feature-image

ပက်ပ် နီးဗင်း ၏ ၂၀၂၀/၂၁ ဘောလုံးရာသီကို ဥရောပချန်ပီယံအသင်းနှင့် ဖြတ်သန်းခြင်း…

အခုဇွန်လကုန်မှာ ပြီးဆုံးတော့မယ့် ၂၀၂၀/၂၁ ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ဘောလုံးရာသီတစ်ခုအဖြစ် မှတ်တမ်းဝင် ကျန်ရှိခဲ့ပါလိမ့်မယ်..။ အထူးသဖြင့် ချန်ပီယံလိဂ် ဆုဖလားကြီးကို ရရှိခဲ့ပြီး ဥရောပချန်ပီယံအဖြစ် မော်ကွန်းရေးထိုးနိုင်ခဲ့ခြင်းဟာ ဂုဏ်ယူဝင့်ကြွားဖို့ ကောင်းလှသလို FA ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တယ်..၊ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့် (၄) နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာစေခဲ့ပါတယ်..။

အဲဒီအဆင့် (၄) နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အကြောင်း အခုအချိန်မှာ ထည့်သွင်း၊ ဖော်ပြဖို့ရာ မလိုတော့ပေမယ့် ဗိုလ်လုပွဲမတိုင်ခင်မှာ နောက်နှစ်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ကြိုတင်သေချာခဲ့ခြင်းဟာ ပေါ်တိုမြို့က ဗိုလ်လုပွဲမှာ အတိုင်းအတာတစ်ခုအထိ ဖိအားတွေလျော့ကျစေခဲ့တာ အမှန်ပါပဲ..။

တကယ်တော့ အခုနှစ်ဘောလုံးရာသီမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအကြောင်းကို ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ပြောခဲ့မယ်ဆိုရင် အတော်လေးကို အိပ်မက်ဆန်လွန်းလှပြီး ဂယောက်ဂယက်တွေပါပဲ.. လို့ တုံ့ပြန်ကြပါလိမ့်မယ်..။ အဲဒီအချိန်တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် အတော်လေးကို ဆိုးရွားခဲ့တဲ့ ဘောလုံးရာသီတစ်ခု မဟုတ်တာ သေချာပေမယ့် အမှတ်ပေးပြိုင်ပွဲက အခြေအနေဟာ တစ်ပါတ်နဲ့တစ်ပါတ် တည်ငြိမ်မှု မရှိခဲ့ပါဘူး..။ တစ်ပွဲလောက် ကောင်းလာလိုက်..၊ ပြီးရင်နောက်ထပ် နှစ်ပွဲလောက် အခြေအနေဆိုးသွားလိုက်နဲ့ ကမောက်ကမပါပဲ..။



တကယ်တော့ အဲဒီလို ကမောက်ကမ ဖြစ်ရတာဟာ ချယ်လ်ဆီးအသင်း တစ်သင်းတည်းမဟုတ်ပဲ ပရီးမီးယားလိဂ် ရပ်ဝန်းတစ်ခုလုံးလိုလို ဖြစ်နေခဲ့တာပါ.. လို့ ပြောလို့ရနိုင်ပါတယ်..။ ဒီဇင်ဘာလနောက်ပိုင်းမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းကလွဲရင် ကျန်တဲ့အသင်းများ၊ နည်းပြများရဲ့ အနေအထားဟာ ခန့်မှန်းရခက်ခဲခဲ့ပြီး အားလုံးလိုလိုဟာ အပါတ်စဉ်တိုင်း ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အိုလေး ဂန်းနား ဆိုးလ်ရှား ဟာ ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်.. ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးကျတော့ အမှတ်ပေးပြိုင်ပွဲမှာ ဒုတိယနေရာ ရရှိခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်..။

