feature-image

ချယ်လ်ဆီးအသင်း နည်းပြသစ် 'သောမတ်စ် တူချယ်' နှင့် တွေ့ဆုံခြင်း...

နည်းပြ ဖရန့် လမ်းပတ် ၏ နေရာကို အစားထိုးရောက်ရှိလာခဲ့သည့် ဂျာမနီနည်းပြ သောမတ်စ် တူချယ် မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ရာတွင် ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို ရရှိခဲ့ချိန် ငြင်းဆန်နိုင်ခြင်း မရှိခဲ့သည့်အကြောင်း အပါအဝင် စတန်းဖို့ဒ် ဘရစ်ခ်ျအသင်း၏ အနာဂတ်ကို သယ်ဆောင်သွားရန် ရည်ရွယ်ထားခဲ့သည့် သူ၏အကြံအစည်များအကြောင်းကို ယခုလိုပြောပြခဲ့သည်..။

မေး - သောမတ်စ် ရေ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းကနေ ကြိုဆိုပါတယ်.. ဆိုတဲ့အကြောင်း အရင်ဆုံး ပြောကြားပါရစေ..။ အခုဒီကိုရောက်လာတဲ့အချိန်မှာ ခင်ဗျားရဲ့စိတ်ထဲမှာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ပြောပြနိုင်မလား..?


 "ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကို လက်ခံရတော့မယ် ဆိုတဲ့အချိန် ကာလအတွင်း ဘယ်လိုခံစားခဲ့လဲ.. ရှင်းပြဖို့ ခက်ခဲပါတယ်..။ လွန်ခဲ့တဲ့ သုံးရက်လောက်က အချိန်ဟာ ကျွန်တော့်ဘဝကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလား.. ထင်ခဲ့ရပါတယ်..။ ဒ့ါကြောင့်အခုလို ချယ်လ်ဆီးအသင်း နည်းပြအဖြစ် တာဝန်ယူခွင့် ရခဲ့တာဟာ သိပ်ကိုအံ့သြဖို့ကောင်းသလို ကျေနပ်ဖို့လည်း ကောင်းလှပါတယ်..။

တကယ်တော့ အခုလိုအခွင့်အရေးဟာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့တွေအတွက် အရမ်းကိုကောင်းလွန်းနေခဲ့ပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်အနေနဲ့ ဘယ်လိုမှလက်လွှတ်မခံနိုင်ပါဘူး..။ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းရဲ့ တစိတ်တပိုင်း..၊ ချယ်လ်ဆီးအသင်း မိသားစုရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ပါဘူး..။ ဒ့ါအပြင် အခုလိုကစားသမားမျိုးတွေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ..၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာပါ ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးတွေဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ..။”



မေး  ဒါဆိုရင် ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအရာတွေက ခင်ဗျားအတွက် စိတ်လှုပ်ရှားဖို့ အကောင်းဆုံး ဖြစ်ခဲ့လဲဗျ..?

“ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်…။ ဒါ့အပြင်ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးဆုံးအသင်းတွေထဲက တစ်သင်းလို့ပြောလည်း ရပါတယ်..။ ပရီးမီးယားလိဂ် ပြိုင်ပွဲဆိုတာ ကျွန်တော့်အတွက် သိပ်ကိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်သလို ကျွန်တော်ဟာ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုမှာ အကြီးကျယ်၊ အခမ်းနားဆုံး နည်းပြကြီးတွေနဲ့အတူ ယှဉ်ပြိုင်ခွင့်ရမယ်.. ဆိုတဲ့ အခွင့်အရေးဟာ တကယ့်ကို မက်မောစရာပါ...။

