feature-image

ကျွန်တော်သိတဲ့ ‘N’Golinho Kante’ (သို့မဟုတ်) အားနာတတ်သူရဲ့ အမှောင်ဘက်ခြမ်း…

အဲဒီ ‘N;Golinho Kante’ ဆိုတဲ့ နာမည်ေပြောင်ကို ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ရှိတုန်းက ကျွန်တော်နဲ့ အီဒင် ဟာဇက် တို့ ကင်ပွန်းတတ်ပေးခဲ့တာပါ..။ အခုထိလည်း အဲဒီလိုပဲ ကျွန်တော်ခေါ်နေတုန်းပါပဲ..။ ဘရာဇီးလ်.. ဆန်ဆန်ပေ့ါဗျာ…

ဟာသအနေနဲ့ နောက်ပြောင်ရင်းခေါ်ခဲ့တဲ့ နာမည်ဖြစ်ပေမယ့် အခုလိုနာမည်ပေးခဲ့ခြင်းဟာ ‘အန်ဂိုလို ကန်တေး’ အပေါ် ကျွန်တော်တို့ ဘယ်လောက်တောင် မျှော်မှန်းခဲ့လဲ သိနိုင်ပါတယ်..။ အခုဆိုရင် သူဟာဘယ်လို ကစားသမားမျိုးဆိုတာ လူတိုင်းသိနေပါပြီ..။ အခုကျင်းပနေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်း ဗိုလ်မစွဲခဲ့ရင်တောင် အန်ဂိုလို ကန်တေး ဟာ ကွင်းလယ်အဖျက် ကစားသမားနေရာက အကောင်းတကာ့ အကောင်းဆုံး ဂန္တ၀င်ကစားသမားတွေထဲမှာ ပါ၀င်ပြီးဖြစ်ပါတယ်..။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်း ဖြစ်တာနဲ့အညီ သူတို့သာ အနိုင်ရခဲ့မယ်ဆိုရင် အန်ဂိုလို ကန်တေး ဟာ သူရခဲ့ပြီးတဲ့ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား စတဲ့ ဆုဖလားကြီးတွေထဲမှာ Ballon d’Or ဆုကို ထပ်ပြီးပေါင်းထည့်နိုင်ဖို့ အတော်လေးကို အလားအလာ ကောင်းသွားတော့မှာပါ..။

အန်ဂိုလို ဟာ ချယ်လ်ဆီးအသင်းကို ရောက်လာတုန်းက အင်မတန်မှ ရှက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်..။ နောက်ပြီးစကားလည်း သိပ်မပြောပါဘူး..။ ကျွန်တော်မှတ်မိသလောက် အဲဒီအချိန်တုန်းက သူ့ရဲ့ဘောလုံးပေးပို့မှုတွေဟာ နည်းနည်းနှေးနေသေးသလို ရှေ့ကိုပေးရမှာ ကြောက်နေသလို ခံစားမိပါတယ်..။ အထူးသဖြင့် အီဒင် ဟာဇက်၊ ၀ီလီယံ၊ ပီဒရို တို့ရဲ့ ပြေးလမ်းထဲက နေရာလွတ် သေးသေးလေးတွေဆီကို စွန့်စားမှုရယူပြီး ပေးရမှာ ကြောက်နေသလိုပါပဲ..။



 တကယ်တော့ သူဟာလုပ်အားနှုန်းကောင်းတယ်…၊ တစ်ကွင်းလုံးအနှံ့ မမောမပန်းတမ်း ပြေးလွှားကစားနိုင်တယ်..၊ ဘောလုံးကို မရမက ပြန်လည်ရယူနိုင်စွမ်းရှိတယ်..၊ ဖိအားပေးကစားရာမှာ ကောင်းမွန်ပြီး အန်တိုနီယို ကွန်တီ နှစ်သက်တဲ့ ကွင်းလယ်ကစားသမားမျိုး ဖြစ်ပါတယ်..။ ဒါ့အပြင် အန်တိုနီယို ရဲ့ လက်အောက်မှာ သူဟာတိုက်စစ်ကို လိုက်ပါတာ..၊ တိုက်စစ်လမ်းကြောင်း ဖွင့်ပေးတာတွေပါ ပိုမိုကောင်းမွန်လာခဲ့ပြီး နောက်ထပ်တစ်ဆင့် တိုးတက်လာခဲ့ပါတယ်..။

