feature-image

ရလဒ်ကောင်းတွေ ဆောင်ယူပေးဖို့ တောင်းဆိုခံခဲ့ရတဲ့ ‘ဖရန့် လမ်းပတ်’

ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့်အင်္ဂါနေ့ညပိုင်းက လက်စ်တာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီ၏ ခြောက်ပွဲမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရသလို အမှတ်ပေးဇယား အဆင့် (၈) နေရာသို့ ရောက်ရှိနေပါသည်..။ ထို့ကြောင့် ဖရန့် လမ်းပတ် မှာ ပြင်းထန်သည့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ရလဒ်များနှင့် စွမ်းဆောင်ရည်ကို ချက်ချင်းတိုးတက်အောင် မဆောင်ရွက်ပေးနိုင်ပါက အသင်းမှ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိနေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်..။

လက်စ်တာအသင်းနှင့် ပွဲအပြီးတွင် နည်းပြဖရန့် လမ်းပတ် က ချယ်လ်ဆီးအသင်းမှာ အပြောင်းအလဲ ကာလအတွင်း ရှိနေသေးသော်လည်း သူ၏အနာဂတ်နှင့် ပတ်သက်ပြီး မိမိကိုယ်ကို မပိုင်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ လာမည့်ပွဲစဉ်များတွင် လူတန် တောင်းအသင်းနှင့် FA ဖလားပွဲစဉ်၊ ဝုလ်ဖ်၊ ဘန်လေ အသင်းတို့နှင့် ပရီးမီးယားလိဂ် ပွဲစဉ်များ ပါဝင်ပြီး ဖေဖော်ဝါရီ (၄) ရက်နေ့တွင် တော့တင်ဟမ်အသင်းနှင့် အရေးကြီးသည့် အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရပါမည်..။

ဂျူဗင်တပ်စ်အသင်းမန်နေဂျာဟောင်း မက်ဆီမီလာနို အယ်လ်လီဂရီ နှင့် ပီအက်စ်ဂျီအသင်း မန်နေဂျာဟောင်း သောမတ်စ် တူချယ်လ် တို့မှာ ချယ်လ်ဆီးအသင်း မန်နေဂျာရာထူးကို စိတ်ဝင်စားမှုရှိကြောင်း သိရသည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းအနေဖြင့် လက်ရှိကစားသမားများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည့် မန်နေဂျာတစ်ဦးကို တွေ့ရှိပါက မန်နေဂျာအပြောင်းအလဲ ပြုလုပ်နိုင်ဖွယ် ရှိနေကြောင်း၊ သို့သော်အသင်း ဘုတ်အဖွဲ့အနေဖြင့် အာဆင်နယ်အသင်းမှ မီခေးလ် အာတီတာ၊ မန်ချက်စတာ ယူနိုက်တက်အသင်း မန်နေဂျာ အိုလေ ဂန်းနား ဆိုးလ်ရှား တို့မှာ ယခုနှစ်ရာသီအတွင်း အခက်အခဲများ ကြုံတွေ့ခဲ့သော်လည်း အခြေအနေကောင်းမွန်အောင် ပြန်လည်ရုန်းထွက်နိုင်ခဲ့သည့် သာဓကများကို သတိပြုမိကြောင်း ဖော်ပြခဲ့သည်..။