ချယ်လ်ဆီးအသင်းဟာ စနေနေ့မှာ ဖူးလ်ဟမ်းအသင်းကို ခ မေဆန် မောင့် ရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲမှာ အနိုင်ပွဲဆိုတဲ့ ရလဒ်ကလွဲရင် အသင်းဟာအများကြီးတိုးတက်ဖို့ လိုအပ်နေသေးတယ်..၊ ပြင်ဆင်ရဦးမယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပါတယ်..။ တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ခရစ်စ်မတ် ကာလမတိုင်ခင်ကနေစပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၆) ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့တာကြောင့် ဖရန့် လမ်းပတ် အပေါ်မှာ ဖိအားတွေ တဖြည်းဖြည်း များပြားလာခဲ့ပါတယ်..။ ဒါ့ကြောင့်ဖူးလ်ဟမ်းနဲ့ပွဲအပြီး အသင်းသားတွေဟာ အားပါးတရ အောင်ပွဲခံခဲ့တာ ဖြစ်ခဲ့သလို ဖိအားတွေကြားက ချယ်လ်ဆီးအသင်း နည်းပြအနေနဲ့ ဒီပွဲမှာ ကစားပုံအရ အားရဖွယ်ရာ မရှိခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ပွဲကနေ ရလာခဲ့တဲ့ ယုံကြည်မှုတွေနဲ့ နောက်ပွဲတွေမှာ အကောင်းဆုံး ရှေ့ဆက်နိုင်အောင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်...။
ခရေဗင် ကော့တော့ဂျ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့တွေ့ဆုံခန်းတွေမှာ ဖရန့် လမ်းပတ် က ချယ်လ်ဆီးအသင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့အကြောင်း ဝန်ခံခဲ့သလို အဲဒီပွဲမတိုင်ခင် အဝေးကွင်းသုံးပွဲဆက်တိုက် ရှုံးပွဲတွေဟာ သူ့ရဲ့အနာဂတ်အတွက် မေးခွန်းတွေ ထွက်ပေါ်လာစေခဲ့ပါတယ်..။ ဒါပေမယ့်အခုရရှိခဲ့တဲ့ အနိုင်ပွဲရလဒ်ဟာ ချယ်လ်ဆီးအသင်း ကြုံတွေ့နေရတဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ အခိုက်အတန့်ကာလကို ကျော်လွန်စေဖို့ အထောက်အကူ ဖြစ်ခဲ့မှာလား..? စောင့်ကြည့်ရဦးမှာပါ..။
ဒီတစ်ပါတ် ဖူးလ်ဟမ်းအသင်းနဲ့ပွဲက သုံးမှတ်ဟာ ချယ်လ်ဆီးအသင်းအတွက် အရမ်းကိုအရေးကြီးခဲ့ပါတယ်..။ ဒါ့ကြောင့်လည်း ဖရန့် လမ်းပတ် ဟာ သူ့ရဲ့ဝါရင့်ကစားသမားတွေဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ၊ အိုလီဗီယာ ဂျီရူးဒ် တို့ကို ပွဲထွက်စေခဲ့တာ ဖြစ်နိုင်ပြီး လိုအပ်နေတဲ့ အတွေ့အကြုံနဲ့ စိတ်ဓါတ်ပိုင်း မာကျောမှုအတွက် ဆီဇာ အက်ဇ်ပီလီကွဲတား ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်..။ လတ်တလော ရလဒ် ဟာ ပိုပြီးအရေးကြီးတဲ့သဘောပါ..။
