feature-image

အငြင်းပွားစရာ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်တွေနဲ့ ဖရန့် လမ်းပတ် ရဲ့ ကစားကွက် အခင်းအကျင်း..

လက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဖရန့် လမ်းပတ် ဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု အားနည်းတဲ့အပိုင်းအပေါ် ဝေဖန်ခဲ့သလို ဗီလာအသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာတော့ အပိုင်အခွင့်အရေးတစ်ချို့ လွဲချော်ခဲ့ရတဲ့ ကံဆိုးခဲ့မှုကို အကြောင်းပြခဲ့ ပြန်ပါတယ်..။ ဒ့ါကြောင့်အခုနှစ်ဘောလုံးရာသီမှာ စတာလင်ပေါင်သန်း (၂၀၀) ကျော် သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ပရိသတ်တွေ စိတ်ကျေနပ်မှု မပေးနိုင်ပဲ ဖြစ်နေခဲ့ရတဲ့ ဖရန့် လမ်းပတ် ရဲ့ ကစားကွက် အခင်းအကျင်းတွေကို ဆွေးနွေးကြည့်ပါမယ်..။

တစ်ဦးတည်းအပေါ် မှီခိုနေသည့် တိုက်စစ်…

ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုဟာ မော်ရိုကို တောင်ပံကစားသမား ဟာကင် ဇိုင်းယက်ချ် ဒဏ်ရာရနေတာနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဖရန့် လမ်းပတ် က ပြောပါတယ်..။ ဒါပေမယ့် သူပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅) ပွဲမှာ (၄) ပွဲအနိုင်ရခဲ့သလို ဟာကင် ဇိုင်းယက်ချ် ဒဏ်ရာရခဲ့တဲ့ ဒီဇင်ဘာ (၅) ရက်နေ့ လိဒ် ယူနိုက်တက်အသင်းနဲ့ပွဲနောက်ပိုင်း (၅) ပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ (၄) မှတ်ပဲ ရရှိခဲ့ပါတယ်..။

“ဟာကင် ဇိုင်းယက်ချ် ဒဏ်ရာမရခင်တုန်းက ကျွန်တော်တို့ရဲ့ ကစားပုံဟာ ညက်ညောမှု ရှိပါတယ်..။ ဒါ့ကြောင့်သူပြန်ပြီး ပါဝင်နိုင်ဖို့ အလိုရှိပါတယ်..” လို့ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲအပြီးမှာ ဖရန့် လမ်းပတ် က ပြောကြားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း နည်းပြကြီးဟာ မနှစ်ကလိုအပ်ခဲ့တဲ့ ကွင်းလယ်ဖန်တီးမှုနဲ့ တိုက်စစ်နေရာအတွက် စတာလင်ပေါင်သန်း (၇၀) တန် ကိုင် ဟာဗာ့ဇ် နဲ့ စတာလင်ပေါင် (၄၈) သန်းတန် တိုက်စစ်မှူး တီမို ဗာနာ ကို ဖြည့်ဆည်းခဲ့ပေမယ့် ဟာကင် ဇိုင်းယက်ချ် မပါဝင်တာနဲ့ သူ့ရဲ့အသင်းဟာ မနှစ်ကအသင်းပုံစံအတိုင်း ပြန်ပြီးဖြစ်သွားတာဟာ စိတ်ပျက်စရာပါပဲ…။



