အင်တာ မီလန်အသင်းမှ အသက် (၂၂) နှစ်အရွယ် မော်ရိုကို ညာနောက်ခံလူ အာခ်ျရပ်ဖ် ဟာကီမီ အား ခေါ်ယူနိုင်ရန်အတွက် ပြင်သစ်လီဂူး (၁) ပြိုင်ပွဲ၀င် ပီအက်စ်ဂျီ နှင့် ချယ်လ်ဆီးအသင်းတို့၏ ချဥ်းကပ်နေမှု အခြေအနေများကို အီတလီသတင်းဌာန Gazzetta dello Sport က ယနေ့တွင် ထပ်မံဖော်ပြခဲ့သည်..။
အင်တာ မီလန်အသင်းမှာ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အသုံးစားရိတ်များ လျော့ချနိုင်ရန်အတွက် တန်ကြေးမြင့် ကစားသမားတစ်ချို့ကို ရောင်းချလိုနေပြီး ဟာကီမီ ၏ အပြောင်းအရွှေ့မှ အနည်းဆုံးယူရိုသန်း (၇၀) ခန့် ပြန်လည်ရရှိရန် မျှော်မှန်းထားသည်..။
ပီအက်စ်ဂျီအသင်းမှာ ဟာကီမီ အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) အပါအ၀င် ကစားသမားအတွက် တစ်နှစ်လျှင်လစာ ယူရို (၈) သန်းနှင့် အပိုဆုကြေး ယူရို (၂) သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်ထားသည်..။ သို့သော် အင်တာ မီလန်အသင်းမှာ ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) ပေးချေရမည်ဟု တုံ့ပြန်ခဲ့မှုကြောင့် ဥရောပချန်ပီယံ ချယ်လ်ဆီးအသင်းအတွက် အခွင့်အရေး ရှိနေဆဲဖြစ်ခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ပြောင်းရွှေ့ကြေးအပြင် ကစားသမား အလဲအထပ်ဖြင့်ပါ အလိုက်ပေး ခေါ်ယူလိုနေပြီး ကနဦးသတင်းများတွင် အီမာဆန် ပါလ်မီးရီ ၏ အလဲအထပ် ပါ၀င်ရန် ကမ်းလှမ်းခဲ့သည်ဟု ပါရှိခဲ့သည်..။ Sky Italia သတင်းဌာနကမူ အင်တာနည်းပြသစ် ဆီမြူနီ အင်ဇာဂီ အလိုရှိနေသည့် မားကို့စ် အလွန်ဆို ဖြင့် အလိုက်ပေး ကမ်းလှမ်းခဲ့သည်ဟု ဖော်ပြခဲ့သလို နောက်ပိုင်းပေါ်ထွက်လာခဲ့သည့် သတင်းများတွင် ဒေးဗစ် ဇာပါကော့စ်တာ၊ ရုဘင် လော့ဖ်တပ်စ် ချိခ် တို့ပါ ပါ၀င်လာခဲ့သည်..။
ရူဘင် လော့ဖ်တပ်စ် ချိခ် မှာ လာဇီယိုအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဒိန်းမတ်အသင်း ကွင်းလယ်ကစားသမား ခရစ်စ်တီယန် အဲရစ်ဆင် ၏ အဖြစ်အပျက်ကြောင့် အင်တာ မီလန်အသင်းမှာ ကွင်းလယ်တွင် အင်အားဖြည့်တင်းရန် လိုအပ်လာခဲ့သည်..။
ထိုသို့ ချယ်လ်ဆီးအသင်း၏ ကြိုးစားလာမှုကြောင့် ပီအက်စ်ဂျီအသင်းက ယူရို (၆၅) သန်းထိ တိုးမြှင့် ကမ်းလှမ်းရန် အဆိုပြုခဲ့သော်လည်း အင်တာ မီလန်အသင်းက သူတို့အသင်း အလိုရှိနေသည့် ယူရိူသန်း (၈၀) ကို မလျော့ပေးပဲ တင်းခံနေဆဲဖြစ်သည်..။
အတည်မပြုနိုင်သေးသော သတင်းများအရ အင်တာ မီလန် အသင်းမှာ ကစားသမား အလဲအထပ် ပါ၀င်သော ချယ်လ်ဆီးအသင်း၏ အဆိုပြုချက်ကို ပိုမိုစိတ်၀င်စားသောကြောင့် ချယ်လ်ဆီးအသင်းမှ အသာစီးရရှိနေသည်ဟု ဆိုနိုင်သော်လည်း အင်တာ မီလန်အသင်းအနေဖြင့် ချယ်လ်ဆီးအသင်းမှ အလိုက်ပေးရန် အဆိုပြုထားသော ကစားသမားများနှင့် လစာ၊ အပိုဆုကြေး ညှိနှိုင်းမှုများကို သီးခြားဆောင်ရွက်ရဦးမည်ဖြစ်သည်..။
ထို့အပြင် ဟာကီမီ မှာ ပီအက်စ်ဂျီအသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု (personal terms) ရရှိထားပြီး ဖြစ်သည် ဆိုသော သတင်းများကြောင့် ကစားသမားဘက် ညှိနှိုင်းမှု အနေအထားချင်းယှဥ်လျှင် ပီအက်စ်ဂျီ အသင်းဘက်မှ အသာစီးရရှိနေပါသည်…။ ထို့ကြောင့်ယနေ့အချိန်ထိ အာရှ်ရပ်ဖ် ဟာကီမီ မှာ လာမည့်ဘောလုံးရာသီတွင် ပြင်သစ်မြေမှာပဲ ခိုနားမလား..? ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ရပ်၀န်းမှ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်မလား..? ယတိပြတ်မပြောနိုင်သေးသည့် အနေအထားတွင် ရှိနေပါကြောင်း အီတလီသတင်းဌာန Corriere dello Sport ၏ ဖော်ပြချက်အပေါ် မူတည်ပြီး Sport Witness သတင်းဌာနက ဖော်ပြခဲ့သည်..။