feature-image

အပြောင်းအလဲတွေအတွက် နောက်ထပ်အချိန်ရဦးမလား..? ‘ဖရန့် လမ်းပတ်’

ဒီဇာတ်လမ်းက အာဆင်နယ်အသင်းကို ဒီဖင်ဘာ (၂၆) ရက်နေ့ (Boxing Day) တွင် ရှုံးနိမ့်ခဲ့သည့်ပွဲက စခဲ့သည်ဟု ဆိုရပေမည်..။ နည်းပြဖရန့် လမ်းပတ် က သူ့အသင်းသားများ၏ ပွဲကိုချဉ်းကပ်ပုံအပေါ် ‘ပျင်းရိပျင်းတွဲ နိုင်လွန်းသည်..၊’ ‘အခြေခံအမှားအယွင်းများကို ကျူးလွန်ခဲ့သည်’ ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်..။ တကယ်တော့ သူ့အသင်းသားများဆီက ကောင်းမွန်သည့်တုံ့ပြန်မှုကို မျှော်လင့်ခဲ့သော်လည်း မန်ချက်စတာ စီးတီးအသင်းကို ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအရောက်တွင် ပိုမိုဆိုးရွားသော စွမ်းဆောင်ရည်ကိုသာ မြင်တွေ့ခဲ့ရသည်..။ ထို့ကြောင့် Sky Sports ရုပ်/သံ သုံးသပ်သူ ရွိုင် ကိန်း က ‘ကိုယ့်အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ နိုင်လိုစိတ် နည်းပါးမှုတွေကို မေးခွန်းထုတ်နေရပြီဆိုရင် အသင်းတစ်သင်းဟာ ဘယ်လောက်ပဲကောင်းပါတယ်ပြောပြော..၊ အဝီစိကို ထိုးဆင်းနေပြီဆိုတာ ပြသနေတဲ့ လက္ခဏာပါပဲ.။’ ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်..။

ဒီဇင်ဘာလဆန်းပိုင်းက လိဒ် ယူနိုက်တက်အသင်းကို အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ကို ရောက်ရှိခဲ့သည့် ချယ်လ်ဆီးအသင်းမှာ ထိုပွဲနောက်ပိုင်း (၆) ပွဲတွင် (၁) ပွဲသာ အနိုင်ရရှိခဲ့ပြီး အချိန်တိုအတွင်း အဆင့် (၈) နေရာသို့ ရောက်ရှိလာခဲ့သည်..။ အပြာရောင်ခြင်္သေ့များ၏ ထိုးဆင်း၊ ကျဆင်းနှုန်းမှာ စိုးရိမ်ဖွယ်ဖြစ်ခဲ့သလို ဖရန့် လမ်းပတ် က သူ့ကစားသမားများ၏ ပေးဆပ်မှုအပိုင်းကို မေးခွန်းထုတ်ခဲ့သည်..။ သို့သော်အခုအချိန်မှာတော့ အားလုံးက သူ့ကိုပြန်ပြီး မေးခွန်းထုတ်နေကြပြီဖြစ်သည်..။

ယခုနှစ်နွေရာသီတွင် စတာလင်ပေါင်သန်း (၂၀၀) ကျော် ရင်းနှီးမြုပ်နှံခဲ့သော်လည်း ချယ်လ်ဆီးအသင်းမှာ မနှစ်ကအခုအချိန်မှာထက် ရမှတ်သုံးမှတ်..၊ အဆင့်လေးဆင့် လျော့နည်းနေခဲ့သည်..။ “လမ်းပတ် ဟာ မနှစ်ကတော့ ကင်းလွတ်ခွင့်၊ အာလူးဗူးသီး လက်မှတ်ရထားတာကိုးဗျ..၊ ဒါပေမယ့် ဒီနှစ်ကျတော့ ပိုက်ဆံတွေ သုံးခဲ့ပြီဆိုတော့ အဲဒီနောက်က ဖိအားဆိုတာ ပါလာမှာပဲ.” ဟု ရွိုင် ကိန်း က မှတ်ချက်ပေးခဲ့သည်..။

အဆိုပါမှတ်ချက်အတိုင်း ဖရန့် လမ်းပတ် မှာ ဖိအားများကို စတင်ခံစားနေရပြီဖြစ်သည်..။ သူ့အနေဖြင့် ကစားသမားများ၏ ကြိုးစားအားထုတ်မှုအပိုင်းကို မေးခွန်းထုတ်ခွင့် ရှိသော်လည်း စီးတီးအသင်းနှင့်ပွဲတွင် သူ၏အခင်းအကျင်းနှင့် ပွဲကိုချဉ်းကပ်ပုံ ဆိုးရွားခဲ့ခြင်းအပေါ် ဝေဖန်မှု များပြားခဲ့သည်..။

