feature-image

ဥရောပချန်ပီယံတို့၏ အိမ်အပြန်ခရီး..

စနေနေ့ညက ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့၊ Estadio do Dragao ကစားကွင်းအတွင်း မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရ၊ အောင်ပွဲခံခဲ့သည့် ချယ်လ်ဆီးအသင်းသားများမှာ ချန်ပီယံလိဂ် ဆုဖလားကြီးနှင့်အတူ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းသို့ မနေ့ညနေပိုင်းက ပြန်လည်ရောက်ရှိလာခဲ့သည်..။

သောမတ်စ် တူခယ်လ် နှင့် ချယ်လ်ဆီးအသင်းသားများမှာ ချယ်လ်ဆီးအသင်း၏  ဒုတိယမြောက် ဥရောပ ချန်ပီယံဆုကို Dragao ကစားကွင်း အဝတ်လဲခန်းမှ တည်းခိုရာဟိုတယ်အထိ ရှန်ပိန်ချောင်းစီး အောင်ပွဲခံ ပါတီပွဲကို ညလုံးပေါက် ဆက်လက်ဆင်နွဲခဲ့ရာ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှ ပြီးဆုံးခဲ့သည်ဟု သိရသည်..။ ထို့နောက် တနင်္ဂနွေနေ့ နေ့လည်ပိုင်းတွင် ပေါ်တူဂီနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရာ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား က ချန်ပီယံလိဂ် ဆုဖလားကြီးကို လန်ဒန်မြို့၊ ဆာရေးအရပ်ရှိ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းအရောက် ကိုယ်နှင့်မကွာ ဂရုတစိုက် သယ်ဆောင်လာခဲ့သည်..။



အသင်းလေ့ကျင့်ကွင်းသို့ ဆိုက်ရောက်ချိန်တွင် အသင်းခေါင်းဆောင်ကြီးမှာ ငွေရောင်တဖိတ်ဖိတ် လင်းလက်နေသည့် ချန်ပီယံဆုဖလားကြီးကို ခေါင်းပေါ်ရွက်ပြီး လေ့ကျင့်ကွင်းအနှံ့ လှည့်လည်၊ ပြသ အောင်ပွဲခံခဲ့ကြောင်း သိရသည်..။ အသင်းခေါင်းေဆောင် စပိန်နောက်ခံလူမှာ ဥရောပချန်ပီယံဆုတံဆိပ်ကို ကစားကွင်းအတွင်း စတင်ချီးမြှင့်ခံရချိန်မှ စတင်ပြီး လေ့ကျင့်ကွင်းသို့ ရောက်ရှိလာချိန်အထိ လုံးဝမချွတ်ခဲ့ပဲ တစ်ချိန်လုံး လည်ပင်းတွင် ချိတ်ဆွဲ၊ ဝတ်ဆင်ထားခဲ့သည်ဟု ဆိုကြသည်..။ ထို့နောက် ကစားသမားများအားလုံး ဆုဖလားကြီးနှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်ပြီး မိမိတို့ မိသားစုများရှိရာသို့ အသီးသီးထွက်ခွာ သွားကြပါသည်..။



အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ် တို့မှာ ပေါ်တိုမြို့တွင် ရှိစဉ်ကလည်း ချန်ပီယံဆုဖလားကြီးကို သူတို့၏အခန်းသို့ ယူဆောင်၊ စောင့်ရှောက်ထားခဲ့ပြီး တနင်္ဂနွေနေ့၊ မနက်စာကို ဖလားကြီးနှင့်အတူ စားသုံး၊ ပွဲခံခဲ့သည်..။


ထိုမှတဆင့် လန်ဒန်မြို့သို့ ပြန်လာခဲ့သည့်ခရီးစဉ် တစ်လျှောက်လုံးတွင်လည်း ဆီဇာ အက်ဇ်ပီလီကွဲတား မှာ လေဆိပ်အဝင်အထွက် ဓါတ်မှန်စက်များတွင် စစ်ဆေးမှုများ ပြုလုပ်ချိန်မှလွဲ၍ ဖလားကြီးကို သူ၏ဘေးနားတွင် မျက်စိအောက်က အပျောက်မခံပဲ ထားရှိခဲ့ပါသည်..။ ဆီဇာ မှာ လေဆိပ်အဝင်အထွက် စစ်ဆေးမှု ခံယူချိန်များတွင်လည်း ဆုဖလားကြီးကို ‘special baggage’ အဖြစ် ဂုဏ်ယူဝင့်ကြွား ဖော်ပြပြီး လေဆိပ်ဝန်ထမ်းများ အားကျအောင် ပွဲခံခဲ့ကြောင်း သူ၏ Instagram အကောင့်မှ ဂုဏ်ယူစွာ ဖော်ပြခဲ့သည်..။



“အခုအချိန်မှာ အားလုံးပြီးဆုံးသွားပါပြီ..။ ကျွန်တာ်တို့အားလုံး အရမ်းကိုပျော်ရွှင်နေကြသလို အခုအချိန်ထိ အောင်ပွဲခံလို့ မပြီးစီးကြသေးပါဘူး..။ အခုဆိုရင် ကိုးနှစ်အလွန်ကာလမှာ ကျွန်တော်တို့ဟာ ဥရောပချန်ပီယံအဖြစ် နောက်တစ်ချိန် ခံယူခွင့် ရခဲ့ပြီပေါ့ဗျာ..။

ကျွန်တော်ဟာ ကလပ်အသင်းမှာ မရဖူးသေးတဲ့ ချန်ပီယံလိဂ် ဆုဖလားကြီးကို ကိုယ်တိုင် ကိုင်တွယ်ခွင့် ရခဲ့တာကြောင့် အရမ်းကိုကျေနပ်ပါတယ်.။ ဒါပေမယ့် အရာရာပြီးဆုံးသွားတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းကြောင်းထဲက တစိတ်တဒေသအဖြစ်သာ ကျန်ခဲ့မှာဖြစ်ပြီး နောက်ထပ်စိန်ခေါ်မှု အသစ်တွေကို အစကနေ ပြန်လည်စတင်ရပါတော့မယ်..။ အခုလိုဥရောပ ချန်ပီယံအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့် ရခဲ့တဲ့အပေါ် အထူးဂုဏ်ယူမိသလို အခုထိလည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမဆုံး ဖြစ်နေဆဲပါ..။

ဒါ့ကြောင့်ကျွန်တော်ဟာ ကိုးနှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် အပါအဝင် ဆုဖလားပေါင်းစုံကို ကိုင်မြှောက်ခွင့်ရတယ်..၊ ဒီအသင်းတွေကို ဦးဆောင်၊ မောင်းနှင်ခွင့် ရခဲ့တယ်..၊ ဒီအသင်းနဲ့အတူ ရှိနေခွင့် ရခဲ့တဲ့တယ်..၊ အခုလိုအင်မတန်မှ လှပခမ်းနားတဲ့ အခိုက်အတန့်တွေ အတွက် အသင်းဖော်အားလုံးနဲ့ အသင်းက ဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်..။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှသလို အရမ်းလည်း ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေပါပဲဗျာ..။”

- ဆီဇာ အက်ဇ်ပီလီကွဲတား