အခုလိုတိုးတက်မှု မရှိရတဲ့အကြောင်းရင်းထဲမှာ ရာသီကြို ပြင်ဆင်မှု ပြုလုပ်ခွင့်ကောင်းကောင်း မရခဲ့ဘူး ဆိုတဲ့အချက် ပါဝင်ခဲ့ပေမယ့် အသစ်ဝင်လာတဲ့ ကစားသမားတွေ အသင်းနဲ့အံဝင်ဖို့ ခက်ခဲနေတိုင်း ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ အချိန်ပေးရမယ်..၊ ပရီးမီးယားလိဂ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအသားပေး ကစားဟန်နဲ့ အမြန်နှုန်းနဲ့ အသားကျဖို့ အချိန်ယူရဦးမယ်.. စတဲ့ စကားတွေဟာ ချယ်လ်ဆီးအသင်း ပရိသတ်အတွက် ဖန်တရာတေအောင် ကြားနေခဲ့ရတဲ့ စကားတွေ ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် ဟာကင် ဇိုင်းယက်ချ် မပါဝင်နိုင်တဲ့အချိန်တွေမှာ အသင်းအတွက် နောက်ထပ်ထိရောက်တဲ့ တိုက်စစ်ကစားကွက်ပုံစံတစ်မျိုး ဖန်တီးပေးနိုင်စွမ်းမရှိခြင်းဟာ အပြာရောင်ပရိသတ်တွေကို စိတ်ပျက် အားလျော့စေခဲ့ပါတယ်..။

အီဒင် ဟာဇက် မပါဝင်တဲ့ တစ်ချိန်တုန်းက ချယ်လ်ဆီးအသင်း၊ ဘရူနို ဖာနန်ဒက်စ် မပါဝင်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ကို ဥပမာပေးနိုင်တာကြောင့် အခုလိုကစားသမား တစ်ဦးတစ်ယောက်တည်းအပေါ် အလွန်အမင်း မှီခိုနေခြင်းဟာ ကြီးမားတဲ့အပြစ် မဟုတ်ပါဘူး..။ ဒါပေမယ့် မန်နေဂျာတစ်ယောက် အနေနဲ့ ကိုယ့်အသင်းရဲ့တိုက်စစ်ဖန်တီးမှုကို ဦးဆောင်နိုင်တဲ့ ကစားသမားမပါဝင်နိုင်တဲ့အချိန်မှာ ကျန်တဲ့ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့ခြေစွမ်း ပျောက်ဆုံးမသွားအောင် စွမ်းဆောင်ပေးနိုင်ဖို့ အမှန်တကယ်ျ လိုအပ်နေပါတယ်..။
 
ယုံကြည်မှုနဲ့ ခြေစွမ်းပျောက်ဆုံးနေတဲ့ တီမို ဗာနာ

ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့တနင်္လာနေ့၊ အက်စ်တွန် ဗီလာအသင်းနဲ့ ပွဲစဉ်မှာတော့ တီမို ဗာနာ ကို အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်ထားခဲ့ပါတယ်.။ ဂျာမနီတိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းရဲ့ (၁၆) ပွဲမှာ (၁၅) ပွဲကစားခဲ့ပြီး အဲဒီထဲက (၁၂) ပွဲကို ဘယ်တောင်ပံမှာ ကစားခဲ့ရပါတယ်..။



တီမို ဗာနာ ဟာ လျှင်မြန်တယ်..၊ ရွှေ့လျားမှုတွေ ကောင်းမွန်တဲ့ ကစားသမား ဖြစ်တာကြောင့် သူ့ကိုတောင်ပံမှာ ထားပြီးကစားဖို့ဆိုတာ ဆိုးရွားလှတဲ့ အကြံအစည် မဟုတ်ပါဘူး..။ အထူးသဖြင့် တောင်ပံမှာ သူ့ကိုကစားစေခြင်းဖြင့် အထောင်တိုက်စစ်မှူးနေရာမှာ အရပ်အမောင်းနဲ့ တိုးအားကောင်းတဲ့သူ တစ်ယောက် ထားရှိခွင့်ရရှိမယ်..၊ ဗာနာ ဟာ သူနဲ့အတူ တွဲဖက်ပြီး တိုက်စစ်လမ်းကြောင်းတွေ ဖန်တီးလို့ရနိုင်ပါတယ်..။ ဒါပေမယ့် ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ လျမ်းလျမ်းတောက်ခဲ့တဲ့ လူငယ်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူ့အတွက် အဆင်မပြေ ဖြစ်နေတဲ့နေရာတစ်ခုမှာ အချိန်အကြာကြီး ကစားနေရတာကို ဘာမှမလုပ်ပေးနိုင်ပဲ ထိုင်ကြည့်နေတဲ့အဖြစ်ဟာ စိတ်မသက်မသာ ဖြစ်စရာပါပဲ..။