ပွဲချိန် (၃၄) မိနစ်တွင် ခွင့်ပြုလိုက်သော တတိယဂိုးတွင် ရာဟင် စတာလင်း မှာ ကွင်းတစ်ဝက်မှ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ဂိုးသွင်းယူခွင့် ရရှိခဲ့သည်..။ တကယ်တော့ အဲဒီလို ဆိုးဆိုးရွားရွား ပေါက်ထွက်ခြင်းမျိုးမှာ ဖရန့် လမ်းပတ် အတွက် ပထမဆုံးအကြိမ် မဟုတ်ပဲ မနှစ်က အာဆင်နယ်အသင်းနှင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ ဂါဘရီယယ်လ် မာတင်နယ်လီ ၏ သွင်းဂိုးကို ပြန်ပြီးအမှတ်ရစရာ ဖြစ်ခဲ့သည်..။



ထို့အပြင် ပထမနှစ်ဂိုးစလုံးတွင် ချယ်လ်ဆီးအသင်းသားများမှာ အာဆင်နယ်အသင်းနှင့်ပွဲကအတိုင်း မန်ချက်စတာ စီးတီးအသင်းသားများကို တောင်ပံတွင် နေရာလွတ်ရော၊ စိတ်ကြိုက်ကစားခွင့်ပါ ခွင့်ပြုပေးခဲ့သောကြောင့် စိတ်ကြိုက်တည်ကစားခွင့်ရခဲ့ပြီး ဂိုးများကို ဆက်တိုက်ခွင့်ပြုခဲ့ရသည်..။ နောက်ထပ်တစ်ကြိမ် သင်ယူမှုမရှိခဲ့သည့် လက္ခဏာများပဲ ဖြစ်ခဲ့သည်..။ “ဖျက်ထုတ်ကြပါဗျာ..။ ပထမပိုင်းတစ်ပိုင်းလုံး ချယ်လ်ဆီးအသင်း ကစားသမားတွေ ဘယ်သူကမှ အားသွန်ခွန်စိုက် ဖျက်ထုတ်မှု မပြုလုပ်ခဲ့ကြပါဘူး..။ ဒါ့အပြင် ဘယ်သူ့ကိုမှ လူကပ်ကစားနေတာလည်း မတွေ့ရဘူးဗျ..။” ဟူ၍ ရွိုင် ကိန်း က ထပ်မံဝေဖန်ခဲ့ပြန်ပါသည်..။

အာဆင်နယ်အသင်းနှင့်ပွဲအပြီးတွင် ဖရန့် လမ်းပတ် က သူ့အသင်းသားများကို ယခင်ထက်ပိုပြီး နှစ်ဆကြိုးစားပြရန် တောင်းဆိုခဲ့သည်..။ သို့သော်စီးတီးအသင်းနှင့်ပွဲတွင် မန်ချက်စတာ အပြာရောင် ကစားသမားများမှာ ချယ်လ်ဆီးအသင်းသားများထက် စုစုပေါင်း (၄) ကီလိုမီတာ ပိုမိုပြေးလွှားခဲ့ပြီး လုပ်အားနှုန်း သာလွန်ကောင်းမွန်ကြောင်း ပြသခဲ့ပြန်သည်..။ ထို့အပြင်ဒုတိယပိုင်းတွင်လည်း လုပ်အားနှုန်း ထူးထူးခြားခြား တိုးတက်လာခြင်း မရှိခဲ့သောကြောင့်နည်းပြကြီး ပထမပိုင်းအပြီး အားပေး နှိုးဆော်စကားများမှာ ထိရောက်သည့် အပြောင်းအလဲ မဖြစ်ခဲ့ဟု သုံးသပ်ရပေလိမ့်မည်..။

မနေ့ကပွဲတွင် မန်ချက်စတာ စီးတီးအသင်းမှာ ယခုတက်ပိုပြီး သွင်းဂိုးများ ရရှိနိုင်မည့် အခွင့်အရေးများစွာ ရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းဘက်မှ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ၏ အရှက်ပြေ၊ နှစ်သိမ့်ဂိုးမှာ တစ်ပွဲလုံးအတွင်း ဒုတိယအကြိမ်မြောက် ဂိုးပေါက်တည့်ကန်ချက်မှ ရရှိခဲ့ခြင်းဖြစ်သည်..။ အထူးသဖြင့် COVID- 19 ရောဂါပိုး ကူးစက်မှုကြောင့် အဓိကကစားသမား အတော်များများ မပါဝင်နိုင်သည့် မန်ချက်စတာ စီးတီးအသင်းနှင့် ရင်ဆိုင်ရချိန်တွင် အဆိုပါအခွင့်အရေးကို အမိအရ မဖမ်းဆုပ်နိုင်ခဲ့သည့်အပြင် ခြေပြတ်၊ ဂိုးပြတ်ဖြင့်ပါ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်..။ ဒါကလည်း ဖရန့် လမ်းပတ် တို့အသင်းအတွက် ပထမဆုံးအကြိမ်လည်း မဟုတ်ခဲ့ပေ..။

