ဘေယန် မြူးနစ်အသင်းကို စပိန်နည်းပြ ပက်ပ် ဂွာဒီယိုလား ကိုင်တွယ်ပြီး သုံးနှစ်သက်တမ်းစာချုပ် ပြည့်ခါနီးတွင် အသင်းမှတာဝန်ရှိ ပုဂ္ဂိုလ်များမှာ ‘ကတ်တလန်နည်းပြ အလွန်’ အပြောင်းအလဲအတွက် စတင်စီစဉ်ရတော့သည်...။ သူ၏နေရာကို ဆက်ခံမည့်သူမှာ ပက်ပ် ဂွာဒီယိုလား ၏ သွတ်သွင်းခဲ့သော ကစားဟန်ကို ဆက်လက်သယ်ဆောင်နိုင်မည့်သူ ဖြစ်ရမည်ဟု အသင်းက ယူဆခဲ့သည်..။ ထို့ကြောင့်ကာယကံရှင် စပိန်နည်းပြထံ အကြံဉာဏ်တောင်းခံရရာ ကတ်တလန်သားကြီးက တစ်ချက်မဆိုင်းပဲ နာမည်တစ်လုံးကို ရွတ်ဆိုပြခဲ့သည်.. ‘သောမတ်စ် တူချယ်..’။
သောမတ်စ် တူချယ် မှာ ထိုအချိန်က ဘေယန် မြူးနစ်အသင်း၏ အဓိကပြိုင်ဘက် ဘိုရုရှား ဒေါ့မွန်အသင်းကို တာဝန်ယူနေပြီး ပက်ပ် မှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုများ အပါအဝင် အောင်မြင်မှုများ ပိုမိုရရှိခဲ့သည်..။ သို့သော်လည်း တူချယ် ၏ ‘Die Schwarz-Gelben’ အဝါအနက်ကြားအသင်းမှာ ဘေယန်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခဲ့သလို အသင်း၏အရည်အသွေးပိုင်းကလည်း လေးစားဖွယ်ကောင်းသည့် စွမ်းဆောင်မှုများကို ပြသနိုင်ခဲ့သည်..။ သူတို့နှစ်ယောက်ကြားမှ ထိပ်တိုက်ပွဲစဉ်များမှာ ‘စစ်တုရင်ပွဲများ’ လို နည်းစနစ်ပိုင်း ဦးစားပေးလွန်းလှပြီး ပြိုင်ဘက်အသင်းကို အလဲထိုးနိုင်ရန် အပြောင်းအလဲများကို ‘ဘတစ်ပြန်၊ ကျားတစ်ပြန်’ ကြိုးစားမှုများမှာ နည်းစနစ်ပိုင်း လေ့လာသူများအတွက် စာသင်ခန်းသဖွယ် ဖြစ်လာခဲ့သည်..။
နောက်ဆုံးတွင် တူချယ် မှာ ဘာဗေးရီးယန်းအသင်းကို ငြင်းပယ်ပြီး ပြင်သစ်မြေမှ ပီအက်စ်ဂျီအသင်းကို ရွေးချယ်ခဲ့သည်..။ ဂျာမန်နည်းပြမှာ ပြင်သစ်လီဂူး (၁) ဆုဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို မနှစ်ကချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး သူ၏အစဉ်အလာပြိုင်ဘက် ဘေယန် မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ရသည်..။ ယခုအချိန်တွင် ဥရောပ အကောင်းဆုံး နည်းပြကြီးများ၏ ပရီးမီးယားလိဂ် ကြိုးဝိုင်းထဲကို ဝင်ရောက်လာခဲ့ပြီး သူ၏မန်နေဂျာဘ၀ စိန်ခေါ်မှုသစ်များကို စတင်တော့မည် ဖြစ်ပါသည်..။
မအောင်မြင်ခဲ့သော ကစားသမားဘ၀ နိဂုံးမှ စတူးဂတ်အသင်း နည်းပြကျောင်းတော်သို့…
ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှ Stuggart Kickers အသင်းတွင် (၈) ပွဲ၊ တတိယတန်းမှ SSV Ulm အသင်းတွင် (၆၉) ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည့် တူချယ် ဆိုသော မထင်မရှား ဘောလုံးသမားလေးမှာ အသက် (၂၄) နှစ်အရွယ် ၁၉၉၈ ခုနှစ်မှာပင် ပြင်းထန်သော ဒူးဒဏ်ရာကြောင့် အနားယူရတော့မလို ဖြစ်နေခဲ့သည်…