ဖရန့် လမ်းပတ် ကတော့ ခရစ်စ်တီယန် ပူလီဆစ် နဲ့ ဟာကင် ဇိုင်းယက်ချ် တို့ရဲ့ ကြံ့ခိုင်မှုအနေအထားကြောင့် တီမို ဗာနာ ကို တောင်ပံမှာ ကစားတာဖြစ်တယ်လို့ အကြောင်းပြနိုင်ပေမယ့် လက်ရှိအပြောင်းအရွှေ့ ဈေးကွက်မှာ စတာလင်ပေါင်သန်း (၇၀) ခန့် တန်ကြေးရှိနိုင်မယ့် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကို ထိထိရောက်ရောက် အသုံးမချနိုင်ခြင်းဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ တစ်ခုပါပဲ..။

ဗာနာ ဟာ လျှင်မြန်မှုကောင်းမွန်တယ်…၊ ဂိုးသွင်းအဆုံးသတ် အခွင့်အရေးတွေ အရယူနိုင်တဲ့သူ ဖြစ်တာကြောင့် ဖရန့် လမ်းပတ် အနေနဲ့ သူ့ကိုအထောင်တိုက်စစ်မှူးအနေနဲ့ ပြန်လည်စမ်းသပ်ကြည့်ဖို့..၊ ဒါမှမဟုတ် တိုက်စစ်မှူးနှစ်ယောက် ပါဝင်တဲ့ အခင်းအကျင်းကို စမ်းသပ်ကြည့်ဖို့ စဉ်းစားသင့်ပါတယ်..။ သူဟာတောင်ပံတစ်လျှောက် ဆွဲပြေးပြီး ဖြတ်တင်ဘောတွေ ပေးပို့နေရမယ့် တာဝန်နဲ့ ကိုက်ညီတဲ့သူ မဟုတ်ပါဘူး..။ အခုနှစ်ဘောလုံးရာသီ အစတုန်းက ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်အင်အားကို ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးတွေနဲ့ ဖွဲ့စည်းထားတယ်.. ဆိုပြီး အားလုံးက အားကျခဲ့ကြပါတယ်..။ ဒါပေမယ့် လူမှန်၊ နေရာမှန် မချမှတ်နိုင်ခဲ့တာကြောင့် အခုအချိန်မှာ အသင်းရဲ့တိုက်စစ်ဟာ အစည်းပြေသလို အစွယ်မရှိတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတာကြောင် လက်ရှိအနေအထားကို အမြန်ဆုံးပြောင်းလဲနိုင်ဖို့ လိုအပ်နေပါတယ်..။

ဒါ့ကြောင့်ဖရန့် လမ်းပတ် အနေနဲ့ တီမို ဗာနာ ရဲ့ လက်ရှိခြေစွမ်းဟာ အသင်းအတွက် လုံလောက်တဲ့ အနေအထားမှာ ရှိမနေဘူးဆိုရင်လည်း အသင်းကနေ ဖယ်ထုတ်လိုက်ပါ…။ ဒါပေမယ့် အကောင်းဆုံး၊ အပြည့်စုံဆုံးကိုမှ လိုချင်တယ်ဆိုတဲ့ ဖရန့် လမ်းပတ် အနေနဲ့ တီမို ဗာနာ နဲ့ ပတ်သက်လာရင်တော့ သူ့ရဲ့စံနှုန်းသတ်မှတ်ချက်ကို သွေဖီပြီး မအောင်မြင်တဲ့ စမ်းသပ်ချက်တစ်ခုကို ထပ်ခါထပ်ခါ ကြိုးစားနေခြင်းအပေါ် နားလည်ဖို့ ခက်ခဲလှပါတယ်..။



