စပိန်နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွဲတား မှာ ပြီးခဲ့သည့် မန်ချက်စတာ စီးတီးအသင်းနှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း (၄၀၀) ပြည့်မြောက်ခဲ့ပြီး အသင်း၏သမိုင်းတစ်လျှောက် ထိုသို့ပွဲပေါင်း (၄၀၀) ပြည့်မြောက်ခဲ့သည့် (၁၃) ယောက်မြောက် ကစားသမားဖြစ်ခဲ့သည်..။ အဆိုပါ (၁၃) ယောက်တွင် နိုင်ငံရပ်ခြား ကစားသမားများထဲမှ ပီတာ ချက် နှင့် ဆီဇာ အက်ဇ်ပီလီကွဲတား နှစ်ယောက်သာ ပါဝင်ခဲ့သည်..။
ယခုကဲ့သို့ အသင်း၏သမိုင်းဝင် စံချိန်မှတ်တမ်းမှာ သူ၏အလုပ်အပေါ် ပေးဆပ်မှု၊ ကြံ့ခိုင်မှု ကောင်းမွန်မှု၊ ခြေစွမ်းတသတ်မှတ်တည်း ထိန်းထားနိုင်မှုနှင့် နေရာစုံ ပြောင်းလဲကစားနိုင်မှုတို့ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်..။ လက်ရှိအချိန်တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားည့် စပိန်နောက်ခံလူမှာ စတန်းဖို့ဒ် ဘရစ်ချ်သို့ စတင်ရောက်ရှိခဲ့သည့်အချိန်မှ ယနေ့အချိန်ထိ ဖြတ်သန်းခဲ့သည့်ကာလအတွင်း အမှတ်ရဖွယ် အကြောင်းများကို official website နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်းတွင် ယခုလိုပြောပြခဲ့သည်..။
မေး- ဆီဇာ ရေ..၊ ဘယ်လိုအကြောင်းနဲ့ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့လဲဆိုတာ ပြောပြပေးပါလား..?
“အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မာဆေးလ်အသင်းကို ရောက်ရှိနေပါတယ်..။ ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီး တစ်သင်းက ကျွန်တော့်ကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့အချိန်မှာ အဲဒီကိုပြောင်းရွှေ့လိုစိတ် ဖြစ်လာခဲ့ပါတယ်..။ ဒ့ါကြောင့်အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရရှိအောင် ကြိုးစားခဲ့ပါတယ်..။ မပြောင်းလာခင်မှာ ချယ်လ်ဆီးကိုရောက်နေတဲ့ ဂျူအန် မာတာ နဲ့ ဆွေးနွေးခဲ့ပါသေးတယ်..။ အသင်းကိုပြောင်းခွင့်ရတော့ အရမ်းကိုပျော်ရွှင်ခဲ့ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းရဲ့တံခါးတွေကို ပထမဆုံး ဖြတ်ကျော်လာတဲ့အချိန် ကျွန်တော်အားကျခဲ့ရတဲ့ ဂန္ထဝင်ကစားသမားကြီးတွေနဲ့ ဘေးချင်းယှဉ်ထိုင်ခွင့် ရရှိခဲ့တယ်..၊ နောက်ပြီးသူတို့နဲ့အတူ တွဲဖက်ကစားခွင့် ရရှိခဲ့ပါတယ်..။
အသင်းကိုရောက်လာတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ရေရှည်ကိုမျှော်မှန်းထားတဲ့အမြင်နဲ့ အောင်မြင်မှုတွေ ဆာလောင်နေတဲ့ ဆန္ဒတွေကို နားလည်လာခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာဟာ ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့ခြေလှမ်းတစ်လှမ်းပါ..။ ကျွန်တော်ရောက်မလာခင်နှစ်မှာ အသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ အနာဂတ်မှာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးရရှိချင်ခဲ့ပါတယ်..။”
မေး - အသင်းကိုရောက်လာတဲ့ ပထမဆုံးနေ့က အမှတ်ရစရာတွေကို ပြောပြနိုင်မလား..?