အသင်းတိုင်းဟာ တစ်ရာသီလုံးလိုလို သုံးရက်ကို တစ်ပွဲနှုန်း ယှဉ်ပြိုင်ခဲ့ရတာကြောင့် ဒဏ်ရာပြသနာတွေ၊ ပွဲပန်းတာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ရတဲ့ ကာလတွေမှာ ရလဒ်တွေ ထိုးဆင်းသွားတဲ့ အဖြစ်အပျက်မျိုးကို အသင်းတိုင်းလိုလို ကြုံတွေ့ခဲ့ရပါတယ်..။ ဒါ့အပြင်တစ်ရာသီလုံးနီးပါး ပရိသတ်တွေ ဝင်ရောက်၊ အားပေးခွင့်မရခဲ့ခြင်းဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်..။ အထူးသဖြင့် အိမ်ကွင်းပရိသတ် အားပေးမှုကောင်းမွန်လာတဲ့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ် အသင်းကြီးများဟာ သူတို့ရဲ့ (၁၂) ယောက်မြောက် ကစားသမားဖြစ်တဲ့ ပရိသတ်များ မပါဝင်နိုင်ခဲ့တာကြောင့် အန်ဖီးလ်၊ အိုးလ် ထရက်ဖို့ဒ် ကွင်းတွေက ရမှတ်တွေဟာ အဝေးကွင်းမှာ ရရှိခဲ့တဲ့ ရမှတ်တွေထက် နည်းပါးခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်ဘောလုံးရာသီ အိမ်ကွင်း၊ အဝေးကွင်း စွမ်းဆောင်ရည် သိပ်မကွာခဲ့ပါဘူး..။ ဒါပေမယ့် အခုလိုချန်ပီယံလိဂ် ဆုဖလားရရှိခဲ့ပြီး အောင်မြင်မှုအပေါင်းနဲ့ ခညောင်းခဲ့တဲ့ ဘောလုံးရာသီမှာ ရာသီတစ်ဝက်နဲ့ လမ်းခွဲခဲ့ရတဲ့ ဖရန့် လမ်းပတ် ရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး..။ ကျွန်တော်တို့အသင်းရဲ့ ဂန္တဝင်ကွင်းလယ် ကစားသမားကြီး ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အမှတ်ပေးပြိုင်ပွဲ ထိပ်ဆုံးလေးသင်းနဲ့ FA ဖလားမှာ ဗိုလ်လုပွဲရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ မေဆန် မောင့်၊ တန်မီ အေဘရာဟမ်၊ ရိစ် ဂျိမ်းစ်၊ ဘီလီ ဂေးလ်မား တို့လို လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမား အများအပြားကို ချယ်လ်ဆီးအသင်းကြီးရောက်အောင် ခေါ်ဆောင်နိုင်ခဲ့သလို အနာဂတ်အတွက် အလားအလာကောင်းတွေ အမျာအပြား ချန်ရစ်ထားနိုင်ခဲ့ပါတယ်..။



အခုပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီပထမပိုင်းမှာ ဖရန့် လမ်းပတ် ရဲ့ ပွဲထွက်အခင်းအကျင်းနဲ့ ပွဲထွက်လူစာရင်း ရွေးချယ်ခဲ့ပုံတွေဟာလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်..။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာဆိုရင် သူဟာ ၃- ၄- ၃ ကစားကွက် အခင်းအကျင်းနဲ့ ပွဲထုတ်ခဲ့ပြီး အဲဒီပွဲက ပွဲထွက်လူစာရင်းဟာ ချန်ပီယံလိဂ် ဖလားဗိုလ်လုပွဲနေ့က သောမတ်စ် တူခယ်လ် ရဲ့ ပွဲထွက်လူစာရင်းနဲ့အတော်လေးကို ဆင်တူခဲ့ပါတယ်..။ မေဆန် မောင့် နေရာမှာ ခရစ်စ်တီယန် ပူလီဆစ်၊ ကတ် ဇူးမား နေရာမှာ အန်တိုနီယို ရူဒီဂါ တို့ပဲ ကွာခြားမှု ရှိခဲ့ပါတယ်..။

