feature-image

ဂျော်ဂင်ဟို ပြောပြတဲ့ ဘရာဇီးလ်က ကောင်လေးတစ်ယောက်ရဲ့အကြောင်း…

ငယ်စဉ်ကတည်းက ကျွန်တော်ဟာ ရည်မှန်းချက်ကြီးတယ်..၊ ဆုံးဖြတ်ချက်ခိုင်မာ၊ ပြတ်သားပြီး တာဝန်ယူ၊ တာဝန်ခံတတ်တဲ့စိတ်စါတ် အပြည့်ရှိခဲ့ပါတယ်..။ နောက်ပြီးတစ်ခုခုကို အရမ်းလိုချင်နေပြီဆိုရင်၊ ဒါမှမဟုတ် တစ်ခုခု ကြီးကြီးမားမား ဖြစ်ချင်ပြီဆိုရင် တစ်ခုခုကို ဆုံးရှုံးရမယ်…၊ ဒါမှမဟုတ် တစ်ခုခု ပြန်ပေးဆပ် ရလိမ့်မယ်..၊ ဒါ့ကြောင့်ဘယ်အရာကိုပဲလုပ်လုပ် တစိုက်မတ်မတ် ရှိဖို့နဲ့ ဇွဲကောင်းဖို့ လိုတယ်ဆိုတာ အဲဒီအရွယ် ကတည်းက သိထားခဲ့ပါတယ်..။ တကယ်တော့ အခုလိုအခြေအနေထိ တက်လှမ်းလာခဲ့ရတဲ့ ကျွန်တော်တိုရဲ့ ဘဝလမ်းကြောင်းတစ်လျှောက်မှာ တစ်ဦးတစ်ယောက်ချင်းစီးရဲ့ ကိုယ်စီဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းဖြစ်စဉ် အသီးသီး ရှိခဲ့ကြပါတယ်..။ ဒါပေမယ့် ကျွန်တော်အမြဲ လက်ကိုင်ထားတဲ့ တစ်ခုထဲသော နိယာမကကတော့ ‘ကိုယ်ဟာ ဘယ်လိုဘဝကနေ လာခဲ့တာလဲ.. ဆိုတာကို အမြဲတမ်း သတိရှိဖို့၊ ဘဝမမေ့ဖို့’ ဖြစ်ပါတယ်..။

ကျွန်တော့်ရဲ့ ကစားသမားဘဝ၊ ငယ်စဉ်ဘ၀ ဖြတ်သန်းမှုဟာ တခြားသူတွေနဲ့ အတော်လေး ခြားနားပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့အမေဟာ ကျွန်တော့်ရဲ့ ပထမဆုံး ကစားဖော် ဖြစ်ခဲ့တာကြောင့်ပါ..။ အမေနဲ့ကျွန်တော်နဲ့ အမြဲတမ်းဘောလုံးကန်လေ့ရှိတဲ့ အခန်းလေးထဲမှာ ဓါတ်ပုံတွေ ချိတ်ထားတာ မရှိဘူး..၊ TV မရှိဘူး..၊ ကွဲတတ်တဲ့အရာ ဘာမှမရှိသလို ဘောလုံးကစားဖို့အတွက်ပဲ သီးသန့်ထားရှိတာပါ..။ အခန်းထဲမှာ ဘာမှမရှိပါဘူး..။ ဒါမှမဟုတ်ရင် အပြင်ဘက်က ဥယျာဉ်ထဲ..၊ ဒါမှမဟုတ် ကမ်းခြေမှာ တခါတလေ ကစားပါတယ်..။



