အင်္ဂလန်ဘောလုံးလောကကို ခြေမချခင်အချိန်ထိ ‘တီမို ဗာနာ’ ဆိုသည်မှာ ရောဘတ် လီဝန်ဒေါ့စကီး ပြီးလျှင် ဂျာမနီဘွန်ဒက်စ်လီဂါ ရပ်ဝန်း၏ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူး (သို့မဟုတ်) အကောင်းဆုံး အသုံးသတ် ကစားသမား ဖြစ်ခဲ့သည်.။ ထိုသို့ ပြောင်မြောက်ခဲ့သည့် စွမ်းဆောင်ရည်တွေကြောင့် ချယ်လ်ဆီးအသင်းသို့ စတာလင်ပေါင် (၄၇.၅) သန်းဖြင့် ပြောင်းရွှေ့လာချိန်တွင် သူ့အပေါ် မျှော်လင့်ချက်များ ကြီးမားခဲ့ကြသည်..။
သို့သော် ၂၀၂၀ ခုနှစ်ကုန်ထိ ဂျာမနီလူငယ်တိုက်စစ်မှူး၏ စွမ်းဆောင်သမျှကို ပြန်ပြီးကြည့်မည်ဆိုပါက ပရီးမီးယားလိဂ် (၁၅) ပွဲတွင် သွင်းဂိုး (၄) ဂိုး ဆိုသည့် စွမ်းဆောင်ရည်မှာ ချယ်လ်ဆီးအသင်းအတွက် သူတို့ရင်းနှီးမြုပ်နှံခဲ့သမျှနှင့် ထိုက်တန်သည့်ခြေစွမ်းကို ရရှိခဲ့ခြင်းမရှိဟု သတ်မှတ်ရပေလိမ့်မည်..။ ထို့အပြင် အနာဂတ်၏ ‘ဥရောပရွှေဖိနပ်ဆုရှင်’ အလောင်းအလျာ တစ်ယောက်အဖြစ် ရည်မှန်းထားခဲ့သူ တစ်ယောက်အဖြစ်မှ (၁၁) ပွဲဆက်တိုက် ရုတ်တရက် ဂိုးမိုးခေါင်ခဲ့သည့်အချက်မှာ ဖရန့် လမ်းပတ် နှင့် ချယ်လ်ဆီးအသင်းအတွက်ပါ ခေါင်းခြောက်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်..။
ထို့ကြောင့် တီမို ဗာနာ ကိုယ်တိုင် ခြေစွမ်းကျဆင်းနေခြင်းပြီလား..? (သို့မဟုတ်) သူ့ကိုတိုက်စစ်မှူးအဖြစ် ပြန်လည်ကစားစေခြင်းက ပြသနာများကို ပြေလည်စေမည်လား..? ဆိုသည့် မေးခွန်းမှာ ချယ်လ်ဆီးပရိသတ်များကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါသည်..။
တီမို ဗာနာ ကိုယ်တိုင်ကတော့ ဘယ်တောင်ပံ ကစားသမား နေရာအသစ်နှင့် အသားကျရန် ကြိုးစားနေကြောင်း ယခင်အပါတ်က ပြုလုပ်ခဲ့သော Sky Germany သတင်းဌာနှနှင့် တွေ့ဆုံခန်းတွင် ယခုလိုပြောကြားခဲ့သည်..။
“အခုကျွန်တော်ကစားနေရတဲ့ နေရာဟာ RB လိုက်ပ်ဇစ်အသင်းမှာ တာဝန်ယူခဲ့ရတဲ့ပုံစံနဲ့ လုံးဝခြားနားပါတယ်..။ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ဟာ ဘယ်တောင်ပံ.. ဒါမှမဟုတ် ညာတောင်ပံ ကစားသမားအဖြစ် အကောင်းဆုံး ကစားနိုင်နေပါတယ်..။ ဒါပေမယ့် လိုက်ပ်ဇစ်အသင်းမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားစဉ်က ရရှိခဲ့တဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့မှုကို အခုအချိန်မှာ ပြသနိုင်ခြင်းမရှိသေးပါဘူး..။”
အချက်အလက်များကလည်း တီမို ဗာနာ ၏ ပြောကြားချက်ကို ထောက်ခံပြသခဲ့သည်..။ ဂျာမနီလူငယ်တိုက်စစ်မှူးမှာ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိပြီးနောက်ပိုင်း ပင်နယ်တီဧရိယာအတွင်း ဘောလုံးလက်ခံရရှိမှု တစ်ပွဲလျှင် ပျမ်းမျှ (၆.၁၀) ကြိမ် ရှိခဲ့သော်လည်း လိုက်ပ်ဇစ်အသင်းတွင်ရှိနေစဉ်က ပင်နယ်တီဧရိယာအတွင်း ဘောလုံးလက်ခံရရှိမှု တစ်ပွဲလျှင် ပျမ်းမျှ (၈.၅၅) ကြိမ် ရှိခဲ့ကြောင်း ကစားသမားများ၏ စွမ်းဆောင်ရည်အချက်အလက်များကို သုံးသပ်၊ တင်ပြသည့် Statsbomb က ဖော်ပြခဲ့သည်..။