ဒါပေမယ့် အောင်မြင်ခဲ့တဲ့အသင်းတွေကို ကြည့်မယ်ဆိုရင် ကစားကွက် တည်ငြိမ်မှုရှိဖို့ လိုအပ်တာ တွေ့ရပြီး ကစားသမားတွေရဲ့ ယုံကြည်မှုပိုမို ကောင်းမွန်လာစေဖို့ ပုံသေအသားကျပြီးသား ကစားနည်းစနစ်အပေါ် အခြေခံလို့ လိုအပ်တဲ့ အပြောင်းအလဲ သေးသေးလေးတွေကိုပဲ ပြုလုပ်သွားကြတာ တွေ့ရမှာပါ..။ ဖရန့် လမ်းပတ် ကတော့ ကွဲပြားခြားနားတဲ့ အသင်းတွေ၊ မတူညီတဲ့ အခြေအနေတွေကို ကွဲပြားခြားနားတဲ့ ကစားကွက် အခင်းအကျင်း၊ မတူညီတဲ့ လူထုတ်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်..။ သူ့ရဲ့နည်းစနစ်အယူအဆနဲ့ ဆုံးဖြတ်ချက်တွေကို လေးစားရမှာ ဖြစ်ပေမယ့် အဲဒီလိုပြုလုပ်နိုင်ဖို့ဆိုရင် အပြောင်းအလဲ ကြီးကြီးမားမားတွေကို စွန့်စားနိုင်ဖို့ လုံလောက်တဲ့ စွမ်းရည်၊ ကျွမ်းကျင်မှုရှိနေဖို့ လိုအပ်ပါတယ်..။

သောမတ်စ် တူခယ်လ် ဟာ သူရောက်လာခဲ့ပြီးနောက်ပိုင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာ ရှိပေမယ့် အပြောင်းအလဲ ကြီးကြီးမားမားထက်စာရင် ရှိပြီးသားစနစ်တစ်ခုအပေါ်ပဲ အခြေခံပြီး အပြောင်းအလဲ သေးသေးလေးတွေကို လိုအပ်သလို ညှိနှိုင်းခဲ့တာပဲ ရှိပါတယ်..။ သူ့ရဲ့မူရင်းအခြေခံ ‘three at the back’ ကစားကွက်အထိုင်ကို လုံးဝပြောင်းလဲခဲ့တာ မရှိခဲ့ပါဘူး..။

ဖရန့် လမ်းပတ် ရဲ့အသင်းဟာ တော့တင်ဟမ်အသင်းနဲ့ ဂိုးမရှိသရေကျပြီး ရက်အနည်းငယ်အကြာ ဆီဗီးလားအသင်းကို အဝေးကွင်းမှာ လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ကာလမှာ သူတို့အသင်းရဲ့ အကောင်းဆုံးအနေအထားကို ရရှိခဲ့ပါသေးတယ်..။ အဲဒီနှစ်ပွဲစလုံးမှာ ပါဝင်ခဲ့တဲ့ တစ်ယောက်တည်းသော ကစားသမားက ‘မက်တီယို ကိုဗာဆစ်’ ပါ..။ ဒီလိုအရန်ကစားသမား အများအပြား ပါဝင်တဲ့ အနေအထားနဲ့တောင် စပိန်လာလီဂါ အသင်းကြီးတစ်သင်းကို ရက်ရက်စက်စက် ချေမှုန်းနိုင်ခဲ့ပါတယ်..။ အဲဒီအချိန်ဟာ ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့အသင်းသားတွေရဲ့ အသင်းလိုက်စုစည်းမှု၊ စိတ်ဓါတ်အကောင်းဆုံး အခြေအနေကို ရောက်ရှိခဲ့သလို ကျွန်တော်တို့အသင်းဟာ အခုလိုခက်ခဲတဲ့ ဘောလုံးရာသီကို ဖြတ်သန်းနိုင်ဖို့ လုံလောက်တဲ့ အရန်အင်အား အထူးတောင့်တင်းမှု ရှိတယ်ဆိုတာ ပြသလိုက်ခြင်းပါပဲ..။