"အဲဒီကနောက်ထပ် တထစ်ဆင်းလို့ အသင်းသားတွေကို ကြည့်လိုက်မယ်ဆိုရင် ဝါရင့်၊ သမ္ဘာရင့်၊ အောင်မြင်မှုတွေ အများကြီးရရှိခဲ့ဖူးတဲ့ ကစားသမားတွေနဲ့ အလားအလာ အလွန်ကောင်းတဲ့ လူငယ်သွေးသစ်တွေကို အချိုးကျရောစပ်ထားတဲ့ အသင်းကောင်းတစ်သင်း ဖြစ်နေတာကို တွေ့ရပါတယ်..။ ဒ့ါကြောင့်အဲဒီလို ကစားသမား အင်အားစုကို သမမျှတအောင် ရောစပ်ပြီး အသင်းတစ်သင်းအနေနဲ့ စုစုစည်းစည်း တည်ဆောက်ပေးနိုင်မယ့် အခွင့်အရေးရှိနေပါတယ်..။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ကူညီရမယ်..၊ အကောင်းဆုံးအဆင့်ကို ရောက်ရှိအောင် လမ်းပြပေးနိုင်ရပါမယ်..။ ဒါပေမယ့် သေချာပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင် ဒီရက်ပိုင်းအတွင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့ပါတယ်...။”

မေး - ခုနက ခင်ဗျားဖြေသွားတဲ့အထဲမှာ ‘လူငယ်ကစားသမားတွေ.’ ဆိုပြီး သေသေချာချာ ထည့်ပြောသွားခဲ့ပါတယ်..။ ခင်ဗျားဟာ လူငယ်ကစားသမားလေးတွေကို ထိပ်တန်းကစားသမားကြီးတွေအဖြစ် ရောက်ရှိလာအောင် ပြုစု၊ ပျိုးထောင်ခဲ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းကောင်းလည်း ရှိခဲ့တယ်နော်..

“ချယ်လ်ဆီးအသင်းက လူငယ်ကစားသမားတွေဆိုတာ တခြားလိဂ်ပြိုင်ပွဲတွေကနေ ရောက်လာတဲ့ လူငယ်ကစားသမားတွေအပြင် လူငယ်အကယ်ဒမီက ထွက်လာတဲ့ ကစားသမားတွေကိုလည်း ဆိုလိုပါတယ်.။ အခုခေတ်မှာ ဘယ်အသင်းမှာပဲဖြစ်ဖြစ် လူငယ်အကယ်ဒမီတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းကိုအရေးပါပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီ ဆိုတာကလည်း ဥရောပရဲ့ အကောင်းဆုံးလူငယ် အကယ်ဒမီတွေထဲက တစ်ခု ဖြစ်တာကြောင့် သူတို့ကို အသင်းကြီးပေါ် ရောက်ရှိလာနိုင်မယ့် လမ်းကြောင်းတစ်ခု မဖြစ်မနေ တည်ဆောက်ပေးနိုင်ရမှာပါ..။

တကယ်တော့ သူတို့လိုလူငယ် ကစားသမားတွေအတွက် တောင်းဆိုမှုများပြားလွန်းတဲ့ အခုလိုအသင်းကြီးမျိုးမှာ ပါဝင်ခွင့်ရဖို့ အချိန်လိုအပ်လိမ့်မယ်ဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်..။ ဒ့ါကြောင့်အဲဒီလို အသင်းကြီးမှာ ပုံမှန်နေရာရဖို့ဆိုတာ လူငယ်ကစားသမားတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ကို အမြဲတမ်း တွန်းအားပေးနေမယ်..၊ ညွန်ကြားပေးမယ်…၊ အကူအညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ..။ အထူးသဖြင့် အသင်းရဲ့တိုက်စစ်ပိုင်းမှာ အရည်အသွေးမြင့် လူငယ်ကစားသမား အများအပြား ရှိနေပါတယ်..။



