feature-image

သောမတ်စ် တူချယ် ရဲ့ ဖြစ်နိုင်ဖွယ် နည်းပြအဖွဲ့စာရင်း

ချယ်လ်ဆီးအသင်း နည်းပြရာထူးကို လက်ခံပြီးပြီးချင်း ဂျာမန်လူမျိုးနည်းပြ သောမတ်စ် တူချယ် ပထမဦးဆုံး ပြောကြားခဲ့တဲ့ စကားကတော့ သူနဲ့သူရဲ့ နည်းပြအဖွဲ့အပေါ် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်.. ဆိုတဲ့ ကြိုဆိုနှုတ်ခွန်းဆက် စကားပဲ ဖြစ်ပါတယ်..။

အခုအချိန်ထိ အသင်းရဲ့ Official website မှာ သောမတ်စ် တူချယ် ရဲ့ နည်းပြအဖွဲ့ဝင်များကို ကြေငြာခြင်းမရှိသေးပေမယ့် လူဦးရေ (၈) ယောက် ပါဝင်တဲ့ သူ့ရဲ့အတွင်းစည်း (Inner circle) အဖွဲ့ဝင်များကတော့ မဖြစ်မနေ ပါဝင်လိမ့်မယ်လို့ The Sun သတင်းဌာနက ခန့်မှန်းခဲ့ပါတယ်..။ ဒါ့ကြောင့်အောင်ပွဲတွေကို ဆောင်ယူနိုင်ဖို့ အသက် (၄၇) နှစ်အရွယ် နည်းပြကြီးကို ကူညီပေးမယ့် အဖွဲ့ဝင်များကို ယခုလို တင်ဆက်လိုက်ရပါတယ်…



ဆစ်စီ တူချယ် (သူ၏ဇနီး)

သူ့ရဲ့ဇနီးသည်ဖြစ်သူ ဆစ်စီ တူချယ် ဟာ ဘောလုံးနည်းစနစ်ပိုင်းနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခြင်းမရှိသော်လည်း (၁၁) နှစ်တာ ကာလအတွင်း သူမရဲ့အမျိုးသားအပေါ် အထောက်အကူ အများကြီးပေးခဲ့တယ်လို့ ဆိုပါတယ်..။ အထူးသဖြင့် တူချယ် ရဲ့ ဘဝလမ်းကြောင်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ သူမဟာ တူချယ် ရဲ့ အာဏာပိုင် ဘုတ်အဖွဲ့လို သြဇာသက်ရောက်မှု ပြင်းတယ်လို့ ဆိုပါတယ်..။

၂၀၁၇ ခုနှစ်တုန်းက ဒေါ့မွန် အသင်းကနေ ထုတ်ပယ်ခံရချိန်မှာ ပီအက်စ်ဂျီအသင်းက တရားဝင် ခန့်အပ်ခြင်း မရှိခင်မှာကို ဆစ်စီ ဟာ သမီးနှစ်ယောက်နဲ့အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ကြိုတင်သွားရောက်နေထိုင်ခဲ့တယ်လို့ ဆိုကြပါတယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ လူရှေ့သူရှေ့ကို မကြာမကြာထွက်ပြီး စုံတွဲခုတ်ပြလေ့ မရှိပါဘူးလို့လည်း သိရပါတယ်..။ အခုအချိန်မှာလည်း ဆစ်စီ ဟာ လန်ဒန်မြို့မှာ ဘယ်လိုနေထိုင်ရမလဲ.. စဉ်းစားနေမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး..။



အာနို မစ်ချယ်စ် (လက်ထောက်နည်းပြ)

တူချယ် တစ်ယောက် မိန့်ဇ်အသင်းကို စတင်ကိုင်တွယ် စဉ်ကတည်းက မီချယ်စ် ဟာ သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် တောက်လျှောက် လိုက်ပါခဲ့ပါတယ်..။ “သူဟာအလုပ်ကို ဂရုတစိုက် လုပ်တတ်တယ်..၊ အလုပ်ကြိုးစားပြီး သစ္စာစောင့်သိတဲ့သူလည်း ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့အကျင့်စရိုက်တွေဟာ ကျွန်တော်နဲ့ အံဝင်ဂွင်ကျပါပဲ..” လို့ နည်းပြကြီးက မီချယ်စ် အကြောင်းနဲ့ ပတ်သက်ပြီး ပြောဖူးပါတယ်..။