သို့သော် ကစားသမားဘ၀ နိဂုံးချုပ်ရတော့မည့် သူ့ရဲ့ဘဝတံခါးအတွက် မျှော်လင့်မထားသည့် အခွင့်အရေးနှင့် နောက်ထပ် တံခါးတစ်ခုက ဖွင့်လှစ်နိုင်ရန် စောင့်ကြိုနေခဲ့သည်..။
အဆိုပါအခွင့်အရေးကတော့ Ulm အသင်းမန်နေဂျာ ‘ရာ့ဖ် ရက်ဂ်နစ်’ ပဲ ဖြစ်ခဲ့သည်..။ ဒူးဒဏ်ရာကြောင့် တူချယ် မှာ ကာလရှည် အနားယူနေရသည့် ကာအလအတွင်း ရက်ဂ်နစ် က SSV Ulm အသင်းကို ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသို့ ရောက်ရှိလာအောင် ပို့ဆောင်ပေးနိုင်ခဲ့သည်..။ သို့သော်ရက်ဂ်နစ် မှာ ရာသီမကုန်ခင်မှာပင် ဘွန်ဒက်စ်လီဂါအသင်းမှ VFB စတူးဂတ်အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သည်..။ တူချယ် မှာ ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်တွင် သူ၏မန်နေဂျာဟောင်းထံ ဆက်သွယ်ပြီး စတူးဂတ် အရန်အသင်းနှင့် လေ့ကျင့်ခွင့်ရရန် တောင်းဆိုခဲ့သည်..။ ဒါကသူ့ရဲ့ကစားသမားဘဝအတွက် နောက်ဆုံးအခွင့်အရေး.. ‘ကောက်ရိုးလေးတစ်မျှင်..’
သို့ပေမယ့် ဒူးဒဏ်ရာအနေအထားက စိတ်ရဲ့အလိုကို မလိုက်နိုင်တော့သည့်အတွက် တူချယ် မှာ အနားရယူရရန် သေချာသွားခဲ့ပါပြီ..။ ထို့ကြောင့် နည်းပြ ရက်ဂ်နစ် က သူ့အားစတူးဂတ် လူငယ်အသင်းများတွင် နည်းပြတစ်ယောက်အဖြစ် စတင်လေ့လာရန် အကြံပေးခဲ့သည်..။ ‘အနာနှင့်ဆေး တွေ့ခဲ့သလို’ အံဝင်ဂွင်ကျ ဖြစ်ခဲ့သည့် တူချယ် မှာ နည်းပြဘဝအဆင့်ဆင့်ကို လူငယ်အသင်းများနှင့် လျှင်လျှင်မြန်မြန် ဖြတ်ကျော်ရင်း အချိန်တိုအတွင်း အောင်မြင်မှုများ ရယူနိုင်ခဲ့သည်..။
သူ၏နည်းပြဘ၀ အယူအဆများကို ပုံသွင်းခဲ့သည့် ကျောင်းတော်ကြီးနှစ်ရပ်ကတော့ ‘ဟဲလ်မွတ် ဂရော့ဘ်/ ရက်ဂ်နစ်’ တို့၏ ခံစစ်ကို တိုက်စစ်မှစတင်မည်..(forward defense - pressing) ဆိုသည့် တိုက်စစ်အသားပေး အယူအဆဂိုဏ်းနှင့် ဘောလုံးပိုင်ဆိုင်မှုကို အသားပေးသည့် ‘အာရီဂို ဆက်ချီ/ လိုဘာနော့ဗ်စကီး (မော်ရစ်စ်ယို ဆာရီ)’ တို့၏ဂိုဏ်းဖြစ်သည်..။ ကွင်းပြင်ပ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံယူချက်များအတွက် တူချယ် မှာ ဟားမန်း ဘတ်စ်တူဘာ ထံမှ တစ်ဦးနှင့်တစ်ဦးကြားတွင် လေးစားမှုရှိရန်၊ အချိန်လေးစားမှုနှင့် အလုပ်အပေါ် အတိအကျ လိုက်နာရန်၊ နည်းပြများနှင့် ကစားသမားများ အချင်းချင်းကြား ထားရှိရမည့် ကျင့်ဝတ်များကို လိုက်နာရန်..၊ တစ်ဦးနှင့်တစ်ဦးကြား ဆက်သွယ်မှု၊ နားလည်မှုများ ကောင်းမွန်စေရန်.. စသည့် ဂျာမနီအသင်းများ၏ စိတ်ဓါတ်ကောင်း၊ အစဉ်အလာကောင်းများ တည်ဆောက်ခြင်း နည်းနိသယျများကို သင်ယူခဲ့ရသည်..။