အသင်းမှာဆိုရင် ဂျာမနီက လူငယ်တွေအပြင် တခြားနိုင်ငံက လူငယ်ကစားသမားတွေလည်း ပါဝင်ပါတယ်..။ အကယ်ဒမီထွက် ကစားသမားတွေရော၊ အခြားနေရာမှာ ကြီးပြင်းလာတဲ့ ကစားသမားတွေလည်း အစုံအလင် ပါဝင်နေတာကြောင့် သူတို့ရဲ့တိုးတက်မှုကို မျက်ခြေမပြတ် စောင့်ကြည့်၊ ကူညီသွားရမှာပါ..။ ကျွန်တော့်အနေနဲ့ အောင်ပွဲတွေကို ဆာလောင်နေတဲ့ လူငယ်ကစားသမားတွေကို သူတို့လိုချင်၊ တပ်မက်နေတဲ့ ဆုဖလားတွေ၊ အောင်မြင်မှု ရလဒ်တွေကို ယူဆောင်ပေးနိုင်ခဲ့တဲ့ ပီတိ၊ ခံစားမှုကို ဘာနဲ့မှ မလဲနိုင်ပါဘူး..။ ကျွန်တော်ကတော့ သူတို့အတွက် အနည်းဆုံးရှိရမယ့် စိတ်ဓါတ်၊ ခံယူချက်နဲ့ ထိုက်သင့်တဲ့ ကစားဟန် ရှိနေဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်.။ ဒါမှလည်း ကျွန်တော်တို့ဟာ ပရိသတ်တွေ သဘောကျ၊ နှစ်ခြိုက်မယ့် ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်မှုတွေကို ပြသနိုင်မှာပါ..။”

မေး - ဟုတ်ကဲ့ပါခင်ဗျ..။ အခုဆိုရင် ခင်ဗျားဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ အသင်းနဲ့အတူ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ် ပြုလုပ်ပြီးသွားပါပြီ..။ အဲဒီလေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ ခင်ဗျားရဲ့အသင်းအပေါ် အမြင်ဘယ်လိုရှိလဲ..? ပြောပြပေးနိုင်မလား..

“ကျွန်တော်ဒီကိုရောက်လာပြီး သူတို့နဲ့တွေ့ဆုံခဲ့ရပါတယ်..။ ပထမဆုံးအစည်းအပေးမှာ စကားတွေအများကြီး မပြောလိုက်ရပါဘူး..။ ကျွန်တော်တို့ လေ့ကျင့်ကွင်းထဲကို ချက်ချင်းသွားကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ နည်းပြတွေ၊ ကစားသမားတွေဆိုတာ ကွင်းထဲမှာပဲ အများဆုံးရှိနေသင့်ပါတယ်..။ သူတို့တွေရဲ့စိတ်ထဲမှာလည်း အဲဒီလိုပဲ ရှိနေတယ်လို့ ခံယူမိပါတယ်..။ နောက်ပြီးကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရအောင်၊ တစ်ယောက်အကြောင်း တစ်ယောက်သိလာအောင် လေ့ကျင့်ခန်းတွေကပဲ အကောင်းဆုံး ကူညီပေးသွားမှာပါ..။

ဒီလိုနဲ့ကျွန်တော်တို့ဟာ တစ်နာရီလောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြပါတယ်..။ အဲဒီလေ့ကျင့်ခန်း အစီအစဉ်အတွင်းမှာ ကစားသမားတွေရဲ့ ခံယူချက်၊ စိတ်ဓါတ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် အထူးကျေနပ်ပါတယ်..။ အဲဒီလေ့ကျင့်ခန်းအပြီး အသင်းရဲ့အနေအထားအပေါ် ကျွန်တော့်အနေနဲ့ အတော်လေးကို စိတ်အေးသွားရပါတယ်..။”



မေး - ကျွန်တော်တို့အသင်းမှာ ခရစ်စ်တီယန် ပူလီဆစ်၊ သီယာဂို ဆေးလ်ဗား တို့လို အရင်ကတည်းက ခင်ဗျားနဲ့လက်တွဲဖူးခဲ့တဲ့ ကစားသမားတွေ ရှိနေခဲ့တာဟာ ခင်ဗျားရဲ့အပြောင်းအလဲကာလအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆပါသလား..?

