feature-image

‘ကတ် ဇူးမား’ ပြောပြတဲ့ ချယ်လ်ဆီးကစားသမားဘ၀ အကြောင်းများ..

ပြင်သစ်နောက်ခံလူ ကတ် ဇူးမား မှာ ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီး အောင်မြင်မှုများ၊ ဒဏ်ရာအနာတရ ကာလများ၊ ခက်ခဲသည့် ကာလများကို ဖြတ်ကျော်ခဲ့ရသည်..။ ဇူးမား မှာ ယခုနှစ် ဘောလုံးရာသီတွင် အသင်း၏ အဓိကနောက်ခံလူ တစ်ယောက်အဖြစ် ပုံမှန်နေရာရရှိနေပြီး နှစ်ပွဲကိုသာ လွဲချော်ခဲ့သည်..။ သူ၏လက်ရှိခြေစွမ်းကြောင့် ပြင်သစ်လက်ရွေးစင် အသင်းမန်နေဂျာ ဒီဒီယာ ဒက်စ်ချမ့် ကပါ လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့သည်..။ ကတ် ဇူးမား မှာ စတန်းဖို့ဒ် ဘရစ်ချ်သို့ စတင်ရောက်ရှိခဲ့သည့်အချိန်မှ ယနေ့အချိန်ထိ ဖြတ်သန်းခဲ့သည့်ကာလအတွင်း အမှတ်ရဖွယ် အကြောင်းများကို  official website နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်းတွင် ယခုလိုပြောပြခဲ့သည်..။

မေး- ကတ် ရေ..၊ အခုလက်ရှိအချိန်ကာလဟာ ချယ်လ်ဆီးအသင်းကို ခင်ဗျားရောက်ရှိလာတဲ့ ၂၀၁၄ ခုနှစ်ကစပြီး ကြည့်မယ်ဆိုရင် အတည်ငြိမ်ဆုံး ကာလလို့ ပြောနိုင်ရဲ့လား..?

“May be..၊ ဖြစ်နိုင်ပါမယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို စပြီးရောက်တဲ့ အချိန်ကတည်းက အထိုင်ကျခဲ့တယ်..၊ တည်ငြိမ်ခဲ့တယ်လို့ပဲ ထင်မှတ်ခဲ့ပါတယ်..။ နောက်တော့ဒဏ်ရာရခဲ့တာကြောင့် အချိန်အကြာကြီး အနားယူခဲ့ရပြီး တခြားအသင်းတွေကို အဌားထွက်ခဲ့ရပါသေးတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်အသင်းကို ရောက်စကလိုပဲ တည်ငြိမ်နေတယ်..၊ အထိုင်ကျနေတယ်လို့ပဲ ခံစားမိနေပါတယ်..။”

မေး - အသင်းကိုခင်ဗျားရောက်လာတဲ့ ၂၀၁၄ ခုနှစ်ကနေ ပြန်ပြီးကြည့်မယ်ဆိုရင် ဘာတွေပြောင်းလဲ သွားခဲ့တယ်လို့ ထင်လဲဗျ..?

“အဆောက်အဦးတွေ၊ ပတ်ဝန်းကျင်၊ နေရာတွေအားလုံးဟာ အတူတူလိုပါပဲ..။ ကစားသမားတွေ၊ မန်နေဂျာတွေ ပြောင်းလဲသွားတာပဲ ရှိပါတယ်..။”



မေး - ပရီးမီးယားလိဂ်မှာ ကစားသမားတစ်ယောက်အဖြစ်ရော၊ ရင့်ကျင်တဲ့သူ တစ်ယောက်အဖြစ်နဲ့ပါ အထိုင်ကျဖို့ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရတယ်ဆိုတာ ပြောပြနိုင်မလား..?

“ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်လာတဲ့ အချိန်တုန်းက (၁၉) နှစ်သားပဲ ရှိပါသေးတယ်..။ အရွယ်အရမ်းငယ်သေးသလို နိုင်ငံအသစ်လည်း ဖြစ်တာကြောင့် အစစအရာရာ သင်ယူခဲ့ရပါတယ်..။ အခုဆိုရင် ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်နေတဲ့အပြင် ကလေးတွေတောင် ရနေပါပြီ..။ ဒါ့အပြင် အတွေ့အကြုံလည်း များနေပြီဖြစ်တာကြောင့် အသင်းကလူငယ် ကစားသမားတွေကို ‘ငါတို့လို ဝါရင့်ကစားသမားတွေ..’ ဆိုပြီး ပြောလို့တောင် ရနေပါပြီ..။

တိုးတက်အောင် ကြိုးစားရတဲ့နေရာတွေက အများကြီးပေါ့ဗျာ…။ စိတ်ပိုင်းဆိုင်ရာကအစ ပြင်ဆင်ခဲ့ရပါတယ်..။ အဆင်ပြေနေတဲ့အချိန်၊ အဆင်မပြေတဲ့အချိန်တွေမှာ ဘယ်လိုရင်ဆိုင်မယ်..၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကိုယ်တိုင်လက်တွေ့ ရင်ဆိုင်၊ သင်ယူခဲ့ရပါတယ်.။ လေ့ကျင့်ကွင်းမှာ နေ့စဉ်တည်ဆောက်ခဲ့ရသလို Gym ထဲမှာလည်း အများကြီးအချိန်ပေးခဲ့ရပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ကိုယ်ကာယ ကြံ့ခိုင်မှုအပိုင်းအပြင် နည်းစနစ်ပိုင်းမှာလည်း တိုးတက်လာခဲ့တယ်လို့ ယုံကြည်ပါတယ်..။ အခုဆိုရင် ဂိုးတွေတောင် သွင်းလာနိုင်ပြီဆိုတော့ နောက်လည်းဆက်ပြီး ဂိုးတွေရလိမ့်ဦးမယ်လို့ မျှော်လင့်ထားပါတယ်..။”

မေး - ၂၀၁၇ ခုနှစ်မှာ စတုတ်အသင်းကို အဌားမထွက်ခင် အသင်းဘက်က ခင်ဗျားကိုနှစ်ရှည်စာချုပ်နဲ့ သက်တမ်းထပ်ပြီး တိုးခဲ့ပါတယ်..။ အဲဒီအချိန်မှာအသင်းနဲ့ နှစ်ရှည်စာချုပ် သက်တမ်းတိုးခဲ့တာဟာ ခင်ဗျားအတွက် ဘယ်လောက်အရေးပါခဲ့လဲ..? ဒါမှမဟုတ် ချယ်လ်ဆီးအသင်းက ခင်ဗျားကို လိုအပ်နေဆဲ ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးကိုရော ရခဲ့လား.?

“အဲဒီအချိန်က ကျွန်တော်ဟာ ဒဏ်ရာကြောင့်အကြာကြီး နားနေရတာပါ..။ အသင်းဘက်က ကျွန်တော့်ကို အဌားထွက်ပြီး တိုးတက်အောင် ပြုလုပ်ဖို့၊ အသင်းနဲ့ထိုက်တန်ဆဲဆိုတာ ပြသနိုင်အောင် ကြိုးစားဖို့ အခွင့်အရေးပေးခဲ့ပါတယ်..။ ဒါ့ကြောင့်အဲဒီအချိန်က စာချုပ်သက်တမ်းတိုးခဲ့တာဟာ ချယ်လ်ဆီးအသင်းမှာ ပြန်ပြီးပါဝင်နိုင်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်..? ကျွန်တော့်ကို စမ်းသပ်တဲ့ စာမေးပွဲတစ်ခုလို ဖြစ်ခဲ့ပါတယ်..။ အဲဒီအတွက် အသင်းကို ကျေးဇူးတင်မိပါတယ်..။