ကျွန်တော့်ရဲ့ ဇာတိမြေဟာ ‘အင်ဘီတူဘာ’ လို့ အမည်ရတဲ့ ဘရာဇီးလ်နိုင်ငံက မြို့လေးတစ်မြို့ ဖြစ်ပါတယ်..။ အဲဒီမြို့လေးဟာ လူဦးရေ (၅၀,၀၀၀) လောက်ပဲရှိတဲ့ အင်မတန်မှ သာယာ၊ လှတဲ့ မြို့ငယ်လေးတစ်မြို့ပါ..။ ကျွန်တော်ဟာ အခုအချိန်မှာ ကမ္ဘာအနှံ့အပြားကို သွားရောက်နေနိုင်ပြီ ဖြစ်ပေမယ့် ကိုယ့်ရဲ့ဇာတိ မွေးရပ်မြေကို အရမ်းခင်တွယ်ပြီး အဲဒီကိုပဲ အမြဲပြန်ချင်စိတ် ဖြစ်ခဲ့ပါတယ်..။ နောက်ပြီးကျွန်တော်တို့ရဲ့ အိမ်နေရာလေးဟာ အိမ်နီးနားချင်း ကလေးတွေစုပြီး ဆော့ကစားတတ်တဲ့ နေရာလေးလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျောင်းမှာဆိုရင် ညနေကျောင်းဆင်းတဲ့အချိန် အိမ်နားမှာဘောလုံး ကစားချင်တဲ့ သူငယ်ချင်းတွေဟာ ကျွန်တော့်ဘေးမှာ အမြဲတမ်းဝိုင်းနေကြပါတယ်..။

တခါတလကျတော့လည်း ကလေးတွေပီပီ တူးတူပုန်းတမ်း ကစားတာတာတို့၊ စိန်ပြေးလိုက်တမ်း ကစားတာတို့၊ အပြေးပြိုင်တာ၊ ခရစ်ကတ် ကစားတာတွေ ပြုလုပ်ကြတာပေ့ါ..။ ကျွန်တော်တို့ ငယ်ဘဝက PlayStation ဂိမ်းတွေ၊ မိုဘိုင်းလ်ဖုန်းတွေ ရှားပါးသေးသလို အရမ်းကိုချမ်းသာတဲ့သူလောက်ပဲ ဆော့နိုင်တဲ့ခေတ်ပါ..။ ဒါ့ကြောင့်ညနေတိုင်း လမ်းပေါ်မှာ ကလေးတွေအပြည့်ပါပဲ..။ ဒါတွေဟာ ကျွန်တော့်ရဲ့ ကလေးဘ၀ နေ့စဉ်မြင်ကွင်း..၊ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းခဲ့လဲဗျာ..

ဒီလိုနဲ့ အသက် (၄) နှစ်ရောက်တဲ့အချိန် သူငယ်ချင်းတွေက Peixe ဆိုတဲ့ ကျွန်တော်တို့မြို့က ဘောလုံးအသင်းအကြောင်း ပြောပြကြပါတယ်..။ Peixe ဆိုတာ ‘ငါး (Fish)’ လို့ အဓိပ္ပါယ်ရပါတယ်..။ အဲဒီအသင်းရဲ့ နာမည်ပြောင်ပေါ့ဗျာ..။ ဒါမှမဟုတ် Peixe ရဲ့ ဘောလုံးကျောင်း၊ Peixe ရဲ့ ဘောလုံးအသင်း.. စသဖြင့် အဆင်ပြေသလို ခေါ်နေကြတာပါပဲ..။ ဒါပေမယ့် သူတို့ရဲ့အသင်းမှာ အသက်ခြောက်နှစ်သားတွေကိုပဲ အငယ်ဆုံးထားပြီး လက်ခံတာဆိုတော့ ကျွန်တော်က အသက်မှီဖို့ နှစ်နှစ်လိုပါသေးတယ်..။ သူငယ်ချင်းတွေကတော့ ‘မင်းဟာ အဲဒီအသင်းကိုသွားလို့ ရလောက်ပြီ’ လို့ အမြဲတမ်းမြှောက်ပေးကြပါတယ်..။



