ပြီးခဲ့တဲ့အင်္ဂါနေ့က အန်ဂိုလို ကန်တေး ဟာ ချယ်လ်ဆီးအသင်းဖော်တွေဖြစ်တဲ့ အိုလီဗီယာ ဂျီရူးဒ်၊ ကတ် ဇူးမား တို့နဲ့ ပြင်သစ်နိုင်ငံ၊ နိစ် မြို့မှာ ဖွင့်လှစ်ထားတဲ့ ပြင်သစ်လက်ရွေးစင်အသင်း လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာခဲ့ပါတယ်..။ ပြင်သစ်အသင်းသားတွေနဲ့ မန်နေဂျာ ဒီဒီယာ ဒက်စ်ချမ့် တို့ဟာ စနေနေ့တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှ ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့အထိ အထူးခြေစွမ်းပြခဲ့တဲ့ သူတို့အသင်းက ကျောနံပါတ် (၁၃) ရဲ့ ခြေစွမ်းကို လက်ခုတ်လက်ဝါးတီးပြီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်..။
တကယ်တော့ အန်ဂိုလို ကန်တေး ဟာ ပြင်သစ်လက်ရွေးစင်အဖြစ် ၂၀၁၆ ခုနှစ်ကစပြီး ရွေးချယ်ခံရတာ ဖြစ်သလို အခုဆိုရင် နိုင်ငံတကာပွဲစဉ် (၄၅) ပွဲအထိ ကိုယ်စားပြု ကစားခဲ့ပြီး ဖြစ်ပေမယ့် သူ့ရဲ့ခြေစွမ်းဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ..၊ သူ့ရဲ့အသင်းဖော်တွေကိုတောင် အခုအချိန်ထိ အံ့အားသင့်နေစေဆဲပါပဲ..။ အထူးသဖြင့် ဒီတစ်ကြိမ် ယူရိုပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းလာတဲ့သူ့ကို ကျန်တဲ့ပြင်သစ်အသင်းဖော်တွေက ကမ္ဘာ့အကောင်းဆုံး ဘောလုံးဆုရှင်၊ Ballon d’Or ဆု ပိုင်ရှင် တစ်ယောက်အလား သဘောထားပြီး ကြိုဆိုခဲ့ကြပါတယ်..။ တစ်ချို့တွေက အဲဒီစကားကို တင်စား၊ ကျီစယ်တဲ့ သဘောနဲ့ ပြောကြတာ ဖြစ်နိုင်ပေမယ့် တစ်ချို့တွေကတော့ အဲဒီစကားကို တကယ်အလေးအနက်ထားပြီး ‘မင်းဟာရွှေဘောလုံးဆုအတွက် ရွှေရောခင်းတဲ့လမ်းပေါ်မှာ ခြေချမိနေပြီ..’ လို့ အခါတော်ပေးခဲ့ကြပါတယ်..။
ပြင်သစ်အသင်းမန်နေဂျာ ဒက်စ်ချမ့် ဟာ မကြာသေးခင်ကမှ ရေကုန်ရေခမ်း ကစားလာခဲ့တဲ့ ချယ်လ်ဆီးအသင်းသားတွေကို ဝေးလ်အသင်းနဲ့ ခြေစမ်းပွဲမှာ မရွေးချယ်ခဲ့ပေမယ့် အန်ဂိုလို ကန်တေး လို ကစားသမား တစ်ယောက် သူတို့အသင်းမှာ ရှိနေခဲ့တာ အင်မတန်မှ ကံကောင်းတယ်ဆိုတဲ့ အချက်ကို သိထားကြပါတယ်..။ သူ့ရဲ့ချယ်လ်ဆီးအသင်းဖော် အိုလီဗီယာ ဂျီရူးဒ် ကတော့ အန်ဂိုလို ကန်တေး ရဲ့ ခြေစွမ်းကို အခုလိုမှတ်ချက်ပေးပါတယ်..။
“အန်ဂိုလို ဟာ တကယ့်ကိုအံ့မခန်း ကစားသမားတစ်ယောက်ပါ..။ သူ့ရဲ့ကစားပုံဟာ တစ်ကွင်းလုံးအနှံ့ မနားတမ်း ရွှေ့လျား၊ ပြေးလွှားနေရုံ၊ မထင်မှတ်တဲ့အချိန်မှာ ဘောလုံးတွေကို ပြန်ပြီးအရယူပြနိုင်တာတွေထက် အများကြီးပိုပါတယ်..။ အန်ဂိုလို ကန်တေး ရှိနေရင် အရာရာအားလုံး ဖြစ်နိုင်ပါတယ်..။ ကွင်းထဲမှာ သူ့ကိုမြင်လိုက်တာနဲ့ ကိုယ့်ရဲ့အသင်းမှာ ကစားသမား တစ်ယောက် အပိုပါပြီး (၁၂) ယောက်နဲ့ ကစားနေရတယ်ဆိုတဲ့ ခံစားချက်ကို ရပါတယ်..။”
