ဖရန့် လမ်းပတ် ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်း ပထမဆုံးရာသီမှာ မျှော်မှန်းထားတာထက် ပိုမိုမြင့်မားခဲ့တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်အခုနှစ်ဘောလုံးရာသီမှာတော့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့အတူ သူ့အပေါ်ကို ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ ပိုမိုကြီးမားခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီမျှော်လင့်ချက်တွေအကုန် ‘သဲထဲရေသွန် ဖြစ်ခဲ့ရပြီး သူဟာချယ်လ်ဆီးကို ကိုင်တွယ်နိုင်ဖို့ လုံလောက်တဲ့ အစွမ်းအစ ရှိပါရဲ့လား? ဆိုတဲ့ သံသယစိတ်တွေအဖြစ် ပြောင်းလဲကုန်ပါတယ်.။
တကယ်တော့ သူ့ရဲ့အသင်းဟာ ပြီးခဲ့တဲ့ ဖူးလ်ဟမ်းအသင်းနဲ့ပွဲတုန်းကလည်း ဆီဇာ အက်ဇ်ပီလီကွဲတား ကို ခြေစုံပစ်ပြီး ဖျက်ထုတ်မှုကြောင့် အန်တိုနီး ရော်ဘင်ဆန် အထုတ်မခံခဲ့ရခင်အထိ နိုင်ပွဲရမယ့်ပုံစံ မရှိခဲ့သလို တစ်ယောက်အသာနဲ့တောင် အနိုင်ဂိုးရဖို့ နောက်ထပ် (၃၄) မိနစ် စောင့်ခဲ့ရပါသေးတယ်..။ ဒီလိုနဲ့ ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့အသင်းသားတွေဟာ အမှတ်ပေးဇယားမှာ ကိုယ့်ထက် (၁၇) မှတ်လျော့နေတဲ့ အသင်းကို ၁ဂိုး- ဂိုးမရှိနဲ့ အနိုင်ရအောင် ခက်ရာခဲဆစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ တကယ်တော့ အဲဒီပွဲမှာ ဖူးလ်ဟမ်းအသင်းဟာ အရှုံးရလဒ်နဲ့ မထိုက်တန်ခဲ့သလို စကော့ ပါကား ရဲ့အသင်းဟာ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ တိုးတက်မှုတွေနဲ့ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်..။ အခုဆိုရင် သူတို့အသင်းဟာ ချန်ပီယံရှစ်ကို အစောဆုံး တပ်ခေါက်ပြန်မယ့်အသင်းအဖြစ် ထင်ကြေးပေးထားခံရတဲ့ အနေအထားကနေ ပရီးမီးယားလိဂ်မှာ နောက်ထပ်တစ်ရာသီ တင်ကျန်နိုင်မယ့်အသင်း ဖြစ်နိုင်မယ့် အလားအလာကောင်းတွေ ပြသနိုင်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်တုန်းက စကော့ ပါကား ဟာ လက်စ်တာ စီးတီးအသင်းကို အဝေးကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလီဗာပူးလ်၊ ဆောက်ပ်သမ်တန် နဲ့ တော့တင်ဟမ် စတဲ့ အသင်းကောင်းတွေကို သရေကျအောင် မာမာထန်ထန် တုံ့ပြန်ကစားပြနိုင်ခဲ့ပါတယ်..။ ဖူးလ်ဟမ်းအသင်းဟာ ရာသီအဖွင့်ပွဲစဉ်တုန်းက အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ခြေပြတ်၊ ဂိုးပြတ်ရှုုံးနိမ့်ခဲ့တဲ့ အသင်းအဖြစ်ကနေ အသင်းကြီးတွေကတောင် အနိုင်ရဖို့မနည်းကန်နေရတဲ့ အသင်းအဖြစ်ကို ပြောင်းလဲပေးလာခဲ့ပါပြီ..။ မာကျော၊ ကျစ်လျစ်လာတဲ့ ခံစစ်ကြောင်းနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲမှာ (၆) ဂိုးပဲ ခွင့်ပြုခဲ့ရပြီး ကာဗယ်လယ်ယာယိုး၊ အဒီမိုလာ လုခ်မန်း၊ ဘော်ဘီ ရိဒ်၊ ရူဘင် လော့ဖ်တပ်စ် ချိခ်၊ အလက်ဇန်းဒါး မီထရိုဗစ် တို့လို ကစားသမားတွေနဲ့ လိုအပ်တဲ့သွင်းဂိုးတွေ အရယူနိုင်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်..။