အန်ဂိုလို ကန်တေး ဟာ ကွင်းလယ်အဖျက် ကစားသမားတစ်ယောက် ဖြစ်တာနဲ့အညီ သူ့ရဲ့ဘောလုံးဖျက်ထုတ်မှုတွေ၊ ဘောလုံးပြန်လည်အရယူမှုတွေ အရမ်းကောင်းမွန်တာ အားလုံးသိပြီးသားပါ..။ ဒါပေမယ့် သူ့ဆီကနေ ဘောလုံးပြန်လုဖို့ အင်မတန်ခက်ခဲလှသလို ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်တဲ့ သူ့ရဲ့ dribbling skill ဟာ အံ့အားသင့်စရာပါပဲ..။ ဒ့ါကြောင့်သူဟာ ဘောလုံးကို တဟုန်တိုးဆွဲထွက်ပြီး ခံစစ်ကနေ တိုက်စစ်ကို တမဟုတ်ချင်း ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်..။ တကယ်တော့ အဲဒီလိုလုပ်နိုင်တဲ့ ကစားသမား များများစားစား မရှိပေမယ့် သူဟာထိုက်တန်တဲ့ ချီးမွမ်း၊ ဂုဏ်ပြုမှုတွေ မရရှိခဲ့ပါဘူး..။ အဲဒီလိုတစ်ဦးတည်းနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေ ရှိခဲ့လို့ ကျွန်တော်တို့က ‘N’Golinho’ လို့ ခေါ်ခဲ့တာပါ..။ သူဟာကမ္ဘာ့ဘောလုံးလောကရဲ့ ပြီးပြည့်စုံဆုံးသော ရှားရှားပါးပါး ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်..။

ဘုန်းမောက်အသင်းနဲ့ပွဲမှာ အန်ဂိုလို ကန်တေး ဟာ အီဒင် ဟာဇက် ကို အ၀ေးကနေ နောက်တန်းပေါ် ကျော်ချပေးပြီး ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်..။ အီဒင် က အဲဒီဘောလုံးနဲ့ ဂိုးသမားကို အသာခေါက်ထွက်ပြီး ဂိုးသွင်းပေးခဲ့ပါတယ်..။ တကယ်တော့ အဲဒီလိုတွဲလုံးမျိုးကို လေ့ကျင့်ကွင်းမှာ ကျွန်တော်တို့ နေ့စဥ်နေ့တိုင်းလိုလို အကြိမ်ကြိမ် လေ့ကျင့်ခဲ့ကြတာပါ..။ ဒ့ါကြောင့်နောက်ရက်အသင်း အစည်းအ၀ေးမှာ အဲဒီပွဲကို ပြန်ပြီးသေသေချာချာ လေ့လာသုံးသပ်မှုတွေ ပြုလုပ်ကြတဲ့အချိန် အန်တိုနီယို ကွန်တီ က အရမ်းကျေနပ်ပြီး သူလိုချင်တာ အဲဒီလိုပုံစံမျိုး.. လို့ မှတ်ချက်ပေးခဲ့ပါတယ်..။