အတွေ့အကြုံနဲ့ စိတ်ဓါတ်ပိုင်း ခိုင်မာရင့်ကျက်မှုကို ပိုပြီးဦးစားပေးခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်ဆိုတာ မေဆန် မောင့် ရဲ့ အနိုင်ဂိုးနဲ့အတူ ပြသနိုင်ခဲ့ပါတယ်.။ အင်္ဂလန်လူငယ် ကွင်းလယ်ကစားသမားလေးဟာ အရင်အပါတ်ကပဲ အသက် (၂၂) နှစ် ပြည့်ခဲ့ပေမယ့် မန်နေဂျာ ဖရန့် လမ်းပတ် အတွက် ပွဲအများဆုံး ကစားပေးထားရတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်.။ သူဟာအဲဒီပွဲမှာဆိုရင်လည်း ဘင် ချီးဝဲလ် ရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကနေတဆင့် ပြန်ကျလာတဲ့ဘောလုံးကို မနားတမ်းပိတ်သွင်းပြီး အနိုင်ပွဲကို အရယူပေးခဲ့ပါတယ်..။ ဒါပေမယ့် အနိုင်ဂိုးကလွဲရင် အသင်းရဲ့တိုက်စစ်ပိုင်း တွဲလုံးတွေဟာ အားရဖို့မကောင်းခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းဟာ ခိုင်မာတဲ့ ကစားဟန်တစ်ခုကို ရှာဖွေနေဆဲဖြစ်သလို အသင်းသားအားလုံးနဲ့ အဆင်ပြေမယ့် ကစားကွက်အခင်းအကျင်း ပျောက်ဆုံးနေခဲ့ပါတယ်..။
“ဖူးလ်ဟမ်းနဲ့ပွဲမတိုင်ခင် နှစ်ပါတ်လောက် အနားရခဲ့တာဟာ ကျွန်တော်တို့အတွက် ဆုလာဘ်တစ်ခုလို့ ထင်ပါတယ်..။ ဒီနှစ်တစ်နှစ်လုံး ကျွန်တော်တို့ အဲဒီအခွင့်အရေးမျိုး မရခဲ့ပါဘူး..။ ရာသီကြို ပြင်ဆင်မှုတွေ မပြုလုပ်ခဲ့ရတဲ့အကြောင်း ကျွန်တော်တဖွဖွ ပြောခဲ့တာကြောင့် အခုနှစ်ပါတ်အတွင်းမှာ အသင်းအတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ၊ အခြေခံလေ့ကျင့်ခန်းတွေ၊ အသင်းရဲ့ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်တာ.. စတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခွင့် ရခဲ့ပါတယ်..။ အခုလာမယ့်ပွဲမှာ အဲဒီလေ့ကျင့်ခန်းတွေ၊ ပြင်ဆင်မှုတွေရဲ့ အကောင်းအဆိုး ရလဒ်တွေကို မြင်နိုင်ခွင့်ရမှာပါ…။”
ဖရန့် လမ်းပတ် ဟာ မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဖူးလ်ဟမ်းနဲ့ပွဲမတိုင်ခင် ရရှိခဲ့တဲ့ နှစ်ပါတ်တာ ကာလအတွင်း အသင်းကိုပိုမို တိုးတက်လာစေဖို့ အပြောင်းအလဲတွေ၊ သုံးသပ်မှုတွေကို လေ့ကျင့်ခွင့်ရခဲ့တဲ့အကြောင်း Sky Sports သတင်းဌာနကို ပြောပြခဲ့ပါတယ်..။
