အခုနှစ်ဘောလုံးရာသီ ဖြတ်သန်းလာခဲ့တဲ့ အနေအထားတွေအရ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကာလဟာ ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့အသင်းအတွက် အခက်အခဲဆုံး ကာလတစ်ခုလို့ ပြောနိုင်မှာပါ..။ အဲဗာတန်နဲ့ ဝုလ်ဖ်အသင်းတွေကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲများဟာ သူတို့ရဲ့ဆုဖလား မျှော်လင့်ချက်ကို ချေဖျက်ပစ်လိုက်တဲ့ ပွဲတွေလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် ကတော့ အပြောင်းအလဲမြန်လွန်းလှတဲ့ ဘောလုံးလောကရဲ့ အနေအထားကို သိရှိပြီးဖြစ်တာကြောင့် ဖလားရဖို့ အခွင့်အရေး ရှိတဲ့အကြောင်း ပြောဆိုနေကတည်းက လက်မခံခဲ့ပါဘူး..။ ဒါ့ကြောင့်အဲဗာတန်၊ ဝုလ်ဖ်အသင်းနဲ့ပွဲတွေက အရှုံးရလဒ်နဲ့ခြေစွမ်းဟာ ချယ်လ်ဆီးအသင်းအနေနဲ့ ဆုဖလားဆွတ်ခူးနိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာ သက်သေပြလိုက်တာထက် မပိုခဲ့ပါဘူး..။
“ကျွန်တော်တို့အသင်းမှာ လူငယ်ကစားသမားတွေ အများအပြား ပါဝင်သလို တစ်ချို့ကစားသမားတွေကတော့ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် အသင်းမှာ အခုနှစ်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတဲ့ ကစားသမားလည်း ရှိနေပါတယ်..။ နောက်ပြီးလူငယ် ကစားသမားတွေဆိုတာ လွန်ခဲ့တဲ့နှစ်နှစ်က ချန်ပီယံရှစ်ပြိုင်ပွဲ အဆင့်တွေမှာ ကစားခဲ့တဲ့သူတွေပါ..။ ဒါ့ကြောင့်ကျွန်တော်တို့အသင်းဟာ ဆက်လက်တိုးတက်ဖို့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိပါတယ်..။”
- ဖရန့် လမ်းပတ် (ဝုလ်ဖ်အသင်းနှင့်ပွဲအပြီး ပြောကြားချက်မှ..)
(၁)
လတ်တလော ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်နှစ်ပွဲကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် အဲဗာတန်အသင်းနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ ခြေစွမ်းညံ့ဖျင်းမှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး..။ အပိုင်ကန်သွင်းချက်နှစ်ကြိမ် ဂိုးတိုင်ထိ ထွက်ခဲ့သလို ကတ် ဇူးမား ရဲ့ အနီးကပ်ပိတ်သွင်းချက်ဟာ ဂိုးသမားတည့်တည့် ကန်မိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်..။ အဲဗာတန်အသင်းဟာ ဂိုးသမားမန်ဒီ ရဲ့ အမှားတစ်ခုကနေ ဦးဆောင်ဂိုး ရရှိသွားခဲ့တဲ့အချိန် သူတို့လိုချင်တဲ့ အစီအမံအတိုင်း ထိန်းချုပ်ကစားသွားခဲ့ပါတယ်..။ ဝါရင့်နည်းပြကြီး ကာလို အန်စလော့တီ ဟာ အသင်းလိုက်ကြံ့ခိုင်မှုအားကို အသုံးချပြီး အတင်းလိုက်ဖိအားပေး ကစားသွားတယ်..