တကယ်တော့ ချန်ပီယံလိဂ် ဆုဖလားကြီးကို ချယ်လ်ဆီးအသင်း ရရှိနိုင်တယ်.. ဆိုတဲ့ ခံစားချက်ဟာ အက်တလက်တီကို မက်ဒရစ် ကို အနိုင်ယူ၊ ကျော်ဖြတ်ပြီးခဲ့တဲ့နောက်ပိုင်း ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ စတင်ပေါက်ဖွားလာခဲ့ပါတယ်..။ ဒါပေမယ့် အရမ်းကြီး အလေးအနက်တော့ မဖြစ်သေးပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ချန်ပီယံလိဂ် ပြိုင်ပွဲဆိုတာ တကယ့်အကောင်းဆုံးအသင်းတွေ၊ အထက်မြက်ဆုံးနည်းပြတွေ ယှဉ်ပြိုင်နေတဲ့ တောနက်ကြီးနဲ့ဆင်တူပြီး ကျွန်တော်တို့အသင်းဟာ တက်သက်စ ခြင်္သေ့ပျိုတစ်ကောင်လောက်ပဲ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်..။ အဲဒီအက်တလက်တီကို အသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်၊ အဝေးကွင်းပွဲ..၊ ပထမအကျော့မှာ အိုလီဗီယာ ဂျီရူးဒ် နဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ကို ပွဲထွက်လူစာရင်းမှာ ပြန်လည်ထည့်သွင်းခဲ့တဲ့ သောမတ်စ် တူခယ်လ် ရဲ့ ဆုံးဖြတ်ချက်ကို မှတ်မှတ်ထင်ထင် ဖြစ်မိခဲ့ပါတယ်..။ ဒီလိုနဲ့ အက်တလက်တီကို အသင်းကို ကျော်ဖြတ်ပြီး နောက်ထပ်တစ်ဆင့် ကွာတားဖိုင်နယ်ပွဲစဉ် မဲခွဲပြီးချိန်မှာတော့ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ရနိုင်ပါ့မလား..? ဆိုတဲ့စကားကို ပြောလာတဲ့သူ အတော်များလာခဲ့ပါပြီ..။

ပေါ်တိုအသင်းကို အနိုင်ယူ၊ ကျော်ဖြတ်ခဲ့ခြင်းဟာ ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ် အသင်းကို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ အကြိုဗိုလ်လုပွဲ၊ ဒုတိယအကျော့ ပွဲစဉ်က စွမ်းဆောင်ရည်ဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းလိုက် စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲအပါအဝင်လို့ ပြောနိုင်ပါတယ်..။ ဝါရင့်၊ သမ္ဘာရင့်၊ ကြယ်ပွင့်ကစားသမားတွေ အများအပြား ပါဝင်ခဲ့တဲ့ ရွှေအိုရောင် တော်ဝင်အသင်းကြီးကို အကြောက်အလန့်မရှိ၊ ရဲရဲရင်ဆိုင်၊ လျှင်လျှင်မြန်မြန် ဖွင့်ကစား၊ မောင်းနှင်ပြသခဲ့တဲ့ ခြေစွမ်းဟာ စွဲမက်ဖို့ကောင်းခဲ့သလို အန်ဂိုလို ကန်တေး၊ မေဆန် မောင့် နဲ့ ဂျော်ဂင်ဟို တို့ရဲ့ ကွင်းလယ်စိုးမိုးမှုနဲ့ ပူလီဆစ်၊ တီမို ဗာန တို့ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မှုတွေဟာ ရီးရဲလ် မက်ဒရစ် ခံစစ်ကြောင်းကို အကြိမ်ကြိမ်အခါခါ ကျိုးပျက်စေခဲ့ပါတယ်..။ တကယ်တော့ အဲဒီပွဲမှာ ကျွန်တော်တို့အသင်းဟာ ပထမပိုင်းမှာတင် ၄ဂိုးလောက် ရရှိသင့်ခဲ့ပြီး နှစ်ကျော့ပေါင်း ၃- ၁ ဆိုတဲ့ ရလဒ်ဟာ နှစ်သင်းကြားက ခြေစွမ်းကို ကိုယ်စားမပြုခဲ့ပါဘူး..။