အန်ဂိုလို ဟာ အရမ်းကိုအေးဆေးပြီး ရှက်တတ်တဲ့သူတစ်ယောက်ပါ..။ ဒါပေမယ့် သူနဲ့ရင်းနှီးသွားပြီဆိုရင် အရမ်းကိုရယ်စရာ ကောင်းသလို ဟာသဥာဏ်လည်း ရွှင်ပါတယ်…။ စိတ်လက် ကြည်လင်နေတဲ့နေ့ဆိုရင် လေ့ကျင့်ကွင်းမှာလည်း အရွှန်းဖောက်၊ ဟာသတွေ ပြုလုပ်တတ်ပါတယ်..။ အသင်းဘတ်စ်ကားပေါ်မှာ ဆိုရင်လည်း နောက်ဘက်တန်းက ခုံတွေမှာသာ ထိုင်တတ်ပြီး ဖဲဆော့လိုက်၊ ဂိမ်းကစားလိုက်..၊ ဒါမှမဟုတ် ရယ်စရာတွေ ပြောလိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။

ဒါ့အပြင်သူဟာတစ်ဖက်သားကိုလည်း အရမ်းအားနာတတ်ပါတယ်..။ တစ်ခါတုန်းက ပွဲကစားပြီးနောက်ရက် အသင်းအစည်းအ၀ေးမှာ အန်ဂိုလို ဟာ အချိန်တန်ပေမယ့် ရောက်မလာသေးပါဘူး..။ အားလုံးက ဒီကောင်.. ဘယ်ရောက်နေလဲ..? ဆိုပြီး မျှော်နေကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအသင်း အစည်းအ၀ေးတွေ၊ လေ့ကျင့်ခန်းတွေကို နောက်ကျလေ့ မရှိတဲ့အတွက် ဖြစ်ပါတယ်..။ သိပ်မကြာဘူး..၊ သူရောက်လာပါတယ်..။ အားလုံးက လက်ခုတ်တွေတီးပြီး ကြိုဆိုကြတာပေါ့..။ အန်တိုနီယို ကွန်တီ က ဖြစ်ကြောင်းကုန်စင် မေးပါတယ်..။ အသင်းလေ့ကျင့်ကွင်းကို လာတဲ့လမ်းမှာ သူဟာယာဥ်တိုက်မှု ဖြစ်ပါတယ်..၊ သူနဲ့တိုက်မိတဲ့ ကားပေါ်ကလူတွေဟာ အန်ဂိုလို ကန်တေး မှန်းသိတာနဲ့ မယုံနိုင်အောင်ဖြစ်ကြပြီး ဓါတ်ပုံတွေ တွဲရိုက်ကြပါသတဲ့..။ သူကလည်း ငြင်းရမှာ အားနာလေတော့ အဲဒီလူတွေနဲ့ ဓါတ်ပုံတွဲရိုက်ရင်းနဲ့ပဲ ပျက်စီးနေတဲ့ သူ့ရဲ့ကားကို ရှုံ့မဲ့ရှုံ့မဲ့နဲ့ ကြည့်နေရပါတယ်တဲ့..။ နောက်တော့ နောက်ကြည့်မှန်တွေကိုပါ တိတ်နဲ့ကပ်၊ လေ့ကျင့်ကွင်းရောက်ဖို့ အချိန်နောက်ကျနေပါပြီ ဆိုတဲ့အကြောင်းပြောပြီး အတင်းတောင်းပန်၊ ရုန်းထွက်လာခဲ့ရတဲ့အကြောင်း ပြောပြပါတယ်..။



