ဂျာမနီလူငယ် ကစားသမား ‘ကိုင် ဟာဗာ့ဇ်’ ဟာ အသက် (၂၁) နှစ်မပြည့်ခင် သွင်းဂိုး (၃၅) ဂိုး ရရှိခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့သလို ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ စံချိန်များစွာကို ချိုးဖျက်ခဲ့ပါတယ်.။ ဒါ့ကြောင့်သူ့ရဲ့ ဘောလုံးစွမ်းရည်ကို အားလုံးကသံသယ မရှိကြပေမယ့် အသက်ငယ်ငယ်နဲ့ အရှိန်အဟုန်အပြင်း တောက်ကြွားလာခြင်းဟာ အမြဲတမ်းစင်းလုံးချောမနေခဲ့ပါဘူး ဆိုတာ အခုအချိန်မှာ တွေ့ခဲ့ကြပါပြီ…။
သူဟာခံယူချက်၊ စိတ်ဓါတ်နဲ့ ကြိုးစားအားထုတ်မှု အပိုင်းတွေ ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..။ ဒါပေမယ့် ခါတိုင်းနဲ့မတူခဲ့တဲ့ ဘောလုံးရာသီ အနေအထားတွေကြားက မထင်မှတ်ပဲ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဟာ သူ့အတွက် ရေသစ်၊ မြေသစ်မှာ အထာကျဖို့ အခက်အခဲ ပိုပြီးတွေ့စေခဲ့ပါတယ်..။ ဒါ့အပြင် စတာလင်ပေါင် (၆၂) သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့အကောင်းဆုံးနေရာဟာ ဘာလဲ..? ဆိုတဲ့ မေးခွန်းကလည်း တဖြည်းဖြည်းနဲ့ ကြီးမားလာတဲ့ ဖိအားတစ်ခု ဖြစ်လာခဲ့ပါတယ်..။
တကယ်တော့ ဟာဗာ့ဇ် အနေနဲ့ အင်္ဂလန်မြေမှာ အခြေကျဖို့ အချိန်တစ်ခု လိုအပ်မယ်ဆိုတာ အကျိုးအကြောင်း ဆီလျော်မှု ရှိပါတယ်.။ ဒါပေမယ့်သူ့ရဲ့ အဲဒီတစ်ကိုယ်ရည်ပြသနာဟာ အဲဗာတန်နဲ့ ဝုလ်ဖ်အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အခင်းအကျင်းသစ်ကို စဉ်းစားရမယ့် ဖရန့် လမ်းပတ် အတွက် ထပ်ဆောင်းပြသနာတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဟာဗာ့ဇ် ဟာ အဲဒီနှစ်ပွဲစလုံးမှာ ခြေစွမ်းမပြနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းကလည်း အများကဝိုင်းဝန်း ချီးကျူးခဲ့ကြတဲ့ (၁၇) ပွဲဆက် ရှုံးပွဲမရှိစံချိန်ရော၊ ဆုဖလားမျှော်လင့်ချက်ဆိုတဲ့ စကားတွေပါ တမဟုတ်ချင်း လေထဲလွင့်ပါ သွားခဲ့ပါတယ်..။
ဝုလ်ဖ်အသင်းနဲ့ပွဲ၊ ပွဲချိန် (၉၅) မိနစ်မှာ ပီဒရို နီတို ရဲ့ အနိုင်ဂိုးကို ပေးလိုက်ရတဲ့အချိန် သူဟာကွင်းထဲမှာ မရှိတော့ပါဘူး..။ သူဟာနောက်ဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲစလုံး လူစားလဲခံခဲ့ရသလို အဲဒီပွဲမှာ ကွင်းထဲက မထွက်ရခင် ဒယ်နီရယ် ပိုးဒန့်စ် ရဲ့ ပေါင်ကြားသွင်းခြင်း ခံခဲ့ရပါတယ်.။ ဒါဟာရှိနေတဲ့ အနာထဲကို ဆားသိပ်လိုက်သလိုပါပဲ..။
ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်း အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ပထမပိုင်းမှာ ကတ် ဇူးမား နဲ့ တီမို ဗာနာ တို့ဟာ ဂိုးကန်သွင်းချက် (shots) နှစ်ကြိမ်စီ ရရှိခဲ့သလို ဘင် ချီးဝဲလ်၊ မေဆန် မောင့်၊ ခရစ်စ်တီယန် ပူလီဆစ် နဲ့ အိုလီဗီယာ ဂျီရူးဒ် တို့ဟာလည်း အသင်းဖော်တွေအတွက် အခွင့်အရေးတွေ (chances) ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အဲဒီကစားသမားတွေထဲမှာ အန်ဂိုလို ကန်တေး တောင် ပါဝင်ခဲ့ပါသေးတယ်..။ ဒုတိယပိုင်းအစမှာ ရိစ် ဂျိမ်းစ် ကလည်း ဂိုးကန်သွင်းချက်တစ်ကြိမ် ပြုလုပ်ပေးနိုင်ချိန်မှာတော့ ချယ်လ်ဆီးကစားသမားတွေထဲမှာ ဂိုးကန်သွင်းတာ၊ ဂိုးဖန်တီးပေးတာ မပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေဆိုလို့ ဂိုးသမား မန်ဒီ၊ သီယာဂို ဆေးလ်ဗား နဲ့ ကိုင် ဟာဗာ့ဇ် တို့သာ ကျန်ပါတော့တယ်..။ သူ့ရဲ့နေရာကို အစားဝင်လာခဲ့တဲ့ မတ်တီယို ကိုဗာဆစ် တောင်မှ ဝင်ကန်ရတဲ့ ပွဲချိန် (၁၂) မိနစ်အတွင်း ဂိုးကန်သွင်းချက်နှစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါသေးတယ်..။ ဒါဟာ ဖရန့် နဲ့ ကိုင် ဟာဗာ့ဇ် အတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်..။
အဲဗာတန်အသင်းနဲ့ပွဲမှာတော့ ကိုင် ဟာ ညာတောင်ပံ တိုက်စစ်ကစားသမားအဖြစ် ကစားခဲ့ရပြီး ဝုလ်ဖ်အသင်းနဲ့ပွဲမှာတော့ သူဟာကွင်းလယ်ညာအခြမ်းကို ပြန်ဆင်းခဲ့ပါတယ်..။ အဲဒီကွင်းလယ်ညာအခြမ်း ‘No.8’ နေရာဟာ လက်ရှိအချိန်မှာ သူနဲ့အသင့်တော်ဆုံးနေရာ ဖြစ်တယ်လို့ အများကယူဆ ထားကြပါတယ်..။ ဒါပေမယ့် အခုနောက်ဆုံးနှစ်ပွဲအပြီး သိသာလာတာက ကိုင် ဟာ အဲဒီနေရာဟာ အသင်းအတွက် ဘာမှအကျိုးမဖြစ်ထွန်းဘူး ဆိုတဲ့အချက်ပါပဲ…။ ကိုင် ဟာဗာ့ဇ် ဟာ အဲဒီပွဲစဉ်တွေမှာ ကြိုးစားအားထုတ်မှု ကောင်းမွန်ခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဇုန် (final third) ပေးပို့မှုတွေ မပြုလုပ်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေကို တားဆီးတဲ့နေရာမှာလည်း ကန်တေး ကို ထိထိရောက်ရောက် မကူညီနိုင်ခဲ့ပါဘူး..။
