feature-image

သီယာဂိုလ်ဆေးလ်ဗား သင်ပေးခဲ့သော ခံစစ်ကစားခြင်းအနုပညာ

" Oh! Thiago Silva.... Oh! Thiago Silva..."

ပဲရစ်တစ်မြို့လုံး သူ့နာမည်ကိုသီချင်းလုပ်ပြီး တစ်မြို့လုံးနီးပါးအောင်ပွဲခံဖူးတယ်။ ဘောလုံးနဲ့မဆိုင်တဲ့ Festival ပွဲတွေထိ Thiago Silva သီချင်းသံက ညံနေဖူးတယ်။ ဘယ်သူထင်ထားမှာလဲ ဘရာဇီးသားတစ်ယောက်က ပြင်သစ်လိုနေရာမျိုးမှာ အုန်းအုန်းထနာမည်ကြီးနေမယ်လို့။ PSG အသင်းမှာ ကာဗာနီ နေမာတို့ထက် ဆေးလ်ဗားကို သူတို့ပိုချစ်ကြတယ်။ ဘာလို့လဲဆိုတော့ သစ္စာဆိုတဲ့ စကားလုံးလေးကြောင့်။ ဆေးလ်ဗားက သူ့အသက်အရွယ်အရ အကောင်းဆုံးအချိန်တွေကို ပြင်သစ်လိဂ်လိုနေရာမျိုးမှာ PSG အသင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်။ အသင်းခေါင်းဆောင်တာဝန်နဲ့ ၃၆နှစ်ရောက်တဲ့အထိ ရေကုန်ရေခမ်းကစားပေးခဲ့တယ်။


ကိုယ်ခင်တွယ်လွန်းရတဲ့ မြတ်နိုးရတဲ့နေရာတစ်ခုကနေ ဖယ်ထုတ်ခံရဖူးလား ကိုယ့်လူ။ အဲ့ခံစားချက်က နင့်တယ်။ နောက်ဆုံးမလိုရင်တော့တောင်မှ ကိုယ်ပေးဆပ်ခဲ့တဲ့အချိန်တွေ အမှတ်တရတွေအတွက် အလေးထားပေးနိုင်မယ့် တုံ့ပြန်မှုတစ်ခုခုတော့ ကျနော်တို့တောင်းဆိုမိတာ မလွန်ဘူးထင်တယ်။ ၃၆နှစ်အရွယ်ပေမယ့် ဆက်ကစားပေးနိုင်ပါသေးတယ်ဆိုတဲ့ ဆေးလ်ဗားရဲ့ကတိကို PSGက မယုံတော့ဘူး။ အနည်းဆုံးတော့ လှပတဲ့ခွဲခွာခြင်းတစ်ခု ဆေးလ်ဗားလိုချင်ခဲ့ပေမယ့် သူကိုယ်တိုင် "ကျနော်က PSGအသင်းရဲ့ ရှေ့တံခါးကနေ ရင်ကော့ပြီးထွက်သွားဖို့ ထိုက်တန်တဲ့သူပါ။ ဒါပေမယ့် ကျနော် နောက်တံခါးကနေပဲ ထွက်ခဲ့ရတယ်" လို့ ပြောတဲ့အထိ သစ္စာတရားဟာ အဓိပ္ပာယ်မဲ့ခဲ့တယ်။