ဖရန့် လမ်းပတ် ဟာ တစ်ချိန်တုန်းကအသင်းဖော် ပါကား စွမ်းဆောင်ခဲ့သလို လက်စ်တာ အသင်းအပေါ် အနိုင်မယူနိုင်ခဲ့တဲ့အပြင် ပြိုင်ဘက်နည်းပြ ဘရန်ဒန် ရောဂျားစ် ရဲ့ ထိပ်ပုတ်၊ ခေါင်းပုတ် ကစားသွားတာကိုပါ ခေါင်းငုံ့ခံခဲ့ရပါတယ်.။ စကော့ ပါကား နဲ့ ရလဒ်ပိုင်းအရ နှိုင်းယှဉ်မယ်ဆိုရင် လီဗာပူးလ်အသင်းကို သူ့လိုသရေမကန်နိုင်ပဲ ရှုံးနိမ့်ခဲ့တယ်..၊ သူ့လိုပဲ.. ဆောက်ပ်သမ်တန်၊ တော့တင်ဟမ် တို့ကို သရေရအောင်သာ ကန်နိုင်ခဲ့သလို အာဆင်နယ်အသင်းကိုလည်း ပေးဂိုးအတူတူ ရှုံးနိမ့်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အသင်းနဲ့ စကော့ ပါကား ရဲ့ အသင်းနဲ့ကြားက ကစားသမားအင်အားချင်း ယှဉ်ကြည့်ရင် ‘မိုးနဲ့မြေ’ လိုပါပဲ..။
လက်စ်တာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မနေ့ကပွဲစဉ်အပြီးမှာ ဖရန့် လမ်းပတ် ကလည်း ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပိုင်းကို ဝေဖန်ပစ်တင်ခဲ့သလို အင်္ဂလန်က ရုပ်သံလိုင်းတွေမှာ ပွဲစဉ်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေကြတဲ့ ကစားသမားဟောင်းအများစုကလည်း သူ့ဘက်ကနေ သံယောင်လိုက်ခဲ့ကြပါတယ်..။ နာမည်ကျော် Sky Sports ရုပ်သံလိုင်းမှာ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဖရန့် ရဲ့ အစ်ကိုတစ်ဝမ်းကွဲ ဂျေမီ ရက်ဒ်နပ် ဆိုရင် လက်စ်တာအသင်းနဲ့ပွဲအပြီး အစီအစဉ် တင်ဆက်သူ ကယ်လီ ကိတ်စ် ရဲ့ ဖရန့် လမ်းပတ် ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးမြန်းချက်ကို အများရဲ့အမြင်နဲ့ ပြောင်းပြန်ဖြစ်အောင် ‘ဂျပိုးကိုလိပ်’ လိုလုပ်ပြီး သူ့ရဲ့ညီတော်မောင်အပေါ်မှာ ဖိအားတွေ ရှိနေပြီဆိုတဲ့အကြောင်းလောက်ပဲ ခုခံကာကွယ်သွားခဲ့ပါတယ်..။
“ပရောဂျက် (project) ဆိုတဲ့ စကားကို ကျွန်တော်မသုံးချင်ပါဘူး..။ ဒါပေမယ့် ကစားသမားသစ်တွေ အများကြီးခေါ်ယူလိုက်တဲ့အခါ မနှစ်ကလို မဟုတ်တော့ပဲ သူ့အတွက် ကန့်သတ်ချက်တွေ၊ ဖိအားတွေ ရှိလာခဲ့ပါတယ်..။ ကလေးတစ်ယောက် စတိုးဆိုင်ကနေ ချောကလက်လေးတွေ ဝယ်တာနဲ့တော့ ခိုင်းနှိုုင်းလို့ ဘယ်ရမှာလဲဗျာ..။
ကစားသမားတွေ ရလာပြီ..၊ သူတို့အားလုံးကို ဘယ်လိုနေရာမှာ ကစားရမယ်..၊ အသင်းရဲ့ ကစားကွက်မှာ အဆင်ပြေအောင် ဘယ်လိုနေရာချမယ် စသဖြင့် အားလုံးနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ အချိန်လိုအပ်ပါတယ်..။ ကစားသမား အများစုဟာ တခြားနိုင်ငံတွေကနေ လာခဲ့တာဖြစ်သလို အခုလိုကိုဗစ်ကပ်ရောဂါ ကာလ အခက်အခဲတွေကြားမှာ ချက်ချင်းကြီး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး..။”