ဒါ့ကြောင့်အဲဒီကာလအတွင်း တိုးတက်တွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပါလား..? ထူးခြားတာက အိုလီဗီယာ ဂျီရူးဒ် ကို အထောင်တိုက်စစ်မှူးအဖြစ် ခရစ်စ်တီယန် ပူလီဆစ်၊ ဟာကင် ဇိုင်းယက်ချ် တို့နဲ့အတူ တွဲဖက်ပြီး တိုက်စစ်ကို ခင်းကျင်းခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါဟာဖရန့် လမ်းပတ် အတွက် ပရီးမီးယားလိဂ် (၁၈) ပွဲအတွင်း (၁၃) ကြိမ်မြောက် တိုက်စစ်ပိုင်းအခင်းအကျင်း ပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ်..။ ဒီလိုအပြောင်းအလဲတွေ များရခြင်းဟာ ဒဏ်ရာပြသနာတွေကြောင့် ဖြစ်ရတယ်ဆိုပြီး ဖြေရှင်းချက် ပေးနိုင်သလို ဖရန့် လမ်းပတ် ဆီမှာ လိုအပ်သလို အပြောင်းအလဲတွေ ပြုလုပ်နိုင်တဲ့ တိုက်စစ်အင်အားစု ရှိနေတယ်ဆိုတာ ပြသခဲ့ခြင်းဖြစ်ပါတယ်..။ ဒါပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင် နည်းပြဟာ တိုက်စစ်ပိုင်းမှာ အသင်းရဲ့အကောင်းဆုံးဖြစ်မယ့် အချိတ်အဆက် ဖော်မြူလာကို ရှာဖွေနေဆဲဆိုတာ ပြသလိုက်ခြင်းပါပဲ..။ အခုလည်းဆက်လက်ရှာဖွေနေဆဲပါ..။
ဂျီရူးဒ် နဲ့ ဇိုင်းယက်ချ် တို့ဟာ ဒီနေ့ပွဲမတိုင်ခင် လိဒ်အသင်းနဲ့ပွဲမှာပဲ တွဲဖက်ကစားခဲ့ဖူးပြီး ဇိုင်းယက်ချ် ဟာ အဲဒီပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်..။ အခုလိုဂျီရူးဒ် နဲ့ ဇို်င်းယက်ချ် တို့ရဲ့ တိုက်စစ်အတွဲဟာ လျှင်မြန်မှုအားနည်းတာကြောင့် လိုအပ်နေတဲ့ အမြန်နှုုန်းအတွက် ဘယ်တောင်ပံက ခရစ်စ်တီယန် ပူလီဆစ် ကို ကျားကန်ပေးခဲ့ပါတယ်..။ ဒါဆိုရင် အိုလီဗီယာ ဂျီရူးဒ် ကို တန်မီ အေဘရာဟမ် ထက်ပိုပြီး ဦးစားပေးရတာလဲ..? ဆိုတဲ့ မေးခွန်းကိုတော့….
“ကျွန်တော်ဟာ တန်မီ လား? အိုလေ လား..? ဆိုတဲ့ မေးခွန်းကို မကြာခဏ အမေးခံခဲ့ရသလို တစ်ယောက်ကို ပွဲထုတ်ခဲ့ပြန်ရင်လည်း ဘာကြောင့်နောက်တစ်ယောက်ကို ပွဲမထုတ်တာလဲ..? ဆိုပြီး မေးကြပြန်ရော..” လို့ပဲ ဖရန့် လမ်းပတ် က ဖြေကြားခဲ့ပါတယ်..။ ဘယ်လိုနည်းစနစ်ပိုင်း အကြောင်းပြချက်နဲ့ ရွေးချယ်ခဲ့ရပါတယ် ဆိုပြီး တိတိကျကျ ဖြေကြားခဲ့တာ မရှိပါဘူး..။ ဒါပေမယ့်ပွဲချိန် (၆၅) မိနစ် အရောက်မှာတော့ သူတို့နှစ်ယောက် အတူတွဲဖက် ကစားခွင့် ရရှိခဲ့ပါတယ်..။ တကယ်တော့ တီမို ဗာနာ သာ ယုံကြည်မှုသိသိသာကြီး ကျဆင်းမနေဘူးဆိုရင် ပထမဦးစားပေး တိုက်စစ်မှူးဖြစ်ခဲ့မှာ အသေအချာပါပဲ..။