ထို့နောက် လူငယ်ကစားသမားဘ၀ စတင်ခဲ့သည့် Augsburg FC အသင်းသို့ လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းနည်းပြအဖြစ် ရောက်ရှိခဲ့သည်..။ အော့စ်ဘတ်ဂ် အသင်းမှာပင် သူ၏နည်းပြလိုင်စင် ပြီးဆုံးခဲ့ပြီး လူငယ်အသင်းမှ တဆင့်တက်ပြီး အရန်အသင်း (ဘီ အသင်း) ကို ကိုင်တွယ်ခွင့်ရခဲ့သည်..။ အော့စ်ဘတ်ဂ် အသင်းတွင် သူ၏ကစားသမားတစ်ဦးကတော့ သူလို့ပဲ ဒဏ်ရာအနာတရ ထူပြောလှသည့် ‘ဂျူလီယန် နာဂယ်စ်မန်း’ ဆိုသည့် နောက်ခံလူပဲဖြစ်သည်..။ ‘မြွေမြွေချင်း ခြေမြင်သလို’ အသက် (၂၀) အရွယ် လူငယ်နောက်ခံလူ၏ အလားအလာ၊ အရည်အချင်းကို သိမြင်လိုက်သောကြောင့် တူချယ် မှာ သူ့အား ပြိုင်ဘက်အသင်းများကို ကင်းထောက်သည့် opposition scout အဖြစ် ခန့်အပ်ပြီး နည်းပြဘ၀ လိုင်းသွင်းလိုက်ပါတော့သည်..။
အော့စ်ဘတ်ဂ်အသင်းတွင် သုံးနှစ်ကြာခဲ့ပြီးနောက် တူချယ် မှာ မိန့်ဖ် လူငယ် (အသက် ၁၉ နှစ်အောက်) အသင်းကို ပြောင်းရွှေ့ခဲ့ရသည်..။ အဆိုပါဘောလုံးရာသီမှာပင် ဂျာဂင် ကလော့ပ် နှင့် လမ်းခွဲခဲ့သည့် မိန့်ဇ် အသင်းကြီးမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှ တန်းဆင်းလာရသည်..။ တူချယ် မှာ ၂၀၀၉ ခုနှစ်၊ ဂျာမနီ လူငယ်ဖလား ပြိုင်ပွဲတွင် မာရီယို ဂေါ့ဇေးလ် တို့လို နာမည်ကျော် လူငယ်ကစားသမား အကျော်အမော်များ ပါဝင်နေသည့် ဒေါ့မွန်လူငယ် အသင်းအား အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့သည်..။
ထိုအချိန်တွင် မိန့်ဇ်အသင်းမှာ ဒုတိယတန်းတွင် တစ်ရာသီသာ ကျင်လည်ခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသို့ ပြန်လည်တန်းတက်နိုင်ခဲ့သည်..။ သို့သော်မိန့်ဇ်အသင်းမှာ သူ၏အရည်အချင်းကို သိမြင်ခဲ့သောကြောင့် တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နော်ဝေးနည်းပြ ဂျွန်းန် အန်ဒါဆန် အား ထုတ်ပယ်ပြီး မျက်နာသစ် တူချယ် နှင့် သွေးသစ်လောင်းခဲ့သည်..။ ထိုသို့ဘွန်ဒက်စ်လီဂါအဆင့် တန်းတက်အသင်းကို ကိုင်တွယ်ရချိန်တွင် အသက် (၃၆) နှစ်နှင့် နည်းပြသက်တမ်း (၉) နှစ်သာ ရှိနေခဲ့သေးသည်..။
အတောင်ပံတွေဖြန့်ပြီး အပျံသင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါ နည်းပြဘဝ..
