ကြီးမားတဲ့ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့ရတဲ့ ဖရန့် လမ်းပတ် ရဲ့ အပြာရောင်နည်းပြသက်တမ်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်သွားစေတဲ့ အချက်တွေအများကြီး ရှိခဲ့ပါတယ်..။ အဲဒီထဲမှာ ဒီနှစ်နွေရာသီမှာ ရောက်ရှိလာတဲ့ ဂျာမန်လူငယ် ကစားသမား တီမို ဗာနာ နဲ့ ကိုင် ဟာဗာ့ဇ် တို့နှစ်ယောက်ရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ယူမပြနိုင်ခဲ့တဲ့ အချက်ဟာ အဓိကအချက်တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်..။
အဲဒီဂျာမန်လက်ရွေးစင်နှစ်ယောက်ဟာ ဥရောပတိုက်ရဲ့ အတောက်ပဆုံး လူငယ်တိုက်စစ်မှူးနှစ်ယောက် ဖြစ်ခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားခဲ့မှုဟာ လူတကာရဲ့ အာရုံစိုက်စရာ အပြောင်းအရွှေ့ ခေါင်းကြီးသတင်း ဖြစ်ခဲ့ပါတယ်..။
ဒါပေမယ့် ဖရန့် လမ်းပတ် ရဲ့ လက်ထက်မှာ သူတို့နှစ်ယောက်ပေါင်း ကစားခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲအတွင်း နှစ်ယောက်ပေါင်း သွင်းဂိုး (၅) ဂိုး၊ ဂိုးဖန်တီးမှု (၆) ကြိမ်ပဲ ပြုလုပ်ခဲ့သလို ရာသီတစ်ဝက်ကျိုး ကာလကို ရောက်ရှိနေပေမယ့် ရုန်းကန်နေဆဲ ခြေစွမ်းတွေကိုသာ မြင်တွေ့ခဲ့ရပါတယ်..။ တီမို ဗာနာ ဟာ နိုဝင်ဘာလကတည်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့သလို ကိုင် ဟာဗာ့ဇ် ဆိုရင် ဂိုးမသွင်းနိုင်ဖို့ အသာထားလို့ ဂိုးပေါက်မခြိမ်းခြောက်နိုင်ခဲ့တာတောင် အတော်လေးကြာနေပါပြီ..။ အထူးသဖြင့် ဖရန့် လမ်းပတ် ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးခဲ့တဲ့ပွဲ၊ သူ့ရဲ့ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လက်စ်တာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာဆိုရင်လည်း သူတို့နှစ်ယောက်ရဲ့ အခြေအနေဟာ ဆိုးဆိုးရွားရွားပါပဲ..။
အဲဒီပွဲမှာဆိုရင် ကိုင် ဟာဗာ့ဇ် ဟာ ယုံကြည်မှုလုံးမရှိတဲ့ပုံ ဖြစ်နေပြီး သူ့ဆီက အကောင်းဆုံးပံ့ပိုးမှုဆိုလို့ ဟာဗေး ဘန်းစ် ကို လူချခဲ့တာကြောင့် အဝါကတ်ဒ် အပြခံခဲ့ရတဲ့ အခိုက်အတန့်ပဲ ရှိခဲ့ပါတယ်..။ ဒီပွဲမှာတော့ တီမို ဗာနာ ဟာ လူစားဝင်လာခဲ့ရပြီး ကစားပုံကောင်းမွန်ခဲ့သလို ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူဟာချေပဂိုးတစ်ဂိုး ရရှိခဲ့ပေမယ့် လူကျွံဘောနဲ့ ပယ်ဖျက်ခံခဲ့ရတဲ့အတွက် သူ့ရဲ့ကံဆိုးမိုးမှောင်ကျဆဲ ခရီးလမ်းကနေ ရုန်းမထွက်နိုင်ပဲ ရှိခဲ့ပါတယ်..။ ဒါ့အပြင် အသက် (၂၄) နှစ်အရွယ် ဂျာမနီတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က လူတန် တောင်းအသင်းနဲ့ FA ဖလားပွဲစဉ်မှာလည်း ဆက်လက်ကံဆိုးနေဆဲဖြစ်ပြီး ပင်နယ်တီကန်ချက်ပါ လွဲချော်ခဲ့ရပြန်ပါတယ်..။ တီမို ဗာနာ ရဲ့ ဂိုးမိုးခေါင်နေမှုအပေါ် ဖရန့် လမ်းပတ် က အခုလိုမှတ်ချက်ပေးခဲ့ပါတယ်..။
