ချယ်လ်ဆီးအသင်းမှာ ၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးရှင်းတမ်း ရလဒ်ကို မနေ့က ထုတ်ပြန်ကြေငြာခဲ့ရာ အမြတ်ငွေ စတာလင်ပေါင် (၃၂.၅) သန်း ရရှိခဲ့ကြောင်း သိရသည်..။ အဆိုပါအမြတ်အစွန်းမှာ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်နှင့် ကစားသမားများ ရောင်းချခြင်းများမှ အမြတ်ငွေများ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်..။ သို့သော် ယခုနှစ်ဘဏ္ဍာရေး ရှင်းတမ်းတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လနောက်ပိုင်း ဆောင်ရွက်ခဲ့သည့် ကိုင် ဟာဗာ့ဇ်၊ တီမို ဗာနာ၊ ဘင် ချီးဝဲလ် နှင့် အက်ဒ်ဒိုးရပ် မန်ဒီ တို့အား ခေါ်ယူခဲ့သည့် ငွေကြေးများကို ထည့်သွင်း၊ တွက်ချက်ထားခြင်းမရှိသေးကြောင်း သိရသည်..။
အသင်း၏ ထုတ်ပြန်ချက်တွင် စုစုပေါင်းဝင်ငွေ (turnover) မှာ ယမန်နှစ်က စတာလင်ပေါင် (၄၄၆.၇) သန်း ရရှိခဲ့ရာမှ COVID- 19 ကမ္ဘာ့ကပ်ရောဂါကြောင့် (၄၀၇.၄) သန်းထိ လျော့ကျခဲ့ကြောင်း ဖော်ပြခဲ့သည်..။ သို့သော်အသင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပြဌာန်းထားသည့် ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်များအတိုင်း ကိုက်ညီမှုရှိနေကြောင်း ကြေငြာခဲ့သည်..။
ရုပ်သံလွှင့်ထုတ်မှုများနှင့် ကွင်းဝင်ကြေးများမှာ စတာလင်ပေါင် (၁၇.၆) သန်းမှ စတာလင်ပေါင် (၁၂.၂) သန်းအထိ လျော့ကျရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်း ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ခွင့်ကို တားမြစ်ခဲ့ခြင်း၊ ဘောလုံးရာသီ အနားပေးခဲ့ရခြင်းတို့ကြောင်း လျော့ကျခဲ့ရခြင်းဖြစ်သည်ဟု သိရသည်..။ ထို့အပြင် အခြားစီးပွားရေးလုပ်ငန်းများမှ ရရှိသောဝင်ငွေများမှာလည်း စတန်းဖို့ဒ် ဘရစ်ချ်ကွင်းအား ပိတ်ထားရသည့် ကာလများကြောင့် စတာလင်ပေါင် (၉.၅) သန်းသာ လျော့ကျ၊ ရရှိခဲ့သည်..။
၂၀၂၀ ခုနှစ်၊ ဇွန်လအထိ ချယ်လ်ဆီးအသင်းများမှာ ကစားသမားများ ခေါ်ယူခြင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများအတွက် စတာလင်ပေါင် (၉၃.၇) သန်း ရင်းနှီး၊ မြုပ်နှံခဲ့သည်..။ သို့သော်အဆိုပါတွက်ချက်မှုများထဲတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လနောက်ပိုင်း ခေါ်ယူခဲ့သည့် ကိုင် ဟာဗာ့ဇ်၊ တီမို ဗာနာ၊ ဘင် ချီးဝဲလ် နှင့် အက်ဒ်ဒိုးရပ် မန်ဒီ တို့ ပါဝင်ခဲ့ခြင်းမရှိပေ..။
ထိုသို့အသင်း၏ ဝင်ငွေအရပ်ရပ်ပိုင်း ကျဆင်းခဲ့သော်လည်း စတန်းဖို့ဒ် ဘရစ်ချ်အသင်းမှာ အသင်းမှဝန်ထမ်းများကို လျော့ချခြင်းမပြုခဲ့ပဲ ပုံမှန်အတိုင်း ဆက်လက်ပေးချေ၊ ဌားရမ်းခဲ့သည်..။