ဖရန့် လမ်းပတ် ၏ ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး (၇) သင်းနှင့် တွေ့ဆုံခဲ့ရာတွင် တစ်ပွဲမှအနိုင်မရရှိခဲ့ပဲ လီဗာပူးလ်၊ အဲဗာတန်၊ မန်ချက်စတာ စီးတီး အသင်းများကို ရှုံးနိမ့်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ် နှင့် အက်စ်တွန် ဗီလာအသင်းများကို သရေကျခဲ့သည်..။ အဆိုပါရလဒ်များမှာ နည်းပြဖြစ်သူ၏ အရည်အချင်း လိုအပ်ချက်ကို ပြသနေသည့် ရလဒ်များပဲဖြစ်သည်..။



ထို့အပြင် ပေးဂိုးအရေအတွက်ကို ကြည့်မည်ဆိုလျှင်လည်း ဘန်လေအသင်းထက် ပေးဂိုးပိုမိုများပြားနေသလို ဖူးလ်ဟမ်းအသင်းထက် ပေးဂိုးနှစ်ဂိုးသာလျော့နည်းသည့် အခြေအနေဖြစ်နေခဲ့သည်…။ တစ်ဖက်ကလည်း ယခုနှစ်တွင် ခေါ်ယူထားခဲ့သည့် ကစားသမားသစ်များ ခြေစွမ်းပျောက်ဆုံးနေသည့် ပြသနာနှင့် ရင်ဆိုင်နေရပြန်သည်..။ အထူးသဖြင့် မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲတွင် အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်စေခဲ့သည့် တီမို ဗာနာ မှာ နောက်ဆုံး (၁၂) ပွဲတွင် ဂိုးပေါက်ပျောက်ဆုံးနေခဲ့သည်..။ ထိုသို့လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး နည်းပြဖရန့် လမ်းပတ် က မန်ချက်စတာ စီးတီးအသင်းနှင့် ပွဲအပြီးတွင် ယခုလိုပြောကြားခဲ့ပါသည်..။

“ကျွန်တော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မျှော်လင့်ထားပြီး ဖြစ်သလို ဆုဖလားကို စိန်ခေါ်တဲ့အသင်း ဖြစ်လာဖို့ မလွယ်ကူဘူးဆိုတာ သိထားပါတယ်..။ လွန်ခဲ့တဲ့လတုန်းက ကျွန်တော့်ကို စာချုပ်သက်တမ်း ဘယ်တော့တိုးမှာလဲ..? ဆိုပြီး မေးကြပါတယ်..။ အခုဆိုရင် လေးပွဲရှုံးသွားပါပြီ..။ ဒါ့ကြောင့်ဖိအားဆိုတာ အမြဲတမ်းရှိပါတယ်..။ ဒီအလုပ်ကို လက်ခံစဉ်ကတည်းက ဖိအားတွေရှိတယ်ဆိုတာ ကျွန်တော်သိထားပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ နောက်ဆုတ်၊ လက်တွန့်နေမှာ မဟုတ်ပါဘူး..။”

ဖရန့် လမ်းပတ် မှာ မနှစ်ကဘောလုံးရာသီ၊ အခက်အခဲများကြားမှ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဆောင်ယူနိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သော်လည်း ရိုမန် အေဘရာမိုဗစ်ချ် အတွက် အဆိုပါ စွမ်းဆောင်ရည်များက အာမခံချက် မပေးနိုင်ကြောင်း တခြားသူတွေထက် သူကပိုပြီးတော့တောင် သိရှိပြီး ဖြစ်ပေလိမ့်မည်..။ စတာလင်ပေါင် (၂၂၆) သန်း ရင်းနှီးမြုပ်နှံပေးခဲ့ပြီးနောက် ရာသီဝက်အရောက် အဆင့် (၈) နေရာ ဆိုသည့် စွမ်းဆောင်ရည်အပေါ် ရိုမန် အေဘရာမိုဗစ်ချ် ဘယ်လိုတွေးနေမှန်း မည်သူမှ မသိနိုင်ပေ..။