ဒါ့ကြောင့်တစ်နေ့မှာတော့ ‘အဖေရေ.. ဘောလုံးကျောင်းကို ကျွန်တော်သွားချင်တယ်..၊ Peixe ရဲ့အသင်းမှာ ကစားချင်တယ်’ လို့ အဖေ့ကို ပူဆာပါတယ်..။ သူက ‘သားရေ.. မင်းကအရမ်းငယ်သေးတယ်..၊ မရသေးဘူး..။ နောက်ထပ်နှစ်နှစ်လောက် စောင့်လိုက်ပါဦး’ လို့ နားချပါတယ်..။ ကျွန်တော်ကတော့ အဖေအိမ်ပြန်လာတိုင်း အဲဒီဘောလုံးကျောင်းကို ပို့ပေးဖို့ပဲ အတန်တန် ပူဆာနေတာပါပဲ..။ အဖေဟာ အကြိမ်ကြိမ် ငြင်းရှာပါတယ်..၊ ဒါပေမယ့် တစ်နေ့ကျတော့… ‘အေးပါ.. ငါ့သားရယ်..၊ အဖေကြိုးစားကြည့်ပါမယ်..’ လို့ ပြန်ပြောခဲ့ပါတယ်..။

အဖေဟာ Peixe အသင်းရဲ့နည်းပြကို သွားတွေ့ပြီး အကျိုးအကြောင်း ပြောပြပေမယ့် နည်းပြတော့ ကျွန်တော်ဟာ အသက်ငယ်လွန်းနေသေးတယ်..၊ စောင့်ပါဦး..၊ သူ့ထက်နှစ်နှစ်လောက်ကြီးတဲ့ ကလေးတွေနဲ့ ကစားရမှာမို့ ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်တဲ့အကြောင်း ပြန်ပြောပါတယ်..။ အဖေက နည်းပြကို စေ့စေ့ကြည့်ရင်း…

“ကျွန်တော့်အိမ်မှာ ဖြစ်ပျက်နေတာတွေကို ခင်ဗျားနားလည်မှာ မဟုတ်ဘူး..၊ ခင်ဗျားသူ့ကို တစ်ကြိမ်လောက်တော့ ခွင့်ပေးမှဖြစ်မယ်..။ ဒါဟာနောက်ဆုံးတောင်းဆိုတာပါ..။ နိုမို့ဆိုရင် ကျွန်တော်လည်း အိမ်မှာအေးအေးဆေးဆေး နေရတော့မှာ မဟုတ်ဘူး..၊ တစ်ကြိမ်လောက်တော့ ခွင့်ပြုပေးပါ..၊ တောင်းပါပါတယ်..” လို့ တိုက်တွန်းပါတယ်..။
“Ok လေ..၊ ပြောမရရင်တော့လည်း မတတ်နိုင်ဘူးပေါ့..။ တခုခုဖြစ်ခဲ့ရင် ခင်ဗျားတို့တာဝန်ပဲ..၊ ကျွန်တော်နဲ့ မဆိုင်ဘူး..” လို့ နည်းပြက ပြန်ပြောပါတယ်..။

ဒီလိုနဲ့ကျွန်တော်တို့သားအဖဟာ အဲဒီဘောလုံးကျောင်းကို ပထမဆုံအကြိမ် ခြေချခွင့်ရခဲ့ပါတယ်..။ ကျွန်တော်ဟာ ကိုယ့်ထက်အသက်နှစ်နှစ်လောက်ကြီးတဲ့ ကလေးတွေနဲ့အတူ လေ့ကျင့်ခဲ့ရပြီး Peixe နည်းပြက ကျွန်တော့်ရဲ့ကစားပုံကို ကျေနပ်ပုံရပါတယ်..။ လေ့ကျင့်ခန်းပြီးတဲ့အခါမှာ အဖေက ‘ဒီလောက်ဆိုရင် သူလည်းကျေနပ်လောက်ပြီ ထင်ပါတယ်ဗျာ..။ သူ့ကိုကြည့်ရတာလည်း ပျော်နေပုံပါပဲ..။ အခုလိုအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးပါ..၊ နောက်တစ်ခေါက် ထပ်ပြီးဒုက္ခမပေးတော့ပါဘူး..’ လို့ နည်းပြကြီးကို ကျေးဇူးတင်စကား သွားပြောရင်း နှုုတ်ဆက်ပါတယ်..။

