ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် မှာ အင်္ဂါနေ့ကယှဉ်ပြိုင်ခဲ့သော ခရက်စ်နိုဒါအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် လူစားဝင်ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့သည်..။ ဝါရင့်တိုက်စစ်မှူးကြီးမှာ လက်ရှိဘောလုံးလောကတွင် ခေါင်းတိုက်ဂိုးသွင်းခြင်းနှင့် အမြင့်ဘောများကို ထိန်းသိမ်းရာတွင် ထူးချွန်သူတစ်ယောက်အဖြစ် အသိအမှတ် ပြုခံထားရသူဖြစ်သည်..။ လက်ရှိအချိန်တွင် ခေါင်းတိုက်ဂိုးသွင်းခြင်းနှင့် ဖြတ်တင်ဘောများ အသုံးချရာတွင် ကောင်းမွန်သော သူ့အတွက် အကောင်းစားပေးပို့မှုများကို ပြုလုပ်ပေးနိုင်သည့် အသင်းဖော်များ ရှိနေပြီဖြစ်သည်..။
ထို့အပြင် အိုလီဗီယာ ဂျီရူးဒ် မှာ ခေါင်းတိုက်ခြင်းသာမက မြေမကျဘောများ ကန်သွင်းရာတွင် ထူးချွန်ပြီး နာမည်ကျော် ကင်းမြီးကောက် ကန်ချက် (scorpion kick) သွင်းဂိုးဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချီးမြှင့်သော Puskas Award ကို ဆွတ်ခူးနိုင်ခဲ့ဖူးသည်..။ ပြင်သစ် တိုက်စစ်မှူးကြီးက ဖြတ်တင်ဘောများကို မနားတမ်းကန်ချက်များဖြင့် ဂိုးသွင်းယူရာတွင် ကျွမ်းကျင်သော သူ၏စွမ်းရည်နှင့် ပတ်သက်ပြီး ချယ်လ်ဆီးအသင်း official website နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်းတွင် ယခုလိုပြောပြခဲ့သည်..။
မေး- အခုချယ်လ်ဆီးအသင်းမှာဆိုရင် ဖြတ်တင်ဘော ပေးပို့ရာမှာ ကောင်းမွန်တဲ့ ရိစ် ဂျိမ်းစ်၊ ဟာကင် ဇိုင်းယက်ချ်၊ ဘင် ချီးဝဲလ် တို့အပြင် တခြားကစားသမားတွေလည်း ရှိနေပါတယ်..။ သူတို့တစ်ဦးချင်းစီရဲ့ ဖြတ်တင်ဘော ပေးပို့တတ်တဲ့ပုံစံနဲ့ ဘယ်လိုဆက်သွယ်မှုတွေ ပြုလုပ်တယ်ဆိုတာကို တိုက်စစ်မှူးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ပြောပြပေးပါလား..?
“ဟာကင် က inverted winger တစ်ယောက်ဆိုတော့ အတွင်းကိုချိုးဝင်ပြီးမှ ကန်တင်တာ များပါတယ်..။ သူ့ရဲ့ဝေ့ဝှိုက်ကန်ချက်တွေဟာ နောက်ခံလူတွေအတွက် အန္တရာယ်ပဲဗျ..။ ကျွန်တော်တို့လို တိုက်စစ်မှူး တစ်ယောက်အတွက်ကတော့ လူကျွံဘောမဖြစ်အောင် ကိုယ့်ရဲ့ပြေးထွက်မယ့် timing ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် သူကန်တင်တဲ့အချိန်မှာ နောက်ခံလူတွေရဲ့ ခပ်လှမ်းလှမ်း (deeper positions) မှာ ရှိနေရမယ်.၊ အဲဒီကနေ အဝေးတိုက်ဘက်ကို အရှိန်နဲ့ပြေးဝင်ပြီး အသုံးချဖို့၊ ဒါမှမဟုတ် နောက်ခံလူတွေကြားထဲက နေရာလွတ်ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်..။
ရိစ် ဂျိမ်းစ် ကတော့ ဘောလုံးရပြီဆိုရင် ဖြတ်တင်ဘော ကန်တင်ဖို့ အရင်ဆုံးစဉ်းစားတဲ့သူပါ..၊ ဘင် ချီးဝဲလ် လည်း အတူတူပါပဲ..။ သူကဂိုးစည်းအထိ ဆွဲပြေးစရာမလိုပဲ ဖြတ်တင်ဘော ပေးပို့နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကိုယ့်ဘက်က အသင့်ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်..။ သူတို့တွေနဲ့ ကျွန်တော်တို့ကြားမှာ နားလည်မှုကောင်းတွေ ရှိနေသလို လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အဲဒီနားလည်မှုတွေ ပိုပြီးကောင်းမွန်လာအောင် ကြိုးစားလေ့ကျင့်နေကြပါတယ်..။”
မေး- နောက်ခံလူတွေထက် ပိုပြီးဦးအောင် ဘယ်လိုခေါင်းတိုက်ရပါလဲ..?
