‘ပီတာ ချက်’..
ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဂိုးသမားဖြစ်ခဲ့တဲ့ ချက်ဂိုးသမားကြီးနဲ့ တွေ့ဆုံချိန်မှာတော့ သူဟာဦးနှောက်တွေကို ခဏတဖြုတ်တောင် အနားပေးဖို့ မလွယ်တဲ့အကြောင်း ပြောပါတယ်..။ သူ့ရဲ့မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အလုပ်အတွက်၊ မိသားစုအတွက်၊ ဘာသာရေးအတွက်၊ ဝါသနာပါရာ လုပ်ငန်းတွေအတွက် အချိန်ပြည့် ခွဲဝေပေးထားတာကြောင့် TV ရုပ်သံ စီးရီးတွေကြည့်ပြီး အချိန်ဖြုန်းဖို့ အလှည့်မပေးနိုင်တဲ့အကြောင်း ပြောပြပါတယ်..။
ဒါပေမယ့် ဒီနှစ်မှာတော့ သူနဲ့ဇနီးဖြစ်သူ မာတီနား တို့ဟာ Netflix ရဲ့ နာမည်ကျော် ‘The Crown’ ရုပ်သံစီးရီးကို အချိန်ပေးပြီး ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။ အခုဆိုရင် သူဟာ အဲဒီစီးရီးရဲ့ Season Two ကို ရောက်ရှိနေပြီး အဲဒီစီးရီးကို ကြည့်ဖြစ်တဲ့ ရည်ရွယ်ချက်က သူလေ့လောသိရှိခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေထဲက လိုအပ်နေတဲ့ သိစရာလေးတွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်လို့ဆိုပါတယ်..။
“သူတို့ရဲ့တင်ဆက်ချက်တွေဟာ တကယ့်ဖြစ်ရပ်မှန်တွေနဲ့ တစ်ထပ်တည်းတော့ မဟုတ်ဘူးဗျ..။ ဒါပေမယ့် အဲဒီစီးရီးမှာ စိတ်ဝင်စားစရာ အချက်တွေအများကြီး တွေ့ခဲ့ရပါတယ်..။ အဲဒီဇာတ်ကားကိုကြည့်လိုက်..၊ ပြီးရင်သူနဲ့သက်ဆိုင်တဲ့အပိုင်းက ဗြိတိနိုင်ငံရဲ့ သမိုင်းကြောင်းကို Googling လုပ်လိုက်ပြီး တိုက်ကြည့်မယ်ဆိုရင် ကိုယ်မသိခဲ့တဲ့ အချက်တွေအများကြီး ထပ်မံလေ့လာခဲ့ရပါတယ်..။” လို့ ပီတာ ချက် က ပြောပြပါတယ်..။ အပြာရောင်တို့ရဲ့ ဂန္ထဝင်ဂိုးသမားကြီးဟာ တစ်နာရီ၊ နှစ်နာရီလောက် အချိန်ဖြုန်းတယ်.. ဆိုရင်တောင်မှ အနားယူရင်း ဆက်လက်သင်ယူလိုတဲ့ဆန္ဒ ပြင်းပြနေဆဲ ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ...။
အခုအချိန်ထိ ဘောလုံးကွင်းပြင်ပ သူ့ရဲ့လုပ်ဆောင်ခဲ့သမျှကို ပြန်ပြီးကြည့်မယ်ဆိုရင် တစ်ရက်မှာ (၂၄) နာရီထဲ ရှိနေတာဟာ နည်းနေသလားတောင် ထင်မှတ်ရပါတယ်..။ M.B.A မဟာဘွဲ့အတွက် ဆက်လက် သင်ယူနေသလို ဒရမ်တီးခတ်ခြင်းမှာလည်း အချိန်ပေးနေဆဲဖြစ်ပါတယ်..။ သူဟာမနှစ်ကပဲ ကမ္ဘာကျော် Queen အဖွဲ့ကြီးရဲ့ ဒရမ်သမား ရော်ဂျာ တေလာ နဲ့ တွဲဖက်ပြီး ရံပုံငွေအဖွဲ့တစ်ခုအတွက် သီချင်းတစ်ပုဒ်ပါ (single) အခွေ ထုတ်ခဲ့ပါသေးတယ်..။
