feature-image

အပြာရောင်တို့ရဲ့ အနာဂတ်အတွက် ‘ဗလင်တီနို လီဗရာမန်တို’

လာမယ့် ၂၀၂၁/၂၂ ဘောလုံးရာသီရဲ့ နွေရာသီအပြောင်းအရွှေ့ စျေးကွက်စတင်ဖွင့်လှစ်ချိန်မှာ ချယ်လ်ဆီးအသင်းဟာ အင်တာ မီလန်အသင်းက ညာနောက်ခံလူ အာ့ခ်ျရပ်ဖ် ဟာကီမီ ကို ပီအက်စ်ဂျီအသင်းနဲ့အပြိုင် ခေါ်ယူဖို့ စိတ်၀င်စားခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ မနှစ်ကဘောလုံးရာသီမှာ ကစားသမားသစ် အင်အားဖြည့်တင်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အဲဒီကစားသမားတွေရဲ့ အင်အားကြောင့် ရာသီ၀က်မှာ တာ၀န်ယူခဲ့ရတဲ့ နည်းပြ သောမတ်စ် တူခယ်လ် ဟာ ရှိရင်းစွဲအင်အားနဲ့ပဲ ချန်ပီယံလိဂ် ဆုဖလားကြီးကို အရယူနိုင်ခဲ့ပါတယ်..။ အခုအချိန်မှာတော့ ရိုမန် အေဘရာမိုဗစ်ခ်ျ နဲ့ အသင်းဘုတ်အဖွဲ့ဟာ နောက်နှစ်ရာသီအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပါပြီ..။

ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေ အများကြီးထွက်ပေါ်ခဲ့သော်ငြား အဲဒီသတင်းတွေထဲက ခိုင်မာတယ်လို့ ယူဆရတဲ့ သတင်းတွေကို သုံးသပ်ကြည့်တဲ့အခါ လက်ရှိဥရောပချန်ပီယံ အသင်းဟာ ညာတောင်ပံ နောက်ခံလူ (right wing back) တစ်ယောက်ကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ ယူဆနိုင်ပါတယ်..။

အာ့ရှ်ရပ်ဖ် ဟာကီမီ..၊ အက်ဒ်မာ ထရာအိုရေး တို့နဲ့ ထွက်ပေါ်လာတဲ့ သတင်းတွေဟာ တက်သစ်စ လူငယ် ရိစ် ဂျိမ်းစ် နဲ့ သမ္ဘာရင့်အသင်းခေါင်းဆောင်ကြီး ဆီဇာ အက်ဇ်ပီလီကွဲတား တို့နဲ့ တောင့်တင်းနေတဲ့ ညာတောင်ပံ ခံစစ်ကြောင်းအနေအထားကြောင့် ချယ်လ်ဆီးပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်..။ ဒါ့အပြင် မနှစ်ကဘောလုံးရာသီ လူငယ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ အကယ်ဒမီထွက် ညာနောက်ခံလူ ‘ဗလင်တီနို လီဗရာမန်တို’ ရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ ဖြစ်လာပြီလား..? ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ရပါတယ်..။



ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ ကို အသက် (၈) နှစ်အရွယ်ကတည်းက စတင်ရောက်ရှိခဲ့တဲ့ လီဗရာမန်တို ဟာ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု (Chelsea Academy Player of the Year)’ ကို ဆွတ်ခူးထားပါတယ်..။ ၂၀၁၅ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ အဲဒီဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ နောင်တော်ကြီး ခြောက်ယောက်ထဲမှာ ငါးယောက်ဟာ ပရီးမီးယားလိဂ် ဘောလုံးရပ်၀န်းမှာ ကျင်လည်နေခဲ့ပြီး အဲဒီထဲက သုံးယောက် (မေဆန် မောင့်၊ ရိစ် ဂျိမ်းစ် နဲ့ ဘီလီ ဂေးလ်မား) တို့ကတော့ ချန်ပီယံလိဂ်ဖလား ဆုရှင်တွေအဖြစ် မှတ်တမ်း၀င်ခဲ့ပါပြီ..။ အဲဒီဆုကို ရရှိဖူးတဲ့ ဖီကာရို တိုမိုရီ ကတော့ အီတလီစီးရီးအေ ရပ်၀န်းကို ပြောင်းရွှေ့သွားပါပြီ..။ ဒါဟာ လီဗရာမန်တို ရဲ့ တောက်ပနေတဲ့ အနာဂတ်အလားအလာကို ပြသနေတဲ့ အညွှန်းကိန်းတစ်ခုပါပဲ..။