“No.. No.. အဲလိုမဟုတ်ပါဘူး..၊ နောက်ရက်လည်း သူ့ကိုလာပို့ပေးပါ..၊ အဆင်ပြေပါတယ်..။ ဒီတစ်ခါတော့ ကျွန်တော်တာဝန်ယူပါ့မယ်..” လို့ နည်းပြကြီးက ပြန်ပြောခဲ့ပါတယ်.။



ကျွန်တော့်ရဲ့အသွေးအသားထဲမှာ ဘောလုံးကစားနည်းကို ချစ်မြတ်နိုးတဲ့စိတ်တွေ အချိန်ပြည့်လှည့်ပတ် စီးဆင်းနေတယ်လို့ ထင်ပါတယ်.။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ အိပ်မက်ကလည်း ဘောလုံးကစားရင်း အမြင့်ဆုံးအဆင့်ကို တက်ရောက်နိုင်သမျှ တက်လှမ်းနိုင်ဖို့ ဖြစ်ပါတယ်..။ အဖေကလည်း ကျွန်တော့်ရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ ပုံပြင်လေးတစ်ပုဒ်ကို အမြဲတမ်းပြန်ပြောင်း ပြောပြလေ့ရှိပါတယ်..။

“ကြီးလာရင် မင်းဘာလုပ်မှာလဲ..?”
“ဘောလုံးသမား လုပ်ပါမယ်..။”

“သေချာရဲ့လားဟ..?”
“Yes.. သိပ်သေချာတာပေါ့..၊ ဘောလုံးဆိုတာ ကျွန်တော့်ရဲ့ဘဝပါ..။”

“ဒါပေမယ့် ဘောလုံးသမားကောင်း တစ်ယောက်ဖြစ်လာဖို့ အများကြီးပေးဆပ်ရတာနော..၊ ခက်ခဲတဲ့အချိန်တွေ အများကြီးကျော်ဖြတ်ရသလို ကြိုးတန်းပေါ်လမ်းလျှောက်ရသလို အချိန်မရွေး ပြုတ်ကျနိုင်တယ်..၊ ဒါ့ကြောင့်ကိုယ့်ရဲ့ခြေလှမ်းတွေဟာ အမြဲတမ်းရဲရင့်၊ ပြတ်သား၊ ခိုင်မာနေရမယ်..။ တကယ့်ဘောလုံးသမားတွေဆိုတာ TV ထဲမှာ မြင်နေရသလို မဟုတ်ဘူးကွ..။ အရမ်းကိုခက်ခဲ ကြမ်းတမ်းပါတယ်..၊ ပြီးရင်မင်းအိမ်နဲ့လည်း ခွဲရလိမ့်မယ်..။ ဖြစ်ပါ့မလားဟ..”

ကျွန်တော်ဘာမှဆက်မပြောပဲ အဖေ့ကိုငေးကြည့်နေပါတယ်..။ သူကကျွန်တော့်ကို ထပ်မေးတယ်..“ကဲ.. အခုရော.. မင်းကြီးလာရင် ဘာလုပ်မလဲ..?”
“ကျွန်တော်ဘောလုံးသမားတစ်ယောက် ဖြစ်ချင်ပါတယ်..”
ပြီးတော့ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဟက်ဟက်ပက်ဟက် ရယ်မောခဲ့ကြပါတယ်..။ အဖေဟာ အဲဒီအကြောင်းကို အရမ်းသဘောကျခဲ့တာပါ..။