ဖရန့် လမ်းပတ် က သူ၏ကစားသမားသစ်များ အထိုင်ကျရန် အချိန်ယူရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်..။ သို့သော်သူတောင်းဆိုခဲ့သည့် စိတ်ရှည်၊ သည်းခံမှုမှာ အကယ်ဒမီလူငယ်များနှင့် အခင်းအကျင်းအတွက် အဆင်ပြေနိုင်သော်လည်း အခုလိုကြေးကြီးပေး ခေါ်ယူခဲ့သည့် ကစားသမားများအတွက် အချိန်သိပ်ရမည် မဟုတ်ပေ.။ ထို့အပြင် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် (၁၈) လအတွင်း ရလဒ်ပိုင်းများမှာ ယခင်မန်နေဂျာများနှင့် နှိုင်းယှဉ်ကြည့်ပါက အားရဖို့မကောင်းလှသည်ကိုလည်း တွေ့နိုင်ပါသည်..။ ဖရန့် လမ်းပတ် မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၅၅) ပွဲတွင် (၄၉) ပွဲနိုင်၊ တစ်ပွဲလျှင်ပျမ်းမျှ (၁.၆၇) မှတ် ရရှိပြီး ရိုမန် အေဘရာမိုဗစ်ချ် လက်ထက် ပျမ်းမျှရမှတ်အနည်းဆုံး မန်နေဂျာဖြစ်ခဲ့သည်..။



ထို့ကြောင့် အခုအချိန်မှာ စိုးရိမ်စရာ ဖိအားတွေ ခံစားနေပြီ.. ဟု ဝန်ခံခြင်းမှာ အံ့သြစရာတော့ မရှိလှပေ…။

“ကျွန်တော့်ဆီမှာ ဖိအားတွေ အမြဲတမ်းရှိနေပါတယ်..။ ကျွန်တော်တို့အသင်း ရလဒ်ကောင်း၊ ပုံစံကောင်းတွေ ရရှိနေချိန်မှာလည်း ဖိအားတွေ ရှိနေခဲ့သလို ပြုပြင်ရမယ့် အားနည်းချက်တွေ ရှိနေခဲ့တာ သိထားပါတယ်..။ ကျွန်တော်တို့ဟာ ရိုမန် အေဘရာမိုဗစ်ချ် အသင်းကိုဝယ်ယူစက အောင်မြင်မှုအလီလီ ရခဲ့တဲ့အသင်းရဲ့ အဆင့်အတန်းမျိုးကို လိုချင်နေပေမယ့် အခုအချိန်မှာ အဲဒီလိုအဆင့်မျိုး မရောက်ရှိသေးပါဘူး..။

ကျွန်တော်ဟာ အထက်ကလူကြီးတွေအတွက် လျှောက်လှဲချက်ပေးနေမှာ မဟုတ်ပါဘူး..။ ဒါ့အပြင်အရင်လတုန်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းစဉ်က ဖြေကြားခြင်းမပြုခဲ့သလို အခုလိုခက်ခဲနေတဲ့အချိန် ရလဒ်ဆိုးတွေအတွက် သီးခြားထပ်ပြီး ဖြေရှင်းနေမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် အသင်းတစ်သင်းမှာ တိုးတက်မှုဆိုတာ ဒုံးပျံလွှတ်လိုက်သလို တဟုန်ထိုး ထိုးတက်သွားတဲ့အရာ မဟုတ်တာကြောင့် ပြီးခဲ့တဲ့ရှုံးပွဲမရှိ ပွဲဆက်ခဲ့တဲ့ အချိန်ကတည်းက အသင်းမှာလိုအပ်ချက်တွေ ရှိနေခဲ့တယ်ဆိုတာ သိထားခဲ့ပါတယ်..။”

ဖရန့် လမ်းပတ် မှာ အခုအချိန်တွင် အသင်းမှအားနည်းချက်များကို ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲပဲဖြစ်သည်..။ သို့သော်သူ့အတွက် ထပ်ပြီးအချိန်ရ၊ မရကိုတော့ ဆက်လက်စောင့်ကြည့် ရပါလိမ့်ဦးမည်..။ Boxing Day နေ့ ရှုံးပွဲအပြီး ကိုယ့်ကစားသမားများကို စတင်ဝေဖန်ခဲ့ပြီးနောက် ရရှိခဲ့သည့် အန္ထရာယ် ရနံ့များနောက်ပိုင်း နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့သည်..။ ဖရန့် အနေဖြင့် ယခုကြုံတွေ့နေရသည့် အခက်ခဲကာလမှ နောက်ထပ်တစ်ဖန် ပြန်လည်ရုန်းထွက်နိုင်မလား.. မကြာခင်မှာ သိရှိခွင့်ရပေတော့မည်..။

(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ Frank Lampard: Is time running out for the Chelsea manager after defeat to Manchester City?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)