“မှန်ပါတယ်..။ ကျွန်တော်ဟာ အသင်းသစ်ကို ရောက်လာတယ်ဆိုပေမယ့် ကိုယ်နဲ့ရင်းနှီးခဲ့ပြီးသား ကစားသမားတွေ အများအပြား ဒီမှာရှိနှင့်နေခဲ့တာဟာ အတော်လေးကို ရယ်စရာကောင်းပါတယ်..။ တိုနီ ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ ခရစ်စ်တီယန် ပူလီဆစ် တို့အပြင် တီမို ဗာနာ၊ ကိုင် ဟာဗာ့ဇ် တို့လို ဂျာမန် ကစားသမားတွေလည်း အသင်းမှာ ရှိနေပါတယ်..။ သူတို့အပြင် ပြင်သစ်စကားပြောတဲ့ ကစားသမားတွေ အများအပြား ရှိနေခဲ့တာကြောင့် သူတို့နဲ့ ပြင်သစ်လိုတောင် ပြောခဲ့ပါသေးတယ်..။ ဒါ့ကြောင့်ခုနက ပြောခဲ့သလိုပါပဲ..၊ ကျွန်တော်တို့အသင်းဟာ အသက်အရွယ်ပိုင်း၊ အတွေ့အကြုံပိုင်းတွေအပြင် နိုင်ငံစုံက ကစားသမားတွေ ရောသမမွှေထားပြီး ပေါင်းစုထားတဲ့ အသင်းလို ဖြစ်နေခဲ့ပါတယ်..။ အဲဒီလို တည်ရှိနေတဲ့ အခြေခံကောင်းတွေကြောင့် ကျွန်တော်တို့ လျှောက်လှမ်းရမယ့် အပြောင်းအလဲဟာ မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူးလို့ မြင်မိပါတယ်..။”

မေး - အသင်းတစ်သင်းကို နည်းပြသစ်အဖြစ် ရောက်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ဘောလုံးအယူအဆတွေကို သွတ်သွင်းနိုင်ဖို့ အချိန်ဘယ်လောက်ယူဖို့ လိုအပ်တယ်လို့ ခင်ဗျားယူဆမိလဲ..?

“မပြောတတ်ဘူးဗျ..။ ကျွန်တော်လိုချင်တဲ့ အယူအဆ၊ ဒဿနအတိုင်း ကစားနိုင်ဖို့ ဘယ်လောက်အချိန်ယူရမလဲ.. ကျွန်တော်မပြောနိုင်ပါဘူး..။ အထူးသဖြင့် ကျွန်တော်တို့ဟာ အခုလိုမျိုး ရာသီဝက်မှာ အသင်းသစ်ကိုင်ရတဲ့ အတွေ့အကြုံ အရင်ကလည်း မရှိခဲ့ဖူးပါဘူး..။ ဒ့ါကြောင့်ကျွန်တော့်ဆီမှာ ဘယ်လောက်အချိန်ယူရမယ်.. ဆိုတဲ့ အတိုင်းအတာထက်စာရင် ကျွန်တော်တို့လိုချင်တဲ့ ကစားဟန်နဲ့ အပြောင်းအလဲကို မရစရာ မရှိနိုင်ဘူးလို့ပဲ မြင်မိပါတယ်..။ အဲဒီလိုဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိနေတယ်..၊ ကစားသမားတွေဟာလည်း လိုအပ်တဲ့ အပြောင်းအလဲကို လိုက်ပါနိုင်မယ့် အရည်အသွေးတွေ ရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ အပြောင်းအလဲကာလကို အမြန်ဆုံးဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။

ဆိုကြပါစို့.. အခုအချိန်မှာ ကျွန်တော်က လေးပါတ်လောက် အချိန်ယူရမယ်လို့ ပြောလိုက်ရင် နောက်ထပ်လေးပါတ် ကြာတဲ့အခါကျ ‘အခြေအနေ ဘယ်လိုရှိလဲဗျ..’ ဆိုပြီးတော့ပဲ ကျွန်တော့်ဆီ ပြန်လာပါမယ်..။ ဒ့ါကြောင့်နှစ်ရက်ထဲနဲ့လဲ ဖြစ်ချင်ဖြစ်နိုင်မယ်..၊ ရက်ပေါင်းလေးဆယ်လဲ ကြာချင်ကြာနိုင်မယ်..။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ အခုရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်သစ်ထဲမှာ အရင်ဆုံးအသားကျအောင် လုပ်ဆောင်ရမှာပါ..။ ကျွန်တော်ကတော့ အဲဒီကာလကို အမြန်ဆုံးပြီးမြောက်၊ ဖြတ်ကျော်နိုင်ချင်ပါတယ်..။”