သောမတ်စ် တူချယ် မှာ ဘောလုံးအသင်း မန်နေဂျာ ဟုသာ အမည်ရသော်ငြား သူ၏အတွေးအခေါ်၊ အယူအဆများမှာ အင်ဂျင်နီယာ တစ်ယောက်လို ကျင့်ကြံခဲ့သည်ဟု ဆိုကြသည်..။ ကစားသမားများအတွက် ရှုပ်ထွေးလှသော အခြေအနေ၊ လေ့ကျင့်ခန်းများကို ဖန်တီးပေးခဲ့ပြီး ကစားသမားများကိုယ်တိုင် ပြသနာများကို ရင်ဆိုင်ဖြေရှင်းကြပုံများကို လေ့လာဆန်းစစ်ခဲ့သည်..။ အဆိုပါအယူအဆကို ဆွဲကိုင်ပြီး တူချယ် မှာ အခြားဘွန်ဒက်စ်လီဂါ အသင်းများနှင့် နှိုင်းယှဉ်ပါက အစစအရာရာ ချို့တဲ့သည့် မိန့်ဇ် အသင်းအား ဘွန်ဒက်စ်လီဂါအဆင့် ပွဲစဉ်များတွင် တူတူတန်တန် ယှဉ်ပြိုင်လာနိုင်အောင် လေ့ကျင့်ပေးနိုင်ခဲ့သည်..။
အထူးသဖြင့် လေ့ကျင့်ကွင်းတွင် ကစားကွင်းအား စွန်ပုံစံ၊ အဝိုင်းပုံစံ အရွယ်အစား အကျဉ်းအကျယ် အရွယ်စုံ ဖန်တီးပြီး ပွဲချိန်အတွင်း ကြုံတွေ့နိုင်သည့် အခြေအနေပေါင်းစုံဖြင့် ကစားသမားများကို လေ့ကျင့်စေခဲ့သည်..။ မိန့်ဇ်အသင်းတွင် တူချယ် မှာ ၄- ၂- ၃- ၁ နှင့် ၄- ၁- ၂- ၁- ၂ (စိန်ပွင့်ပုံ) ကို အသုံးများသော်လည်း ကစားကွက် အခင်းအကျင်းမျိုးစုံ ခင်းကျင်းလေ့ ရှိသောကြောင့် နည်းစနစ်ပိုင်း ပြောင်းလွယ်၊ ပြင်လွယ်ရှိသူ (tactical flexibility) တစ်ဦးအဖြစ် လူသိများခဲ့သည်..။ ထိုမျှသာမက တူချယ် မှာ ၂၀၁၃ ခုနှစ်တွင် ဘေယန် မြူနစ်အသင်းနှင့် ရင်ဆိုင်သည့်ပွဲတွင် ၅- ၂- ၂- ၁ (ပဉ္စဂံ- Pentagon) အကွက်ဆန်းကို အသုံးပြုခဲ့သေးသည်..။ တူချယ် မှာ အဆိုပါပွဲစဉ်တွင် ပက်ပ် ဂွာဒီယိုလား အား အနိုင်မရခဲ့သော်လည်း စပိန်နည်းပြကြီမှာ မျှော်လင့်မထားခဲ့သည့် အခင်းအကျင်းကြောင့် အစောပိုင်းတွင် အတော်လေးကို ပျာယာခတ်သွားခဲ့ရသည်..။ တူချယ် မှာ မိန့်ဇ်အသင်းကို ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် အဆင့် (၅) နေရာဖြင့် အမြင့်ဆုံးအောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။
ဆုဖလားတွေကို စိန်ခေါ်ပြီ..
၂၀၁၄/၁၅ ဘောလုံးရာသီတွင် ဂျာဂင် ကလော့ပ် မှာ ဘိုရုရှား ဒေါ့မွန်အသင်းကို စွန့်ခွာတော့မည်ဟု ကြေငြာခဲ့သည်..။ ဒေါ့မွန်အသင်း တာဝန်ရှိသူများကတော့ သူ၏နေရာကို ဆက်ခံဖို့ တစ်ဦးတစ်ယောက်ထဲကိုသာ မြင်ထားခဲ့သည်… ‘သောမတ်စ် တူချယ်..’
တကယ်တော့ ဒေါ့မွန်အသင်းမှာ ၂၀၀၉ ခုနှစ်၊ ဂျာမန်လူငယ်ဖလားပြိုင်ပွဲကတည်းက တူချယ် ကို စောင့်ကြည့်ခဲ့သည်ဟု ဆိုကြသည်..။ ဒေါ့မွန်အသင်းသို့ ရောက်ရှိလာချိန်တွင် ဂျာဂင် ကလော့ပ် ၏ အရိပ်ထဲမှ ခွဲထွက်နိုင်ရန်အတွက် ကစားသမား အများအပြားကို ရှင်းထုတ်ခဲ့သည်..။ ဂျာဂင် ကလော့ပ် ၏ ‘လုပ်အားနှုန်းကို အလွန်အမင်း တောင်းဆိုခဲ့သော ကစားဟန်’ ထဲမှ ခွဲထွက်နိုင်ရန် စိတ်သစ်၊ လူသစ်လောင်းဖို့ လိုအပ်နေပြီဟု ယူဆခဲ့သည်..။ သူ၏ရည်မှန်းချက်က စိတ်အားထက်သန်မှု အပြည့်ရှိသော၊ ပုံစံသွင်းရာတွင် လွယ်ကူသော၊ ပြောင်းလဲမှုကို အလွယ်တကူ လက်ခံပြီး အမြင်ထက်မြက်သော အသင်းတစ်သင်းကို ကျစ်ကျစ်လျစ်လျစ်ဖြင့် တည်ဆောက်နိုင်ရန်ဖြစ်သည်..။