အန်ဂိုလို ကန်တေး ရဲ့နေရာ

ဖရန့် လမ်းပတ် ဟာ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ ဂျော်ဂင်ဟို ကို ကွင်းလယ်သုံးယောက်တန်းရဲ့ အလယ်ဗဟိုမှာ ကစားစေခဲ့ပါတယ်..။ အဆိုပါအခင်းအကျင်းအပေါ် အရင်ကတည်းက ဝေဖန်မှုများခဲ့တယ် ဆိုပေမယ့် အာဆင်နယ်အသင်းနဲ့ ဆိုးရွားခဲ့တဲ့ရှုံးပွဲအပြီး အသင်းသားတွေရဲ့ ယုံကြည်မှုကျဆင်းနေချိန်၊ အသင်းရဲ့ကစားပုံ ယိမ်းယိုင်နေချိန်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ကြံရွယ်ခဲ့တဲ့ အစီအမံ ဖြစ်နိင်ပါတယ်..။ ဒါပေမယ့် အန်ဂိုလို ကန်တေး ဟာ အဲဒီကစားကွက် အခင်းအကျင်းနဲ့ ကိုက်ညီမှုမရှိပဲ သူဟာကွင်းလယ် သုံးယောက်တန်းညာအစွန်မှာ ကစားရတိုင်း ရုန်းကန်နေခဲ့ရတာကို အားလုံးသိရှိပြီးဖြစ်ပါတယ်..။

တကယ်တော့ ဂျော်ဂင်ဟို ကို ကွင်းလယ်အထိုင်အဖြစ် ထည့်သွင်းကစားတာဟာ ပြသနာမဟုတ်ပါဘူး..။ ဒါပေမယ့် ဂျော်ဂင်ဟို ပါဝင်တဲ့ ကွင်းလယ်သုံးယောက်အထိုင် အခင်းအကျင်းမှာ အန်ဂိုလို ကန်တေး ကို ထည့်သွင်းခဲ့ခြင်းကတော့ အသင်းရဲ့ကစားကွက် အကျပ်အတည်း၊ ပြသနာတစ်ခုဖြစ်ပါတယ်..။ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ အန်ဂိုလို ကန်တေး ဟာ တီမို ဗာနာ နည်းတူ ရုန်းကန်ခဲ့ရပါတယ်..။ အဲဒီပွဲမှာတော့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်ဖြစ်တဲ့ ပြင်သစ်ကွင်းလယ် ကစားသမားဟာ ဖိအားပေး (pressing) ကစားရာမှာ မှားယွင်း၊ second ball တွေမှာ ဗီလာ ကွင်းလယ်လူများထက် နောက်ကျနေခဲ့သလို တိုက်စစ်ပိုင်းပံ့ပိုးမှုတွေကလည်း ထုံးစံအတိုင်း ထိရောက်မှု မရှိခဲ့ပါဘူး.။ ဒါ့အပြင် ဗီလာအသင်းရဲ့ ချေပဂိုးမှာ အန်ဂိုလို ကန်တေး ရဲ့ နေရာယူပုံ မှားယွင်းခဲ့သလို ဂိုးသွင်းသွားတဲ့ အယ်လ်ဂါဇီ နောက်ကိုတောက်လျှောက်လိုက်ပြီး လူကပ်ကစားဖို့ ပျက်ကွက်ခဲ့ပါတယ်..။

ဒါ့ကြောင့်ဖရန့် လမ်းပတ် အနေနဲ့ အန်ဂိုလို ကန်တေး ကို ကစားမယ်ဆိုရင် ကွင်းလယ်နှစ်ယောက်အထိုင်၊ ဒါမှမဟုတ် ကွင်းလယ်သုံးယောက်တန်းရဲ့ အလယ်ဗဟို (base of midfield) မှာ ကစားစေမှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်.။ ဒီလိုမှမဟုတ်ရင်တော့ သူ့ကိုထည့်မကစားတာပဲ ပိုကောင်းပါလိမ့်မယ်..။ ကန်တေး ကို ကွင်းလယ်ညာအခြမ်းမှာ အတက်အဆင်းပြုလုပ် ကစားစေခြင်းဟာ အန်ဂိုလို ကန်တေး ရဲ့ အကောင်းဆုံး စွမ်းရည်ကို အလဟသ ဖြစ်စေခဲ့တဲ့အပြင် အသင်းအတွက် ဘာမှအထောက်အကူ မဖြစ်စေခဲ့ပါဘူး..။



ဖီကာရို တိုမိုရီ..၊ အင်ဒရီယက်စ် ခရစ်စ်တီယန်ဆန် နှင့် ချယ်လ်ဆီးအသင်း ဗဟိုနောက်ခံလူများ..