သူဟာစိတ်ဆိုးဒေါသထွက်လေ့ ရှိတဲ့သူ မဟုတ်ပေမယ့် အမြဲတမ်းအားနာတတ်တဲ့သူ၊ ကြင်နာတတ်တဲ့သူတော့ မဟုတ်ပြန်ပါဘူး..။ ကြင်နာ၊ သနားတတ်တဲ့၊ တစ်ဖက်သားကို အရမ်းအားနာတတ်တဲ့ သူ့ဆီမှာ အများမသိတဲ့ အမှောင်ဘက်ခြမ်းတစ်ခု ရှိနေပါတယ်..။ အဲဒါကတော့ ပွဲကစားပြီဆိုတာနဲ့ သူဟာပြိုင်ဘက် ကစားသမားကို လူချရမှာ၊ အ၀ါကတ်ဒ် အပြခံရတဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ရမှာ ၀န်မလေးသလို ဖျက်ထုတ်ပြီးရင်လည်း ဘယ်တော့မှ ပြန်တောင်းပန်လေ့မရှိပါဘူး…။ အခုထိလည်း အဲဒီအတိုင်းပဲဆိုတာ ကျွန်တော် TV မှာ မြင်နေရပါတယ်..။ ပြိုင်ဘက်ကစားသမား ဘယ်လိုပဲလူးလှိမ့်နေပါစေ.. သူကတော့ မျက်နှာသေလေးနဲ့ အသာအယာ ထွက်လာပါလိမ့်မယ်.။ ကျွန်တော်ကတော့ သူ့ရဲ့အဲဒီအကျင့်ကို ကြိုက်ပါတယ်..။ အန်ဂိုလို ကန်တေး ဟာ ကွင်းထဲရောက်တာနဲ့ ဘယ်သူ့ကိုမှ သနားညှာတာနေမှာ မဟုတ်ဘူးဆိုတဲ့ သတင်းစကားပါပဲ..။ ဘောလုံးသမား တစ်ယောက်ဟာ တကယ့်ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်ဖို့ အဲဒီလိုခံယူချက်မျိုးရှိဖို့ လိုအပ်ပါတယ်..။ တကယ်လို့ ကွင်းထဲမှာသာ ယုန်သူငယ်လေးကို နွဲ့ပြနေမယ်ဆိုရင် ပြိုင်ဘက်တွေက အစိမ်းလိုက် ၀ါးစားသွားပါလိမ့်မယ်..။ ဒ့ါကြောင့်အပြင်မှာ အားနာတတ်သလောက် ကွင်းထဲကျရင် ထီမထင် အပြိုင်မိုက်ပြတဲ့ အန်ဂိုလို ကိုမြင်တိုင်း ကျွန်တော်ပြုံးမိပါတယ်..။

အန်ဂိုလို ကန်တေး ကို တကယ့်ထိပ်တန်း ကစားသမားတစ်ယောက်လို့ ပြောရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုက မန်ချက်စတာ စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲက စွမ်းဆောင်ရည်မျိုးကြောင့် ဖြစ်ပါတယ်..။ ခင်ဗျားတို့တွေ့ခဲ့တဲ့ တကယ့်ဂန္တ၀င် ကစားသမားကြီးတွေအတိုင်း သူဟာတကယ့် ထိပ်တန်းအဆင့် ပွဲကြီးပွဲကောင်းတွေမှာ နောက်ထပ်တစ်ဆင့်မြှင့် ထူးရှယ်ခြေစွမ်းတွေကို ပြသနိုင်စွမ်း ရှိတဲ့သူ ဖြစ်ပါတယ်..။ ဒါဟာလည်း တကယ့်ထိပ်တန်း ကစားသမားတစ်ယောက်ရဲ့ ကြန်အင်လက္ခဏာ၊ အင်္ဂါရပ်တစ်ခုပါပဲ..။