ဒ့ါကြောင့်သူဟာ အသင်းကြီးမှာ နေရာမရနိုင်ရင် အဌားထွက်ရမလား..? ဒါမှမဟုတ် ချယ်လ််ဆီးအသင်းအနေနဲ့ နောက်ထပ် ‘တာရစ်ခ် လမ်ပ်တေး’ လို အနေအထားမျိုး ထပ်မံရင်ဆိုင်ရဖို့ရှိလား..? ဆိုတဲ့ စိုးရိမ်၊ ကြောင့်ကြစိတ်တွေလည်း ဖြစ်ပေါ်နေရပါတယ်..။ အဲဒီလို မရေရာတဲ့ အနာဂတ်တွေအကြောင်း မစဥ်းစားခင်မှာ လီဗရာမန်တို အနေနဲ့ သောမတ်စ် တူခယ်လ် ရဲ့ wing backs တွေကို ဦးစားပေးကစားတတ်တဲ့ ကစားကွက်အခင်းအကျင်းမှာ လိုက်လျောညီထွေ ကစားနိုင်ဖို့ အသင့်ဖြစ်ပြီလား..? ဒါမှမဟုတ် ဘယ်အချိန်ထိ စောင့်ရဦးမှာလဲ..? ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်..။

သူဟာ တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်ပေမယ့် လူငယ်အသင်းတွေမှာ right wing back အဖြစ်နဲ့ အများဆုံး ကစားခဲ့ပါတယ်..။ ညာတောင်ပံမှာ အားသန်တယ်.. ဆိုပေမယ့် ဘယ်တောင်ပံမှာလည်း ကစားပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ အထူးသဖြင့် သူဟာလူငယ်အသင်းနည်းပြ အန်ဒီ မိုင်ယားစ် ရဲ့အသင်းမှာ အဓိကတိုက်စစ်လမ်းကြောင်းတွေ ဖန်တီးပေးနေတဲ့သူဖြစ်ပြီး wing back တစ်ယောက်နဲ့ လျှော်ညီစွာ တောင်ပံတစ်လျှောက် မနားတမ်းပြေးလွှား အတက်အဆင်း ပြုလုပ်နိုင်တဲ့သူ ဖြစ်ပါတယ်..။

အင်္ဂလန်လူငယ် (အသက် ၂၀ နှစ်အောက်) အသင်းရဲ့အမာခံ ကစားသမားလည်းဖြစ်တဲ့ လီဗရာမန်တို ဟာ ချယ်လ်ဆီးလူငယ် (အသက် ၂၃ နှစ်အောက်) အသင်းမှာတော့ ခံစစ်ပိုင်းမှာ သိပ်ပြီးတာ၀န်ယူစရာ မလိုပါဘူး..။ အန်ဒီ မိုင်ယားစ် ဟာ ဒူဂျွန် စတာလင်း၊ ဒိုင်နယ်လ် ဆီမီယူး၊ လီဗိုင်း ကို၀ီးလ် (ဟာဒက်စ်ဖီးလ် တောင်း အသင်းသို့ အဌားထွက်) တို့သုံးယောက်ကို ဗဟိုခံစစ်အထိုင်ချပြီး လူး၀စ်စ် ဘိတ် က ကွင်းလယ်အဖျက်နေရာက ဗဟိုခံစစ်ကြောင်းကို ပံ့ပိုးပါတယ်..။ ဒ့ါကြောင့်လီဗရာမန်တို ဟာ ခံစစ်ကိုသိပ်ပြီး ဆင်းစရာမလိုပေမယ့် လိုအပ်ရင် ဗဟိုနောက်ခံလူတွေနဲ့ တွဲဖက်ပြီး back five ထိုင် ကစားလေ့ရှိပါတယ်..။



သူဟာ အသက် (၁၃) နှစ်အောက်၊ အသက် (၁၄) နှစ်အောက် လူငယ်အသင်းတွေမှာ သူနဲ့အပြိုင် လူငယ်ကစားသမား အများအပြားကို ကျော်ဖြတ်ခဲ့ပြီး အခုဆိုရင် အသက် (၁၉) နှစ်တောင်  (ပြီးခဲ့တဲ့ နို၀င်ဘာမှာ ၁၈ နှစ်ပြည့်ပါတယ်..) မပြည့်သေးပေမယ့် ချယ်လ်ဆီးလူငယ် (အသက် (၁၈) နှစ်အောက်) အသင်းနဲ့ Development Squad (အသက် ၂၃ နှစ်အောက်) အသင်းတွေမှာ အဓိကကစားသမားအဖြစ် ရောက်ရှိနေပါပြီ..။ သူဟာအရပ်အမောင်းက (၁၈၅) စင်တီမီတာ (၆ပေ၊ ၁ လက်မ)၊ ခန္ဓာကိုယ် အလေးချိန် (၈၀) ကီလိုရှိပြီး ခန္ဓာကိုယ် တောင့်တင်းမှုရှိတယ်..၊ ကြံ့ခိုင်မှုကောင်းမွန်ပါတယ်..။ ဒါ့အပြင်လျှင်မြန်မှု ကောင်းမွန်ပြီး ပွဲချိန်ပြည့်မနားတမ်း အတက်အဆင်း ပြုလုပ်နိုင်စွမ်း ရှိပါတယ်..။