သူတို့နှစ်ယောက်ဟာ နည်းပြသင်တန်းတက်စဉ်မှာ လက်တွဲမိခဲ့တာဖြစ်ပြီး တူချယ် ဟာ မိန့်ဇ်၊ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီအသင်းများကို သွားရောက်စဉ်မှာလည်း မီချယ်စ် ဟာ အတူတူ လိုက်ပါသွားခဲ့ပါတယ်..။ တူချယ် နဲ့ မီချယ်စ် တို့ဟာ တိကျ၊ မြန်ဆန်တဲ့ တိုက်စစ်ဦးစားပေး ကစားဟန်နဲ့ အသင်းကို တည်ဆောက်မယ်ဆိုတဲ့ ဘောလုံးဒသနပိုင်းဆိုင်ရာ အယူအဆတွေမှာလည်း တူညီပြီး ရောက်လေရာ အသင်းတွေမှာ သူတို့လိုချင်တဲ့ ကစားဟန်နဲ့ ကိုက်ညီအောင် ပုံသွင်းနိုင်ခဲ့ပါတယ်…။



အိုလက်ဖ် မိုင်းကင်း (အေးဂျင့်)

မိုင်းကင်း ဟာ တူချယ် ရဲ့ စီးပွားရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူ၊ ကိုင်တွယ်ပါတယ်..။ မိုင်းးကင်းစ် ဟာ ဂျာမနီမှာ နာမည်ကျော် အေးဂျင့်တစ်ယောက်ဖြစ်ပြီး တူူချယ် အပါအဝင် ဂျာမနီနိုင်ငံက နာမည်ကျော် သရုပ်ဆောင်တွေ၊ အဆိုကျော်တွေရဲ့ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်..။ တူချယ် ကတော့ အခုလို ဘောလုံးသီးသန့် အေးဂျင့်တစ်ယောက်ကို မရွေးချယ်ခဲ့ခြင်းအကြောင်းကို အခုလို ပြောပြခဲ့ပါတယ်..။

“ဘောလုံးအေးဂျင့်တွေ ဟာ သူတို့တာဝန်ယူတဲ့သူတွေအပြင် တခြားစိတ်ဝင်စားရမယ့်သူတွေ အကြောင်းအရာတွေ အများကြီးရှိနေပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ အစကတည်းက သူတို့နဲ့ မပတ်သက်ချင်ခဲ့တာပါ..။”


ဘင်ဂျမင် ဝီဘာ (Video Analyst)

တူချယ် အတွက် တင်ပြချက်တွေကို ဖန်တီးပေးတဲ့ video analyst ဟာ သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ အရေးပါပါတယ်..။ ဘင်ဂျမင် ဝီဘာ ကလည်း မီချယ်စ် နည်းတူ မိန့်ဇ်အသင်းမှာကတည်းက တူချယ် နဲ့အတူတူ လိုက်ပါခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ ဝီဘာ ဟာ ပီအက်စ်ဂျီအသင်းကို ရောက်လာချိန်မှာလည်း အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေကို ဗွီဒီယို မှတ်တမ်းတင်ဖို့ ကင်မရာတွေကို စိတ်တိုင်းကျ တပ်ဆင်၊ ချိန်ဆခဲ့ပါတယ်..။ အခုကော့ဘ်ဟမ် လေ့ကျင့်ကွင်းကို ရောက်လာချိန်မှာလည်း အဲဒီအတိုင်း ပြုလုပ်လိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်..။



ဇော့်ဇ် လို (နည်းပြ)

နည်းပြ ဇော့ဖ် လို ဟာ မကြာသေးခင်ကမှ တူချယ် ရဲ့ အသင်းထဲကို ရောက်ရှိလာခဲ့တာပါ..။ ဟန်ဂေရီလူမျိုး နည်းပြဟာ RB လိုက်ပ်ဇစ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့အချိန် တူချယ် က မျက်စိကျပြီး ပီအက်စ်ဂျီအသင်းကို ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်..။ ဇော့်ဇ် ဟာ တူချယ် မိန့်ဇ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး တူချယ် က သူ့ရဲ့နည်းပြတစ်ယောက်အဖြစ် ထူးချွန်နိုင်မယ့် အရည်အချင်းကို သတိထားမိခဲ့တာ ဖြစ်ပါတယ်..။