“ပထမဆုံး ဆေးစစ်ပါတယ်..။ ဟိုတယ်ကိုရောက်ပြီး နေ့လည်ခင်းမှာ အသင်းနဲ့လက်မှတ်ထိုးပါတယ်..။ ပြီးတာနဲ့ လေ့ကျင့်ကွင်းကိုသွားပြီး ကြည့်ရှုတယ်..၊ မန်နေဂျာ ရော်ဘတ်တို ဒီ မက်တီယို နဲ့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်..။ နောက်ရက်မနက်မှာ အသင်းနဲ့အတူ စတင်လေ့ကျင့်ခဲ့ရပါတယ်..။ ဒီကိုရောက်ရှိခဲ့တဲ့ ကာလတွေဟာ ချောချောမွေ့မွေ့ပါပဲ..။”
မေး - ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရတယ်ဆိုတာ ပြောပြနိုင်မလား..?
“ကျွန်တော်ဟာ ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်တဲ့ အသင်းကိုရောက်လာခဲ့တယ်ဆိုတာ သိထားပါတယ်..။ အဲဒီအချိန်က (၂၂) နှစ်ပဲ ရှိသေးတာဆိုတော့ အများကြီးသင်ယူရဦးမယ်ဆိုတာ သိထားခဲ့ပါတယ်..။ ကျွန်တော် ပထမဆုံး ကစားခဲ့ရတဲ့ပွဲက ချာလ်တန်အသင်းနဲ့ ချယ်လ်ဆီးအရန်အသင်း (အသက် ၂၃ နှစ်အောက်) တို့ အကယ်ဒမီမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်..။ နောက်တော့ အစောပိုင်းကာလတွေမှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရတာ များပါတယ်..။ ကျွန်တော်ဟာ ပရီးမီးယားလိဂ်ပွဲတွေရဲ့ အမြန်နှုန်း၊ ကျွန်တော့်အသင်းဖော်တွေရဲ့ ကစားပုံတွေအပြင် မန်နေဂျာဆီကပါ သင်ယူခဲ့ရပါတယ်..။
ကျွန်တော်ဟာ အသင်းမှာချက်ချင်း ပါဝင်ခွင့်ရချင်ပေမယ့် ကျွန်တော့်ကို ယုံကြည်မှုပိုမို ရရှိလာအောင် အချိန်ပေးခဲ့တဲ့ မန်နေဂျာနဲ့ အသင်းရဲ့သဘောထားကို နားလည်ပါတယ်..။ ကျွန်တော့်ရဲ့ပထမဆုံးပွဲက ဝုလ်ဖ်အသင်းနဲ့ လိဂ်ဖလားပွဲစဉ် ဖြစ်ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့ ၆ဂိုးပြတ် အနိုင်ရရှိခဲ့သလို ကျွန်တော်ဟာ တစ်ပွဲလုံးမနားတမ်း အတက်အဆင်း ပြုလုပ်ကစားခဲ့ပြီး ပွဲကိုတောင် မပြီးချင်ခဲ့ပါဘူး..။ ဒါ့အပြင်အသင်းမှာ တစ်သက်လုံး ကစားခွင့်ရချင်စိတ်ပါ ဖြစ်ပေါ်လာခဲ့ပါတယ်..။
ကျွန်တော်ဟာ ရလာတဲ့အခွင့်အရေးကို မလွတ်တမ်း ဆုတ်ကိုင်ရမယ်ဆိုတာ သိပါတယ်..။ ဒါ့ကြောင့်ကစားခွင့် မရခဲ့တဲ့ အချိန်တွေမှာ ပရီးမီးယားလိဂ်ရဲ့ သဘောသဘာဝတွေကို ကောင်းကောင်းနားလည်အောင် လေ့လာခဲ့ပါတယ်..။”
မေး - တကယ်လို့ အဲဒီဝုလ်ဖ်အသင်းနဲ့ ပွဲပြီးစမှာ ကျွန်တော်တို့က ‘ခင်ဗျားနောက်ဆယ်နှစ်ကျရင် ဒီအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာမှာပါ..’ ဆိုပြီး လာပြောရင် ခင်ဗျားရဲ့စိတ်ထဲ ဘယ်လိုနေခဲ့မလဲ..?