ဂျေမီ ရက်ဒ်နပ် လိုပါပဲ..၊ အခြားပွဲစဉ်သုံးသပ်သူတွေ (pundits) ကလည်း ဖရန့် လမ်းပတ် အနေနဲ့ သူ့ရဲ့ကစားသမားတွေကို အသင်းမှာ အံဝင်ဂွင်ကျဖြစ်လာအောင် အချိန်ယူဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုပဲ ကာကွယ်ပြောကြား၊ မှတ်ချက်ပေးသွားကြပါတယ်..။
ကဲ.. ဒါပေမယ့် သူတို့ပြောသလို ‘ရေသစ်၊ မြေသစ်မှာမလို့ အခြေကျဖို့ ခက်ပါတယ်..’ ဆိုတဲ့အချက်ဟာ ဖူးလ်ဟမ်းအသင်း (နှင့် လက်စ်တာအသင်း) မှာ အကျုံးမဝင်သလို ဖြစ်နေတာဟာ ထူးဆန်းမနေဘူးလား..? ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ပွဲထွက်ခဲ့တဲ့ သူတို့အသင်း လူစာရင်းမှာ ရေသစ်၊ မြေသစ်ကနေ အခြေချတဲ့ ကစားသမား ငါးယောက်ပါခဲ့ပြီး အဲဒီကစားသမားတွေကို အခုနှစ်နွေရာသီကမှ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်..။ လေးယောက်ကတော့ အဌားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ..။ အဲဒီနေ့က ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နွေရာသီက ခေါ်ယူထားတဲ့ ကစားသမား လေးယောက်ပဲ ပါဝင်ပါတယ်..။ ပရီးမီးယားလိဂ်ကို ဒီနှစ်နွေရာသီကျမှ play off ပွဲစဉ်တွေကနေ တက်ရောက်လာခဲ့တဲ့ စကော့ ပါကား အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အရန်ခုံမှာ ထိုင်းခိုင်းထားတဲ့ တီမို ဗာနာ နဲ့ ကိုင် ဟာဗာ့ဇ် လို ကစားသမားဆိုတာ အိပ်မက်တောင် မက်နိုင်တာ မဟုတ်ပါဘူး..။
ဂျေမီ ရက်ဒ်နပ် ကတော့ ကိုင် ဟာဗာ့ဇ် နဲ့ တီမို ဗာနာ တို့နှစ်ယောက်ဟာ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်း မရှိသေးတာကြောင့် ဖရန့် လမ်းပတ် အပေါ် ဖိအားတွေ ပိုပြီးကျရောက်စေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် အနေနဲ့ RB လိုက်ပ်ဇစ် အသင်းတုန်းက တီမို ဗာနာ ရဲ့ ဆရာရင်း ဖြစ်ခဲ့တဲ့ ရာ့ဖ် ဟာဆင်ဟတ်တယ်လ် ရဲ့ ‘မနေနိုင်လွန်းလို့ ပြောမိတာပါ..’ ဆိုတဲ့ အကြံပေးစကားကို နားထောင်ကြည့်ဖို့ ကောင်းပါတယ်..။
“တီမို ဗာနာ ဟာ ကိုယ့်ရဲ့ကစားကွက်ကို သူနဲ့ကိုက်ညီအောင် ပြုပြင်ပေးရမယ့် ကစားသမားမျိုး ဖြစ်ပါတယ်..။ တကယ်လို့ ကိုယ့်ရဲ့ကစားကွက်ဟာ သူနဲ့အံဝင်သွားပြီဆိုရင် သူဟာထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ပေးစွမ်းနိုင်တဲ့ အရည်အသွေးမျိုး ပြသပါလိမ့်မယ်..။ အဲဒီလို မဖြစ်လာခင် သူ့ဆီမှာ ခင်ဗျားဂရုစိုက်ရမယ့် အချက်တစ်ချို့ရှိနေပါတယ်..။
လိုက်ပ်ဇစ်အသင်းမှာ ကျွန်တော်ရှိနေစဉ်တုန်းက ကျွန်တော်ဟာ သူ့ရဲ့အစွမ်းကို အကောင်းဆုံး အသုံးချနိုင်ဖို့ပဲ အပြည့်အ၀ အာရုံစိုက်ခဲ့ပါတယ်..။ အထူးသဖြင့် ဘောလုံးရပြီဆိုတာနဲ့ တိုက်စစ်ကိုအမြန်ဆုံးစတင်ခဲ့ခြင်းဟာ (quick transition) ကျွန်တော်တို့အတွက် အဆင်အပြေဆုံး ကစားဟန် ဖြစ်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ နောက်မှာရောက်လာခဲ့တဲ့ ဂျူလီယန် နဂယ်လ်မန်းစ် ဟာလည်း အဲဒီလို quick transition, aggressive pressing ကစားဟန်ကို ဆက်လက်ကျင့်သုံးခဲ့ပြီး သူကလည်း ဂိုးတွေအများကြီး သွင်းပေးနိုင်ခဲ့ပါတယ်..။”