ဘောလုံးကစားနည်းဟာ ကျွန်တော့်ရဲ့အစွဲလန်းဆုံးသုခဘုံတစ်ခု အမှန်တကယ် ဖြစ်ခဲ့ပါတယ်..။ ငယ်ငယ်ကတည်းက ထိပ်တန်းကစားသမားတွေရဲ့ ကစားဟန်တွေကို အတုယူလေ့ကျင့်ခဲ့သလို အသက် (၁၃) နှစ်အရွယ်မှာတော့ ဇာတိမြေ အင်ဘီတူဘာမြို့လေးနဲ့ ကီလိုမီတာ (၂၀၀) လောက်ဝေးတဲ့ ဘောလုံးကျောင်း တစ်ခုကို ပြောင်းရွှေ့ခဲ့ပါတယ်…။ အဲဒီအချိန်ကာလဟာ (၁၃) နှစ်သား ကောင်လေးတစ်ယောက်အတွက် တကယ့်ကို ခက်ခဲလှတဲ့ ကာလပါပဲ..။ ကျွန်တော်တို့ဟာ တစ်နေ့ကိုသုံးကြိမ် မှန်မှန်စားရ၊ သောက်ရပေမယ့် အစားတစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ စားခဲ့ရပါတယ်..။ ရေပူပေးစနစ် မရှိတာကြောင့် ဆောင်းတွင်းမှာဆိုရင် ရေခဲတမျှ အေးစက်လှတဲ့ ညသိပ်ရေတွေနဲ့ပဲ ချမ်းချမ်းစီးစီး ရေချိုးခဲ့ကြရတာပါ..။ အဲဒီဘောလုံးကျောင်းဟာ ကျွန်တော့်ကို မြန်မြန်ဆန်ဆန် ရင့်ကျက်စေခဲ့သလို ဘဝအကြောင်း ပိုပြီးနားလည်စေခဲ့ပါတယ်..။

အဲဒီဘောလုံးကျောင်ကို လုပ်ငန်းရှင်တစ်ယောက်က တည်ထောင်ထားပြီး အီတလီမှာလည်း သူ့ရဲ့ဘောလုံးကျောင်းတစ်ခု ရှိပါသေးတယ်..။ ဒါ့ကြောင့်သူ့ရဲ့ကျောင်းမှာ နှစ်နှစ်တက်ပြီးချိန်မှာတော့ အီတလီနိုင်ငံ၊ ဗီရိုနာမြို့ကို ပြောင်းလာခဲ့ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ပါတယ်..။ အဲဒါဟာ ကျွန်တော့်အတွက် တကယ့်ကို ကောင်းမွန်တဲ့ အထူးအခွင့်အရေးတစ်ခု ဖြစ်ပေမယ့် (၁၅) နှစ်သား ကောင်လေးတစ်ယောက်အတွက် ရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီးပါပဲ..။ ဒါပေမယ့် ကွျှန်တော်ဟာ အဲဒီအိပ်မက်အတွက် ရှင်သန်နေခဲ့တာ ဖြစ်တာကြောင့် အဲဒီလိုအခွင့်အရေးကို နှစ်ခါမငြင်းခဲ့ပါဘူး..။ ကျွန်တော့်ရဲ့လုပ်ငန်းရှင် ကျောင်းအုပ်ကို ယုံစားပြီး ကမ္ဘာရဲ့တစ်ခြမ်းလောက် အတွာအဝေးကို ထွက်ခွာရပါတော့မယ်..။ အိပ်မက်တွေကို လိုက်ပြီးဖမ်းဆုပ်မယ့် (၁၅) နှစ်သား ကောင်လေးရဲ့ ခရီးလမ်းဟာ ဘာတွေဖြစ်လာမလဲ..?



