင်းတွေကနေ အခုလိုဖိအားပေးမှု၊ မြန်ဆန်တဲ့ပွဲအရှိန်မျိုး ရလာလိမ့်မယ်လို့ မျော်လင့်ထားပုံ မရပါဘူး..။



ဒါရင် ဘန့် - ဒါဟာအက်စ်တွန် ဗီလာအသင်းလို ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ သူ့ရဲ့ပထမဆုံး အတွေ့အကြုံကြောင့် ဖြစ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲတစ်ပွဲဟာ TV ကနေ ကြည့်တာနဲ့ လက်တွေ့ကန်ရတာ တခြားစီပဲကိုးဗျ..။ နောက်ပြီးသူ့ဆီမှာ ဘောလုံးရတာနဲ့ ဂျွန် မက်ဂ်ဂင်း နဲ့ ဒယ်နီ အင့်ဂ် တို့က ဆွဲလှဲဖို့ အသင့်စောင့်နေတာဆိုတော့ သူ့အတွက် အတော်လေး အခက်တွေ့ခဲ့ပါလိမ့်မယ်.။ ဒါပေမယ့် သူဟာကစားသမားကောင်းတ စ်ယောက်ဖြစ်တာကြောင့် ဒီနေ့ပွဲသင်ခန်းစာတွေအပေါ်ကနေ အကောင်းဆုံး သင်ယူနိုင်ပါလိမ့်မယ်..။
ဂရမ်မ် ဆောင်းနက်စ် - မက်ဂ်ဂင်း ဟာ ဒီနေ့ပွဲမှာ အတော်လေး ခြေစွမ်းပြခဲ့တယ်ဗျ..။ ဆာအူးလ် ကတော့ ကွင်းထဲကနေ ထွက်တဲ့အချိန် သူ့ရဲ့နောက်မှာ မက်ဂ်ဂင်း များ ပါလာဦးမလား.. နောက်ကိုလှည့်ပြီး ခဏခဏကြည့်နေလောက်တယ်… ဟားဟား..

ကယ်လီ ကိတ် - ဒါဆိုရင် ထိပ်တန်းကစားသမား တစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်ဘယ်လောက်ယူဖို့ လိုအပ်မယ်ထင်လဲရှင့်..

ဂရမ်မ် ဆောင်းနက်စ် - ဒီနေ့ပွဲအပြီးမှာ သောမတ်စ် တူခယ်လ် က ဆာအူးလ် နဲ့ ပတ်သက်ပြီး သူဟာဆုံးဖြတ်ချက် မှားခဲ့တယ်..၊ သူ့မှာတာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်.။ သူဟာဆာအူးလ် ရဲ့ လေ့ကျင့်ကွင်းက ခြေစွမ်းကိုကြည့်ပြီး ပရီးမီးယားလိဂ်အတွက် အသင့်ဖြစ်ပြီလို့ တွက်ဆခဲ့ပုံ ရပါတယ်..။ ဒီနေ့ပွဲသင်ခန်းစာက လေ့ကျင့်ကွင်းမှာ ဘယ်လောက်ပဲ အရှိန်မြှင့် ကြိုးစားလေ့ကျင့်သည်ဖြစ်စေ..၊ တကယ့်ပွဲကစားတဲ့ အရှိန်..၊ ကြမ်းကြမ်းတမ်းတမ်း ကစားပုံမျိုး မရနိုင်ပါဘူးဆိုတာ ပြသခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါပေမယ့် ဆာအူးလ် ဟာ နည်းစနစ်ပိုင်း ကောင်းမွန်တယ်..၊ အတွေ့အကြုံ ရင့်ကျက်ပြီး ဖြစ်ပါတယ်…။ ဒ့ါကြောင့်သူဟာ ပရီးမီးယားလိဂ်မှာ အချိန်တိုအတွင်း အသားကျသွားပါလိမ့်မယ်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်.. ဂရမ်မ် နဲ့ ဒါရင် တို့ရေ..ကျွန်မတို့ရဲ့ ဆွေးနွေးပွဲ စကားဝိုင်းမှာ အခုလိုပါဝင်ပြီး တက်တက်ကြွကြွ ဆွေးနွေးပေးခဲ့တဲ့အတွက် Sky Sports အဖွဲ့သားများကိုယ်စား အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း နောက်တစ်ပါတ်မှာ ပြန်လည်ဆုံတွေ့ကြတာပေါ့..