ဒါ့ကြောင့် အိုလီဗီယာ ဂျီရူးဒ် တွေးထားသလို၊ တခြားပြင်သစ်အသင်းဖော်တွေ ရှုမြင်ကြသလို အန်ဂိုလို ကန်တေး ဟာ ‘Ballon d’Or’ ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်မလား..? ဆိုတာ အခုနှစ်ကုန်ပိုင်းကျရင် အဖြေသိရမှာပါ..။ ဒါပေမယ့် Les Blues ပြင်သစ်လက်ရွေးစင် အသင်းသာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် အဲဒီ Ballon d’Or ဆုအတွက် ဆန်ကာတင်စာရင်မှာ ကန်တေး ဟာ ထိပ်ဆုံးကနေ ပါဝင်လိမ့်မယ်လို့ ပြင်သစ်ဘောလုံးလောက အသိုင်းအဝိုင်းမှာတော့ ခန့်မှန်းချက်တွေ၊ ထင်မြင်ချက်တွေ ပေးကုန်ကြပါပြီ..။
ဘေယန် မြူးနစ်အသင်းနဲ့ တစ်ရာသီအတွင်း (၄၁) ဂိုးသွင်းပြီး သွင်းဂိုးစံချိန်သစ် ချိုးခဲ့တဲ့ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီး ဟာ အဲဒီဆုအတွက် ဆန်ကာတင်စာရင်းမှာ ချန်ထားလို့ မရပါဘူး..။ ဒါ့အပြင် နန်းမကျသေးတဲ့ သရဖူရှင်တွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ခရစ်စ်တီယာနို ရော်နယ်လ်ဒို တို့ကို မေ့ထားလို့ မရသလို ကန်တေး နဲ့အတူ ပြင်သစ်အသင်းမှာ ခြေစွမ်းပြနိုင်မယ့် ကိုင်လီယန် အမ်ဘတ်ပီ၊ ကာရင် ဘန်ဇီးမား တို့ကလည်း အနီးကပ်ဆုံး ပြိုင်ဘက်တွေအဖြစ် ရှိနေကြမှာ ဖြစ်ပါတယ်..။ ဒါပေမယ့် အသက် (၃၀) ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အန်ဂိုလို ကန်တေး ဟာ ရွှေဘောလုံးဆု အတွက် ရေပန်းစားတဲ့ ကစားသမားတစ်ယောက်အဖြစ် ပါဝင်နေမှာ အသေအချာပါပဲ..။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဂျာမန်နည်းပြ သောမတ်စ် တူခယ်လ် စတန်းဖို့ဒ် ဘရစ်ချ်ကို ရောက်လာခဲ့တဲ့ အချိန်ကစပြီး အန်ဂိုလို ကန်တေး ဟာ သူ့ရဲ့ခြေစွမ်း နောက်ထပ်တစ်ဆင့်မြင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်.။ ဂျာမန်နည်းပြကြီးဟာ အန်ဂိုလို ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာတုန်းက သူ့ကိုအရခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာ ပြန်လည်လက်တွဲခွင့် ရချိန်မှာတော့ ကန်တေး အတွက် အသင့်တော်ဆုံးဖြစ်မယ့်နေရာ၊ သူ့ရဲ့ဘောလုံးအရယူနိုင်တဲ့ စွမ်းရည်၊ ဘောလုံးနဲ့အတူ တမဟုတ်ချင်း ဆွဲတက်နိုင်တဲ့ သူ့ရဲ့စွမ်းရည်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့ကြပါတယ်..။