အီတလီကို ရောက်ရောက်ချင်းမှာ နေရာသစ်တစ်ခုကို ရောက်လာတဲ့အချိန် ဖြစ်တာကြောင့် အားလုံးအသစ်အဆန်းတွေ ဖြစ်နေပြီး ပျော်ရွှင်သလို ခံစားရပါတယ်..။ ဒါပေမယ့် ကာလတစ်ခု ကြာလာတဲ့အချိန်မှာ အစစအရာရာဟာ ထင်မှတ်ထားသလို မဟုတ်ဘူးဆိုတာ သိလာခဲ့ပါတယ်..။ ဒါ့အပြင် တစ်နှစ်ခွဲလုံးလုံး တစ်ပါတ်ကို ယူရို (၂၀) နဲ့ပဲ လောက်ငအောင် ခြိုးခြံ ချွေတာ သုံးစွဲရပါတယ်..။ ကျွန်တော်တို့တွေဟာ ခြောက်ယောက် တစ်ခန်းနေရပြီး ကိုယ့်ရဲ့အခန်းဖော်တွေဟာ တစ်ချိန်လုံး ဝင်လိုက်၊ ထွက်လိုက် အပြောင်းအလဲ များလွန်းလှပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အများစုဟာ ဘရာဇီးလ်ကို ပြန်ပို့ခံရပြီး သူတို့နေရာကို လူသစ်တွေ ပြန်အစားထိုးခဲ့တဲ့အတွက်ပါပဲ..။

ကျွန်တော်တို့ဟာ တစ်ပါတ်ကို ယူရို (၂၀) ပဲ ရတယ်ဆိုပေမယ့် နေစရာ၊ စားစရာ မပူရပါဘူး..။ အခန်းတွေကို သန့်ရှင်းရေး လုပ်ပေးတဲ့ အမျိုးသမီးကြီးတစ်ယောက် ထားရှိပေးသလို မနက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို ကျောင်းကစီစဉ်ပေးပါတယ်..။ ဒ့ါကြောင့်အဲဒီ ယူရို (၂၀) ဟာ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် ဗဟီရကိစ္စတွေ အတွက်ပဲ သုံးဖို့စွဲပဲဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီပမာဏဟာ ဖောဖောသီသီ သုံးစွဲနိုင်လောက်တဲ့ ပမာဏ မဟုတ်တာကြောင့် ကျွန်တော်ဟာ တစ်နှစ်ခွဲလုံးလုံး ဒီပစ္စည်းတွေကိုပဲ ထပ်ခါတလဲလဲ ဝယ်ယူသုံးစွဲခဲ့ရပါတယ်..။ အဲဒီအချိန်က ဘယ်လိုခြိုးခြံ၊ ချွေတာသုံးစွဲခဲ့လဲ ကျွန်တော်မမေ့ပါဘူး..။

ပထမဆုံး ယူရို (၅) ကျပ်ကို မက်ဆေ့ချ် ပို့ဖို့အတွက် ကျွန်တော့်ရဲ့ မိုဘိုင်းလ်ဖုန်းထဲမှာ ပိုက်ဆံဖြည့်ပါတယ်..။ နောကထပ် ယူရို (၆) ကျပ်ကို ခဲခြစ်ငွေဖြည့်ကဒ်ဝယ်ပါတယ်..။ အဲဒီခြောက်ကျပ်တန် တစ်ကဒ်ဟာ ဘရာဇီးလ်ကို Oversea Call တစ်နာရီအထိ ပြောလို့ရပါတယ်..။ ဒါ့ကြောင့်ဘရာဇီးလ်က အဖေ၊ အမေ၊ ညီမလေးတွေနဲ့ ဆက်သွယ်ဖို့အတွက် ယူရို (၁၁) ကျပ် ကုန်ပြီးတဲ့သွားအချိန် ကျန်တဲ့အထဲက ခေါင်းလျှော်ရည်၊ ဆပ်ပြာ.. စတဲ့ တခြားလိုအပ်တာတွေအတွက် သုံးစွဲရပါတယ်..။ စနေ၊ တနင်္ဂနွေကျရင် မြို့ထဲက အင်တာနက်ဆိုင်မှာ သွားပြီးသုံးစွဲဖို့ တစ်ပါတ်ကို ယူရို (၄) ကျပ်၊ (၅) ကျပ် ကျန်အောင်အမြဲတမ်း ချင့်ချိန်သုံးစွဲရပါတယ်..။ ကျွန်တော့်ဆီမှာ ကိုယ်ပိုင်ကွန်ပျူတာ မရှိသလို ကျွန်တော်တို့ရဲ့ကျောင်းမှာလည်း ကွန်ပျူတာ ပေးမထားတဲ့အတွက် ဘရာဇီးလ်က သူငယ်ချင်းတွေနဲ့ ချက်တင်းလုပ်ဖို့ အင်တာနက်ဆိုင် ရောက်တဲ့အချိန်ကို အသုံးပြုရပါတယ်..။ ဒါ့ကြောင့်တခါတလေ သူတို့ဆီက မက်ဆေ့ချ်တွေ ပြန်ရဖို့ တစ်ပါတ်လောက် စောင့်ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်..။