ဒီအချိန်မှာ Free Agent ဖြစ်သွားတဲ့ ဆေးလ်ဗားကို လမ်းပတ်ရဲ့ချယ်လ်ဆီးက ဦးဆုံးသွားရောက်ဆက်သွယ်ခဲ့တယ်။ ယိုင်နဲ့နေတဲ့ခံစစ် ဦးဆောင်သူမရှိတဲ့နောက်တန်းအတွက် ဆေးလ်ဗားလိုကစားသမားမျိုးကို သူလိုချင်တယ်ဆိုပြီး လမ်းပတ်ကိုယ်တိုင် ဆက်သွယ်စကားပြောတယ်။ ကိုယ့်တန်ဖိုးကိုသိတဲ့သူ ကိုယ့်ကိုလိုချင်တဲ့နေရာ ဆိုတာ ရှိစမြဲပါပဲ။ ဆေးလ်ဗားမငြင်းနိုင်ခဲ့ဘူး။ တစ်ခြားကမ်းလှမ်းမှုတွေ အများကြီးရှိနေသေးပေမယ့် သူ့ကိုအာမခံချက်တစ်စုံတစ်ခုပေးထားနိုင်တဲ့ ချယ်လ်ဆီးအသင်းကို သူရွေးတယ်။ လမ်းပတ်ကို Verbal Agreed ပေးခဲ့တယ်။ နောက်ပိုင်းမှာ PSG အသင်းဘုတ်အဖွဲ့က ဆေးလ်ဗားကို တစ်နှစ်လောက်တော့ထိန်းထားချင်တယ်ဆိုတဲ့ အတွေးနဲ့ One year Contract ပြန် ​ကမ်းလှမ်းတယ်။ လူဆိုတာ တကယ်တမ်းမရှိတော့ပါလားဆိုတဲ့ အတွေးဝင်မှ နောင်တရတတ်တဲ့အမျိုးကိုး။ ဒါပေမယ့် ဆေးလ်ဗား ငြင်းလိုက်တယ်။ သူ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးခဲ့ပြီးပြီ။ PSGအသင်းနဲ့ သူသက်တမ်းမတိုးနိုင်တော့ဘူး။ တကယ်တော့ Verbal Agreed ဆိုတာ လေထဲမှာပဲရှိသေးတာပါ။ ဒါပေမယ့် ဆေးလ်ဗားကတော့ စကားတစ်ခွန်း ကတိတစ်လုံးကို တန်ဖိုးထားတဲ့သူမျိုးထင်တယ်။ နောက်ပြန်လှည့်မကြည့်ဘူး။ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ချုပ်လိုက်တယ်။ သေချာပါတယ် PSG အသင်းက ခေါင်းဆောင်တစ်ယောက် World Class Def တစ်ယောက်ကို သေချာပေါက် နှမြောပါတယ်။ ဒါပေမယ့် ဆေးလ်ဗားကတော့ ကျောခိုင်းခဲ့ပြီ။ ငါဘာလုပ်နိုင်သေးလဲကြည့်ကြည့်ပေါ့ဆိုတဲ့ အတွေးတွေ သူ့ခေါင်းထဲပြည့်နေလားကျနော်မတွေးတတ်။ သူ့ခြေလှမ်းတွေကတော့ စတန်းဖို့ဘရစ်ချ်ဆီ အဂ်လန်မြေဆီ ရောက်နေပြီလေ။


တကယ်တော့ ပရီးမီးယားလိဂ်ဆိုတာ Physical Battle အပြင်းထန်ဆုံးနေရာ။ Speed နဲ့ Strength ကို ရေလည်သုံးရတဲ့ပြိုင်ပွဲ။ A Cold Windy Night at Stoke ဆိုတာ ဟာသမဟုတ်ဘူး။ ဒီလိုလိဂ်ကို အသက် ၃၆နှစ်အရွယ်ကစားသမားရောက်လာတယ်ဆိုတာ ဘယ်သူမှ ထူးထူးခြားခြားအထင်မကြီးဘူး။ သီသာဂိုဆေးလ်ဗားက World Class ပါ။ ဒါပေမယ့် ၃၆နှစ်အရွယ်နဲ့ ဘာလုပ်နိုင်သေးမှာလဲဆိုတဲ့ ဝေဖန်သံတွေချည်းပဲ ထွက်လာတယ်။


ဒါပေမယ့် လမ်းပတ်နဲ့ ချယ်လ်ဆီးအသင်းကတော့ ဆေးလ်ဗားဟာ အသင်းအတွက် လိုနေတဲ့ Jigsaw တစ်ခုအနေနဲ့ အသုံးပြုတယ်။
နောက်တန်းမှာ ဇူးမား ခရစ်စ်တန်ဆန် တိုမိုရီ ရူဒီဂါ အကုန်လုံးက Dependent Defender တွေ အတွေ့အကြုံအရ ချာတိတ်သာသာပဲရှိတဲ့သူတွေ။ CB ၂နေရာမှာ တစ်ယောက်က ကျိန်းသေပေါက် Leading Role ကိုယူရပါတယ်။ ချယ်လ်ဆီးမှာက တယ်ရီထွက်သွားပြီးနောက်ပိုင်း Leading Role နေရာအတွက် အဖြေမရှိခဲ့ဘူး။ ရူဒီဂါကို Leading Role ပေးခဲ့ပေမယ့် သူကိုယ်တိုင်က ပြာတာတာရယ်။ ဒီတော့ ဆေးလ်ဗားရောက်လာခြင်းက Leading Role အတွက်ရတဲ့အပြင် ဇူးမား တိုမိုရီ ခရစ်တို့လို Dependent Def တွေအတွက်ပါ တိုးတက်လာနိုင်တာမျိုးဖြစ်ခဲ့တယ်။