တူချယ် မှာ ဂျာဂင် ကလော့ပ် ချမှတ်ခဲ့သော gegenpressing နှင့် လျှင်မြန်လှသော တန်ပြန်တိုက်စစ်များဖြင့် ထိုးဖောက်သည့် ကစားဟန်ကို ဆက်လက်ကျင့်သုံးခဲ့သော်လည်း ကွင်းလယ်ဟန်ချက်နှင့် ကစားပုံကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်..။ ဂျာဂင် ကလော့ပ် က သူ၏ကွင်းလယ်ကစားသမားများကို လုပ်အားနှုန်း (work rate) ကို အသားပေးခဲ့သော်လည်း တူချယ် က ကွင်းလယ်ကို ထိန်းချုပ်ပြီး ဘောလုံးပိုင်ဆိုင်မှုဖြင့် (control) ကစားရန် ဆန္ဒရှိခဲ့သည်.။ သူက ဘာစီလိုနာ/ အိုင်းယက်စ် အသင်းတို့၏ ကစားဟန်ကို စတူးဂတ်အသင်းမှာ သင်ယူခဲ့ရသည့် အခြေခံအယူအဆများဖြင့် ဖြည့်ဆည်းရန် ရည်ရွယ်ခဲ့သည်..။
ကွင်းလယ်ဟန်ချက်အတွက် လုပ်အားနှုန်း ကောင်းမွန်သော ‘လားစ် ဘန်ဒါ’ အစား ‘ဂျူလီယန် ဝီဂယ်လ်’ ကို အစားထိုးခဲ့သည်..။ ဝီဂယ်လ် က သူ့အတွက် ‘ဆာဂျီယို ဘွတ်စ်ကေး’ အသေးစားပဲ ဖြစ်သည်..။ ဂျာမန်လူငယ် ကွင်းလယ်ကစားသမား ဝီဂယ်လ် မှာ ပြိုင်ဘက်အပေါ် မူတည်ပြီး ပြောင်းလဲတတ်သော တူချယ် ၏ မြောက်မြားစွာသော ကစားကွက် အခင်းအကျင်းတွင် ပုံမှန်လိုလို ပါဝင်ခွင့်ရနေခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်ခဲ့သည်..။ ဝီဂယ်လ် အပေါ် မူတည်ပြီး ဒေါ့မွန်အသင်းမှာ တစ်ပွဲလျှင် ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု (၆၄%) ရာခိုင်နှုန်းခန့် အသာစီးရယူ ကစားနိုင်ခဲ့သည်..။
တူချယ် မှာ ဒေါ့မွန်အသင်းကို တာဝန်ယူစက ၄- ၂- ၃- ၁/ ၄- ၁- ၄- ၁ ကစားကွက်အခင်းအကျင်းကို အများဆုံး သုံးစွဲခဲ့သော်လည်း အသင်းမှထွက်ခွာနီးအချိန်တွင် ညာနောက်ခံလူ ပက်ခ်ဇက်ဂ် ကို ဗဟိုခံစစ်သို့ ပြောင်းရွှေ့ပြီး ‘3 back system’ ပြောင်းလဲခါ ၃- ၅- ၂/ ၃- ၂- ၄- ၁ ကစားကွက်များကို ပြောင်းလဲခဲ့သည်..။ တူချယ် မှာ ဒေါ့မွန်အသင်းတွင် အောင်မြင်မှု၊ ဆုဖလားပိုင်းအရ ကလော့ပ် ကို မမှီခဲ့သော်လည်း သူ၏အသင်းမှာ ပိုမို၍ဖျော်ဖြေမှု ပေးနိုင်သလို တိုက်စစ်ပိုင်း အခွင့်အရေးများ ဖန်တီးပေးနိုင်ခဲ့သည်ဟု အချက်အလက်များက ညွန်ပြခဲ့ပါသည်..။ ထို့အပြင် စုစုပေါင်းကိုင်တွယ်ခဲ့သည့် (၁၀၈) ပွဲအတွင်း (၆၈) ပွဲနိုင်၊ (၂၃) ပွဲသရေ..၊ (၁၇) ပွဲရှုံးဖြင့် အနိုင်ပွဲ (၆၂.၉၆%) ရာခိုင်နှုန်း ရရှိခဲ့ပြီး ဂျာဂင် ကလော့ပ် ထက် ပိုမိုမြင့်မားခဲ့သည်..။
ပါရီမြို့တွင် တည်ဆောက်ခြင်း….