“ဘယ်လိုမှ ကျွန်တော်ပြန်ပြီး မစဉ်းစားနိုင်တော့ပါဘူး..။ ဒီအသင်းကိုရောက်လာခါစ အချိန်က ချန်ပီယံလိဂ်ကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ကစားသမားကြီးတွေနဲ့ တွေ့ခဲ့ရပါတယ်..။ ဒါ့ကြောင့်အသင်းမှာ ပါဝင်ခွင့်ရပြီး ဆုဖလားတွေ ဆွတ်ခူးရရှိချင်ခဲ့ပါတယ်..။ မာဆေးလ်အသင်းနဲ့ ဆုဖလားတွေ ဆွတ်ခူးခဲ့ဖူးပေမယ့် အခုဒီမှာက နောက်ထပ်တစ်ဆင့် တက်လှမ်းခဲ့တာ ဖြစ်ပါတယ်..။
ကျွန်တော်ဟာ အမြဲတမ်းတိုးတက်အောင် ကြိုးစားနေမှာ ဖြစ်သလို ကိုယ့်ရဲ့ကစားပုံအပေါ် အမြဲတမ်း မညှာမတာ သုံးသပ်လေ့ရှိပါတယ်..။ ကျွန်တော်ဟာ အမြဲတမ်းပြီးပြည့်စုံနေတာပဲ လိုချင်တဲ့သူ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို တောင်းဆိုမှု အမြဲတမ်းမြင့်မားပါတယ်..။ အခုအချိန်မှာတော့ အသင်းခေါင်းဆောင် တာဝန်ယူရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်..။ ဒါပေမယ့် အဲဒီအချိန်က ကျွန်တော်ဘယ်လို ခံစားရမလဲလို့မေးရင် မဖြေတတ်ပါဘူး..။”
မေး - ချယ်လ်ဆီးအသင်းမှာ ပထမဆုံး ကစားခဲ့တဲ့ အက်ဇ်ပီလီကွဲတား နဲ့ အခု အက်ဇ်ပီလီကွဲတား ဘယ်လိုတွေ ကွာခြားသွားတယ်ဆိုတာ ပြောပြပေးပါလား..?
“ပထမဆုံးလန်ဒန်ကို ခြေချတဲ့အချိန်တုန်းက ကျွန်တော့်မိန်းမရယ်..၊ ခွေးနှစ်ကောင်ပဲ ပါပါတယ်..။ အခုဆိုရင် ကလေးသုံးယောက်တောင် ရှိသွားပြီဆိုတော့ ကျွန်တော့်ရဲ့ဘဝဟာ အများကြီးပြောင်းလဲ သွားခဲ့ပါတယ်..။ အခုဆိုရင် လန်ဒန်မြို့မှာရော၊ အင်္ဂလန်မှာပါ အခြေကျနေပြီ ဖြစ်သလို ဒီမှာလည်း အရမ်းပျော်ရွှင်ပါတယ်..။
ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ထိပ်တန်းကစားသမားတွေ၊ ထိပ်တန်းမန်နေဂျာတွေရဲ့ လက်အောက်မှာ ကစားခွင့်ရခဲ့တာဟာ ဘောလုံးသမား တစ်ယောက်အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်..။ လေ့ကျင့်ကွင်းမှာပဲဖြစ်ဖြစ်၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ခြေချတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဆုဖလားတွေ ကိုင်မြှောက်တဲ့အချိန်ပဲဖြစ်ဖြစ်..၊ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေဟာ ကျွန်တော့်ကို ပိုပြီးရင့်ကျက်စေပါတယ်..။ ကျွန်တော်ဟာ ဘဝကိုအမြဲတမ်း အကောင်းဘက်က ရှုမြင်ပြီး ဒီထက်ပို တိုးတက်အောင် အမြဲတမ်းကြိုးစား သင်ယူနေပါတယ်..။”
မေး - ခင်ဗျားဟာ ထိခိုက်ဒဏ်ရာ ရရှိမှု နည်းပါးခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ အဲဒီလိုဒဏ်ရာအနာတရ နည်းပါးအောင် ဘယ်လိုအချက်တွေကို ဂရုစိုက်ဖို့လိုမလဲဆိုတာ ပြောပြနိုင်မလား...?