ဆေးလ်ဗားကို စပြီးသုံးတဲ့ပွဲမှာ အက်စ်ပီနဲ့ဂျော်ဂျင်ဟိုမပါတော့ လမ်းပတ်က Captain Armband ပါတစ်ခါတည်းပေးပြီး Debut ထုတ်လိုက်တယ်။ စဥ်းစားကြည့်။ နာမည်ရပြီးသားခံစစ်မှူးပေမယ့် ခုမှရောက်တဲ့အသင်းကို ခုချက်ခြင်း Captain ပေးပြီးကစားခိုင်းတာက သူ့အပေါ် ဘယ်လောက်ယုံကြည်တယ်ဆိုတာကို သိသာစေလွန်းတယ်။


ဒါပေမယ့် အရာရာတိုင်းက ပျားရည်စမ်းခရီးမဟုတ်ဘူး။ ပွဲဦးထွက်မှာပဲ ဆေးလ်ဗားက Individual Error စမှားတယ်။ ဂိုးပေးလိုက်ရတယ်။ ပွဲအပြီး ဝေဖန်သံတွေက ပလူပျံနေတာပဲ။ ကျနော်တို့တွေလည်း အတွေးထဲမှာတော့ ၃၆နှစ်အရွယ်နဲ့ အရမ်းတော့ကောင်းတော့မှာမဟုတ်ဘူးလို့ တွေးခဲ့ကြသူတွေ ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် အသိအမှတ်ပြုရလောက်အောင် ဆေးလ်ဗားက တည်ငြိမ်ခဲ့တယ်။ တစ်ပွဲပြီးတစ်ပွဲ အသင်းနဲ့အသားကျလာခဲ့တယ်။ နောက်ပိုင်း ဆက်တိုက် Cleansheet တွေရတယ်။ ပြိုင်ဖက်တွေကပါ ချီးကျူးရတဲ့အထိ သူ့ရဲ့ Class ကို ပြနိုင်ခဲ့တယ်။


ဆေးလ်ဗားရဲ့အားသာချက်ထဲက ကျနော်အကြိုက်ဆုံးပြောရရင် ပါးနပ်ခြင်းပဲ။ ဒီဘက် Modern Football မှာ နောက်တန်းကစားသမားတစ်ယောက်က ဘောလုံးဖျက်ရုံ Block ကောင်းရုံလောက်နဲ့မရတော့ဘူး။ တိုက်စစ်စဖို့ ပုံဖော်ပေးရတယ်။ Transition တွေမှာ ပါဝင်ရတယ်။ ဥပမာပြောရရင် ဇူးမားနဲ့ပဲပေးရမယ်။ ဇူးမားဆိုတာ မော်ရင်ဟိုအကြိုက် ခေါ်ခဲ့တာ။ မာသလားမမေးနဲ့ Slide and Clearance မှာ ထိပ်တန်းပဲ။ Jumping မှာ သူ့ကိုယှဥ်နိုင်တာရှားတယ်။ ဒါပေမယ့် သူအောင်မြင်သင့်သလောက် မအောင်မြင်တာက Smart မဖြစ်လို့ပဲ။ ဘောလုံးကိုဖျက်တဲ့နေရာမှာ ဇူးမားရဲ့ထုံးစံက ပျက်သွားရင်ပြီးရော။ Second Step ကိုမတွေးဘူး။ ဆေးလ်ဗားတို့ ဗန်ဒိုက်တို့လို နောက်ခံလူတွေကျ တစ်ဖက်တိုက်စစ်လည်း ပျက်ရမယ်။ တစ်ဆက်တည်းပဲ ကိုယ့်အသင်းတိုက်စစ်လည်း ပြန်စရမယ်ဆိုတဲ့ skill ကိုပိုင်ထားတဲ့သူတွေ။


ဒီတော့ ဇူးမား ဆေးလ်ဗားအတွဲကို လမ်းပတ် ကြိုက်နေတာက သဘဝကျပါတယ်။ CB ၂ယောက်ဆိုတာကလည်း တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ပေးနေသလိုမျိုးကိုး။ ပွဲတွင်းမှာ ဆေးလ်ဗား Stamina ကျသွားတဲ့အချိန်တွေဆို ဇူးမားက လိုက်ဖြည့်ပေးရတာမျိုးလည်းရှိတယ်။ ဒါကြောင့် တိုမိုရီကို အငှားထုတ်ဖို့ လမ်းပတ်လုပ်ခဲ့တာဖြစ်နိုင်တယ်။ ရာသီကုန်အထိလည်း ဇူးမား ဆေးလ်ဗားအတွဲက ဦးစားပေးပဲဖြစ်လာတော့မှာပါ။