တီမို ဗာနာ ဟာ အခုအချိန်မှာ ဂိုးတွေမသွင်းပေးနိုင်တဲ့အပြင် သူ့ရဲ့ကစားသမား သက်တမ်းတစ်လျှောက် အဆိုးရွားဆုံး ဂိုးမိုးခေါင်မှုအဖြစ် (၁၁) ပွဲဆက်တိုက် သွင်းဂိုးပျောက်ဆုံးနေခဲ့ပါတယ်..။ ဒီလိုဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးမျိုးကို စတာလင်ပေါင်သန်း (၅၀) လောက် ရင်းနှီးမြုပ်နှံခဲ့ပေမယ့် နည်းပြက သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ထုတ်ယူမပြနိုင်တဲ့အဖြစ်ဟာ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် နဲ့ ဘုတ်အဖွဲ့တွက် စိုးရိမ်စရာ ခေါင်းကိုက်ဆေးတစ်ပါးပါပဲ..။ ဒါပေမယ့် အခုအချိန်မှာ အသင်းရဲ့ ထိုးဆင်းနေတဲ့ ကစားပုံနဲ့ ရလဒ်ဆိုးတွေဟာ သူတို့အတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၈) ပွဲမှာ (၂) ပွဲပဲ အနိုင်ရခဲ့ပါတယ်..။ အဲဒီလိုအသင်းရဲ့ ရလဒ်ပိုင်းဆိုးရွားနေမှုအပေါ် သူလည်းစိုးရိမ်နေတဲ့အကြောင်း ဖရန့် လမ်းပတ် ကလည်း မနေ့ကပွဲအပြီးမှာ ဝန်ခံ၊ ပြောကြားခဲ့ပါတယ်..။
“ကျွန်တော့်ဆီမှာ စိုးရိမ်စိတ်တွေ ရှိနေပါတယ်..။ လွန်ခဲ့တဲ့တစ်လကျော်လောက်က ရရှိခဲ့တဲ့ ကစားကွက်ပုံစံကနေ အခုလိုပုံစံဖြစ်သွားတာ ကျွန်တော်တို့အတွက် စိုးရိမ်စရာပါ..၊ ဖူးလ်ဟမ်းနဲ့ပွဲကို အနိုင်ရခဲ့တယ် ဆိုတာတောင်မှ ကျွန်တော်တို့ဟာ အခုထက်ပိုပြီး ကောင်းမွန်သင့်ပါတယ်..။”
ဒါဟာကစားသမားတွေရဲ့ တာဝန်ပဲလား..?
ဖရန့် လမ်းပတ် ရည်ညွန်းခဲ့တဲ့ ကာလအတွင်းမှာ ချယ်လ်ဆီးအသင်းဟာ ရုရှလူသစ်တန်းက ခရက်စ်နိုးဒါး၊ ပြင်သစ်မှာတိုင်ပတ်နေတဲ့ ရန်းန်၊ ဆီဗီးလား တို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွေ၊ (၁၃) ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ ကာလအတွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေကို ကြည့်မယ်ဆိုရင် ဘန်လေ၊ ရှက်ဖီးလ် ယူနိုက်တက်၊ နယူးကာဆယ် ယူနိုက်တက်နဲ့ လိဒ် ယူနိုက်တက် တို့လို အသင်းတွေဟာ ချယ်လ်ဆီးလို အသင်းအတွက် အနိုင်ရမယ်ဆိုတာ အားလုံးကမျှော်လင့်ပြီးသားပါ..။
ချယ်လ်ဆီးပရိသတ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ စတာလင်ပေါင် (၂၂၅.၁) သန်းလောက် အကုန်ကျခံ အားဖြည့်ခဲ့တာကြောင့် ဒီထက်ပိုပြီး တိုးတက်တဲ့ ရလဒ်တွေအဖြစ် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေကို အနိုင်ရဖို့ ဒါမှမဟုတ် တခြားဥရောပအသင်းကြီးတွေကို တူတူတန်တန် ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ပေါ်ထွက်လာစေချင်ခဲ့တာပါ..။ ဒါ့အပြင် အမှတ်ပေးဇယားမှာ အဆင့် (၈) နေရာထက်ပိုပြီး အဆင်မြင့်မြင့်နဲ့ ထိပ်တန်းအသင်းတွေကို ပိုပြီးခြိမ်းခြောက်စေချင်ခဲ့ပါတယ်..။