အဌားထွက်တယ်ဆိုတာ မလွယ်ကူပါဘူး..။ ဒါပေမယ့် ကွင်းထဲကို ပြန်ပြီးခြေချခွင့်ရတယ်..၊ ပြန်ပြီးကစားခွင့်ရတယ်… ဆိုတဲ့အတွက် ကျေနပ်မိပါတယ်..။ အဲဒီအဌားထွက်ခဲ့ရတဲ့ အချိန်ကာလတွေဟာ နောင်တစ်ချိန် ချယ်လ်ဆီးအသင်းမှာ ပြန်ပြီးနေရာရဖို့အတွက် အများကြီးအထောက်အကူ ဖြစ်စေခဲ့ပါတယ်..။ ဒါ့ကြောင့်အဲဒီအချိန်က အသင်းနဲ့နှစ်ရှည်စာချုပ် သက်တမ်းတိုးခွင့်ရခဲ့တာ ကျွန်တော့်အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်..။ တစ်ချို့ကစားသမားတွေအတွက်ဆိုရင် ပြန်လာခွင့်ရနိုင်မလား..? မရနိုင်ဘူးလား..? ဆိုတာ မသေချာပါဘူး..။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းကြီးကိုပြန်ရောက်မယ်ဆိုတာ (၁၀၀%) ရာခိုင်နှုန်းပြည့် ယုံကြည်ထားခဲ့ပါတယ်..။”



မေး - အခုလိုပုံမှန်ခြေစွမ်းကို ရရှိနိုင်ဖို့အတွက် ခင်ဗျားရဲ့လျှို့ဝှက်ချက်က ဘာလဲဗျ..?

“အမြဲတမ်း ကြိုးစားလေ့ကျင့်ဖို့နဲ့ ကိုယ့်ရဲ့အသင်းဖော်တွေပဲ ဖြစ်ပါလိမ့်မယ်..။ သူတို့ဟာ ကျွန်တော့်ကို လိုအပ်တဲ့ နည်းစနစ်ပိုင်း အကြံဉာဏ်တွေ အများကြီးပေးခဲ့ပါတယ်..။”

မေး - သီယာဂို ဆေးလ်ဗား ဆီက ဘာတွေသင်ယူခဲ့ရလဲဗျ...?

“သူဟာအရမ်းကို တည်ငြိမ်ပြီး အတွေ့အကြုံတွေ အများကြီးရှိခဲ့တဲ့ ကစားသမားကြီးတစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူဟာ ပွဲရဲ့အခြေအနေကို ကောင်းကောင်းသိပါတယ်..။ နောက်ပြီးဆုဖလားတွေ၊ အောင်မြင်မှုတွေ အများကြီးရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ အထူးသဖြင့် ဘောလုံးမရှိတဲ့အချိန် သူ့ရဲ့နေရာယူပုံတွေဟာ အရမ်းကိုကောင်းတဲ့အပြင် ဘောလုံးပေးပို့ရာမှာ သိပ်ကိုထူးချွန်ပါတယ်..။ အသင်းခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်တာကြောင့် သူ့ဆီကနေ အများကြီးသင်ယူနေရပါတယ်..။”



မေး - အခုနှစ်ဘောလုံးရာသီမှာ ခင်ဗျားဟာ လေးဂိုးသွင်းယူထားနိုင်ခဲ့ပါပြီ..။ ထောင့်ကန်ဘောတွေ၊ ပြစ်ဒဏ်ဘောတွေကို ဘယ်လိုအသုံးချလဲ..? ဆိုတဲ့ နည်းဗျူဟာကို ပြောပြနိုင်မလား..?