“ကံတရားက ကိုယ့်ဘက်မှာ ရှိမနေတဲ့အခါ အခုလိုအဖြစ်မျိုးတွေ ကြုံရတတ်ပါတယ်..။ ကျွန်တော်လည်း ပင်နယ်တီကန်ချက်တွေ လွဲချော်ခဲ့ဖူးတာကြောင့် သူဘယ်လိုခံစားနေရလဲ သိပါတယ်..။ ပင်နယ်တီလွဲချော်ပြီးတဲ့အချိန်နဲ့ အဲဒီနောက်ပိုင်း မိနစ်တွေမှာ သူဘယ်လိုဝမ်းနည်းနေမလဲ ကျွန်တော်ခံစားကြည့်နိုင်ပါတယ်..။ ဒါပေမယ့် ကစားသမားတစ်ယောက်ဟာ အဲဒီလို စိတ်ပျက်အားလျော့နေတာကို မပြသပဲ စိတ်ဓါတ်ခိုင်မာနေဖို့ လိုအပ်ပါတယ်..။ သူ့အနေနဲ့ စိတ်ကူးထဲတောင် ထည့်စဉ်းစားစရာ မလိုပဲ ပင်နယ်တီတွေ အသာလေး ကန်သွင်းနိုင်တဲ့ ကာလကို ရောက်ရှိလာမှာပါ..။”
ဒါပေမယ့် အဲဒီမှတ်ချက်အပြီး (၂၄) နာရီကျော်ကျော်မှာပဲ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ထုတ်ပယ်ခဲ့မှုကြောင့် ဖရန့် လမ်းပတ် ဟာ အဲဒီမှတ်ချက်ရဲ့ နောက်ဆက်တွဲရလဒ်ကို ပွဲကြည့်ပရိသတ်အနေနဲ့ပဲ ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်..။ သူဟာတီမို ဗာနာ နဲ့ ကိုင် ဟာဗာ့ဇ် တို့နှစ်ယောက်ကို အချိန်ပေးဖို့ လိုအပ်တဲ့အကြောင်း အမြဲတမ်းပြောဆိုခဲ့ပါတယ်..။ ‘ကြိုးစားအားထုတ်မှုနဲ့ အခက်အခဲကို ကျော်ဖြတ်နိုင်မယ်’ ဆိုပြီး ထပ်တလဲလဲ ညွန်ကြားခဲ့သလို တစိုက်မတ်မတ်ရှိမှုနဲ့ မလျော့တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ စိုက်ထုတ်ဖို့ လိုအပ်တဲ့အကြောင်း အဖန်ဖန်ပြောဆိုခဲ့ပါတယ်..။ သို့ပေမယ့် သူတို့ရဲ့ကြိုးစားအားထုတ်မှုဟာ အရာမထင်သလို ဖြစ်ခဲ့ရပါတယ်..။
သူတို့နှစ်ယောက်ဟာ အင်္ဂလန်မြေကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း နေရာမျိုးစုံ၊ ကစားကွက်မျိုးစုံမှာ ကစားခဲ့ရသလို ဖရန့် လမ်းပတ် ကိုယ်တိုင်ကလည်း သူတို့နှစ်ယောက်ကို သူ့အသင်းရဲ့ ဘယ်လိုနေရာမှာ သုံးသင့်လဲ.. သေသေချာချာ သိသွားခဲ့ပုံ မပေါ်ပါဘူး..။ သူဟာအဆင်ပြေနိုင်မယ့် ကစားကွက်အမျိုးမျိုး စမ်းသပ်ကြည့်ခဲ့ပေမယ့် အဖြေကိုရှာမတွေ့ခဲ့ပါဘူး..။ တကယ်တော့ လူငယ်ကစားသမားတွေအတွက် လိဂ်ပြိုင်ပွဲသစ်၊ ရေသစ်၊ မြေသစ်တိုင်းမှာ စိန်ခေါ်မှုတွေအများကြီး ရှိခဲ့ပါတယ်..။ ဒါတွေအပြင် ကိုယ်ဘယ်လိုနေရာမှာ ကစားရမယ်..၊ ဘယ်လိုကစားရမယ်ဆိုတာ သေသေချာချာ မသိခဲ့ရမှုဟာ သူတို့အတွက် ပိုမိုပြီးခက်ခဲစေခဲ့ပါတယ်..။
ဒ့ါကြောင့်ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့အနေနဲ့ သူတို့နဲ့နိုင်ငံတူ၊ လိဂ်ပြိုင်ပွဲတူ အတွေ့အကြုံရှိခဲ့တဲ့ တူချယ်လ် ကတော့ သူတို့ဆီကအကောင်းဆုံးခြေစွမ်းကို ထုတ်ယူနိုင်ဖို့ ပိုပြီးကောင်းမွန်တဲ့ အကြံအစည်ရှိခဲ့လိမ့်မယ်လို့ ယုံကြည်ခဲ့ပုံ ရပါတယ်..။ တီမို ဗာနာ ဟာ သူ့ရဲ့ကစားပုံနဲ့ ကိုက်ညီတဲ့ ကစားကွက်အခင်းအကျင်းမှာဆိုရင် အစွမ်းကုန်တောက်ပမယ့် ကစားသမားတစ်ဦးအဖြစ် ဆောက်ပ်သမ်တန်အသင်းနည်းပြ ရာ့ဖ် ဟာဆန်ဟတ်တယ်လ် က ပြောဆိုခဲ့ဖူးပါတယ်..။ သူဟာ ဟာဆန်ဟတ်တယ်လ် နဲ့အတူ RB လိုက်ပ်ဇစ်အသင်းနဲံ့ (၇၇) ပွဲမှာ (၄၂) ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်ပါတယ်..