သီယာဂို ဆေးလ်ဗား ဟာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်သလို သူပြီးရင် ကတ် ဇူးမား က ဒုတိယအကောင်းဆုံးဆိုတာ အငြင်းပွားစရာ မရှိပါဘူး..။ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ သူတို့နှစ်ယောက်စလုံး ရုန်းကန်ခဲ့ရပေမယ့် သူတို့နှစ်ယောက်နဲ့ ဗဟိုခံစစ်အတွဲသာလျှင် ခံစစ်ပိုင်းတောင့်တင်းမှုကို ပေးစွမ်းနိုင်သလို တိုက်စစ်ပိုင်း ပံ့ပိုးနိုင်မှု၊ တည်ကန်ဘောတွေကနေ အသုံးချနိုင်မှု အပိုင်းတွေမှာပါ သိသိသာသာကြီး ကောင်းမွန်၊ သာလွန်ပါတယ်..။

ဒါပေမယ့် ‘ဖီကာရို တိုမိုရီ’ ဟာ ဘာတွေမှားယွင်း နေပါသလဲ..? အသက် (၂၃) နှစ်အရွယ် အင်္ဂလန်လူငယ် နောက်ခံလူဟာ အခုနှစ်ဘောလုံးရာသီမှာ (၄၅) မိနစ်သာ ကစားခွင့်ရရှိထားသေးတာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဌားထွက်ခွာဖို့ များနေပါတယ်..။ တကယ်တော့ ဖီကာရို တိုမိုရီ ဟာ ဖရန့် လမ်းပတ် ယုံကြည်အားထားခဲ့တဲ့ အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ပါဝင်ပြီး ဒါဘီ ကောင်တီ အသင်းမှာကတည်းက တောက်လျှောက်တွဲဖက်ခဲ့သလို မနှစ်ကဘောလုံးရာသီမှာလည်း ကစားခွင့်အတော်များများ ရရှိခဲ့ပါတယ်..။

အချက်အလက်တွေအရ ပြန်ကြည့်မယ်ဆိုရင် တိုမိုရီ ပါဝင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းဟာ ပျမ်းမျှ (၁.၉) မှတ် ရရှိခဲ့ပြီး သူမပါတဲ့ပွဲတွေနေ ပျမ်းမျှရမှတ် (၁.၆) မှတ်ပဲ ရရှိခဲ့ပါတယ်..။ တိုမိုရီ ဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့တာကြောင့် နေရာပျောက်ခဲ့ရတာလို့ ပြောနိုင်သော်ငြား ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူးတိုင်းဟာ ကြီးကျယ်တဲ့ အမှားအယွင်းတွေကို အနည်းနဲ့အများ ကျူးလွန်ခဲ့ကြတာပါပဲ..။ အထူးသဖြင့် ဖရန့် လမ်းပတ် ရဲ့ တတိယဦးစားပေး ဗဟိုခံစစ်မှူး အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် ပါဝင်ခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ် ငါးပွဲစလုံး အသင်းရဲ့ခံစစ်ပိုင်းတည်ငြိမ်မှု အားနည်းခဲ့ပါတယ်..။ တကယ်လို့ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ တိုမိုရီ သာ ခရစ်စ်တီယန်ဆန် ရဲ့ နေရာမှာသာ ကစားခွင့်ရခဲ့မယ်ဆိုရင် ဗီလာအသင်း ချေပဂိုး ရမသွားခင်အချိန်လေးမှာ မြက်ခင်းပြင်ပေါ် လူးလှိမ့်ပြနေမှာမဟုတ်ပဲ ဘောလုံးကိုရအောင် ဖျက်ထုတ်နိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်..။



ကွင်းလယ်က ဖရန့် လမ်းပတ် ပျောက်ဆုံးနေတဲ့ ဖရန့် လမ်းပတ် ရဲ့အသင်း..