မန်ချက်စတာ ယူနိုက်တက်အသင်းကို ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ ပွဲစဥ်နှစ်ပွဲကို ကျွန်တော်အခုထိ မှတ်မိနေတုန်းပါ..။ တစ်ပွဲက FA ဖလား ဗိုလ်လုပွဲဖြစ်ပါတယ်..။ အဲဒီပွဲနေ့က ရာမာဒန် ဥပုသ်နေ့ဖြစ်ပြီး အရမ်းကိုပူပါတယ်..။ ပွဲမကန်ခင် ကျွန်တော်တို့ နေ့လည်စာ စားတဲ့အချိန် သူ့ကိုတစ်ခုခု စားဦးမလားလို့ မေးပါတယ်...။ သူက ‘No.. ဥပုသ်စောင့်နေရလို့ ရေတောင်မသောက်ဘူး..’ လို့ ဖြေပါတယ်..။ ကျွန်တော်က.. ညကျဒီငနဲ.. ပြေးတောင်ပြေးနိုင်ပါ့မလား.. စိုးရိမ်မိပါသေးတယ်..။ ဒါပေမယ့် အဲဒီပွဲမှာ သူဟာအထူးခြေစွမ်း ပြခဲ့သလို အဲဒီလိုပူပြင်းလှတဲ့ ရာသီဥတုထဲမှာ မစားမသောက်ပဲ ဘယ်လိုကစားသွားလဲ..? အခုထိ စဥ်းစားမရခဲ့ပါဘူး..။ အဲဒီပွဲပြီးနောက်ပိုင်း ကျွန်တော်သူ့ကို အရင်ထက်ပိုပြီး လေးစားခဲ့မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ဘယ်လိုမှ အဲဒီလိုဗိုလ်လုပွဲက ခြေစွမ်းမျိုးကို မစားမသောက်ပဲ ကန်ပြနိုင်မှာ မဟုတ်ပါဘူး..။



ကျွန်တော်တို့ဟာ သူနဲ့အတူတူ တွဲကစားရပြီဆိုရင် ကိုယ့်ရဲ့နောက်မှာ သူရှိနေတာနဲ့ လုံခြုံစိတ်ချရမှု၊ အာမခံချက် အပြည့်အ၀ ရပါတယ်..။ သူဟာမယုံနိုင်လောက်တဲ့ လျှင်မြန်မှုနဲ့ ဘောလုံးကို အရယူပြီး သူ့ဆီကဘောလုံး ဘယ်တော့မှ မဆုံးစေရပါဘူး..။ ဒါ့အပြင်သူနဲ့ကျွန်တော်တို့ကြားမှာ နားလည်မှုလည်း သိပ်ကောင်းပါတယ်..။ ပြိုင်ဘက်ဆီကနေ ဖတ်ကနဲ ဘောလုံးလုပြီးတာနဲ့ သူကကျွန်တော့်ဆီကို ချက်ချင်းဘောလုံးပေးပါတယ်..။ သူဟာအရမ်းပါးနပ်သလို သူ့ရဲ့အားသာချက်၊ အသင်းဖော်တွေရဲ့ အားသာချက်ကို ဘယ်လိုအသုံးချရမလဲ.. ကောင်းကောင်းသိထားပါတယ်..။

တကယ်တော့ ကျွန်တော်ဟာ သူနဲ့တွဲမကစားဖြစ်ဘူး..၊ သူနဲ့မဆုံးခဲ့ဖူး.. ဆိုရင် သူ့ရဲ့အကြောင်းကို အခုလောက် နားလည်ချင်မှ နားလည်မိပါလိမ့်မယ်..။ ဒ့ါကြောင့်လည်း သူဘယ်လောက် ကောင်းတယ်..၊ အသင်းအတွက် ဘယ်လောက်တောင် သူလုပ်ပေးနိုင်ခဲ့တယ်ဆိုတာ လူတွေကောင်းကောင်း နားမလည်ကြတာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အခုဆိုရင် သူပါပြီဆိုတဲ့ ကိုယ့်ရဲ့အသင်းဟာ အနိုင်ရဖို့ ရာခိုင်နှုန်း ပိုများသွားပြီဆိုတာ လူတွေတဖြည်းဖြည်းနဲ့ ပိုသိလာကြပါပြီ..။ ‘အခုအချိန်မှာ ခင်ဗျားတို့အသင်းမှာ အန်ဂိုလို ကန်တေး ကို လိုချင်ရဲ့လား..?’ ဆိုပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတိုင်းကို လိုက်မေးကြည့်ပါ..၊ အားလုံးက တညီတညွတ်တည်း ‘Yes’ လို့ ဖြေပါလိမ့်မယ်…။