အခုဆိုရင် ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်း အင်မတန်မှ အရေးကြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေမှာ ဖြတ်သန်းခဲ့တဲ့ ပွဲစဉ် (၁၆) ပွဲ ကာလရှည်ကြီးကို မေ့လျော့နိုင်ခဲ့ပါပြီ..။ အဲဒီ ပွဲစဉ် (၁၆) ပွဲ.. အတွဲလိုက်ကြီးဟာ ဘယ်လောက်ထိ ခက်ခဲခဲ့လဲ.. ဆိုတာကို နောက်ဆုံးလေးပွဲထဲမှာ အရေးပါမှု အနည်းဆုံးပွဲဟာ လက်စ်တာ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲဖြစ်ခဲ့တယ်.. ဆိုတဲ့အချက်နဲ့တင် သက်သေပြနိုင်ပါတယ်..။ ပွဲစဉ်တိုင်းဟာ ခက်ခဲတယ်..၊ ကျပ်တည်းတယ်..၊ ပြိုင်ဘက်တိုင်းဟာလည်း အဆိပ်ပြင်းတဲ့ အသင်းကြီးတွေကြီးပါပဲ..။ အဲဒီလိုကြီးမားလှတဲ့ ဖိအားတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ရာသီအပိတ် ပန်းဝင်ကာလခရီးလမ်းဟာလည်း အမှတ်ရစရာ ရှိသင့်ပါတယ်..။

FA ဖလား ဗိုလ်လုပွဲဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ကို ဦးတည်နေတဲ့ ပွဲစဉ်တွေလောက် အရေးမပါဘူး.. ဆိုပေမယ့် ဝင်ဘလေကွင်းက ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကို ကျွန်တော်အပါအဝင် ချယ်လ်ဆီးအသင်း ပရိသတ်တွေအားလုံး စိတ်ပျက်၊ လက်ပျက် ဖြစ်ခဲ့ရပါတယ်..။ ဒါပေမယ့် အဲဒီဖလားကို စွန့်လွတ်လိုက်ရသော်ငြား နောက်ဆုံးပိတ်..၊ အိတ်နဲ့လွယ်လိုက်သလို ရာသီကုန်နောက်ဆုံးပွဲစဉ်မှာ ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဆုဖလားကြီးကြောင့် အဲဒီအရှုံးပွဲကို ဖြေသာခဲ့ရပါတယ်..။ အခုဆိုရင် အဲဒီခရောင်းတောလမ်းကို ဦးဆောင် မောင်းနှင်ခဲ့တဲ့ သောမတ်စ် တူခယ်လ် ဟာ အသင်းနဲ့နှစ်ရှည် စာချုပ်သက်တမ်းတိုးခဲ့ပြီး ဖြစ်တာကြောင့် နောက်ထပ်လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အသင့် ဖြစ်နေခဲ့ပါပြီ..။ တကယ်တော့ ချန်ပီယံလိဂ် ဆုဖလားကြီးကို ရရှိခဲ့ပြီးနောက် ဒီထက်ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်၊ ကျော်ဖြတ်ရမှာလဲ..? ဆိုပြီး မေးစရာ ရှိလာပါတယ်..။
 
ဟုတ်ကဲ့ပါ.. နောက်ထပ်ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးသလို အဲဒီစိန်ခေါ်မှုတွေကို အခုထက်ပိုပြီး တိုးတက်၊ တောင့်တင်းတဲ့ အသင်းနဲ့ ကျော်ဖြတ်မှ ရနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် အခုလက်ရှိအသင်းဟာ ဒီထက်ပိုပြီး တိုးတက်ဖို့ အများကြီးရှိနေသေးတယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်..။ ကိုင် ဟာဗာ့ဇ် ရဲ့ အခုရာသီကုန်ချိန် လပိုင်းအတွင်း တိုးတက်မှုနှုန်းဟာ ကြောက်ခမန်းလိလိ ဖြစ်သလို သူဟာကမ္ဘာ့ဘောလုံးလောကရဲ့ နောက်ထပ်ထွန်းတောက်မယ့် ကြယ်ပွင့်သစ်အဖြစ် သေချာပေါက် ပေါ်ထွက်လာမှာပါ..။ ဒါ့အပြင် မေဆန် မောင့်၊ ဘီလီ ဂေးလ်မား၊ တီမို ဗာနာ၊ ပူလီဆစ် နဲ့ ရိစ် ဂျိမ်းစ် တို့လို ဆက်လက်တိုးတက်ဦးမယ့် လူငယ်ကစားသမားကောင်းတွေ အများကြီးရှိနေပါသေးတယ်..။ ဒါ့ကြောင့် ကျွန်တော်တို့အသင်းဟာ နောက်လာမယ့် ဘောလုံးရာသီမှာ အခုထက်ပိုပြီး ကောင်းမွန်လာလိမ့်ဦးမယ်လို့ ကျွန်တော်တပ်အပ် ပြောရဲပါတယ်..။