တူချယ် မှာ သူ၏မန်နေဂျာဘ၀ နောက်ထပ်ခြေလှမ်းအဖြစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရွေးချယ်ခဲ့ခြင်းအပေါ် အားလုံးက အံ့အားသင့်ခဲ့ကြသည်..။ အပြောင်းအရွှေ့ဈေးကွက်တွင် ဘတ်ဂျက်သိပ်မရပဲ နည်းနည်းနှင့်ကျဲကျဲဝိုင်းရသည့် အသင်းငယ်များတွင် အများဆုံးကျင်လည်ခဲ့သည့် ဂျာမန်နည်းပြမှာ လိုချင်သည့် ကစားသမားကို ကြိုက်ကြေးပေး ခေါ်ယူနိုင်သည့် တန်းမြင့်အသင်းကို ရောက်ရှိသွားခဲ့သလို နည်းပြတစ်ယောက် အနေဖြင့်ဆိုလျှင်လည်း လက်ရှိကမ္ဘာ့ဘောလုံးလောက၏ အရှိန်အဝါအကြီးဆုံး၊ အကောင်းဆုံး ကစားသမားများထဲတွင် ပါဝင်သည့် ‘နေမာ’ နှင့် ‘ကိုင်လီယန် အမ်ဘတ်ပေး’ တို့ကို ကိုင်တွယ်ရတော့သည်..။ တကယ်တော့ ခံစစ်ကို တိုက်စစ်မှ စတင်ပြီး မိမိအသင်း၏ တိုက်စစ်ဇုန် (final third) အတွင်းမှာပင် ဘောလုံးကို အရယူလေ့ရှိသည့် aggressive pressing ကစားဟန်ကို ကျင့်သုံးတတ်သည့် တူချယ် အတွက် အဆိုပါ စူပါကြယ်ပွင့် ကစားသမားနှစ်ယောက်ကြောင့် နည်းစနစ်ပိုင်း အခက်အခဲနှင့် ရင်ဆိုင်ရတော့သည်..။ အဆိုပါ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် တူချယ် မှာ သူ၏စွမ်းရည်ကို အကောင်းဆုံး အသုံးချပြီး ပြောင်းလဲရင်း..၊ စမ်းသပ်ရင်း.. ရင်ဆိုင်ခဲ့ရသည်..။
တူချယ် မှာ ပီအက်စ်ဂျီအသင်းတွင် ၃- ၄- ၂- ၁ မှစ၍ ၄- ၂- ၃- ၁ အခင်းအကျင်း အပါအဝင် ကစားကွက် အခင်းအကျင်း (၁၀) မျိုးခန့် ပြောင်းလဲသုံးစွဲခဲ့သည်..။ အဓိကအားဖြင့် သူ၏နည်းစနစ်ပိုင်း အယူအဆကို မပြောင်းလဲစေပဲ နေမာ ကို စိတ်ကြိုက်ကစားနိုင်ရန်၊ နေမာ ၏ အကောင်းဆုံးခြေစွမ်းကို ရရှိနိုင်ရန်၊ နေမာ အနေဖြင့် ခံစစ်ပိုင်း လိုက်ပါရမှု လျော့နည်းစေရန် ရည်ရွယ်ခဲ့သည်..။ သို့သော် တူချယ် တာဝန်ယူနေသည့် ကာလအတွင်း နေမာ မှာ ဒဏ်ရာအနာတရ မကြာခဏ ရနေခဲ့သောကြောင့် တောင်ပံကစားသမားများ၏ ခံစစ်ပိုင်း ပါဝင်မှုနှင့် လုပ်အားနှုန်းကို တောင်းဆိုသော သူ၏နည်းစနစ်ပိုင်းဒသန အယူအဆကို အကောင်အထည်ဖော်ခွင့် ရခဲ့သည်..။
သို့သော်ချန်ပီယံလိဂ် လို ပြိုင်ပွဲမှာတော့ နေမာ မပါဝင်နိုင်မှုမှာ တူချယ် အား အထိနာစေခဲ့သည်..။ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် တူချယ် ၏ ၄- ၂- ၃- ၁ အခင်းအကျင်းမှာ ထိရောက်မှုနည်းပါးခဲ့သလို အရွယ်လွန် ဒယ်နီရယ် အဲလ်ဗက်စ် အား ညာတောင်ပံ တိုက်စစ်တွင် ထားရှိပြီး ကစားစေမှုအပေါ် ဝေဖန်မှုတွေ များပြားခဲ့သည်..။ ထို့အပြင် အင်ဂယ်လ် ဒီ မာရီယာ ကိုလည်း တောင်ပံတစ်လျှောက်ဆွဲပြေးပြီး ဖြတ်တင်ဘောများကိုသာ ပေးပို့စေသည့် orthodox winger အဖြစ် ကစားစေခြင်းကလည်း အောင်မြင်မှု မရရှိခဲ့ပေ..။ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးချိန်တွင် အင်မတန်မှ ကံကောင်းထောက်မခဲ့၍သာ နောက်ထပ်တစ်ရာသီ ထပ်မံ ကိုင်တွယ်ခွင့် ရခဲ့ခြင်းဖြစ်သည်..။