ဒါ့အပြင်ပီတာ ဟာ မိခင်ဘာသာစကားဖြစ်တဲ့ ချက်ဘာသာ၊ အင်္ဂလိပ်၊ ဂျာမန်၊ စပိန်နဲ့ ပြင်သစ် ဘာသာစကားတွေ အပါအဝင် ဘာသာစကား ငါးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ပြောတတ်ပါတယ်..။ အပြောတစ်ခုတည်းနဲ့ဆိုရင် အီတလီ၊ ပေါ်တူဂီ စကားပြော အပါအဝင် ဘာသာစကား ခုနှစ်မျိုး နားလည်ပါတယ်လို့ သိရပါတယ်..။ နောက်ပြီးအခုဆိုရင် မနက်ပိုင်းတိုင်းမှာ အပြေးလေ့ကျင့်လေ့ရှိပြီး စနေ၊ တနင်္ဂနွေ မနက်ပိုင်းတွေဆိုရင် (၁၀) ကီလိုမီတာလောက်အထိ အပြေးလေ့ကျင့်လေ့ရှိတယ်လို့ ပြောပြပါတယ်..။ ဒါတွေဟာ အချိန်ကို စနစ်တကျ စီမံ၊ ခန့်ခွဲတတ်တဲ့ သူ့ရဲ့အလေ့အကျင့်ကြောင့် အခုလိုကဏ္ဍစုံမှာ ကျွမ်းကျင်၊ ပိုင်နိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။
ပီတာ ချက် ဟာ ၂၀၁၉ ခုနှစ်မှာ အောင်မြင်၊ ကျော်ကြားခဲ့တဲ့ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်..။ အဲဒီလို ဂန္တဝင်မြောက် လျမ်းလျမ်းတောက် အောင်မြင်ခဲ့တဲ့ ဂိုးသမားဘဝကို စွန့်လွှတ်ခဲ့ရတာ မစောလွန်းဘူးလား..? လို့ မေးတဲ့အချိန်မှာ အခုလိုဖြေခဲ့ပါတယ်..။
‘ကျွန်တော့်ရဲ့ ဒွိဟစိတ်တွေဟာ လပိုင်းလောက်ပဲ ကြာခဲ့ပါတယ်..။ ကျွန်တော်ဟာ စိန်ခေါ်မှုအသစ်တွေအတွက် ချက်ချင်းပဲ ပြန်လည်လန်းဆန်း တက်ကြွလာခဲ့ပါတယ်..။ အခုဆိုရင် ပျော်စရာအသစ်တွေကို ရှာဖွေ၊ တွေ့ရှိခဲ့ပါပြီ..။’
သူပြောခဲ့သလိုပါပဲ..။ ကစားသမားဘဝကနေ အနားယူတဲ့အချိန်မှာ သူ့အတွက် နောက်ထပ်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ဖို့ ကမ်းလှမ်းမှုတွေအများကြီး ရရှိခဲ့ပါတယ်..။ အဲဒီထဲက ဆွဲဆောင်မှုအရှိခဲ့ဆုံး ကမ်းလှမ်းမှုက ချယ်လ်ဆီးအသင်းရဲ့ ‘technical director’ (နည်းစနစ်နှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်) ရာထူး ဖြစ်ပါတယ်..။ အဲဒီရာထူးကို တာဝန်ယူပြီး မကြာခင်မှာပဲ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကပ်ရောဂါကြီးဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်..။ အဲဒီထက်ပိုပြီး ထူးဆန်းတာက အသင်းမှာကြုံခဲ့ရတဲ့ အခြေအနေ အရပ်ရပ်တွေက သူကိုယ်တိုင် အနားပေးထားတဲ့ လက်အိပ်နှစ်စုံနဲ့ ပြန်ပြီးဖူးစာဆုံခွင့် ရရှိခဲ့ပြန်တာပါပဲ..။
“ကပ်ရောဂါကြားထဲကပဲ ကွျွန်တော်တို့ဟာ ဘောလုံးရာသီကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်ကစားသမားကိုကူးမလဲ..? မပြောနိုင်တာကြောင့် ကာကွယ်မှုတွေ၊ တားဆီးမှုတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရပါတယ်..။ ပုံမှန်အားဖြင့် ကစားသမားတစ်ယောက် ဒဏ်ရာရခဲ့တယ်ဆိုရင် အကယ်ဒမီကနေ တစ်ယောက်ကို အစားထိုး၊ ဆွဲတင်ပါတယ်..။ ဒါပေမယ့် အခြေအနေအရ ကျွန်တော်တို့ဟာ အဲဒီလို မတူညီတဲ့ ကစားသမားအုပ်စုချင်း မရောထွေးလိုတာကြောင့် အကယ်ဒမီ ကစားသမားကို နှစ်သင်းခွပြီး ကစားခိုင်းဖို့ အခက်တွေ့ခဲ့ပါတယ်..။