“မာဆေးလ်အသင်းမှာ ဒူးအရွတ်ဒဏ်ရာ မရခင်အထိ ကျွန်တော်ဟာ ဒဏ်ရာတစ်ခါမှ မရခဲ့ဖူးပါဘူး..။ အဲဒီအချိန်က မာဆေးလ်အသင်းကို ရောက်ခါစဆိုတော့ အရမ်းကိုခက်ခဲခဲ့ပါတယ်..။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ရှေ့မှာ စောင့်ကြိုနေတဲ့ စိန်ခေါ်မှုကြီးတွေကို ဖြတ်ကျော်ရတော့မယ်ဆိုတာ နားလည်ခဲ့ပါတယ်.။ ဆေးရုံကိုနေ့တိုင်းသွားပြီး တစ်ရက်ကို ရှစ်နာရီလောက် ဒူးလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရပါတယ်..။ ကံကောင်းတာက မာဆေးလ်အသင်းမှာ ဆေးအဖွဲ့ကောင်းတွေ၊ အကြောပြင်ဆရာကောင်းတွေနဲ့ ကြုံဆုံခဲ့ရတာပါပဲ..။
အဲဒီကာလမှာ ထပ်ပြီးသိရှိလာရတာက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဖို့ စည်းကမ်းရှိရမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်နေ့တိုင်း အိမ်မှာအကြောလျော့တယ်..၊ ice baths တွေ ပြုလုပ်ပါတယ်..။ အထူးသဖြင့် ဒူးဒဏ်ရာအမြန်ဆုံး သက်သာလာအောင် ပုံမှန်လေ့ကျင့်ခန်းတွေ၊ အကြောလျော့ လေ့ကျင့်ခန်းတွေ၊ ယောဂလေ့ကျင့်ခန်းတွေကို ကစားပွဲတစ်ပွဲလို သဘောထားပြီး အစွမ်းကုန် ကြိုးစား၊ လေ့ကျင့်ခဲ့ပါတယ်.။”
မေး - အခုပွဲပေါင်း (၄၀၀) ပြည့်မြောက်ပြီးတဲ့အချိန်မှာ ခင်ဗျားကစားခဲ့တဲ့ full backs တွေရဲ့ အခန်းကဏ္ဍနဲ့ ကစားပုံဟာ ရောက်စတုန်းကနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုအပြောင်းအလဲတွေ ရှိသွားခဲ့လဲ..?
“ကျွန်တော်ရောက်လာခါစ အချိန်တုန်းကနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘောလုံးလောကဟာ အများကြီးပြောင်းလဲ သွားပါတယ်..။ ပွဲရဲ့အရှိန်နှုန်း မတူတော့သလို ကြံ့ခိုင်မှုကောင်းဖို့ ပိုပြီးလိုအပ်လာပါတယ်..။ အခုဆိုရင် full backs တွေဆိုတာ တောင်ပံ ကစားသမားတွေလို (wingers) လျှင်မြန်မှုအပြည့်နဲ့ အတက်၊ အဆင်းလုပ်ပြီး ကစားနေရတာပါ..။ အရင်တုန်းကဆိုရင် ဗဟိုနောက်ခံလူ ဖြစ်သွားတဲ့ ဘယ်၊ ညာနောက်ခံလူတွေ များခဲ့ပြီး ခံစစ်ပိုင်းကို ပိုအာရုံစိုက်ကြပါတယ်…။ အခုဆိုရင် full backs နေရာကို ရောက်လာတဲ့ တောင်ပံကစားသမားဟောင်းတွေတောင် ရှိလာခဲ့ပါပြီ..။”
မေး - ခင်ဗျားရဲ့ ချယ်လ်ဆီးကစားသမား ဘဝတစ်လျှောက် ဘယ်ကာလတွေမှာ ခံစစ်ကိုအသားပေးပြီး ကစားရတယ်..၊ ဘယ်ကာလတွေမှာ တိုက်စစ်ကိုအသားပေးပြီး ကစားရတယ်.. စသဖြင့် ခွဲပြီးပြောနိုင်လား..?