ဒါပေမယ့် အဲဒီအတွေ့အကြုံဟာ ကျွန်တော့်အတွက် တကယ့်ကို အမှတ်တရ ဖြစ်ခဲ့သလို ပိုမိုပြီး ရင့်ကျက်စေခဲ့ပါတယ်..။ အဲဒီအချိန်တွေမှာ တခါတလေကျရင် အရမ်းအထီးကျန်ဆန်သလို ခံစားမိတာကြောင့် တိတ်တိတ်လေး ငိုကြွေးခဲ့ရတာတွေ ရှိခဲ့ပါတယ်..။ အထူးသဖြင့် မိဘတွေ၊ သူငယ်ချင်းတွေရှိတဲ့ မွေးရပ်မြေကို လွမ်းဆွတ်လွန်းတာကြောင့် အသက် (၁၇) နှစ်တုန်းက ဘောလုံးလောကကို စွန့်လွတ်ဖို့အထိတောင် ဆုံးဖြတ်ခဲ့ပါသေးတယ်..။ အဲဒါနဲ့ဘရာဇီးလ်ကို ဖုန်းဆက်ပြီး အိမ်ပြန်ခဲ့တော့မယ်.. လို့ ပြောလိုက်ပါတော့တယ်..။ အဖေနဲ့အမေတို့က “မလုပ်ပါနဲ့..၊ အခုပြန်မလာခဲ့နဲ့ဦး..။ မင်းရဲ့အိပ်မက်ကို လက်လှမ်းမှီဖို့ အရမ်းနီးစပ်တဲ့ အခြေအနေကို ရောက်နေခဲ့ပြီး တပ်ပြန်ခေါက်ခဲ့ရင် နောင်တစ်ချိန်ကျ မင်းနောင်တရလိမ့်မယ်..” လို့ ပြန်ပြီးအားပေးကြပါတယ်..။ အဲဒီဥပမာဟာ ကျွန်တေ့်ဆီက ခွန်အားမဲ့သွားတဲ့ အချိန်မှာ အပြန်အလှန် အားပေး၊ ကူညီခဲ့ကြတဲ့ သာဓကတစ်ခုပါပဲ..။

တကယ်တော့ ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေ ရှိတယ်..၊ ရည်မှန်းချက်ကြီးမားပြီး ကိုယ့်အပေါ် ရာနှုန်းပြည့် ယုံကြည်ကိုးစားတဲ့သူတွေ ရှိတယ်ဆိုတဲ့ အသိ၊ အဲဒီခွန်အားဟာ အခက်ခဲဆုံး၊ အမှောင်မိုက်ဆုံး အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ကျွန်တော်ဟာ မိသားစုရဲ့ အားပေး၊ ကူညီမှု၊ ထောက်ပံ့မှု ရရှိခဲ့တာ အင်မတန်မှ ကံကောင်းခဲ့တယ်လို့ ထင်မိပါတယ်..။ ကျွန်တော့်ရဲ့အိပ်မက်ဟာ အဖေ့ရဲ့အိပ်မက်၊ အမေ့ရဲ့အိပ်မက်..၊ ကျွန်တော့်ညီမလေးရဲ့ အိပ်မက်..၊ ကျွန်တော်တို့ မိသားစုရဲ့ တစ်ခုတည်းသော အိပ်မက်ပါပဲ..။