အဲဒီမှာ ဂိုးသမားတစ်ယောက် စာရင်းတင်သွင်းဖို့ လိုအပ်နေတဲ့ အနေအထား ရောက်လာခဲ့ပါတယ်..။ အကယ်ဒမီက ဂိုးသမားတစ်ယောက်ကို မထည့်ဘူးဆိုရင် ကျွန်တော်၊ ဒါမှမဟုတ် ဂိုးနည်းပြ (ဟင်းနရစ်ခ် ဟီလာရီယို) က ဝင်ကစားရပါတော့မယ်..။ ဒါ့ကြောင့်ကျွန်တော့်ကိုပဲ စာရင်းတင်လိုက်ဖို့ ပြောလိုက်ပါတယ်..။”
တကယ်တော့ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ် လူစာရင်းမှာ ပီတာ ချက် ကို ထည့်သွင်းခဲ့တာဟာ အရေးပေါ်.. အဆုံးစွန်အခြေအနေအတွက် ရည်မှန်းထားခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့လက်ရှိ လက်စွမ်းဟာ အရေးပေါ် ဂိုးသမား ဆိုတာထက် ပိုခဲ့ပါတယ်.။ သူဟာလိုအပ်လာရင် အစားထိုးဖို့ အရေးပေါ် ဂိုးသမား တာဝန်အတွက် အရေးပေါ် ပြင်ဆင်ခဲ့ပေမယ့် အဓိကအာရုံစိုက်ရမှာက အသင်းရဲ့ technical director တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ဖြစ်ပါတယ်..။ အခုလိုကစားသမားဟောင်းတွေကို အသင်းရဲ့ အားကစား ဒါရိုက်တာ တာဝန်ကို ပြန်လည်ပေးအပ်တာဟာ အင်္ဂလန်ဘောလုံးလောကမှာ ရှားပါးပေမယ့် တခြားဥရောပလိဂ် ပြိုင်ပွဲတွေမှာတော့ မထူးဆန်းလှပါဘူး..။ မားစ် အိုဗားမားစ်၊ အက်ဒ်ဝင် ဗန်ဒါဆား တို့ဟာ အနားယူယူချင်းမှာပဲ အိုင်းယက်စ်အသင်းမှာ နေရာရခဲ့သလို ပီအက်စ်ဂျီအသင်းက လီယိုနာဒို၊ ဘေယန် မြူးနစ် အသင်းမှာဆိုရင် အသင်းရဲ့အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဖွဲ့လုံးဟာ ကစားသမားဟောင်းတွေနဲ့ပဲ ဖွဲ့စည်းထားပါတယ်..။
အင်္ဂလန်အသင်းတွေကတော့ technical director ရာထူးကို ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ ထုံးလိုခြေ၊ ရေလိုနှောက်နိုင်တဲ့သူတွေကိုပဲ ခန့်အပ်လေ့ရှိပြီး ကစားသမားဟောင်းထဲကနေ အခုလိုအားကစား ဒါရိုက်တာ ရာထူးကို ရရှိခဲ့တာဆိုလို့ အာဆင်နယ်အသင်းက အီဒူး နဲ့ ပီတာ ချက် တို့နှစ်ယောက်ပဲ ရှိပါတယ်.။ ဒါ့ကြောင့်အခုလို ကစားသမား တစ်ယောက်ရဲ့ အခန်းကဏ္ဍနဲ့ လုံးဝကွဲပြားခြားနားတဲ့ အားကစားဒါရိုက်တာ တစ်ယောက်ရဲ့တာဝန်ကို အောင်မြင်စွာ တာဝန်ယူနိုင်ဖို့ ဘာတွေအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ..? လို့ မေးတဲ့အခါမှာ ပီတာ ချက် က အနားမယူခင်ကတည်းက အားကစား ဒါရိုက်တာ ရာထူးအတွက် နှစ်ပေါင်းများစွာ ကြိုတင်၊ ပြင်ဆင်ခဲ့တယ်လို့ ပြောပြပါတယ်..။