ထို့ကြောင့် တူချယ် မှာ ဒုတိယဘောလုံးရာသီတွင် အသင်းကိုအခြေခံမှ စတင်ပြင်ဆင်ခဲ့သည်..။ အထူသဖြင့် ပရီးမီးယားလိဂ်မှ အန်ဒါ ဟာရဲရား နှင့် အိုင်ဒရစ်စ်ဆာ ဂွာရဲလ် တို့ကို ခေါ်ယူပြီး ကွင်းလယ်ပိုင်း လုပ်အားနှုန်းနှင့် ရွေ့လျားမှု ပိုမိုကောင်းမွန်လာစေရန် ပြင်ဆင်ခဲ့သည်..။ ထို့နောက်အသက်အရွယ် ကြီးရင့်လာသော အက်ဒီဆန် ကာဗာနီ ၏ နေရာကို မော်ရို အီကာဒီ ဖြင့် အစားထိုးခဲ့သည်..။ ကစားကွက် အခင်းအကျင်းအားဖြင့် ယခင်လောက် အပြောင်းအလဲမများတော့ပဲ ‘လေးယောက်တန်း ခံစစ်ကြောင်း’ ဖြင့် ၄- ၂- ၂- ၂ ကစားကွက်ကို အများဆုံး သုံးစွဲပြီး ဒီ မာရီယာ နှင့် နေမာ တို့၏ အကောင်းဆုံးခြေစွမ်းကို ရရှိအောင် ပြင်ဆင်ခဲ့သည်..။ အဆိုပါကစားကွက်တွင် ဒီ မာရီယာ နှင့် နေမာ တို့မှာ ‘inverted playmaker’ များအဖြစ် တာဝန်ယူစေခဲ့ပြီး သူတို့နှစ်ဦး အတွင်းကိုချိုးဝင်ချိန် တောင်ပံနေရာလွတ်များကို wingbacks များက တာဝန်ယူစေခဲ့သည်..။
ဖိအားပေး ကစားရာတွင် ဒေါ့မွန်အသင်းမှာကဲ့သို့ aggressive press ကို မသုံးစွဲတော့ပဲ ဖန်တီးမှု ပိုမိုကောင်းမွန်စေရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် သူ၏အသင်းမှာ ဥရောပအသင်းကြီးများနှင့် ပခုံးချင်းယှဉ်လာနိုင်သည့် အဆင့်အတန်းကို ရရှိခဲ့သည်..။ ထို့အပြင် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သောကြောင့် ပီအက်စ်ဂျီအသင်းမှာ သူတို့လိုချင်သည့် မျှော်မှန်းချက်ကို ရရှိခဲ့သည်..။ သို့သော်ချန်ပီယံလိဂ် ဆုဖလားကြီးကို ပြင်သစ်မြေသို့ သယ်ဆောင်ခွင့်ကတော့ ဒဏ်ရာကြောင့် မာကို ဗာရက်တီ မပါဝင်နိုင်ချိန် ကွင်းလယ်တွင် သီယာဂို အယ်လ်ကန်တာရာ အား ထိန်းချုပ်နိုင်မည့်သူ မရှိခဲ့ရပဲ သူ၏ပြင်ဆင်မှုများကို အထိနာစေခဲ့သည်..။ ထိုသို့ကွင်းလယ်စိုးမိုးမှု မရရှိခဲ့ခြင်းကြောင့် တိုက်စစ်မှူးများဖြစ်သည့် အမ်ဘတ်ပေး နှင့် နေမာ တို့ထံ ဘောလုံးရောက်ရှိအောင် မပေးပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း အချို့ကတော့ ခံစစ်ပိုင်းကို ဦးတည်ပြီး ‘ဂိုးမပေးရရေး.. ဦးစားပေး’ ပွဲထုတ်ခဲ့သည့် သူ၏အခင်းအကျင်းနှင့် နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေအပေါ် ဝေဖန်ခဲ့ကြသည်..။