မေး - ခင်ဗျားဟာ အရှိန်အဟုန်မြှင့်၊ အားသွန်ခွန်စိုက် ကစားမယ်.. (intensity) ဆိုတဲ့ စကားလုံးကို မကြာခဏ ပြောခဲ့ပါတယ်..။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ်တွေ အရမ်းစိတ်ပြီး သုံးရက်တစ်ပွဲနှုန်းလောက်နဲ့ ယှဉ်ပြိုင်ရမှာတွေ ရှိနေပါတယ်...။ အဲဒီလိုပွဲကျပ်တွေ၊ တစ်ပွဲနဲ့တစ်ပွဲ အနားရက်သိပ်မခြားပဲ ယှဉ်ပြိုင်ရတာတွေကလည်း ခင်ဗျားအတွက် စိန်ခေါ်မှုတစိတ်တပိုင်း ဖြစ်နိုင်ပါလား..?

“Yes..၊ ဒါပေမယ့် ကျွန်တော်ဟာ ကစားသမားတွေဆီက ကောင်းမွန်တဲ့ အရည်အသွေး၊ မှန်ကန်တဲ့စိတ်ဓါတ်..၊ ကြိုးစားမှုနဲ့ အကောင်းဆုံးကို ရရှိဖို့ အစွမ်းကုန် ပေးဆပ်ကစားနေကြတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်ရဲ့တာဝန်က သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းကို ရရှိဖို့ သင့်တော်တဲ့ကစားချိန် ရရှိအောင် စီမံ၊ ခန့်ခွဲနိုင်ဖို့ ဖြစ်ပါတယ်..။ အထူးသဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ တောင်းဆိုမှုကြီးမားပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် အကောင်းဆုံးခြေစွမ်း၊ အဆင့်အတန်းမှာ အမြဲတမ်းရှိနေမှ ရပါလိမ့်မယ်..။ ဒ့ါကြောင့်ခက်ခဲရဲ့လား..? ‘ဟုတ်ကဲ့.. ခက်ခဲပါတယ်..။’ မဖြစ်နိုင်ဘူးလား..? ဆိုရင်တော့ ‘No..’ မဟုတ်ပါဘူး..။ အဲဒီလိုစီမံ၊ ခန့်ခွဲနိုင်ဖို့က ကျွန်တော့်ရဲ့တာဝန်ပဲ ဖြစ်ပါတယ်..။

ကျွန်တော့်အနေနဲ့ သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံးဖြတ်ကျော်နိုင်အောင်၊ တွန်းအားပေး ကူညီပေးရမှာ ဖြစ်သလို အဲဒီလိုခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေမှလည်း ပိုပြီးတိုးတက်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနိုင်မှာပါ..။ ဒါပေမယ့် သူတို့တွေဟာ အမြဲတမ်းအကောင်းဆုံးကို ပေးဆပ်ကြိုးစားနေပါတယ်.. ဆိုတာ ပြသနေဖို့ လိုအပ်ပြီး (၇၀%) ရာခိုင်နှုန်း..၊ (၈၀%) ရာခိုင်နှုန်းလောက် အားထုတ်မှုတွေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး..။”



မေး - အခုနောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ခင်ဗျားဟာ အခုလိုချယ်လ်ဆီးအသင်းနည်းပြ တစ်ယောက်အနေနဲ့ ဘယ်လိုအရာတွေကို ရရှိနိင်ဖို့ မျှော်မှန်းထားလဲ..? နောက်ပြီးအခုကျွန်တော်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို နားဆင်နေကြတဲ့ ချယ်လ်ဆီးပရိသတ်ကြီးကိုရော ဘယ်လိုသတင်းစကား ပန်ကြားပေးဖို့ ရှိပါသလဲ..