ဂျာမနီတိုက်စစ်မှူး တီမို ဗာနာ ဟာ နိုင်ငံလက်ရွေးစင်အသင်းမှာရော၊ ကလပ်အသင်းမှာပါ နောက်ဆုံးကစားခဲ့တဲ့ (၁၅) ပွဲအတွင်း League Two အဆင့်က မိုရာကမ်ဘီ အသင်းနဲ့ပွဲမှာပဲ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်..။ ဖူးလ်ဟမ်းအသင်းနဲ့ပွဲမှာလည်း သူဟာပွဲကိုအဆုံးသတ်နိုင်မယ့် (kill the game) အခွင့်အရေးတစ်ကြိမ် ရခဲ့သေးပေမယ့် အခုနှစ်ဘောလုံးရာသီမှာ ကိုးကြိမ်မြောက် အပိုင်ဂိုးသွင်းခွင့် လွဲချော်ခဲ့ရပြန်ပါတယ်..။ ဂိုးပေါက်ဆီကို ဆွဲပြေးရင်း ညာခြေနဲ့ကန်သွင်းချက်ဟာ ဘယ်ဘက်ဂိုးတိုင်ဘေးကနေ ထွက်သွားခဲ့ရတာကြောင့် ချယ်လ်ဆီးပရိသတ်များအတွက် ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာမှုတ်ချိန် ကျမှသာ စိတ်သက်သာရ ရခဲ့ပါတယ်..။
နောက်ဆုံးမှာတော့ ဖူးလ်ဟမ်းနဲ့ အနိုင်ပွဲရလဒ်ဟာ တီမို ဗာနာ အတွက် စိတ်အားတက်ဖွယ်ရာ မဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်း ပရိသတ်အတွက်လည်း အသင်းရဲ့တိုးတက်ပြောင်းလဲလာမှုကို မြင်တွေ့ခဲ့ရပါတယ်.. ဆိုတဲ့ ခံစားချက်မျိုး မရရှိခဲ့ပါဘူး..။ ဖရန့် လမ်းပတ် ဟာ ရှေ့လာမယ့်ပွဲတွေမှာ သူ့အသင်းရဲ့တိုက်စစ်ပိုင်းကို ဘယ်လိုပုံစံ ဆက်လက်မောင်းနှင်ဦးမှာလဲ.? ဆိုတဲ့အဖြေကို မတွေ့ခဲ့ရသလို အခုပွဲက သုံးမှတ်ဟာ သူ့အတွက် ဖိအားတွေကို လျော့ကျစေခဲ့တယ်.. ဆိုတာထက် မပိုခဲ့ပါဘူး..။
ဒါပေမယ့်အခြေအနေတွေဟာ အဆိုးရွားကြီးတော့ မဟုတ်ပါဘူး..၊ သူတို့ဟာ အင်္ဂါနေမှာ လက်စ်တာအသင်းနဲ့ပွဲ မတိုင်ခင် အမှတ်ပေးဇယား အဆင့် (၇) နေရာကို ရောက်နေတယ်ဆိုပေမယ့် ထိပ်ဆုံးက အသင်းတွေကို လက်လှမ်းမှီနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ဟာ အသင်းကို ပုံစံသစ်တစ်မျိုးနဲ့ မွန်းမံနေတယ်ဆိုရင် အခုလိုကြုံရာကျပန်း အဆင်ပြေမယ်ထင်တဲ့ အတွဲအစပ်နေတဲ့ ပွဲထွက်နေတာထက်စာရင် စနစ်တကျနဲ့ လမ်းကြောင်းတစ်ခုကို ချီတက်နေတဲ့ပုံစံတစ်ခုကို ပြသနိုင်ဖို့ လိုအပ်နေပါတယ်..။ အထူးသဖြင့် ပရိသတ်တွေ တောင့်တနေတဲ့ ခိုင်မာ ကျစ်လျစ်တဲ့ ကစားဟန်တစ်ခုကို အမြန်ဆုံးပြန်လည်တွေ့ရှိနေဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
(Sky Sports မှ ဆောင်းပါးရှင် Adam Bate ၏ ‘Chelsea beat 10-man Fulham but Frank Lampard is still searching for his style’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)