၊ ကွင်းလယ်မှာ ကစားကွက် တည်လို့မအောင် ခပ်ကြမ်းကြမ်း ကစားသွားတယ်..၊ ဗဟိုခံစစ်မှူး လေးယောက်လောက်နဲ့ ဂိုးဧရိယာထဲကနေ ပိတ်ဆို့ ခုခံသွားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အိမ်ရှင်အသင်းရဲ့ ခပ်ကြမ်းကြမ်း၊ မာမာထန်ထန် တုံ့ပြန်ခဲ့တဲ့ နည်းဗျူဟာအတွက် အဖြေမရှိခဲ့ပါဘူး..။
ဝုလ်ဖ်အသင်းနဲ့ပွဲကတော့ ခြားနားပါတယ်..။ အဲဒီပွဲဟာ ပွဲကိုချဉ်းကပ်ပုံ (game management) နဲ့ စိတ်ဓါတ်ပိုင်း (mentality) အားနည်းခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်.။ ချယ်လ်ဆီးလို အသင်းအနေနဲ့ ၁- ၀ ဦးဆောင်နေချိန်မှာ ပွဲကိုထိန်းချုပ်နိုင်အောင် ကြိုးစားသင့်ခဲ့ပါတယ်..။ ဒါပေမယ့် ၁- ၁ သရေကျနေစေဦးတော့.. ပွဲပြီးခါနီး နောက်ဆုံးကန်ချက်ကျမှ တန်ပြန်တိုက်စစ်ကနေ ဂိုးပေးလိုက်ရတယ်ဆိုတာ ဆုဖလားကို ရည်မှန်းတဲ့ အသင်းအတွက် မဖြစ်သင့်ပါဘူး.။ တကယ်တော့ ဝုလ်ဖ်အသင်းရဲ့ Molineux ကွင်းကနေ သရေတစ်မှတ်နဲ့ ပြန်လာရတာဟာ ရှက်စရာမဟုတ်ပါဘူး..။ ဟိုဆေး မော်ရင်ဟို ပြောနေကျစကားတစ်ခွန်း ရှိပါတယ်..။
“တကယ်လို့ ပွဲတစ်ပွဲကို မနိုင်တော့ဘူးဆိုရင်တောင် မရှုံးခဲ့ပါစေနဲ့…”
ဖရန့် လမ်းပတ် ဟာ အဲဒီစကားကို အကြိမ်ကြိမ်အခါခါ ကြားဖူးခဲ့မှာပါ…
ဒါ့ကြောင့်လည်း ဖရန့် လမ်းပတ် ဟာ ပွဲပြီးတဲ့အချိန်မှာ ကစားသမားတွေရဲ့ ပွဲအခြေအနေ ဖတ်နိုင်စွမ်း အားနည်းမှု..၊ တန်ပြန်တိုက်စစ် ကောင်းမွန်တဲ့ ဝုလ်ဖ်အသင်းကို တန်ပြန်တိုက်စစ်ဆင်နိုင်အောင် အခွင့်အရေး ပေးခဲ့မှု၊ အနိုင်ရလဒ်ကို ကျားကုတ်ကျားခဲ ထိန်းသိမ်းလိုစိတ် အားနည်းမှုတွေကို ရည်ညွန်း၊ ပြောကြားသွားခဲ့ပါတယ်..။ အနှစ်ချုပ်လိုက်ရင် အဲဒီအရှုံးပွဲဟာ ပရီးမီးယားလိဂ်မှာ ပျမ်းမျှအသက်အငယ်ဆုံး အသင်းရဲ့ အတွေ့အကြုံ အားနည်းမှုက အခရာကျခဲ့တယ်လို့ ညွန်ပြနေခဲ့ပါတယ်..။
အဲဒီအတွေ့အကြုံ အားနည်းမှုဟာ နောက်ပိုင်းမှာလည်း မထင်မှတ်တဲ့ အလှည့်အပြောင်းတွေကို ဖြစ်လာနိုင်ဦးမှာပါ..။ မနှစ်ကလည်း အခုလို မမျှော်လင့်ခဲ့တဲ့ ရလဒ်တွေ၊ အလှည့်အပြောင်းတွေ ဖြစ်ခဲ့တာပါပဲ..။ ဒါ့ကြောင့်အဲဒီလို မထင်မှတ်တဲ့ရလဒ်တွေ ကြုံတွေ့နေရခြင်းကို ကျော်လွှားနိုင်ဖို့ဆိုရင် အသင်းလိုက် စုစုစည်းစည်း တိုးတက်အောင် ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်..။
(၂)
တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ တိုးတက်မှုတွေရှိခဲ့ပါတယ်..။ သွင်းဂိုးတွေ ပိုမိုရရှိခဲ့သလို တစ်ဘက်ကလည်း အဝေဖန်ခံနေရတဲ့ ခံစစ်ကြောင်းကို ပြင်ဆင်နိုင်ခဲ့ပါတယ်..။ နောက်ထပ်တစ်ဆင့်တက်ပြီး တိုးတက်ဖို့လိုအပ်နေတာက တစ်ပွဲချင်းစီအလိုက် စီမံခန့်ခွဲမှု (game management) ပိုပြီးကောင်းမွန်ဖို့နဲ့ လူငယ်ကစားသမားတွေကို အခုထက်ပိုပြီး တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ဖို့ (youth development) ဖြစ်ပါတယ်..။ အထူးသဖြင့် ပွဲတစ်ပွဲစီကို ပါးပါးနပ်နပ်နဲ့ ချဉ်းကပ်ပြီး သရေကျမယ့်ပွဲတွေကို အနိုင်ရဖို့၊ ရှုံးမယ့်ပွဲတွေကို သရေရအောင် ကန်နိုင်ဖို့ ဖြစ်ပါတယ်.။
အခုနှစ်ဘောလုံးရာသီမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်မှုအရမ်း ပြင်းထန်နေသလို အခုယှဉ်ပြိုင်နေရတဲ့ ခရစ်စ်မတ် ပွဲကျပ်ကာလဟာလည်း အသင်းတိုင်းအတွက် ပြင်းထန်တဲ့စိန်ခေါ်မှု ဖြစ်နေခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒီပွဲကျပ်ကာလအတွင်း ဒီနေ့မှာ ဝက်စ်ဟမ်း၊ ပြီးရင် အာဆင်နယ်၊ အက်စ်တွန် ဗီလာ နဲ့ မန်ချက်စတာ စီးတီး အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ..။ အဲဒီအသင်းအားလုံးဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေဆိုတာ သေချာပါတယ်..။ ဒါ့ကြောင့်လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ နှစ်ဆန်းချိန် ရောက်ပြီဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ဆုဖလား မျှော်မှန်းနိုင်ခွင့် အနေအထားကို ကျွန်တော်တို့တွေ ပိုပြီးသိလာနိုင်မှာပါ…။ ဒါပေမယ့် စတန်းဖို့ဒ် ဘရစ်ချ်အသင်းအတွက် တကယ့်အခက်ခဲဆုံးကာလဟာ ဖေဖော်ဝါရီနဲ့ မတ်လ ကာလတွေ ဖြစ်ပါလိမ့်မယ်..။
အသင်းတစ်သင်းဟာ ထိပ်တန်းအသင်းတစ်သင်းအဖြစ် တိုးတက်လာမှု ရှိ၊ မရှိ အဓိက တိုင်းတာတဲ့စံနှုန်းဟာ ‘ချန်ပီယံလိဂ်’ ပြိုင်ပွဲ ဖြစ်ပါတယ်..။ အခုတစ်ကြိမ် နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ စပိန်ထိပ်သီး အက်တလက်တီကို မက်ဒရစ်အသင်းနဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်..။ ချယ်လ်ဆီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၁၄/၁၅ ဘောလုံးရာသီကစပြီး ရှုံးထွက်အဆင့်ကို မကျော်ခဲ့ပါဘူး..။ သူတို့ကို ဆီမီးဖိုင်နယ်အဆင့်မှာ နောက်ဆုံးနောက်ကောက်ချခဲ့တဲ့ အသင်းကလည်း အက်တလက်တီကို မက်ဒရစ်အသင်း ဖြစ်နေခဲ့ပါတယ်..။ အခုလက်ရှိ အက်တလက်တီကို အသင်းဟာ ၂၀၁၄ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းကို နောက်ကောက်ချခဲ့တဲ့ အသင်းလောက် မတောင့်တင်းဘူး ဆိုရင်တောင်မှ အသင်းရဲ့ပဲ့ကိုင်ရှင် ဒီယေဂို ဆီမြွန်နီ ရှိနေဆဲဖြစ်သလို အခုနှစ်လာလီဂါ ပြိုင်ပွဲမှာလည်း (၂၈) ပွဲအတွင်း တစ်ပွဲပဲ ရှုံးနိမ့်ထားပါသေးတယ်..။