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်ရှိလာတာဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ပါ..။ ဒီအသင်းကလည်း ဆုဖလားတွေကို ဆွတ်ခူးဖို့ တည်ဆောက်ထားတဲ့ အသင်းဖြစ်ပါတယ်..။ အဲဒီလိုဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ဆိုရင် ဆုဖလားတွေ ဆွတ်ခူးနိုင်မယ့် အနေအထား၊ ပတ်ဝန်းကျင်တစ်ခုကို အသင်းနဲ့ ကစားသမားတွေကြား၊ နည်းပြဝန်ထမ်းတွေကြားမှာ ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ကို ထောက်ခံ၊ အားပေးနေကြတဲ့သူတွေကလည်း အဲဒီခံစားမှုမျိုးကို ရရှိနေဖို့ လိုအပ်ပါတယ်..။ ဒါမှလည်း ဒီအသင်းဟာ ထူးခြားတဲ့အသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်မှာပါ..။

အဲဒီလိုအနေအထားကို ရောက်ရှိလာဖို့ နေ့စဉ်နေ့တိုင်း ကြိုးစားရင်း တည်ဆောက်ရပါမယ်..။ အခုချက်ချင်း ဆုဖလားလို့ ပြောတာဟာ ဟုတ်ပါ့မလား..? လို့ သံသယပွားစရာ ဖြစ်ပေမယ့် ကျွန်တော်ဟာ အသင်းနဲ့ပတ်သက်တဲ့သူ အားလုံးကို စိတ်ကျေနပ်မှု ရရှိစေချင်ပါတယ်..။ သူတို့ရဲ့အသင်းဟာ အောင်ပွဲတွေကို ဆာလောင်နေပြီး ရှုံးနိမ့်တာကို တွေးပူနေစရာမရှိတဲ့ အသင်းတစ်သင်းအဖြစ် ခံစားနေရတာမျိုးကို အလိုရှိပါတယ်..။ ကျွန်တော်တို့ဟာ ဘာမှနောက်တွန့်နေစရာ မရှိပါဘူး.။ ‘We are Chelsea’.. ကျွန်တော်တို့ဟာ ဘောလုံးပွဲတွေကို စိတ်ထဲ၊ နှလုံးထဲက ချစ်ခြင်းတရား၊ ယုံကြည်မှုအပြည့်နဲ့ ခံစားပေးဆပ်ပါမယ်..။

အဲဒီလိုယုံကြည်ချက်၊ ခံစားမှုမျိုးကို လူတိုင်းမှာ ရရှိစေချင်ပါတယ်..။ တကယ်တော့ ဒီနေ့လိုပွဲမျိုးမှာ ပရိသတ်တွေ တက်ရောက်ခွင့်မရခဲ့တာဟာ အရမ်းကိုဝမ်းနည်းဖို့ ကောင်းပါတယ်..။ ဒါပေမယ့် မကြာခင်ကာလမှာ ပျော်ရွှင်စရာ နေ့ရက်တွေကို သူတို့နဲ့အတူ ကြုံတွေ့နိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်..။ ကျွန်တော်တို့ဟာ အကောင်းဆုံးကို လိုချင်တဲ့အတွက် ရည်မှန်းချက်ကို အမြင့်ဆုံး ထားရှိပါတယ်..။ ကျွန်တော်ကလည်း အကောင်းဆုံးကို လိုချင်သလို အကောင်းဆုံး ပေးဆပ်သွားမှာပါ..။ ဒ့ါကြောင့်ကျွန်တော်တို့ရဲ့ အသင်းဟာ ထိပ်ဆုံးဆိုတဲ့ နေရာကလွဲရင် ‘မှတပါး၊ အခြားမရှိ’ စေရပါဘူး..။ အဲဒီရည်မှန်းချက်ကို ကျွန်တော်တို့ အကောင်အထည် ဖော်နိုင်ပါ့မလား..? ‘ကျွန်တော်မသိပါဘူး..။ ဒါပေမယ့် အဲဒီအတိုင်း ရရှိရမယ်’ လို့ မျှော်မှန်းထားပါတယ်..။”