“အခြေအနေပေါ် မူတည်ပါလိမ့်မယ်..။ ဥပမာ- ဟိုဆေး မော်ရင်ဟို လက်ထက်မှာ ဘယ်နောက်ခံလူအဖြစ် ကျွန်တော်ကစားခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ရှေ့မှာ အီဒင် ဟာဇက် ရှိနေတယ်ဆိုတာ သိထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ သူ့ကိုကာကွယ်ပေးနိုင်ဖို့ ခံစစ်ကိုပိုပြီး အာရုံစိုက်ရပါတယ်..။ အဲဒီလိုလုံခြုံစေမှပဲ သူဟာတိုက်စစ်ကို စိတ်ကြိုက်ကစားနိုင်မှာ ဖြစ်ပါတယ်..။ နောက်ပြီးအသင်းရဲ့ဘယ်အခြမ်း ဟန်ချက်အတွက် နီမန်ဂျာ မက်တစ် နဲ့ ထိန်းညှိကစားခဲ့ပါတယ်..။ အဲဒီအချိန်က ကျွန်တော်တို့ဟာ ပြိုင်ဘက်အသင်းတွေထက် ပိုပြီးအင်အား တောင့်တင်းတယ်ဆိုတာ သိထားခဲ့ပါတယ်..။
ကျွန်တော်ဟာ အဲဒီ ၂၀၁၄/၁၅ ဘောလုံးရာသီမှာ ခံစစ်ကိုအသားပေး ကစားခဲ့ရပေမယ့် ဂိုးဖန်တီးမှုနှစ်ကြိမ်လောက် ရခဲ့သေးတယ် ထင်ပါတယ်..။ ကျွန်တော်ဂိုးဖန်တီးမှု အများဆုံး ရခဲ့တဲ့နှစ်က ၂၀၁၇ ခုနှစ် ဖြစ်ပါလိမ့်မယ်..။ ကျွန်တော်ဟာ ဗဟိုနောက်ခံလူနေရာမှာ ကစားခဲ့ရပေမယ့် အယ်လ်ဗာရို မိုရာတာ အတွက် ဖန်တီးမှုတွေ အများကြီး ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ အခြေအနေပေါ်လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပါတယ်..။ ဒါပေမယ့် အရေးကြီးဆုံးက တိုက်စစ်ရော၊ ခံစစ်ပိုင်းမှာပါ အသင်းအတွက် အကျိုးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်..။”
မေး - ဒါဆိုခင်ဗျားအကြိုက်ဆုံး ဂိုးဖန်တီးမှုကို ပြောပြပေးပါလား..?
“မန်ချက်စတာ ယူနိုက်တက်အသင်းကို အယ်လ်ဗာရို မိုရာတာ ခေါင်းတိုက်သွင်းခဲ့တဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့အလုံးဟာ ကောင်းပါတယ်..။ ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ပွဲမှာ မစ်ချီ ဘတ်ရှုအားယီ ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ အလုံးကို ရွေးပါမယ်..။ နည်းစနစ်ပိုင်းအရ အကောင်းဆုံး မဟုတ်ပေမယ့် အများကြီးအဓိပ္ပါယ်ရှိခဲ့တာကြောင့်ပါ..။”
မေး - ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ကိုရော ဘယ်လောက်ထိ မျှော်မှန်းထားလဲဗျ..။ တကယ်လို့ အဲဒီဖလား မရခဲ့ပဲ ခင်ဗျားရဲ့ကစားသမားဘ၀ ပြီးဆုံးသွားခဲ့ရင်ရော ကျေနပ်နိုင်မှာလား..?
“ချန်ပီယံလိဂ် ဖလားဆိုတာ အဆင့်အမြင့်ဆုံး ဆုဖလားတစ်ခု ဖြစ်သလို ချယ်လ်ဆီးကစားသမား ဖြစ်ကတည်းက ကျွန်တော့်အတွက် အမြင့်မားဆုံး မျှော်လင့်ချက်ပါပဲ..။ အခုလာမယ့် ဖေဖော်ဝါရီဆိုရင် ရှုံးထွက်ပွဲစဉ်တွေ ပြန်လည်စတင်ပါ့မယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အတွက် ခြေလှမ်းတိုင်းဟာ အရေးကြီးပါတယ်..။ ကျွန်တော်တို့ဟာ မနှစ်ကဘောလုံးရာသီ၊ ဘေယန် မြူးနစ်အသင်းနဲ့ပွဲစဉ်ကို ပြန်လည်သင်ယူပြီး ရောက်နိုင်သမျှ အမြင့်ဆုံးကို တက်လှမ်းနိုင်အောင် ကြိုးစားသွားရမှာပါ..။”
မေး - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားအတွက် အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်ကို ပြောပြနိုင်မလား..?
“အကောင်းဆုံး အခိုက်အတန့်တွေ ဆက်ပြီးလာဦးမှာပါ…”