အခုဘောလုံးလောကဟာ ကျွန်တော်တို့စပိန်အသင်း၊ ဘာစီလိုနာအသင်းတွေ လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တုန်းကနဲ့ နည်းနည်းကွာခြားသွားပါပြီ..။ ကျွန်တော်တို့ခေတ်တုန်းက အခုလောက်ကြီး ပြေးလွှား၊ ကစားရတာ မရှိပါဘူး..။ ဒါပေမယ့် အန်ဂိုလို ကန်တေး ဟာ အဲဒီခေတ်တုန်းက ပုံစံနဲ့လည်း ကစားနိုင်မှာ သေချာပါတယ်..။ သူ့ဆီမှာ အဲဒီလိုဘောလုံးစွမ်းရည်မျိုး ရှိနေပါတယ်..။ ကွင်းလယ်အဖျက် ကစားသမားနေရာမှာ အေကာင်းဆုံးဆိုတဲ့ ‘ကလော့ဒ် မက်ခလီလီ’ ရှိသလို စပိန်အသင်းမှာတုန်းက ကွင်းလယ်အဖျက်နေရာမှာ အင်မတန်မှ ကောင်းမွန်လှတဲ့ ‘မားကို့စ် ဆန်နာ’ နဲ့ ကျွန်တော်တွဲဖက် ကစားခဲ့ဖူးပါတယ်..။ အန်ဂိုလို ကန်တေး ဟာ ကွင်းလယ်အဖျက် ကစားသမားနေရာမှာ သူတို့လို တကယ့်ဂန္တ၀င်ကစားသမားတွေရဲ့ ခြေရာကိုကောင်းကောင်း နင်းနိုင်တယ်ဆိုတာ လုံး၀သံသယရှိစရာ မလိုပါဘူး..။

Ballon d’Or ဆိုတဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ရွေးလိုက်တိုင်း လွဲနေတာ များတဲ့အတွက် သူတို့တွေ ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်၊ ဆုံးဖြတ်ပေးလဲ.. ကျွန်တော်မသိပါဘူး..။ ဒါပေမယ့် သူ့ရဲ့သူငယ်ချင်း တစ်ယောက်အနေနဲ့၊ သူ့ရဲ့ဘေးကနေ အတူတွဲပြီး သုံးနှစ်သုံးမိုး ကစားခဲ့ဖူးတဲ့ အသင်းဖော် တစ်ယောက်အနေနဲ့ ‘အန်ဂိုလို ကန်တေး’ သာ အဲဒီ Ballon d’Or ဆုကို ရရှိခဲ့မယ်ဆိုရင် ကျွန်တော်အထူး ကျေနပ်မိပါလိမ့်မယ်..။ ဒါ့အပြင် ‘အန်ဂိုလင်ဟို’ ဟာ ချယ်လ်ဆီးအသင်းနဲ့ ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို ဆက်လက်သယ်ဆောင်ပြီး ပြင်သစ်အသင်းကို ဥရောပချန်ပီယံဖြစ်လာအောင် ကူညီပေးနိုင်ခဲ့မယ်ဆိုရင်တော့ ဘောလုံးသမား တစ်ယောက်ရဲ့ တစ်ဦးချင်းစွမ်းရည်အတွက် ချီးမြှင့်ပေးတဲ့ အမြင့်ဆုံးဆုကြီးကို ဆွတ်ခူးနိုင်ဖို့ အလားအလာ အထူးကောင်းမွန်သွားပါလိမ့်မယ်.. ဆိုတဲ့အကြောင်း တင်ဆက်ပေးလိုက်ရပါတယ်..။


(The Telegraph မှ ပင်တိုင်ကော်လံ ဆောင်းပါးရှင် ဆက်စ် ဖာဘရီဂတ်စ် ၏ ‘A humble, funny great - with a little dark side: The real 'N'Golinho' Kante’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)