အထူးသဖြင့် ၂၀၀၆ ခုနှစ်တုန်းက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ ဦးခေါင်းဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာ ‘အရာရာအားလုံးဟာ တမဟုတ်ချင်း ပျက်သုန်းသွားနိုင်တယ်’ ဆိုတာ သိရှိခဲ့တာကြောင့် ကစားသမားဘဝလွန် ကာလအတွက် အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်..။ ဒါ့ကြောင့်ချက်လက်ရွေးစင် အသင်းအတွက် ကစားနေရင်းမှာပဲ နည်းပြလိုင်စင်အတွက် သင်တန်းတက်ခဲ့တယ်လို့ ပြောပြပါတယ်..။ “အချိန်ရအောင် ကြိုးစားရတာပေါ့ဗျာ..။ လေ့ကျင့်ခန်းဆင်းတဲ့အချိန်၊ ခရီးသွားတဲ့အချိန် အပါအဝင် ကစားပွဲတွေမှာ၊ ဟိုတယ်မှာ အနားယူတဲ့ အချိန်တွေမှာပါ ကစားသမားတစ်ယောက်အနေနဲ ပါဝင်ရင်း နည်းပြတစ်ယောက်ရဲ့ လေ့လာစရာတွေကို ပူးတွဲ၊ လေ့လာခဲ့ပါတယ်.။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံတွေဟာ အတူတူပါပဲ..။”
ဒါပေမယ့် အားကစားဒါရိုက်တာ ရာထူးကို တာဝန်ယူရချိန်မှာ သူ့အတွက် အဓိကစိန်ခေါ်မှုက ဘောလုံးကစားခြင်းနဲ့ ဘောလုံးလောက စီးပွားရေး တို့ရဲ့ ကြည့်မြင်တဲ့ ရှုထောင့်ချင်း မတူညီတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့် ပြင်ဆင်မှု အားကောင်းလှပါတယ်.. ဆိုတဲ့ ပီတာ ချက် တောင်မှ အစကနေ ပြန်ပြီးစခဲ့ရကြောင်း အခုလို ပြောပြပါတယ်..။ “အားကစား ဒါရိုက်တာ တစ်ယောက်အနေနဲ့ ကစားပွဲတွေနဲ့ နီးနီးကပ်ကပ် ဆက်ပြီးရှိနေခဲ့ပေမယ့် ချဉ်းကပ်ပုံ၊ ရှုမြင်တွေဟာ အရမ်းကိုခြားနားခဲ့ပါတယ်.။ ဒါ့ကြောင့် သုညကနေ ပြန်စခဲ့တယ်လို့ ပြောရမှာပါပဲ..။”
တကယ်တော့ ပီတာ ချက် ဟာ အသက် (၁၇) နှစ်အရွယ် ကတည်းက ဘောလုံးအေးဂျင့်တွေနဲ့ စတင်ထိတွေ့ခဲ့ပြီး အဲဒီအေးဂျင့်တွေနဲ့ အခုအချိန်ထိ လက်တွဲနေဆဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ပီတာ ချက် နဲ့ တခြားကစားသမားတွေနဲ့ မတူညီတဲ့အချက်က သူဟာအေးဂျင့်တွေရဲ့ အလုပ်တွေကို နားလည်ရုံတင်မကပဲ ဘယ်လိုအလုပ်လုပ်တယ်ကအစ အသေးစိတ် သိရှိအောင် လေ့လာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ တစ်ချို့ကစားသမားတွေဟာ အေးဂျင့်တွေအကြောင်း ထဲထဲဝင်ဝင် မသိကြသလို တစ်ချို့အေးဂျင့်တွေကလည်း ပွင့်လင်းမြင်သာမှု (transparent) မဖြစ်ဘူးလို့ သူကပြောပါတယ်..။
“ကစားသမား အများစုက အေးဂျင့်တွေကို အလုံးစုံလွဲအပ်ထားပြီး သူတို့စိတ်ကြိုက် စီမံ၊ ခန့်ခွဲခိုင်းပါတယ်.။ ဒါပေမယ့် အခုအချိန်မှာ အေးဂျင့်တွေရဲ့ အခန်းကဏ္ဍဟာ ပိုမိုမြင့်မားလာသလို တစ်ဖက်ကလည်း သူတို့နဲ့ပတ်သက်ရင် ပိုပြီးအဆိုးမြင်လာတာဟာ ထူးဆန်းတယ်လို့ ပြောရမှာပါ..။”