အိမ်ပြန်မယ်လို့ အဖေတို့ကိုပြောပြီး မကြာခင်မှာပဲ ကျွန်တော်ဟာ professional ကစားသမားအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ကျောင်းက (၂၅) ယောက်ထဲမှာ အခုဆိုရင် ဘောလုံးလောကထဲမှာ သုံးယောက်ပဲ ကျန်ပါတယ်..။ တစ်ယောက်က ဘယ်လ်ဂျီယမ်မှာ..၊ နောက်တစ်ယောက်ကတော့ အီတလီမှာ ရှိနေပါသေးတယ်..။ ဒါကြောင့်ကျွန်တော်တို့ရဲ့ အိပ်မက်ဟာ ဘယ်လောက်တောင် ကွဲရှလွယ်တယ်ဆိုတာ တွေ့နိုင်မှာပါ..။



အဲဒီလိုအကြောင်းတွေကြောင့်ပဲ အမေဟာ ကျွန်တော့်ရဲ့ အောင်မြင်မှုတိုင်း၊ ခြေလှမ်းတိုင်းအတွက် မျက်ရည်ကျရပါတယ်..။ အသေးအမွှားလေးတွေကအစ ငိုတာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းကြောင်းဟာ ဘယ်လောက်တောင် ခက်ခဲခဲ့တယ်ဆိုတာ သူပဲသိတဲ့အတွက်ပါ..။ တခါတလေ ကျွန်တော်နဲ့ ညီမလေးတို့ စားကောင်း၊ သောက်ဖွယ်တွေ ပူဆာတဲ့အခါ ဝယ်မပေးနိုင်ခဲ့လို့ ကြိတ်ပြီးငိုကြွေးခဲ့ရတဲ့အချိန်တွေကို သူပဲသိခဲ့ပါတယ်..။ ဒါ့ကြောင့်အခုကျွန်တော်ရောက်နေတဲ့ နေရာဟာ သူတို့တွေအတွက် တကယ့်ကို မျှော်မမှန်းထားတဲ့ နိဗ္ဗာန်ဘုံပါပဲ..။ အခုအချိန်မှာ ကျွန်တော်ဟာ အိပ်မက်ထဲ ရောက်နေတယ်လို့ ပြောလို့ရပါတယ်..။

ဒါပေမယ့် အရေးအကြီးဆုံးအရာက ဘဝမမေ့ဖို့၊ ရိုရိုကျိုးကျိုးရှိဖို့နဲ့ ကိုယ်ဟာတခြားသူတွေထက် ဘာမှထူးခြားမနေပါဘူး.. လို့ အမြဲတမ်းတွေးထားဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့အားလုံး နောက်ဆုံး၊ အဆုံးသတ်အခါ အတူတူပဲ မဟုတ်ပါလား..? သံသရာစက်ဝိုင်းဟာ အမြဲတမ်းလည်ပတ် နေပါတယ်..။ တစ်နေ့မှာ အမြင့်ကိုရောက်နေပေမယ့် နောက်တစ်ရက်ကျ မြေကြီးပေါ်မှာ ကုန်းကောက်စရာမရှိ ဖြစ်သွားနိုင်ပါတယ်..။ ဒါ့ကြောင့်မောက်မာ ဝင့်ကြွားမနေပဲ ကိုယ့်ကိုယ်ကို အမြဲတမ်းသတိချပ်ဖို့၊ အသိနဲ့ သတိနဲ့ ထိန်းချုပ်နိုင်ဖို့က အလိုအပ်ဆုံးအရာပဲ မဟုတ်ပါလားဗျာ…

(Chelsea Official Website မှ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို ကိုယ်တိုင်ရေးသားခဲ့သော “The Wheel Turns: Jorginho’s rise from a boy in Brazil to an Italy international, in his own words” ဆောင်းပါးကို ပြန်ဆိုပါသည်..။)