ဇူမာနာ ကာမာရာ (Set piece specialist)

တည်ကန်ဘောတွေကို တာဝန်ယူ၊ လေ့ကျင့်ပေးရတဲ့ set-piece specialist များဟာ အခုခေတ် ဘောလုံးလောကမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အဲဒီလို တည်ကန်ဘောတွေကို အထူးလေ့ကျင့်ပေးဖို့ အန်တော်နီ ဘယ်ရီ ရှိနေခဲ့ပြီး ဖြစ်ပေမယ့် တူချယ် ဆီမှာ သူ့ရဲ့ကိုယ်ပိုင် ကာမာရာ ရှိနေပါတယ်..။

ကာမာရာ ဟာ ပီအက်စ်ဂျီအသင်းမှာ လောရင့် ဘလန့်၊ အူနိုင်း အမ်မရီ တို့ လက်ထက်ကတည်းက တည်ကန်ဘောတွေကို အထူးပြု လေ့ကျင့်ပေးတဲ့နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တူချယ် ကလည်း သူ့ကိုဆက်လက် အသုံးပြုခဲ့ပါတယ်..။



ဖိလစ် ရှာ့ဘ် (အထူးအကြံပေးပုဂ္ဂိုလ်)

မြူးနစ်မြို့ဖွား ဖိလစ် ရှာ့ဘ် ဟာ တူချယ် အတွက် လိုအပ်တဲ့ ထောက်ပံံ့ရေးပိုင်းဆိုင်ရာ ကိစ္စအ၀၀ကို ဖြည့်ဆည်းပေးရသူလည်း ဖြစ်ပါတယ်..။ တူချယ် တို့နည်းပြအဖွဲ့ဝင်တွေ ခရီးသွားလာ၊ နေထိုင်ဖို့ကစလို့ လိုအပ်တဲ့ ပစ္စည်းသယ်ယူပေးမှုတွေကိုပါ ကြည့်ရှု၊ ဆောင်ရွက်ပေးရပါတယ်..။ ဒါ့အပြင် ရှာ့ဘ် ဟာ တူချယ် ရဲ့ သတင်းစာရှင်းလင်းပွဲတိုင်းကို တက်ရောက်ရလေ့ရှိတယ်လို့ သိရပါတယ်..။



ရိန်းနား ရှာရေး (ကြံ့ခိုင်ရေးနည်းပြ)

တူချယ် ရဲ့ ကစားသမားတွေအတွက် လိုအပ်တဲ့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို ကူညီ၊ ဆောင်ရွက်ပေးရတဲ့ ရှာရေး ဟာ ၂၀၁၁ ခုနှစ်ကစပြီး တူချယ်နဲ့အတူ လက်တွဲခဲ့ပါတယ်..။ သူဟာ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းနဲ့ ကြံ့ခိုင်ရေးပိုင်းဆိုင်ရာ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး လေ့ကျင့်ခန်းတွေကို အချိန်ဇယားအတိုင်း အတိအကျ လိုက်နာလေ့ကျင့်လေ့ရှိတယ်လို့ ဆိုကြပါတယ်..။

ဒါ့အပြင် ကစားသမားတွေရဲ့ အစားအသောက်၊ အာဟာရပိုင်းဆိုင်ရာ ဖြည့်တင်းချက်များအတွက် အကြံပေးမှုများကို ဆောင်ရွက်လေ့ရှိပါတယ်..။ ဒါ့အပြင် ရှာရေး ဟာ ပွဲမစတင်မီ ကစားသမားများ သွေးပူလေ့ကျင့်ခန်းများ ဆောင်ရွက်ရာမှာ ဦးဆောင်ပြီး လေ့ကျင့်ပေးလေ့ရှိတယ်လို့ သိရပါတယ်..။

အခုအချိန် ချယ်လ်ဆီးအသင်းကို တူချယ် ရောက်လာချိန်မှာ သူနဲ့အတူ ဘယ်သူတွေ လိုက်ပါလာမလဲ..? ဆိုတာ မကြာခင်မှာ သိရတော့မှာပါ..။

(The Sun မှ ဆောင်းပါးရှင် Jon Boon ၏ ‘TUCH OF CLASS New Chelsea manager Thomas Tuchel’s inner circle, from wife Sissi to assistant Arno Michels and agent Olaf Meinking’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)