ဒါပေမယ့်အခုလက်ရှိအချိန်ထိ ပီတာ ချက် ဟာ သူ့ရဲ့တာဝန်သစ်ဖြစ်တဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်.. ဒါမှမဟုတ် နည်းစနစ် ဒါရိုက်တာ ရာထူးမှာ အဆင်ပြေနေတယ်လို့ ယူဆရပါတယ်..။ တကယ်တော့ ကစားသမား ဘဝတုန်းကလည်း သူဟာ ကစားသမားတွေရဲ့ ခံစားချက်၊ အခက်အခဲတွေကို အသင်းကတာဝန်ရှိသူတွေဆီ နားပေါက်အောင် တင်ပြတဲ့ ညှိနှိုင်းရေးကော်မတီ (liaison committee) မျိုးစုံမှာ ပါဝင်ခဲ့ဖူးတာကြောင့် ကစားသမားတွေရဲ့ အခက်အခဲ၊ ခံစားချက်တွေကို ကောင်းကောင်းနားလည်ထားသူ တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့အပြင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ကစားသမားဘ၀ အောင်မြင်မှု အရှိန်အဝါတွေကလည်း ညှိနှိုုင်းမှုတွေ ပြုလုပ်ရာမှာ သူ့အတွက် အားသာချက် ဖြစ်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့နွေရာသီတုန်းက ပီတာ ဟာ ဂျာမနီနိုင်ငံကို သွားရောက်ပြီး ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၁) သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ကိုင် ဟာဗာ့ဇ် ကိုယ်တိုင်သွားပြီး တွေ့ဆုံခဲ့ပါတယ်..။ အဲဒီအချိန်မှာ ပီတာ ချက် ရဲ့ သုံးသပ်ပုံတွေအပြင် သူ့ရဲ့နွေးထွေး ပျူဌာလှတဲ့ ဆက်ဆံပုံတွေဟာ ကိုင် ဟာဗာ့ဇ် သာမက သူ့ရဲမိသားစုဝင်တွေကိုပါ ကျေနပ်စေခဲ့ပါတယ်.။ သူဟာလန်ဒန်မှာ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်ရလဲ.. ဆိုတဲ့ အကြောင်းတွေအပြင် သူကိုယ်တိုင်လည်း အသက် (၂၁) နှစ်အရွယ်တုန်းက လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အင်္ဂလန်ကို ရောက်လာခဲ့တုန်းက ရင်ဆိုင်ခဲ့တဲ့ စိန်ခေါ်မှုတွေအကြောင်း ပြောပြခဲ့ပါတယ်..။ အထူးသဖြင့် ၂၀၁၂ ခုနှစ်တုန်းက ဂျာမနီမြေမှာ ချန်ပီယံလိဂ် ဆုဖလားရယူခဲ့ဖူးတဲ့ ကစားသမားကြီးကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ အရေးတယူ ပြုခဲ့မှုဟာ ကိုင် ဟာဗာ့ဇ် ကို ချယ်လ်ဆီးအသင်းဘက် လုံးဝဆွဲဆောင်နိုင်ခဲ့တာပါပဲ..။
အဲဒီလို ကိုယ့်ဘက်ကို ဆွဲဆောင်၊ ညှိနှိုင်းရာမှာ ကျွမ်းကျင်တဲ့အပြင် သူ့ရဲ့အခြားစွမ်းရည်တွေကိုလည်း လိုအပ်သလို အသုံးချခဲ့ပါတယ်..။ ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက ဂျာမနီရှေ့တန်း တိုက်စစ်မှူး တီမို ဗာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်..။ ဒါပေမယ့် လီဗာပူးလ်အသင်းကလည်း ဂျာမနီ တိုက်စစ်မှူးနားမှာ တဝဲလည်လည် ဆွဲဆောင်နေတာကြောင့် မန်နေဂျာ ဖရန့် လမ်းပတ်၊ အသင်းရဲ့ ကစားသမားခေါ်ယူရေးဌာန အကြီးအကဲ စကော့ မက်ခ်လာလန် တို့ဟာ သောင်တင်၊ ရေမရ မတင်မကျ အခြေအနေကနေ တိုးတက်မှုတွေ အမြန်ဆုံး ရချင်ခဲ့ပါတယ်..။