တူခယ်လ် ဟာ ကန်တေး ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုကောင်းမွန်လာအောင် လမ်းညွန်ပေးခဲ့သလို သူ့ကိုစိတ်ကြိုက် ကစားခွင့် ပိုပေးခဲ့တယ်..၊ လွတ်လွတ်လပ်လပ် ရွှေ့လျားကစားခွင့် ပေးခဲ့တာကြောင့် ရီးရဲလ် မက်ဒရစ်၊ အက်တလက်တီကို မက်ဒရစ်၊ မန်ချက်စတာ စီးတီး အသင်းတွေနဲ့ ချန်ပီယံလိဂ် ပွဲကြီးတွေအပြင် လီဗာပူးလ်အသင်းနဲ့ အန်ဖီးလ် ကွင်းက ပရီးမီးယားလိဂ် ပွဲစဉ်လို ပွဲကြီးပွဲကောင်းတွေမှာ အထူးခြေစွမ်းပြ တောက်ပြောင်ခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့် မတ်လတုန်းက အန်ဖီးလ် ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲအပြီး သောမတ်စ် တူခယ်လ် က အခုလို ပြောခဲ့ပါတယ်..။
“ကန်တေး ဟာ ကျွန်တော်တို့အတွက် ဘုရားပေးတဲ့ လက်ဆောင်ပါပဲ..။ ကျွန်တော်နဲ့နည်းပြအဖွဲ့ဝင်တွေဟာ သူ့ရဲ့စွမ်းဆောင်ချက်တွေကိုကြည့်ပြီး မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်..။ ပွဲပြီးတဲ့အခါတိုင်း၊ လေ့ကျင့်ခန်းတွေ ပြီးတဲ့အခါတိုင်း သူ့နဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်လိုက်ပြီဆိုရင် အမြဲတမ်း အံ့အားသင့်ရတာပါပဲ..။ ဒါ့ကြောင့်သူဟာ တကယ့်ကို ဘုရားသခင် ပေးသနားခဲ့တဲ့ လက်ဆောင်မွန်တစ်ခုလို့ ပြောရတာပါ..။”
ကန်တေး ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ပေါလ် ပေါ့ဘာ ကလည်း French TV သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ သူ့ရဲ့သူငယ်ချင်းအကြောင်းကို အခုလိုပြောပြပါတယ်..။
“ကန်တေး ဆီမှာ ကစားသမားတစ်ယောက် ရှိသင့်တဲ့စွမ်းရည်တွေအကုန် ရှိနေပါတယ်..။ သူဟာနည်းစနစ်ပိုင်း ထူးချွန်သလို ဘောလုံးပေးပို့ရာမှာလည်း ကောင်းမွန်တယ်..၊ တစ်ကွင်းလုံး နေရာအနှံ့မှာ သူရှိနေပါတယ်..။ သူဟာကွင်းထဲက အသင်းဖော် (၁၁) ယောက်လုံးအတွက် ကစားပေးနေတာပါ…။ ခင်ဗျားရဲ့မျက်စိရှေ့မှာ သူပျောက်သွားတာနဲ့ ခင်ဗျားမှာအန္တရာယ် ရှိနေပါပြီ...။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာခင်ဗျားတို့ရှေ့ကနေ ‘ဘွားကနဲ’ ပြန်ပေါ်လာပြီး ခင်ဗျားရှေ့က ဘောလုံးကို ဖြတ်ပြီးလုသွားပါလိမ့်မယ်..။ သူဟာနေရာတိုင်းမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့အသင်းမှာ သူ့လိုကစားသမား ရှိနေပြီဆိုရင် နောက်ထပ်တောင်းဆိုစရာ သိပ်ပြီးမလိုတော့ပါဘူး..။”