“တိုက်စစ်မှူးတစ်ယောက်အနေနဲ့ နောက်ခံလူတွေရဲ့ရှေ့ အရင်ရောက်နေဖို့ အရေးကြီးဆုံးပါ..။ နောက်ပြီးဘောလုံးကို အနီးတိုင်နဲ့ ပင်နယ်တီကန်တဲ့နေရာကြားမှာ အသုံးချနိုင်အောင် ကြိုးစားရပါတယ်..။ ဒုတိယအချက်က တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဖြတ်တင်ဘောတွေဟာ ကိုယ့်ဆီကနေ လွတ်ထွက်သွားပြီး တစ်ဘက်က တောင်ပံကစားသမား၊ ကွင်းလယ်ကစားသမားတွေရဲ့တာဝန် မဖြစ်သွားအောင် အကောင်းဆုံး ကြိုးစားဖို့ဖြစ်ပါတယ်..။
တတိယအချက်အနေနဲ့ ကိုယ်ကိုယ်တိုင်မမှီနိုင်တော့တောင်မှ နောက်ကလူတွေအတွက် နေရာလွတ်ရနိုင်အောင် လှုပ်ရှားမှုတွေ ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်..။ မနှစ်က ဘောလုံးရာသီ၊ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ ခရစ်စ်တီယန် ပူလီဆစ် သွင်းယူပေးခဲ့တဲ့ ဂိုးမှာဆိုရင် အက်ဇ်ပီလီကွဲတား က ညာဘက်ကနေ ဂိုးရှေ့ကိုဖြတ်တင်ပါတယ်..။ ကျွန်တော်က အနီးတိုင်ကို ပြေးသွားခဲ့ပါတယ်..။ ကျွန်တော့်ရဲ့နောက်မှာ ရော့စ် ဘာကလေ ရှိနေပါတယ်..။ သူ့ရဲ့ဖြတ်တင်ဘောဟာ ကျွန်တော်တို့မမှီနိုင်အောင် မြင့်နေပေမယ့် ကျွန်တော်တို့ရဲ့ လှုုပ်ရှားမှုတွေဟာ နောက်ခံလူတွေကို ဆွဲခေါ်ခဲ့သလို ဖြစ်ခဲ့တာကြောင့် အဝေးတိုင်ကနေ ပြေးလာတဲ့ ခရစ်စ်တီယန် ပူလီဆစ် က ပိတ်သွင်းနိုင်ခဲ့ပါတယ်..။”
မေး- အဲဒါဆိုရင် ခင်ဗျားဟာ ဘယ်ဘက်ကလာတဲ့ ဖြတ်တင်ဘောကို ကြိုက်လား..? ညာဘက်က ဖြတ်တင်ဘောတွေကို ပိုပြီးနှစ်သက်လား..?
“အဲဒီအကြောင်းပြောဖို့ဆိုရင် အချက်အလက်တွေကို အရင်ကြည့်ရမယ်ထင်ပါတယ်..။ ဒါပေမယ့် အခြေအနေပေါ် မူတည်ပါလိမ့်မယ်..။ အရေးအကြီးဆုံးက ဂိုးဧရိယာထဲကို ကျလာတဲ့ ဘောလုံးတွေကို ဘယ်လိုအသုံးချရမလဲဆိုတာနဲ့ ကိုယ့်ရဲ့လှုပ်ရှားမှုဟာ အချိန်ကိုက် (timing) ဖြစ်ဖို့ပါပဲ..။ နောက်ပြီးဘောလုံးကို ကိုယ်ကပြေးပြီး အားနဲ့ခေါင်းတိုက်နိုင်ရင် ပိုကောင်းပါတယ်..။ ကိုယ်ကအသေကြီး ရပ်နေတယ်ဆိုရင် လည်ပင်းချိုးအားတစ်ခုတည်းနဲ့ အားပါတဲ့ခေါင်းတိုက်ချက် ပြုလုပ်နိုင်ဖို့ ခက်ခဲပါတယ်..။”
မေး- ဖြတ်တင်ဘော တစ်လုံးတက်လာတာနဲ့ ဒီဘောလုံးကတော့ ငါ့အတွက်ဖြစ်လိမ့်မယ်ဆိုတဲ့ အတွေးဟာ ဘယ်အချိန်မှာ ပေါ်လာလဲဗျ..?