ဒီလိုနဲ့ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ နေ့လည်စာစားနေရင်း ပီတာ ချက် က သူလည်းဂျာမန်လို ပြောတတ်တာပဲ..၊ ဗာနာ ဆီကို တိုက်ရိုက်ဖုန်းခေါ်ပြီး စကားပြောကြည့်ရင် ဘယ်လိုနေမလဲ..? လို့ ဖရန့် လမ်းပတ် တို့ကို အဆိုပြုကြည့်ပါတယ်.။ အဲဒီနေ့လည်စာစားရင်း စကားဝိုင်းကနေ အစပြုခဲ့တဲ့ ဖုန်းခေါ်ယူမှု တစ်ချက်ဟာ တီမို ဗာနာ ကို ချယ်လ်ဆီးအသင်းဘက် ဆွဲဆောင်နိုင်ခဲ့ရာမှာ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်..။
အခုလို ပီတာ ချက် ရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပုံ၊ ကြိုတင်ပြင်ဆင်မှု ကောင်းမွန်ပုံနဲ့ စေ့စပ် ညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ ထူးချွန်မှုတွေက အားကစား ဒါရိုက်တာ တစ်ယောက်အဖြစ် ပြောင်းလဲမှုကို ညက်ညော၊ ချောမွေ့စေခဲ့ပေမယ့် သူ့လို technical director တွေရဲ့ အခန်းကဏ္ဍဟာ တစ်သင်းနဲ့တစ်သင်း ခြားနားမှုတွေ ရှိပါတယ်..။ ချယ်လ်ဆီးအသင်းမှာတော့ သူဟာ ဖရန့် လမ်းပတ် တို့ရဲ့ အသင်းကြီး (first team)..၊ လူငယ်အကယ်ဒမီ၊ ကစားသမား ခေါ်ယူရေး ကင်းထောက်ဌာန (recruitment department) တို့ရဲ့ အားကစားပိုင်းဆိုင်ရာ သီးခြားအမြင်တွေကို စုစည်းပေးရာ ဆုံချက်၊ ပေါင်းစပ်ညှိနှိုင်းပေးရာ ဗဟိုချက်မ ဖြစ်ပါတယ်..။ အသင်းရဲ့စီးပွားရေးဆိုင်ရာ မောင်းနှင်မှုတွေကိုတော့ ဒါရိုက်တာ မာရီယာနာ ဂရာနော့ဗ်ကီးယား က ကိုင်တွယ် မောင်းနှင်နေပါတယ်..။
ဒါ့ကြောင့်သူ့လိုနေရာမှာ တာဝန်ယူနေတဲ့ သူတစ်ယောက်အနေနဲ့ နေရာစုံ၊ ဌာနစုံက ရောက်ရှိလာတဲ့ တောင်းဆိုမှုမျိုးစုံ၊ လိုအပ်ချက်မျိုးစုံကို ဦးစားပေးအဆင့် သတ်မှတ်ပြီး ဟန်ချက်ညီညီ ပေါင်းစပ်၊ ဖြည့်ဆည်းပေးနိုင်ရမှာ ဖြစ်ပါတယ်..။ အဲဒီလို တောင်းဆိုမှုများပြားလှတဲ့ နေရာတစ်ခုရဲ့ တာဝန်တွေကို ပြည့်မှီအောင် ထမ်းဆောင်နိုင်ဖို့ိုဆိုရင် နေရာစုံကနေ၊ ဘက်စုံထောင့်စုံ စဉ်းစားတတ်တဲ့သူလည်း ဖြစ်နေဖို့ လိုအပ်တာကြောင့် အချိန်ကို အလဟသ မဖြစ်ရအောင် လေးကိုယ်ခွဲပြီး အသုံးချ၊ အကျိုးရှိရှိ စီမံခန့်ခွဲတတ်တဲ့ ‘ပီတာ ချက်’ နဲ့ သင့်တော် ကိုက်ညီနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(The New York Times မှ ဆောင်းပါးရှင် Rory Smith ၏ ‘Petr Cech Is in His Comfort Zone: In the Middle of Everything’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)