တကယ်လို့ အန်ဂိုလို ကန်တေး သာ ‘Ballon d’Or’ ဆုကို ရရှိခဲ့မယ်ဆိုရင် အဲဒီချီးမြှင့်ခံရမှုဟာ ‘သာမန်ကစားသမား’ တွေအတွက် အောင်မြင်မှုတစ်ခု ဖြစ်ပါလိမ့်မယ်.။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ အချိန်ထိ ‘Ballon d’Or’ ဆုဟာ ‘စူပါစတား ကစားသမား’ တွေပဲ တစ်လှည့်စီ ရရှိနေတာ ဖြစ်တဲ့အတွက်ပါပဲ..။ အန်ဂိုလို ကန်တေး ဟာ ကျွန်တော်တို့ ဘောလုံးပွဲတွေကို ဘယ်လိုကြည့်တယ်..၊ ဘယ်လိုရှုမြင် သုံးသပ်ကြတယ်.. ဆိုတဲ့အမြင်တွေကို ပြောင်းလဲစေမှာ ဖြစ်သလို အကောင်းဆုံး ကစားသမားဆုဟာ တိုက်စစ်မှူးတွေ၊ ဂိုးသွင်းတဲ့သူတွေအတွက် သီးသန့်ဆုမဟုတ်ဘူး..၊ အသင်းအတွက် ကိုယ်ကျိုးစွန့်.. ကြိုးစားခဲ့တဲ့ ကစားသမားတွေအတွက်လည်း နေရာရှိပါတယ်. ဆိုတာ ပြသနိုင်မှာ ဖြစ်ပါတယ်..။
ပြီးခဲ့တဲ့ ‘Ballon d’Or’ ဆုပိုင်ရှင်များကို ပြန်ကြည့်မယ်ဆိုရင်လည်း ကွင်းလယ်အဖျက် ကစားသမား (defensive midfielder) တွေထဲက တစ်ယောက်မှ မရခဲ့ဖူးသလို ခံစစ်ကစားသမားတွေထဲကဆိုရင် ၂၀၀၆ ခုနှစ်တုန်းက ဖာဘီယို ကာနာဗာရို တစ်ယောက်ပဲ ရရှိထားဖူးပါတယ်..။ အဲဒီကစားသမားဆု ပိုင်ရှင်တွေထဲက ကန်တေး နဲ့ အနီးစပ်ဆုံး ကစားပုံတူတဲ့သူဆိုလို့ ၁၉၉၀ ခုနှစ်တုန်းက ဆွတ်ခူးခဲ့တဲ့ လိုသာ မက်သီးယက်စ် ပဲ ရှိပါတယ်..။ ဒါတောင်အဲဒီအချိန်တုန်းက ဂျာမန်ဂန္တဝင်ကစားသမားကြီးဟာ ကွင်းလယ်ဖန်တီးရှင် (playmaker) ကစားသမားအဖြစ် ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားနောက်ပိုင်းမှာ ကစားခဲ့တဲ့ ‘sweeper’ နေရာကနေ ရရှိခဲ့တာ မဟုတ်ပါဘူး..။
၂၀၁၈ ခုနှစ် Ballon d’Or ဆုပိုင်ရှင် လူကာ မိုဒရစ် ဟာလည်း ကွင်းလယ်ဖန်တီးရှင် အနေနဲ့ပဲ ရရှိခဲ့တာပါ..။ လူကာ မိုဒရစ် ဟာ ၂၀၁၈ ခုနှစ်တုန်းက ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက်ရှိအောင် ဦးဆောင်ပေးခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာကြောင့် ကန်တေး အနေနဲ့ ပြင်သစ်လက်ရွေးစင် အသင်းသာ ယူရိုပြိုင်ပွဲမှာ အခြေအနေကောင်းခဲ့ရင် အခုဒီဆုကို မရနိုင်စရာအကြောင်း မရှိပါဘူး..။
ဒါပေမယ့် အန်ဂိုလို ကန်တေး ဟာ တစ်ဦးချင်းစွမ်းရည်အတွက် ချီးမြှင့်တဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အမြင့်ဆုံးဆုကို ရရှိချင်မှာ ဖြစ်ပေမယ့် သူ့ရဲ့ပင်ကိုယ် စိတ်နေစိတ်ထားအရ အဲဒီဆုကိုရရှိချင်စိတ် ရှိချင်မှရှိပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာလူတကာရဲ့ အာရုံစိုက်မှုကို မလိုချင်တဲ့..၊ ရိုးရှင်းတဲ့စိတ်ထား ပိုင်ရှင်ရှိပြီး လူတွေနဲ့ ဝေးဝေးနေချင်တဲ့သူတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ..။