အပြာရောင်သစ္စာရှိ ပရိသတ်များကတော့ အသင်းရဲ့သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဂန္ထဝင်ကစားသမားဘက်က ကာကွယ်ပြီး အသစ်ခေါ်ယူထားခဲ့တဲ့ ကစားသမားများဟာ အသင်းအတွက် လုံလောက်တဲ့ လုပ်အားနှုန်း မပြသခဲ့ဘူး.. လို့ ခေါင်းစဉ်တက်ကြမှာ ဖြစ်ပေမယ့် အဲဒီကစားသမားတွေဟာ ဘွန်ဒက်စ်လီဂါ၊ ဟော်လန်လိဂ် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ မှန်ကန်တဲ့နည်းပြတွေ၊ မှန်ကန်တဲ့ ပွဲအစီအမံတွေအောက်မှာ သူတို့ရဲ့အစွမ်းကို သက်သေပြသခဲ့ပြီး ကစားသမားတွေပါ..။
ဖရန့် လမ်းပတ် ဟာ သူချစ်မြတ်နိုးတဲ့ အပြာရောင်အသင်းကို ကိုင်တွယ်ခွင့်ရခဲ့တာ ဒုတိယမြောက် ဘောလုံးရာသီပဲ ရှိသေးတာကြောင့် သူ့ကိုအခုထက်ပိုပြီး အချိန်ပေးသင့်တယ်..၊ လက်ရှိအချိန်မှာ ရလဒ်ပိုင်းနဲ့ ကစားပုံ ဆိုးရွားနေတယ်ဆိုသော်ငြား ထိပ်ဆုံးက လက်စ်တာအသင်းနဲ့ ကိုးမှတ်လောက်ပဲ ကွာသေးတာ ဖြစ်တဲ့အတွက် လက်လှမ်းမှီနိုင်သေးတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ သူ့ရဲ့အပြာရောင်ပရိသတ်ဘက်က ထပ်မံ လျှောက်လှဲကြပါလိမ့်မယ်..။
အဲဒီအချက်ဟာ မှန်ကန်တယ်လို့ ပြောနိုင်ပေမယ့် အခုနောက်ပိုင်းပွဲစဉ်တွေမှာ တွေ့မြင်နေရတဲ့ ကစားသမားတွေရဲ့ ဟန်ပန်အမူအရာ၊ အောင်ပွဲဆာလောင်စိတ် ကင်းမဲ့နေပုံ၊ ယုံကြည်မှု ပျောက်ဆုံးနေပုံတွေဟာ အားရဖို့မကောင်းလှသလို ပြိုင်ဘက်အသင်းတွေအတွက် အချဉ်ကွက်လို ဖြစ်နေတဲ့ လျော့တိလျော့ရဲ ကွင်းလယ်အခင်းအကျင်း၊ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကြားက နေရာလွတ်တွေဟာ အနာဂတ်အတွက် စိတ်ပူစရာပါပဲ..။
ဒါပေမယ့် အခုလာမယ့်အပါတ် လူတန်အသင်းနဲ့ FA ဖလားပွဲစဉ်ကနေစပြီး ဝုလ်ဖ်၊ ဘန်လေ၊ ရှက်ဖီးလ် ယူနိုက်တက်၊ နယူးကာဆယ် တို့လို အသင်းတွေနဲ့ ပွဲစဉ်တွေဟာ ဖရန့် လမ်းပတ် အတွက် နောက်ထပ်တစ်ကြိမ် ပြန်လည်နိုးထနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်..။ အဲဒီပွဲစဉ်တွေကြားထဲမှာ ရိုမန် အေဘရာမိုဗစ်ချ် နှစ်ကြိမ်တိုင်တိုင် ထုတ်ပယ်ခဲ့ဖူးတဲ့ ဟိုဆေး မောင်ရင်ဟို ရဲ့ တော့တင်ဟမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲ ပါဝင်ပါသေးတယ်..။
ဒါ့ကြောင့် ဖရန့် လမ်းပတ် အနေနဲ့ နဂါးရဲ့မျက်စောင်းလို အကြောင်းမရွေးတတ်တဲ့ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့အတူ တစ်ချိန်ကဆရာဟောင်း ဟိုဆေး မော်ရင်ဟို ရဲ့ လမ်းစဉ်နောက်ကို လိုက်ပါသွားမလား? ဆိုတာကို မြင်တွေ့ခွင့်ရနိုင်မယ့် အလားအလာတွေ ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(OTB Sports မှ ဆောင်းပါးရှင် Stephen Doyle ၏ ‘Opinion | Lampard is to blame, not the Chelsea players’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)