ကျွန်တော်တို့ဟာ အတက်အကျ ကြမ်းတမ်းပြီး ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး နိဂုံးချုပ်အဆုံးသတ် ရာသီကုန်ချိန် ရောက်ရှိတဲ့အခါမှာတော့ အသင်းရဲ့အနေအထားဟာ တည်ငြိမ်အေးဆေးပြီး အကောင်းဘက်ကို ဆက်လက်တိုးတက်နိုင်မယ့် အလားအလာကို မြင်နေရတာဟာ တကယ့်ကို မယုံနိုင်စရာလို့တောင် ပြောရမလိုပါပဲ..။ ဒါပေမယ့် အခုလာမယ့် ရာသီသစ်၊ စိန်ခေါ်မှုသစ်၊ ခရီးလမ်းကြောင်းသစ်ဟာလည်း လုံးဝဥသုံ ဖြောင့်ဖြူးသာယာတဲ့ ပန်းခင်းသောလမ်း ဖြစ်လာမှာ မဟုတ်ပါဘူး..။ ပရီးမီးယားလိဂ် ဘောလုံးရပ်ဝန်းမှာ အစစအရာရာ ချောချောမွေ့မွေ့နဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးသလို အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်ခရီးလမ်းတွေဟာ ဘယ်တုန်းကမှ မဖြောင့်ဖြူးခဲ့ဖူးပါဘူး.။ အဲဒီလိုခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ အပြာရောင်စိတ်ဓါတ်တွေနဲ့ ရရှိခဲ့တဲ့ ဆုဖလားတွေကြောင့်ပဲ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းကို ချစ်မြတ်နိုးနေရတာ မဟုတ်ပါလား..?

ဒါ့ကြောင့်နောက်လာမယ့် အနာဂတ်ခရီးလမ်းမှာလည်း ကျွန်တော်တို့တွေဟာ နောက်ထပ်ရင်ခုန်၊ စိတ်လှုပ်ရှားဖွယ်ရာများကို ဆက်လက်ရင်ဆိုင် ဖြတ်သန်းရပါဦးမှာပါ..။ အထူးသဖြင့် သြဂုတ်လ.. ဘောလုံးရာသီ ပြန်စတာနဲ့ ကျွန်တော်တို့ဟာ ဥရောပချန်ပီယံအဖြစ် နောက်ထပ်ဆုဖလားပေါင်းများစွာကို စတင်ရင်ဆိုင် ကျော်ဖြတ်ရတော့မှာပါ..။ အဲဒီလို ကျွန်တော်တို့ ဖြတ်သန်းရမယ့် ခရီးလမ်းကြောင်းသစ်ဟာ အရှည်အလျားကြီး ကျန်ရှိနေသေးပေမယ့် နောက်လာမယ့် ရာသီသစ် စတင်ချိန်ကျရင် ကျွန်တော်တို့ချစ်တဲ့ ချယ်လ်ဆီးအသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ် ကွင်းမှာ အပြာရောင် ပရိသတ်တွေနဲ့အတူ အတူတကွ ဖြတ်ကျော်နိုင်တော့မယ်ဆိုတဲ့ အချက်ကလည်း အရေးကြီးပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Chelsea Official Website မှ ချယ်လ်ဆီးအသင်း ဂန္တဝင်တောင်ပံ ကစားသမားဟောင်း Pat Nevin ၏ “Pat Nevin: How do you build on being champions of Europe?” ဆောင်းပါးကို ပြန်ဆိုပါသည်..။)