ဝုလ်ဖ်အသင်းနဲ့ပွဲမှာဆိုရင် ကန်တေး နဲ့ မောင့် အပါအဝင် ချယ်လ်ဆီးကစားသမား (၇) ယောက်ဟာ ဘောလုံးဖျက်ထုတ်မှုတွေ (tackles) ပြုလုပ်နိုင်ခဲ့ပေမယ့် အဲဒီထဲမှာ ဟာဗာ့ဇ် မပါဝင်ခဲ့ပါဘူး..။ ဒါ့အပြင် ဘောလုံးလမ်းကြောင်း ဖျက်တောက်မှု (interceptions) ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား (၇) ယောက်ထဲမှာလည်း မပါဝင်ခဲ့ပြန်ပါဘူး..။ သူ့ရဲ့နေရာကို အစားဝင်လာတဲ့ ကိုဗာဆစ် တောင်မှ interception နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါသေးတယ်..။ သူဟာတိုက်စစ်ရော၊ ခံစစ်အပိုင်းမှာပါ အသင်းအပေါ် ဘာမှပံ့ပိုးနိုင်မှုမရှိနိုင် ဖြစ်နေခဲ့ပေမယ့် အဲဒီလိုဖြစ်နေတာဟာ ကြိုးစားအားထုတ်မှု မရှိခဲ့လို့မဟုတ်ပါဘူး..။ အဲဒီပွဲစဉ် ပထမပိုင်းမှာဆိုရင် သူဟာတခြားကစားသမားတွေထက်ပိုပြီး တစ်ကွင်းလုံးအနှံ့ ပြေးလွှားကစားခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ သူရင်ဆိုင်နေရတဲ့ ပြသနာတွေဟာ ကြံ့ခိုင်မှု (fitness) နဲ့ ကြိုးစားအားထုတ်မှု (efforts) နဲ့ မဆိုင်ပဲ သူ့ရဲ့ခြေစွမ်း (form) နဲ့ ထိရောက်မှု (effectiveness) ရှိ၊ မရှိအပေါ် မူတည်နေတယ်လို့ ပြောနိုင်လာပါပြီ..။
သူဟာအသင်းမှာ သင့်တော်မယ့်နေရာကို ရှာဖွေနေတဲ့ ကစားသမားတစ်ယောက်အဖြစ် ‘ပြာသာပြာနေတာ..၊ ဖွဲမထွက်’ တဲ့ အနေအထားမှာ ရှိနေဆဲပါပဲ..။
ဖရန့် လမ်းပတ် ကလည်း အဲဒီအချက်ကို သတိထားမိပုံရပါတယ်..။ ဒါ့ကြောင့်ဝုလ်ဖ်အသင်းနဲ့ပွဲအပြီးမှာ တစ်ချို့လူငယ် ကစားသမားတွေဟာ ပရီးမီးယားလိဂ်ကို အခုမှ ရောက်ရှိလာတာ ဖြစ်တဲ့အတွက် ဒီကလိဂ်ပြိုင်ပွဲတွေနဲ့ အထိုင်ကျဖို့ အချိန်လိုဦးမယ်ဆိုပြီး ရည်ညွန်း၊ ပြောဆိုခဲ့တာ ဖြစ်ပါတယ်..။
ဖရန့် လမ်းပတ် ဟာ ကိုင် ဟာဗာ့ဇ် ရဲ့ အရည်အသွေးနဲ့ အနာဂတ်အလားအလာကို ယုံကြည်တဲ့အတွက် အခုလိုကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ စွန့်စားခဲ့တာ ဖြစ်ပါတယ်..။ ကိုင် ဟာ ရာသီအစပိုင်း ပရီးမီးယားလိဂ် (၇) ပွဲနဲ့ ချန်ပီယံလိဂ် (၂) ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရမှုကြောင့် နိုဝင်ဘာလမှာ ပွဲတော်တော်များများကို လွဲချော်ခဲ့ရပါတယ်..။ အဲဒီနောက်ပိုင်း ပြန်လည်ကောင်းမွန်လာချိန်မှာ ငါးပွဲဆက်တိုက် ပါဝင်ခွင့်ရရှိခဲ့ပါတယ်…။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ရဲ့ အစီအမံကို ကြည့်မယ်ဆိုရင် သူလိုချင်တဲ့ ကစားကွက်၊ ပုံစံထဲ ကိုင် ဟာဗာ့ဇ် ကို အတင်းသွတ်သွင်းမယ့်ပုံ ဖြစ်နေပါတယ်..။ ဒါပေမယ့် အဲဒီအတိုင်း အလုပ်ဖြစ်ပါ့မလား..? ပြန်ပြီးသုံးသပ်ရမယ့်အချိန် ရောက်လာပါပြီ..။