“သိပ်ပြီးထူးဆန်းတာတွေ မပါပါဘူး..။ အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုပြီးများပြားလာတာပါပဲ..။ နည်းပြအဖွဲ့ရဲ့ ပြောင်းလဲလာတဲ့ အစီအမံတွေကလည်း ကျွန်တော့်ကိုပိုပြီး ယုံကြည်ချက် ရလာစေပါတယ်..။ အခုဆိုရင် ထောင့်ကန်ဘောရပြီ ဆိုတာနဲ့ ကျွန်တော်ဟာ ဂိုးရနိုင်မယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်ထားသလို ပွဲအဖြေကို ပြောင်းလဲနိုင်လိမ့်မယ်လို့လည်း ခံယူထားပါတယ်..။ နောက်ပြီးတည်ကန်ဘောတွေ ကန်တင်မယ့် အသင်းဖော်တွေကလည်း ကျွန်တော့်ဆီကို ဦးတည်ပြီး ကန်တင်ပေးနေတာ များပါတယ်..။ အရေးအကြီးဆုံးက ဆုံးဖြတ်ချက်ခိုင်မာဖို့၊ စိတ်ဓါတ်နဲ့ ယုံကြည်ချက် ကောင်းမွန်နေဖို့ပဲ ဖြစ်ပါတယ်..။”

မေး - လေထဲမှာ အကြာကြီးရပ်နေနိုင်အောင် ဘယ်လိုများလေ့ကျင့်ခဲလဲဗျ..?

“မသိဘူးဗျ..၊ တကယ်ပြောတာပါ..။ အခုလိုခုန်အားကောင်းတာ မွေးရာပါ ဗီဇကြောင့်လိုပဲ ပြောရမလား မသိပါဘူး..”

မေး - ဘောလုံးကိုခေါင်းနဲ့ ပြေးတိုက်တဲ့အချိန် စိတ်ထဲမှာ ဘာတွေတွေးမိခဲ့တာများ ရှိခဲ့လဲ..?

“ဘောလုံးကို ထိချက်မှန်မှန် ခေါင်းတိုက်နိုင်ဖို့ ပထမဆုံး စဉ်းစားပါတယ်..။ ဒါ့အပြင်ကိုယ့်ရဲ့ခေါင်းတိုက်ချက်ဟာ လိုရာကိုရောက်ဖို့ကိုလည်း တစ်ပြိုင်နက် စဉ်းစားရပါတယ်..။ တကယ့်လို့ အားအပြည့်နဲ့ ထိချက်ကောင်းကောင်း တိုက်နိုင်မယ်..၊ ဂိုးပေါက်တည့်မယ်ဆိုရင် အန္ထရာယ်ပေးနိုင်လိမ့်မယ်ဆိုတာ သိထားပါတယ်..။”



မေး - ဒီနှစ်မှာ ဘယ်နှစ်ဂိုးသွင်းနိုင်ရမယ်ဆိုပြီး သတ်မှတ်ထားတာများရှိပြီလား..? ဂျွန် တယ်ရီ က သူ့ကိုမှီခါနီးပြီ ဆိုပြီး Instagram မှာ လာရေးထားတာ တွေ့လိုက်မိလို့ပါ..

“Yes.. သူရေးထားတာ ကျွန်တော်ဖတ်မိပါတယ်..။ ဖြည်းဖြည်းချင်းနဲ့တော့ သူ့ကိုမှီစ ပြုလာပါပြီ..။ အခုလိုပဲ အစွမ်းကုန် ဆက်လက်ကြိုးစားရမှာပါ..။ ဒီနှစ်ဘောလုံးရာသီမှာ ဘယ်နှစ်ဂိုးသွင်းနိုင်ရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး..။ နိုင်ပွဲတွေရနိုင်သလောက် ရရှိပြီး ဆုဖလား ဆွတ်ခူးနိုင်ဖို့ပဲ ရည်မှန်းထားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းဆိုတာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အမြဲတမ်း ရည်မှန်းချက် ထားရှိတဲ့အတွက် ဖြစ်ပါတယ်..။”