တူချယ် မှာ ထူးချွန်သည့်နည်းပြတစ်ယောက် ဖြစ်သော်လည်း သူရောက်ရှိခဲ့သည့် အသင်းများတွင် အချိန်ကြာကြာ ကိုင်တွယ်ပြီး အစဉ်အလာ (dynasty) တစ်ခု တည်ဆောက်ရန် အခွင့်အရေး မရရှိခဲ့ပေ..။ အထူးသဖြင့် ဂျာမန်နည်းပြကြီးမှာ ‘လုံးဝပြီးပြည့်စုံမှု’ ကို အလိုရှိပြီး (perfectionist) ရည်မှန်းချက် (ambition) ကြီးမားခြင်းကြောင့် အသင်းဘုတ်အဖွဲ့များနှင့် အမြင်ကွဲလွဲမှုများကို ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ခဲ့ရသည်..။ သို့သော်သူ့အား ထောက်ခံမှုအပြည့်အ၀ ပေးနိုင်သည့် အသင်းတစ်သင်း၊ မှန်ကန်သည့်ဖြည့်တင်းမှုဖြင့် အသင်းကိုစိတ်ကြိုက် တည်ဆောက်ခွင့် ပေးနိုင်ပါက တူချယ် အနေဖြင့် သူ၏နည်းပြစွမ်းရည်၊ ဒသနများကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်..။
နောက်ဆုံးအနေဖြင့် ပရီးမီးယားလိဂ် ရပ်ဝန်းသို့ ရောက်ရှိလာခဲ့သည့် ဂျာမန်နည်းပြမှ ချယ်လ်ဆီးအသင်းတွင် သူမျှော်မှန်း၊ အကောင်အတည်ဖော်မည့် နည်းစနစ်အယူအဆပိုင်း အယူအဆများကို အောက်ပါအတိုင်း တင်ဆက်ဖော်ပြလိုက်ပါသည်..။
“ကျွန်တော်ဟာ တိုက်စစ်အသားပေး ကစားဟန်ကို နှစ်သက်ပါတယ်..။ ကစားသမားတွေဟာ ဂိုးသွင်းမယ်..၊ ဂိုးဖန်တီးဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး ဘယ်လိုနည်းနဲ့ ပွဲကိုမြန်မြန်ဆန်ဆန် ကစားနိုင်မယ်..၊ အရှိန်မြှင့်ပြီး ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲကို အမြန်ဆုံး ရောက်ရှိဖို့ကိုပဲ အာရုံစိုက်ရပါမယ်..။ အဲဒီအယူအဆကို သူတို့ရဲ့စိတ်ထဲ ရောက်ရှိသွားအောင် သွတ်သွင်းပေးရမယ်..၊ ညွန်ပြပေးနိုင်ရမှာပဲ ဖြစ်ပါတယ်..။ တစ်ဆက်တည်းမှာပဲ ကျွန်တော်ဟာ ဘောလုံးကို ကိုယ့်ရဲ့ခြေထဲအမြန်ဆုံး ရရှိအောင် ကြိုးစားတဲ့ high recoveries ကစားဟန်ကို နှစ်သက်ပါတယ်…။ second balls တွေကိုလည်း ရယူနိုင်အောင် ကြိုးစားရပါမယ်..။ အမှားကိုစောင့်ပြီး ကစားတာထက်စာရင် သူတို့ကို အမှားတွေကျူးလွန်မိအောင် ဖိအားပေး ကစားရပါမယ်..။ ဝုလ်ဖ် နဲ့ပွဲမှာ ကစားခဲ့သလို ဘောလုံးပြန်ပြီးရရှိအောင် အစွမ်းကုန်ကြိုးစားတဲ့ active recoveries ကစားပုံကို အသင်းမှာ ရှိနေတဲ့ ကစားသမားတွေ ကိုက်ညီမှုရှိအောင်၊ သူတို့တွေ လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားသွားမှာပါ.။
ဒါ့ကြောင့်ကျွန်တော့်ရဲ့ ကစားဟန်ကို ပြောရမယ်ဆိုရင် အရှိန်အဟုန်မြင့်ပြီး (high intensity) ကစားမယ်..၊ ဘောလုံးကို အစွမ်းကုန် အရယူနိုင်အောင် (active recoveries) ကြိုးစားမယ်..၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ (entertaining) ကစားဟန်ကို ဖန်တီးနိုင်ရပါမယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးပရိတ် ဖြစ်ခဲ့တယ် ဆိုရင်လည်း ကိုယ့်အသင်းရဲ့ကစားပုံဟာ စိတ်လှုပ်ရှားဖို့ ကောင်းနေမှ ကစားကွင်းထဲကို သွားရောက်အားပေးချင်၊ TV ဖွင့်ပြီး အားပေးချင်စိတ် ရှိမှာပါ..။”
(Pythagorasinboots မှ ဆောင်းပါးရှင် Raees Mahmood နှင့် Dr Amer Waseem တို့၏ ‘Football’s Most Wanted: Thomas Tuchel’ ဆောင်းပါးကို မှီငြမ်းပါသည်..။)