အဲဗာတန်အသင်းကိုတောင် ခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ သူ့ထက်ပိုပြီး မာကျောသလို ပိုပြီးညစ်ကျယ်ကျယ် ကစားတတ်တဲ့ အက်တလက်တီကို အသင်းနဲ့ ဘယ်လိုရင်ဆိုင်မလဲ..? စဉ်းစားရတောင် ခက်လှပါတယ်..။ ခံစစ်ပိုင်းတောင့်တင်းတယ်..၊ တစ်သင်းလုံး မာကျော၊ ကျစ်လျစ်ပြီး နေရာတိုင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေတဲ့ အက်တလက်တီကို အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ညက်ညောတဲ့ ကစားဟန်ကို တစစီ ခြေမွနိုင်စွမ်း ရှိနေပါတယ်..။ ဖြေသာတဲ့အချက် တစ်ခုကတော့ အဲဒီအခက်ခဲဆုံး စာမေးပွဲကို ဖြေဆိုနိုင်ဖို့အတွက် ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီးအသင်းမှာ ပြင်ဆင်ချိန် (၉) ပါတ် ရနေခြင်း ဖြစ်ပါတယ်..။
(၃)
အဲဒီလို မာမာထန်ထန် တုံ့ပြန်တတ်တဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ဖို့ဆိုရင် ဖရန့် လမ်းပတ် အနေနဲ့ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်စဉ်က ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ခက်ခဲတဲ့ပွဲစဉ်တစ်ချို့ကို ပြန်ပြီးလေ့လာ၊ သုံးသပ်ဖို့ လိုအပ်ပါတယ်..။ ချယ်လ်ဆီးအသင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရင်ဆိုင်ခဲ့ရတဲ့ နည်းပြကြီး မာ့ခ် ဟုချ် ရဲ့ ဘလက်ဘန်းအသင်းဟာ အဲဒီအချိန်က ပရီးမီးယားလိဂ်ရဲ့ အကြမ်းဆုံး၊ အရမ်းဆုံး အသင်းလို့တောင် ပြောလို့ရပါတယ်..။ ရိုင်ယန် နီလ်ဆင်၊ ရော်ဘီ ဆားဗေ့ဂျ် နဲ့ ပေါလ် ဒစ်ကော့ တို့လို လူကြမ်းကြီးတွေနဲ့ ဘလက်ဘန်းအသင်းဟာ ပြစ်ဒဏ်ဘော အကျူးလွန်ဆုံး၊ အဝါကတ်ဒ်၊ အနီကတ်ဒ် အများဆုံး အပြခံထားရတဲ့ အသင်းဖြစ်ခဲ့ပါတယ်..။ မာ့ခ် ဟုချ် ရဲ့ ပွဲအစီအမံကလည်း ရှင်းရှင်းလေးပါပဲ.. ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ တန်ကြေးမြင့် စူပါစတား ဘောလုံးကြယ်ပွင့်တွေကို ထမ်းစင်စီးပြီး ကွင်းထဲကထွက်သွားရအောင် လူချကစားဖို့ ဖြစ်ခဲ့ပါတယ်.။ ဒါပေမယ့် ပွဲချိန် (၈၅) မိနစ်မှာတော့ အာဂျန် ရော်ဘင် ဟာ သူတို့ရဲ့ကြမ်းတမ်း၊ မာကျောလှတဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်ပြီး အနိုင်ဂိုးရယူပေးခဲ့ပါတယ်.။ ဟော်လန်တောင်ပံ ကစားသမားဟာလည်း ဂိုးသွင်းပေးပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာနဲ့ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်..။