ချယ်လ်ဆီးအသင်း ဟာ ဘေယာ လေဗာကူဆင်အသင်းက ကိုင် ဟာဗာ့ဇ် ကို ချယ်လ်ဆီးအသင်းရဲ့ အနာဂတ် ဖရန့် လမ်းပတ် အဖြစ် မွေးဖွားနိုင်ဖို့ ခေါ်ယူခဲ့တာဆိုပြီး ယူဆခဲ့သူ များခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့တာဝန်ဟာ ဂိုးဧရိယာထဲမှာ အချိန်ကိုက်ရောက်ရှိပြီး တစ်နှစ်ကိုဂိုးပေါင်း ၂၀ လောက် သွင်းယူပေးဖို့ ဖြစ်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဂိုးဧရိယာထဲကို ကွင်းလယ်ကစားသမားတွေ တိုက်ရိုက်ထိုးဖောက်နိုင်မယ့် အခင်းအကျင်း မဖန်တီးနိုင်သေးသရွေ့ အဲဒီလိုဖြစ်လာနိုင်မယ့် အလားအလာ မရှိသေးပါဘူး..။

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ထိုးဖောက်ပုံကို ကြည့်မယ်ဆိုရင် ကိုင် ဟာဗာ့ဇ် နဲ့ မေဆန် မောင့် ဟာ အကူတောင်ပံ ကစားသမားအဖြစ် အစွန်မှာထွက်ပြီး နေရာယူတယ်..၊ တောင်ပံကစားသမားတွေနဲ့ တွဲဖက်ပြီး နောက်ခံအစွန်လူတွေ overlap လုပ်နိုင်အောင် ဖန်တီးပေးမယ်..၊ full backs တွေက ဖြတ်တင်ဘော ပေးပို့မယ်ဆိုတဲ့ ကစားကွက်အတိုင်း ထပ်တလဲလဲ ထိုးဖောက်နေတာ တွေ့ရမှာပါ..။ ဒါ့ကြောင့်အလယ်ဗဟိုမှာ ရှိနေတဲ့ ဂျီရူးဒ်/ အေဘရာဟမ် တို့အနေနဲ့ ခေါင်းတိုက်ဖို့၊ ဖြတ်တင်ဘောတွေကို ပြေးဝင်ပိတ်သွင်းဖို့ ဆိုတာကလွဲရင် တခြားဘာတာဝန်မှ မရှိသလို ဖြစ်နေပါတယ်..။



အခုလိုတောင်ပံတွေကနေ ဒုနဲ့ထိုးဖောက်တာဟာ (overloading on the wings) အသင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး..။ ဒါပေမယ့် အဲဒီနည်းလမ်းတစ်ခုတည်းနဲ့ တစ်ချိန်လုံးထိုးဖောက်နေလို့ မရသလို တခါတရံ အလယ်မှာ တစ်ယောက်ထဲ ရှိနေပေမယ့် ဖြတ်တင်ဘောတွေကို မရမက ကန်တင်ပေးနေတာဟာ စိတ်ပျက်စရာပါပဲ..။

ဒါ့အပြင်အခုလက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားတွေထဲက သွင်းဂိုးနှစ်ဂိုးသာ ရရှိထားသေးပြီး ပင်နယ်တီဧရိယာထဲက ကန်သွင်းတာ တစ်ဂိုးပါဝင်ပါတယ်..။ ဒါ့ကြောင့်ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကွင်းလယ်ကစားသမားကြီး ကိုင်တွယ်နေတဲ့ အသင်းမှာ ကွင်းလယ်ကစားသမားတွေရဲ့ တိုက်စစ်အခန်းကဏ္ဍ ပျောက်ဆုံးနေတာဟာ တကယ့်ကို နားလည်ရခက်ခဲတဲ့ နည်းစနစ်ပိုင်းအစီအမံတစ်ခု ဖြစ်နေပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Football 365 မှ ဆောင်းပါးရှင် Will Ford ၏ ‘Five tactics Lampard has got wrong at Chelsea this season’ ဆောင်းပါးကို ပြန်လည်ရေးဖွဲ့ပါသည်..။)