ကြေးကြီးကြီးပေးပြီး ခေါ်ယူခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့တဲ့ ထိပ်တန်းကြယ်ပွင့်များစွာကို ချယ်လ်ဆီးပရိသတ်တွေ တွေ့ခဲ့ဖူး၊ ကြုံခဲ့ဖူးခဲ့ပါပြီ..။ ဒါပေမယ့် ကိုင် ဟာဗာ့ဇ် က အဲဒီလို အတိတ်က ရွှေအိုရောင် ကြယ်ပွင့်တွေနဲ့ မတူပါဘူး..။ သူဟာအသက် (၂၁) နှစ်ပဲ ရှိသေးပြီး ပင်ကိုယ်ပါရမီ ထူးချွန်တယ်..၊ ရှေ့အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်..။ ကိုင် ဟာ ချယ်လ်ဆီးအသင်းအတွက် ရေရှည်အနာဂတ်ကို ရည်မျှော်မှန်းပြီး ပြုစုထားတဲ့ နှစ်ရှည်ခံ အဖိုးတန်ကျွန်းပင်ကြီးနဲ့ တူပါတယ်.။ အခုအချိန်မှာ ဖရန့် လမ်းပတ် အတွက် အဓိကပြသနာ အဲဒီပင်ပျိုလေးကို အမြန်ဆုံး ဖွင့်ထားလာအောင် ဘယ်လိုရေလောင်း၊ ပေါင်းသင်မလဲ..? ဆိုတာပါပဲ..။
ဒါ့ကြောင့်ဝက်စ်ဟမ်းအသင်းနဲ့ပွဲကစပြီး နောက်ထပ်ဖြတ်သန်းရဦးမယ့် ပွဲကျပ်ကာလမှာ ဟာဗာ့ဇ် ဟာ အသင်းမှာ အလှည့်ကျပါဝင်ရမယ့် ကစားသမားအဖြစ် ရှိနေသင့်ပါတယ်..။ သူနဲ့ မေဆန် မောင့် တို့ ပါဝင်ခဲ့တဲ့ ကွင်းလယ်သုံးယောက်အထိုင် အခင်းအကျင်းဟာ ဘန်လေ၊ လိဒ်အသင်းနဲ့ပွဲတွေမှာ အနိုင်ရရှိခဲ့ပေမယ့် ပွဲစဉ်တိုင်းအတွက် သင့်တော်မှု မရှိဘူးဆိုတာ ဝုလ်ဖ်အသင်းနဲ့ပွဲမှာ တွေ့ရှိခဲ့ရပါပြီ..။ မကြာခင်မှာ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီ ပွဲစဉ်များအပါအဝင် အက်စ်တွန် ဗီလာအသင်းနဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းအနေနဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် double pivot အထိုင်ကိုလည်း ပြန်လည်စဉ်းစားသင့်ပါတယ်..။ ဒါ့အပြင် မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာဆိုရင် ဘောလုံးခြေထဲမရှိတဲ့အချိန် ကျစ်ကျစ်လျစ်လျစ် ခုခံနိုင်အောင်လည်း ပြင်ဆင်ရဦးမှာပါ..။
ဖရန့် လမ်းပတ် အနေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ အခုနှစ်ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့အတွက် ယုံကြည်မှုကောင်းတွေ တည်ဆောက်နိုင်ဖို့ အခုရင်ဆိုင်ရမယ့် ပွဲကျပ်ကာလကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်..။ ရေရှည်အနာဂတ်ကို မျှော်မှန်းတယ်ဆိုတာ အရေးကြီးပေမယ့် ရေတိုကာလ ရလဒ်ကောင်းတွေနဲ့ ထိန်းညှိ (balance) ပေးနိုင်ဖို့ကလည်း လိုအပ်သေးတာကိုး..