၂၀၁၈ ခုနှစ်တုန်းက ပြင်သစ်အသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲပြီး Stade de France မှာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနေစဉ်တုန်းကလည်း သူ့ရဲ့နာမည်ကို သီချင်းထဲမှာ ထည့်မဆိုဖို့ အသင်းဖော် ဘင်ဂျမင် မန်ဒီ ကို ပြောခဲ့ပါသေးတယ်..။ ဒါ့အပြင် ရီးရဲလ် မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အကြိုဗိုလ်လုပွဲ၊ ဒုတိယအကျော့ ပွဲစဉ်အပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု (man of the match) ချီးမြှင့်ခံရတဲ့အချိန် သတင်းထောက်က တွေ့ဆုံခန်း ပြုလုပ်ရာမှာလည်း အဲဒီတွေ့ဆုံခန်းအတွက် သူ့မှာစိတ်မသက်မသာ ဖြစ်ရကြောင်း၊ ဒီနေ့အနိုင်ပွဲဟာ အသင်းရဲ့အနိုင်ပွဲဖြစ်တယ်..၊ သူ့တစ်ယောက်တည်း ရခဲ့တဲ့ အနိုင်ပွဲမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်..။
ဒါပေမယ့် သူနဲ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ပေါလ် ပေါ့ဘာ က သူ့ရဲ့လူသိပ်မသိသေးတဲ့ အကျင့်စရိုက်တစ်ခုကို ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်..။
“ခင်ဗျားတို့ သိပ်မသိကြသေးလို့ဗျ..၊ ကန်တေး ဟာ အရမ်းညစ်တတ်တာနော..။ ကျွန်တော်တို့အချင်းချင်း ဖဲကစားတာပဲဖြစ်ဖြစ်၊ ချက်စ်ဂိမ်းတွေ၊ Board ဂိမ်းတွေ ကစားတာပဲဖြစ်ဖြစ် သူကအရမ်းညစ်တာဗျ..။ ကျွန်တော်မှန်တာ ပြောတာပါ..။ သူကတော့ မညစ်တတ်ပါဘူး.. လို့ ပြောပေမယ့် အနိုင်ရအောင် အကြံအဖန် အရမ်းလုပ်ပါတယ်..။ သူဟာအရမ်းပါးနပ်တယ်.. ‘အန်ဂိုလို..’ ရေ..။
ဒါပေမယ့် အဆင်ပြေပါတယ်.။ ကျွန်တော်တို့အားလုံး သူ့ကိုချစ်ကြပါတယ်..။ သူဟာကမ္ဘာ့ဘောလုံးလောကမှာ လူချစ်လူခင် အများဆုံး ဘောလုံးသမားပါ..။ ခင်ဗျားတို့သူ့ကို ဘယ်လိုမှမုန်းလို့ ရမှာမဟုတ်ပါဘူး..။ သူဟာကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချတယ်..၊ ရိုကျိုးတယ်..၊ ကစားသမား အရမ်းပီသပါတယ်..။ နောက်ပြီးအလုပ်လုပ်ဖို့ကလွဲရင် စောဒကတက်တာတွေလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး..။”
ဒ့ါကြောင့်ဖဲကစားတဲ့အချိန်မှာ ညစ်ကျယ်ကျယ် ကစားခဲ့ဖူးပေမယ့် အဲဒီလုပ်ရပ်တွေဟာ သူ့ရဲ့ Ballon d’Or ဆုအတွက် ခရီးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး..။ အခု ၂၀၂၁ ခုနှစ်၊ ဇွန်လ.. ပထမနှစ်ဝက်ရောက်ခါနီး တစ်လအလို ကာလအထိ အန်ဂိုလို ကန်တေး က စိုးမိုးနိုင်ခဲ့ပါပြီ..။ တကယ်လို့ လက်ကျန်ခြောက်လမှာသာ ပြီးခဲ့တဲ့ကာလက ခြေစွမ်းနဲ့ အောင်မြင်မှုတွေ ဆက်လက်ထိန်းသိမ်း နိုင်ခဲ့မယ်ဆိုရင် ကန်တေး အတွက် ‘Ballon d’Or’ ဆုဟာ ပြေးလို့လွှတ်မှာ မဟုတ်ပါဘူး..။
(ESPN မှ ဆောင်းပါးရှင် Julien Laurens ၏ “Why N'Golo Kante deserves the Ballon d'Or over Lewandowski, Messi, Ronaldo & Co. in 2021” ဆောင်းပါးကို ပြန်ဆိုပါသည်..။)