“နောက်ခံလူတွေနဲ့ ခေါင်းယှဉ်တိုက်ရတဲ့အချိန်မှာ ကိုယ့်အတွက်လား..၊ သူ့အတွက်လား.. စဉ်းစားဖို့ သိပ်ပြီးအချိန်မရပါဘူး..။ ဒါ့ကြောင့်အဲဒီအတွေးကို ချက်ချင်းပဲရခဲ့တယ်လို့ ပြောရမှာပါ..။ တခါတလေကျတော့ ကိုယ့်အတွက် အခွင့်အရေးရဖို့ နောက်ခံလူတွေကို လှည့်စားရတာ ရှိပါတယ်..။ အဝေးဂိုးတိုင်ဘက်ကို အရင်ပြေး..၊ ပြီးမှအနီးတိုင်ဘက်ကို ဖြတ်ပြေးတာပါ..။ ပြင်သစ်လို ‘appel, contre-appel’ လို့ ခေါ်ပါတယ်..။ အရေးကြီးတာက ကိုယ့်ရဲ့ပြေးလမ်းကြောင်းကို နောက်ခံလူတွေ မခန့်မှန်းနိုင်ဖို့ လိုအပ်ပါတယ်.။”
မေး- နေရာယူတာပြီးရင် ခေါင်းတိုက်တဲ့အပိုင်းပေါ့..။ ခင်ဗျားရဲ့ခေါင်းတိုက်တတ်တဲ့ အယူအဆကို ပြောပြနိုင်မလား..?
“ဂိုးပေါက်ရဲ့အမြင့်က (၂) မီတာလောက်ပဲ မြင့်တာဆိုတော့ အောက်ကိုစိုက်ပြီး ခေါင်းတိုက်နိုင်ရင် အကောင်းဆုံးပါ..။ ဒါမှဂိုးရနိုင်မယ့် အခွင့်အရေး ပိုများပါလိမ့်မယ်..။ ၂၀၁၇/၁၈ ဘောလုံးရာသီ၊ လီဗာပူးလ်နဲ့ပွဲမှာ သွင်းပေးခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးကိုတော့ ပြန်ပြီးအမှတ်ရမိပါတယ်..။ ဗစ်တာ မော့ဆက်စ် က ညာတောင်ပံကနေ ဘယ်ခြေနဲ့ဖြတ်တင်ပါတယ်..။ ဒါ့ကြောင့်ဘောလုံးဟာ အတွင်းကိုဝှိုုက်ပြီး inswinging cross အနေနဲ့ ဧရိယာထဲ ဝင်လာပါတယ်..။ ကျွန်တော်က လှမ်းကြောင်းပြောင်းတဲ့အနေနဲ့ပဲ ဂိုးသမားပေါ်ကျော်ပြီး လှန်တိုက်လိုက်ပါတယ်.။ ဒါ့ကြောင့်ဖြတ်ပြီး ခေါင်းတိုက်ရမလား..? ခေါင်းကိုစိုက်ပြီး တိုက်ရမှာလား..? ဘယ်လိုခေါင်းတိုက်ရမလဲ.. ဆိုတာ အခြေအနေပေါ် မူတည်ပါလိမ့်မယ်..။”
မေး - ဒါဆိုရင်ခေါင်းတိုက်ဂိုးသွင်းဖို့ အခက်ခဲဆုံး အခြေအနေကရော..?
“ကိုယ်ကလည်း လှုပ်ရှားမှုမရှိဘူး..၊ ဘောလုံးကလည်း အရှိန်မပါဘူးဆိုရင် အားပါတဲ့ခေါင်းတိုက်ချက် ဖြစ်လာအောင် ကိုယ့်ဘက်က ကြိုးစားအားထုတ်ရပါတယ်..။ ဥပမာပေးရမယ်ဆိုရင် ရန်းန် အသင်းကို ဂိုးသွင်းလိုက်တဲ့ ခေါင်းတိုက်ချက်မျိုး ဖြစ်ပါတယ်..။”
မေး - ခင်ဗျားသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးတွေထဲက နည်းစနစ်ပိုင်းအရ အနှစ်သက်ဆုံး ခေါင်းတိုက်သွင်းဂိုးကို ပြောပြပေးနိုင်မလား..?