လမ်းပတ် မမေ့သင့်သင့်တဲ့တစ်ချက်က ၃၆နှစ်ဆိုတဲ့ ဆေးလ်ဗားရဲ့အသက်အရွယ်ပါပဲ။ ခုချိန်ထိ ဝိုင်တစ်ခွက်လိုကောင်းနေသေးတာ မှန်ပေမယ့် ဇရာက မနေဘူး။ ပွဲဆက်တွေများလာတဲ့အခါ အထူးသဖြင့်အခုဒီဇင်ဘာလိုဆက်တိုက်တွေလာတော့မယ့်ကာလမှာ ဆေးလ်ဗားကို တွေးတွေးခေါ်ခေါ်သုံးတတ်ဖို့လိုတယ်။ အဲ့ဒါမလို့လည်း ချန်ပီယံလိဂ်အဝေးပွဲတွေဆို ဆေးလ်ဗားကို အဂ်လန်မှာပဲ ချန်ထားခဲ့ရတာမျိုးတွေ လုပ်ခဲ့တယ်။


ကြံခိုင်မှုအပြည့်သာရှိနေရင်တော့ ဆေးလ်ဗားက ပရီးမီးယားလိဂ်ရဲ့ Team of the year မှာပါနိုင်ဖို့ထိ ခြေစွမ်းပြနိုင်တယ်လို့ထင်ပါတယ်။ ဘာသာစကားခက်ခဲပေမယ့် အနောက်ကနေ တစ်သင်းလုံးကိုမောင်းနေတာမျိုး ချီးဝဲလ်ကို အတက်အဆင်းအတွက် သတိပေးနေတာမျိုးတွေက ချယ်လ်ဆီးအတွက် ရွှေပဲ။ Defender ပေမယ့် Long pass အပိုင်းမှာလည်း မနိမ့်ဘူး။ ဂိုးသွင်းတဲ့အပိုင်းမှာလည်း ခုချိန်ထိ ၂ဂိုးယူထားပြီးပြီ။


နောက်အားရတာက သူ့ရဲ့ Personal Fitness အပိုင်းပဲ။ ဆေးလ်ဗားက Fitness ပိုင်းကို နေအိမ်မှာအထိ လုပ်တယ်။ ဘီယာ အရက်မသောက်တတ်ဘူးလို့လည်း ဖတ်ဖူးတယ်။ အသက်၃၆ထိ မကျသွားတာက ဘုရားပေးတာမဟုတ်ဘူး။ သူလုပ်ယူထားတာ။ အိမ်စာကျေတဲ့ ဘဲမျိုး။



ရှုံးရတာလည်း မကြိုက်ဘူး။ Wolves နဲ့ပွဲ အသည်းခွဲဂိုးနဲ့ရှုံးသွားတော့ အကုန်လုံးကွင်းထဲကထွက်သွားပေမယ့် ဂိုးတိုင်နားမှာ ငူငူငိုင်ငိုင်ကျန်နေတာ ဆေးလ်ဗား။ သူ့လိုလူမျိုးကို ကျနော်တို့မချစ်ရင် ချစ်စရာလူမရှိတော့ဘူး။ ဂိုးသွင်းပြီးအောင်ပွဲခံရင်လည်း လူငယ်တစ်ယောက်လို Passion အပြည့်။
နောက်တန်းကစားသမားတစ်ယောက်ကို အရသာရှိရှိကြည့်ရတာ ရှားပါတယ်။ အဲ့လိုကစားသမားထဲမှာ ဆေးလ်ဗားပါတယ်။
Ohh Thiago Silva ဆိုတဲ့သီချင်းကို စတန်းဖို့ဘရစ်ချ်မှာ ဆက်ဖွင့်မယ်။
ဘရာဇီးဝိုင်ရဲ့ နောက်ဆုံးလက်ကျန်အရသာကို တစ်စိမ့်စိမ့်နဲ့ ခံစားဦးမယ်။
အသက်ကြီးနေပါပြီကွာလို့ လှောင်တဲ့သူတွေကိုလည်း ပြန်ပြောရဦးမယ်...


" ၃၆နှစ်နဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေနိုင်တာ လွယ်တာမှတ်လို့ ".... 💙


Frank Kaung Htet


#Ohh_Thiago_Silva
#old_but_gold