အသင်းတစ်သင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ဆိုရင် သံနံရံကို ဖြိုဖျက်ရသလို ခက်ခဲလှတဲ့ အဲဒီလိုပွဲစဉ်တွေကို ကျော်ဖြတ်နိုင်ရမှာဖြစ်ပါတယ်..။ ၂၀၀၅ ခုနှစ်တုန်းက ဘလက်ဘန်းနဲ့ အဝေးကွင်း ပွဲစဉ်ကစလို့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အဲဗာတန်အသင်းကို ဝီလီယံ ရဲ့ သွင်းဂိုးနဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့တဲ့ပွဲ၊ ကျူပီအာအသင်းကို ၁- ၀ နဲ့ အနိုင်ယူခဲ့တဲ့ပွဲတွေဟာ ချန်ပီယံလောင်းတိုင်းအတွက် မှတ်ကျောက်၊ သက်သေများပဲ ဖြစ်ပါတယ်…။
ဒါ့ကြောင့်အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ ၂၀၁၅ ခုနှစ်တုန်းက အသင်းထက်ပိုပြီး တောင့်တင်းတယ်..၊ ဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်းဖြစ်ကြောင်း သက်သေပြနိုင်ဖို့ဆိုရင် အဲဒီလိုခံစစ်ထိုင်၊ ပိတ်ဆို့ပြီး ခပ်ကြမ်းကြမ်း တုံ့ပြန်လာမယ့် ပြိုင်ဘက်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရမှာပါ..။ တကယ်တော့ အဲဒီလို ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း.. စိတ်ဓါတ်ပိုင်း မာကျောဖို့၊ အသင်းလိုက်ယုံကြည်ချက် မြင့်မားဖို့၊ အနိုင်ရရမယ်ဆိုတဲ့ အောင်ပွဲဆာလောင်စိတ် ပြင်းပြနေဖို့ဆိုတာ ချက်ချင်းလက်ငင်း လုပ်ယူလို့မရနိုင်ပဲ အားလုံးဟာ အသင်းတစ်သင်းအနေနဲ့ စုစုစည်းစည်း သင်ယူပြီး အတူတကွ တိုးတက်မှရနိုင်မှာပါ..။ ဒါပေမယ့် ဖရန့် လမ်းပတ် ကတော့ အသင်းတစ်သင်းဟာ စာမေးပွဲတစ်ခုကို ကျရှုံးခဲ့ပြီဆိုရင် အဲဒီကျရှုံးမှုကနေ သင်ယူရမယ်..၊ ပြီးရင်တိုးတက်အောင် ပြုလုပ်နိုင်ရပါမယ်..၊ ဒါမှအဲဒီအခက်အခဲ၊ အတားအဆီးတွေကို ကျော်ဖြတ်နိုင်မယ်လို့ ပြောသွားပါတယ်..။
အခုလိုနောက်ထပ်တစ်ဆင့်အတွက် တိုးတက်မယ့်ဖြစ်စဉ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်မှန်း လူတိုင်းကသိထား ကြပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့အပြာရောင်လူငယ် သွေးသစ်များဟာ သင်ယူတတ်မြောက်လွယ်သူများ ဖြစ်ကြပြီး ဒီနေ့ကစတင်မယ့် အခက်ခဲဆုံး စမ်းသပ်ချက်၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Football London မှ ဆောင်းပါးရှင် David Chidgey ၏ ‘Testing times for Chelsea and Frank Lampard needs to take the next step in Blues' development’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)