အဲဒီလိုရေတို..၊ ရေရှည်မျှခြေဟာ ဂျာမနီလူငယ် ကစားသမားနဲ့လည်း သက်ဆိုင်ပါတယ်..။
ကိုင် ဟာဗာ့ဇ် ရဲ့ လက်ဦးဆရာ၊ ငယ်ဆရာဖြစ်တဲ့ ဘေယာ လေဗာကူဆင်အသင်း နည်းပြဟောင်း တေဖန် ကော်ကတ် ကတော့ ဟာဗာ့ဇ် ရဲ့ ထူးခြားတဲ့စိတ်စွမ်းအား (mentality) အကြောင်းကို အခုလို ပြောပြပါတယ်..။
“အခုအချိန်မှာ သူ့ရဲ့စိတ်ထဲဘယ်လို ခံစားနေရမလဲ..? ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူဟာခံစားချက်တွေကို ထုတ်ပြတတ်တဲ့သူမျိုး မဟုတ်သလို အဲဒီအရည်အချင်းဟာ အကောင်းဆုံးတွေထဲက အကောင်းဆုံးဖြစ်ချင်တဲ့ ထိပ်တန်းကစားသမား တစ်ယောက်အတွက် သိပ်ကိုအရေးကြီးပါတယ်..။ သူဟာပွဲချိန်အတွင်းမှာလည်း ခံစားချက်တွေကို ပြသလေ့မရှိသလို ဖိအားတွေ ခံစားနေရတယ်ဆိုတာ အပြင်ကနေ ကြည့်ရုံနဲ့ ဘယ်လိုမှ မသိနိုင်ပါဘူး..။
ကျွန်တော်ကတော့ သူ့ကို ‘သွေးအေးလူသား (ice man)’ လို့ပဲ ခေါ်ချင်ပါတယ်.။ ဒါ့ကြောင့်လည်း အသက် (၁၇) နှစ်သားအရွယ်ကတည်းက တကယ့်ပွဲကြီးပွဲကောင်းတွေမှာ သူ့ကိုထည့်သွင်းရဲခဲ့တာပါ..။ ဒါ့ကြောင့်သူ့ဆီမှာရှိနေတဲ့ အများနဲ့မတူတဲ့ အရည်အချင်းတစ်ခုကို ပြောပါဆိုရင် အဲဒီ ‘စိတ်စွမ်းအား (mental power)’ ကိုပဲ ညွန်းဆိုရမှာပါ..”။
ဒါ့ကြောင့်ဂျာမနီ လူငယ်ကစားသမားအနေနဲ့ သူ့ရဲ့ထူးခြား၊ ခိုင်ကြည်တဲ့ စိတ်ဓါတ်အင်အားကို အသုံးချပြီး သူရင်ဆိုင်နေရတဲ့ အခက်အခဲဆုံး ပုစ္ဆာတစ်ပုဒ်ကို ကျော်လွှားနိုင်ရတော့မှာ ဖြစ်ပါတယ်..။ အဲဒီပုစ္ဆာရဲ့အဖြေက ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်ဖို့ သူနဲ့အသင့်တော်ဆုံးနေရာကို ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်..။
အခုအချိန်မှာ ကိုင် ဟာဗာ့ဇ် ဟာ သူ့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ပြည့်မှီအောင် ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပါဘူး..၊ ဒါပေမယ့် အဲဒီလူငယ်ကစားသမားလေး ရင်ဆိုင်နေရတဲ့ ပြသနာဟာ ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီးအသင်းအတွက်လည်း အားလုံးပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားရမယ့် ပုစ္ဆာတစ်ခုအဖြစ် ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Sky Sports မှ ဆောင်းပါးရှင် Adam Bate ၏ ‘Kai Havertz's Chelsea form: Young signing struggling to impress so far’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)