။ ဟာဆန်ဟတ်တယ်လ် လက်ထက်မှာ RB လိုက်ပ်ဇစ်အသင်းဟာ ပြိုင်ဘက်အသင်းတွေဆီကနေ အတင်းလိုက်ဖိအားပေးပြီး ဘောလုံးပြန်ရတာနဲ့ တိုက်စစ်ကို အမြန်ဆုံး ပြန်လည်စတင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့အသင်းဟာ လျှင်မြန်တဲ့ ထိုးဖောက်မှုတွေ (fast breaks) ကနေ (၁၁) ကြိမ် ဂိုးရခဲ့ပြီး အဲဒီလို fast breaks တွေကနေ ဂိုးအများဆုံး ရရှိခဲ့တဲ့အသင်း ဖြစ်ခဲ့ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ fast breaks တွေကနေ (၂) ဂိုးပဲ ရရှိထားသေးပါတယ်…။ တကယ်တော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကနေ တိုက်စစ်ကိုပြောင်းလဲတဲ့ transition နှေးကွေးမှုဟာ တီမို ဗာနာ အတွက် အခက်အခဲတွေ့စေခဲ့တဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ခဲ့ပါတယ်.။ အထူးသဖြင့် ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းဟာ သိသားထင်ရှားတဲ့ ကစားဟန် (identity) ပျောက်ဆုံးနေခဲ့ပါတယ်.။ အရည်အသွေးမြင့် ကစားသမားသစ်တွေ အားဖြည့်ခဲ့တာ မှန်ပေမယ့် ကစားသမားတွေရဲ့ အရည်အသွေးတစ်ခုတည်းနဲ့ အလုံးစုံရရှိဖို့ ခက်ခဲပါတယ်..။ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းကို အခုထက်ပိုပြီး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ နည်းလမ်းရှာမတွေ့ခဲ့ပါဘူး..။
တကယ်တော့ ဖရန့် လမ်းပတ် ဟာ အသင်းကြီးတစ်သင်းမှာ မန်နေဂျာအဖြစ် တာဝန်ယူခဲ့တာ (၁၈) လပဲ ရှိသေးတဲ့အတွက် သူ့ရဲ့အယူအဆ၊ ဒသနနဲ့ သူလိုချင်တဲ့ အသင်းရဲ့ကစားဟန်ဟာ ဘယ်လိုပုံစံလဲ..? ပြောနိုင်ဖို့ ခက်ခဲခဲ့ပါတယ်..။ ဒါပေမယ့် မိန့်ဇ်၊ ဒေါ့မွန်အသင်းတွေမှာ ဂျာဂင် ကလော့ပ် ရဲ့နေရာကို ဆက်ခံခဲ့တဲ့ အသက် (၄၇) နှစ်အရွယ်ရှိ သောမတ်စ် တူချယ် ဟာ ဟာဆန်ဟတ်တယ်လ် တို့လို အမြန်နှုန်းမြင့် (high intensity) ဖိအားပေး (high pressing) ကစားဟန်နဲ့အတူ လျှင်မြန်မှု (speed) နဲ့ ထိရောက်မှု (efficiency) ကို ရရှိအောင် အသားပေးတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်..။
တူချယ် ဟာ စူပါစတား ကြယ်ပွင့်ကစားသမားတွေ အများအပြားရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့ဘောလုံးဒသနအတိုင်း အသင်းကို တည်ဆောက်ဖို့ ခက်ခဲခဲ့ပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ ရိုမန် အေဘရာမိုဗစ်ချ် အမြဲတစေတောင့်တခဲ့တဲ့ တိုက်စစ်အားသန်ပြီး ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ ကစားဟန်မျိုးကို ဆောင်ယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။ ဒါ့အပြင်သူ့ရဲ့နောက်ထပ် တာဝန်တစ်ခုကတော့ ပုံမှန်ခြေစွမ်းနဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ တီမို ဗာနာ၊ ကိုင် ဟာဗာ့ဇ် တို့ အပါအဝင် ပရီးမီးယားလိဂ်မှာ အခြေချလာတဲ့ တိုက်စစ်ကစားသမား ကြယ်ပွင့်များရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ သူတို့အားလုံး လိုက်ဖက်ညီမယ့် ကစားဟန်တစ်ခုကို တည်ဆောက်နိုင်ဖို့က အဓိကအရေးကြီးဆုံး တာဝန်တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Sky Sports မှ ဆောင်းပါးရှင် Nick Wright ၏ ‘Thomas Tuchel to Chelsea: Ex-PSG boss must succeed where Frank Lampard failed with Timo Werner and Kai Havertz’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)