“ရွေးစရာအများကြီး မရှိပါဘူး..။ လီဗာပူးလ်အသင်းနဲ့ပွဲမှာ သွင်းခဲ့တဲ့ဂိုးက ခက်ခဲတာကြောင့် နှစ်သက်ပါတယ်..။ နောက်ပြီးယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲတုန်းက အာဆင်နယ်အသင်းကို သွင်းယူခဲ့တဲ့ဂိုးကိုလည်း နှစ်သက်ပါတယ်..။ ဒိုင်ဗင်ထိုးပြီးသွင်းယူတဲ့ ခေါင်းတိုက်ဂိုးတွေကို ကြိုက်တယ်ဗျ..၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကအရှိန်နဲ့ပြေးပြီး တိုက်ရတာဆိုတော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အား အပြည့်ပါခဲ့တာကိုး..။ ပီတာ ချက် က ဒီထက်ပိုပြီး ထိချက်ကောင်းတဲ့ ခေါင်းတိုက်ချက် ထပ်ပြီးတွေ့ရမှာ မဟုတ်တော့ဘူးလို့ ပြောပါလိမ့်မယ်..။ ကျွန်တော်ကလည်း အီမာဆန် ရဲ့ ဖြတ်တင်ဘောကို စွတ်ပြီးခေါင်းတိုက်လိုက်တာ လောရင့် ကိုလ်ဆီယန်နီ ကသာ ပြေးဝင်ကန်ထုတ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ခေါင်းကို ကန်မိပါလိမ့်မယ်..။ အဲဒီဂိုးဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ခေါင်းတိုက်သွင်းဂိုးလို့ ပြောရမှာပါ..။”
မေး - အခုခေတ် ဘောလုံးကစားနည်းမှာ ခေါင်းတိုက်ဂိုးသွင်းတဲ့ အနုပညာ (art of heading) တဖြည်းဖြည်း ပျောက်ဆုံးလာပြီလို့ မထင်မိဘူးလား..?
“Yes.. ကျွန်တော်တို့လို အမြင့်ဘောအသုံးချရတာ နှစ်သက်တဲ့ ရှေးရိုးဆန်ဆန် တိုက်စစ်မှူးတွေ ရှားပါးလာတာလည်း ပါတာပေါ့ဗျာ။ ကျွန်တော်တို့ မတိုင်ခင်ကဆိုရင် ‘အလန် ရှီးယားရား’ ပေါ့ဗျာ..။ ခေတ်ပေါ် တိုက်စစ်မှူးတွေဟာ အရှိန်နဲ့ဆွဲပြေးဖို့ speed ကို ပိုပြီးအသားပေးလာတာ များပါတယ်.။ ဒါပေမယ့် ဖြတ်တင်ဘောတွေဟာ အရေးပါနေဆဲပါ..။ ဒါ့ကြောင့်အဲဒီဘောလုံးတွေကို ခေါင်းတိုက်နိုင်ဖို့ကလည်း အရေးကြီးတာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ တခါတလေမှာ ခေါင်းတိုက်ဖို့ကလွဲပြီး ရွေးစရာမှမရှိတာကိုးဗျ။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာဆိုရင် အမြင့်ဘော အသုံးချနိုင်စွမ်းဟာ ပိုလို့တောင် အရေးပါပါတယ်.။ လက်ရှိလူငယ် တိုက်စစ်မှူးတွေထဲမှာ ကယ်လ်ဗတ်- လီဗင်း က အမြင့်ဘောအသုံးချတာ၊ ခေါင်းတိုက်တာ ကောင်းပါတယ်.။ တခြားတိုက်စစ်မှူးအချို့ ရှိပေမယ့် အတော်လေးနည်းသွားပါပြီ..။”
မေး - မြေမကျဘောလုံးတွေကို ဘယ်လိုကန်သွင်းလဲ.. ပြောပြပါဦး..။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားက လှပတဲ့ volley ကန်ချက်သွင်းဂိုးတွေ ရရှိခဲ့တာကိုးဗျ..