ထို့ကြောင့် တီမို ဗာနာ မှာ ချယ်လ်ဆီးအသင်းတွင် လိုက်ပ်ဇစ်အသင်းမှာကဲ့သို့ ပင်နယ်တီဧရိယာအတွင်း ဂိုးကန်သွင်းမှု (သို့မဟုတ်) ဖန်တီးမှု ပြုလုပ်နိုင်ရန် အခွင့်အရေး မရခဲ့သော်လည်း တစ်ပွဲလျှင် ပင်နယ်တီဧရိယာအတွင်း ထိချက် (၆) ကြိမ်အထိ ရရှိနေသေးသည်ဟု ကောက်ချက်ချနိုင်ပေသည်..။ အချို့ကလည်း ထိုသို့ပင်နယ်တီ ဧရိယာအတွင်း ဘောလုံးလက်ခံရရှိမှု နည်းပါးရခြင်းမှာ သူကစားရသည့် နေရာထက်စာလျှင် အခြားအသင်းများက ချယ်လ်ဆီးအသင်းနှင့် ရင်ဆိုင်ရချိန်တွင် ပိုမိုပိတ်ဆို့၊ ကစားကြခြင်း၊ ချယ်လ်ဆီးအသင်းမှာ တန်ပြန်တိုက်စစ်များတွင် နှေးကွေးခြင်းကြောင့် ဖြစ်နိုင်သည်ဟူသော သုံးသပ်မှုများ ရှိနေခဲ့သည်..။
ထို့နောက် တီမို ဗာနာ ၏ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ဦးချင်းစွမ်းဆောင်ရည်အပိုင်းကို လေ့လာကြည့်ပါက ဂျာမနီတိုက်စစ်မှူးမှာ အပိုင်ဂိုးသွင်းခွင့် လွဲချော်မှု (big chances missed) (၈) ကြိမ် ရှိထားခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် လွဲချော်မှုအများဆုံး ကစားသမားများ စာရင်းတွင် ဒေါမနစ်ခ် ကယ်လ်ဗတ် လီဗင်း နှင့်အတူ စတုတ္ထနေရာတွင် ရပ်တည်လျှက်ရှိသည်..။
ထို့အပြင် ဂိုးတိုင်၊ ဂိုးဘားတန်းထိ ကန်သွင်းမှု အများဆုံး (hit woodwork) ပြုလုပ်ခဲ့သည့် ကစားသမားများ စာရင်းတွင်တော့ ဂိုးတိုင်၊ ဂိုးဘားထိ ကန်သွင်းချက် (၅) ကြိမ်ဖြင့် ကံအဆိုးဆုံး ကစားသမားအဖြစ် ထိပ်ဆုံးနေရာတွင် ရပ်တည်လျှက်ရှိပါသည်..။
ထို့ကြောင့်အဆိုပါ ကန်သွင်းချက် (၁၃) ကြိမ်သာ ဂိုးအဖြစ်ရရှိခဲ့ပြီး ယခုထက်ပို ကံကောင်းခဲ့မည်ဆိုပါက တီမို ဗာနာ မှာ သူနှင့်အဆင်အပြေဆုံး မဟုတ်သည့်နေရာတွင် ကစားနေရသော်ငြား လူရိုသေ၊ ရှင်ရိုသေ သွင်းဂိုးအရေအတွက် ရရှိနေမည်မှာ အသေအချာပဲ ဖြစ်ပေလိမ့်မည်..။ သို့သော်လွဲချော်မှုများပြားလေလေ ချယ်လ်ဆီးအသင်း ကြယ်ပွင့်ကစားသမား၏ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုကျဆင်းလာလေလေဖြစ်ပြီး ခြေစွမ်း၊ ကန်သွင်းချက်နှင့် စွမ်းဆောင်ရည်များမှာ ပိုမိုဆိုးရွားလာခဲ့သည်..။
အကျိုးဆက်အနေဖြင့် တီမို ဗာနာ မှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် (၅) ပွဲတွင် (၁၁) ကြိမ် ကန်သွင်းခဲ့သော်လည်း (၂) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါသည်..။ ထို့ကြောင့်လက်ရှိအနေအထားအရ သူ့အား ‘No.9’ အဖြစ် ပြန်လည်ကစားစေမည်ဆိုပါက ပျောက်ဆုံးနေသည့် ယုံကြည်မှုနှင့်ခြေစွမ်း ပြန်လည်ရရှိလာနိုင်မလား..? ဆိုသည့် မေးခွန်းမှာ ပိုပြီးကျယ်ပြန့် အကျပ်ရိုက်စေခဲ့သည့် မေးခွန်းတစ်ခု ဖြစ်လာခဲ့ပါသည်..။
သို့သော်လက်ရှိအချိန်တွင် အိုလီဗီယာ ဂျီရူးဒ် နှင့် တန်မီ အေဘရာဟမ် တို့၏ သွင်းဂိုးများနှင့် ခြေစွမ်းတို့ကြောင့် အထောင်တိုက်စစ်မှူးနေရာအတွက်သာ ဦးစားပေး သတ်မှတ်မည်ဆိုပါက တီမို ဗာနာ မှာ စွမ်းဆောင်ရည်ပိုင်းအရ တတိယဦးစားပေး အဆင့်သာရှိနေမည့်အပြင် ဖြတ်တင်ဘောများနှင့် အမြင့်ဘောများကို ဦးစားပေးလွန်းနေသည့် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားဟန်ကလည်း သူ၏အထောင်တိုက်စစ်မှူး ပွဲထွက်ခွင့်ကို ပိုမိုဝေးကွာစေနိုင်ကြောင်း သုံးသပ်မိပါသည်..။
(The Chelsea Chronicles မှ ဆောင်းပါးရှင် Gerry Crisandy ၏ ‘What is going wrong for Timo Werner at Chelsea?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)