“မြေမကျကန်သွင်းခြင်း (Volleying) ဆိုတာ ကျွန်တော်အနှစ်သက်ဆုံး ဂိုးသွင်းနည်းတစ်မျိုး ဖြစ်ပါတယ်..။ ငယ်တုန်းက ယန်း ပယ်ရီ ပါပင် ရဲ့ ဗွီဒီယိုတွေ အပါအဝင် မြေမကျကန်ချက်တွေ၊ လေပေါ်ဝဲပြီးကန်တဲ့ overhead ကန်ချက်တွေကို အများကြီးကြည့်ခဲ့ပါတယ်..။ အဲဒီလိုလေထဲက ဘောလုံးတွေကို ဖြတ်ကန်ရတာ (acrobatic kicks) နှစ်ခြိုက်ပါတယ်..။
အဲဒီလို မြေမကျကန်သွင်းနိုင်ဖို့ အခွင့်အရေးတွေဟာ နောက်ခံလူတွေနဲ့ အမြင့်ဘောယှဉ်လုမှုတွေ (aerial duels) အပြီး ပြန်ကျလာတဲ့ ဘောလုံးတွေကနေ ရတတ်ပါတယ်.။ ဒါ့ကြောင့်အကောင်းဆုံး ကန်သွင်းနိုင်တဲ့ နေရာမှာရှိနေဖို့ အသင့်ပြင်ထားရပါတယ်..။ volley သွင်းဂိုးတွေထဲမှာတော့ ဆွီဒင်အသင်းဘက်ကို သွင်းပေးခဲ့တဲ့ နှစ်သက်ပါတယ်..။ တခြားနှစ်ဂိုး၊ သုံးဂိုးလောက် သဘောကျမိတာလည်း ရှိပါတယ်…။ volley ကန်ချက်မှာ အရေးကြီးဆုံးက ကန်တဲ့ပုံစံမှန်ကန်ဖို့နဲ့ ထိချက်မှာ အားပါဖို့ ဖြစ်ပါတယ်..။”
မေး - မကြာသေးခင်က အသက်ငယ်တုန်းအချိန်တွေမှာ ခေါင်းမတိုက်သင့်ဘူးဆိုတဲ့အကြောင့် အင်္ဂလန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်..။ ခင်ဗျားရော ငယ်တုန်းက ခေါင်းတွေအရမ်းတိုက်ခဲ့လား..? နောက်ပြီးအဲဒီလို ပြောနေတဲ့ ဆွေးနွေးချက်တွေအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပါလား..?
“ကလေးတုန်းကတော့ သိပ်ပြီးခေါင်းမတိုက်ဖြစ်ပါဘူး..။ ဒါပေမယ့် ကျွန်တော်က ရွယ်တူတွေထဲမှာ အရပ်ရှည်တဲ့သူဆိုတော့ ခေါင်းတိုက်တာဟာ ကျွန်တော့်ရဲ့အားသာချက်လို ဖြစ်နေပါတယ်..။ ဒါပေမယ့် အရမ်းကြီး ကြိုးစားပမ်းစား လေ့ကျင့်ခဲ့တာ မရှိပါဘူး..။ ကျွန်တော့်ဆီမှာ ခေါင်းတိုက်ရကနေ ရတဲ့ဒဏ်ရာတွေ ရှိနေပါသေးတယ်..။ အချက် (၂၀) လောက် ချုပ်ခဲ့ရဖူးပါတယ်.။ ကျွန်တော်က ခေါင်းမာတယ်.. ဆိုပေမယ့် ရာအူး ဂျီမီးနက်စ် တို့လို ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့တာ ကံကောင်းတယ်လို့ ပြောရမှာပါ..။ အဲဒီလို ပြင်းထန်တဲ့ဒဏ်ရာဟာ လူတိုင်းမှာ ရရှိနိုင်ပါတယ်…။
ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် တစ်ပါတ်အလို အမေရိကန်အသင်းနဲ့ ခြေစမ်းပွဲမှာ မတ် မီယက်ဇ်ဂါ နဲ့ ခေါင်းချင်းရိုက်မိပြီး ကိုးချက်ချုပ်ခဲ့ရဖူးပါတယ်..။ အဲဒီလိုကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ပြီးပြီဆိုရင် ခေါင်းချင်းယှဉ်တိုက်ရမှာတောင် ကြောက်နေသလိုပါပဲ..။ အချိန်တွေကြာလာတဲ့အခါ တဖြည်းဖြည်း မေ့သွားတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ လိုအပ်တယ်ဆိုတာ သတိထားရပါမယ်..။”