သူ့ရဲ့နောင်တော် ရိစ် ဂျိမ်းစ် ကတော့ ဖြတ်တင်ဘောတွေ ကန်တင်တဲ့နေရာမှာ နောက်တန်းနဲ့ ဂိုးသမားကြားကို ၀ှေ့၀ိုက်ကန်ချက်တွေနဲ့ ကန်တင်ပေးလေ့ ရှိပေမယ့် လီဗရာမန်တို ကတော့ နောက်ခံလူတွေကို အရှိန်နဲ့ကျော်ဖြတ်ပြီး အနီးကတ်ပိတ်သွင်းမယ့် အသင်းဖော်တွေရဲ့ ပြေးလမ်းထဲကို တိကျတဲ့အနိမ့်ဘောတွေ ဖြတ်တင်ပေးပို့လေ့ ရှိပါတယ်..။ သူ့ရဲ့ထူးခြားချက်က အကျဥ်းအကျပ်ထဲမှာ ခန္ဓာကိုယ်နဲ့ကာပြီး ရုတ်တရက် အရှိန်မြှင့် ဆွဲထွက်နိုင်သလို အချိန်ကိုက်ပေးပို့မှုတွေ ပြုလုပ်ရာမှာလည်း တိကျ၊ ကောင်းမွန်ခြင်းဖြစ်ပါတယ်..။

သူဟာချယ်လ်ဆီးလူငယ်အသင်းနဲ့ ဘောလုံးနှစ်ရာသီအတွင်း (၄၆) ပွဲကစားခဲ့ရာမှာ (၄) ဂိုးသွင်း၊ (၁၇) ကြိမ် ဂိုးဖန်တီး (assists) ပေးနိုင်ခဲ့ပြီး အဲဒီအထဲမှာ ဂိုးဖန်တီးမှုတွေထဲမှာ သူ့ကြောင့်ရခဲ့တဲ့ ပင်နယ်တီ (၃) ကြိမ်လည်း ပါ၀င်ပါတယ်..။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၀/၂၁ ဘောလုံးရာသီမှာ (၃) ဂိုးသွင်း၊ (၁၃) ကြိမ်ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် အချက်အလက်တွေအရ သူ့ရဲ့မြန်ဆန်လှတဲ့ တိုးတက်မှုနှုန်းဟာ လူငယ်အကယ်ဒမီ ကစားသမားတွေထဲမှာ ရှားရှားပါးပါးလို့ ပြောရမှာပါ..။



လီဗရာမန်တို ဟာ ညာတောင်ပံတစ်လျှောက် တက်ဆင်း၊ ပြေးလွှားရင်း တိုက်စစ်ပိုင်းပံ့ပိုးမှု အားသန်ရုံသာမကပဲ နည်းစနစ်ပိုင်း ပိုင်နိုင်မှုရှိတယ်..၊ နေရာစုံ ကစားနိုင်တာကြောင့် တခါတလေမှာ အတွင်းဘက်ကို၀င်ပြီး right center back..၊ ကွင်းလယ်ကစားသမား (auxiliary central midfielder) အဖြစ်နဲ့ အသင်းသားတွေကို ပံ့ပိုးနိုင်စွမ်းရှိတယ်..၊ နေရာစုံ ကစားနိုင်စွမ်း ရှိပါတယ်..။ ဒ့ါအပြင် အစောပိုင်းမှာ ဖော်ပြခဲ့သလို ဘယ်တောင်ပံမှာပါ ကစားပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့သူ ဖြစ်ပါတယ်..။

ခံစစ်ပိုင်းစွမ်းရည်တွေ အနေနဲ့ဆိုရင် သူဟာတစ်ဦးချင်းဖျက်ထုတ်မှုတွေမှာပါ ကောင်းမွန်ပြီး ဘောလုံးလမ်းကြောင်း မှန်းဆနိုင်စွမ်း ထူးချွန်တယ်..၊ အထူးသဖြင့် သူ့ရဲ့အရပ်အမောင်းနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းမွန်မှုကြောင့် အမြင့်ဘော ရှင်းထုတ်တဲ့နေရာ (aerial duels) မှာပါ ကျွမ်းကျင်၊ ပိုင်နိုင်တယ်လို့ ဆိုပါတယ်..။ ဒ့ါကြောင့်လည်း နည်းပြအန်ဒီ မိုင်ယားစ် က သူ့ကို right sided center back အဖြစ် တခါတရံ ကစားစေလေ့ ရှိပါတယ်..။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လျှင်မြန်လှတဲ့နှုန်းနဲ့ တရိပ်ရိပ်တိုးတက်လာခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကြောင့် လီဗရာမန်တို ဟာ တကယ့်ကို အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ဆိုတာ သံသယရှိစရာ မလိုပါဘူး..။ ဒါပေမယ့် ဘီလီ ဂေးလ်မား..၊ တီနို အန်ဂျိုရင်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့လို အဌားထွက်စရာ မလိုပဲ အသင်းကြီးကို တိုက်ရိုက်ခေါ်ယူပြီး အခွင့်အရေးပေးခံရမှာလား..? ဆိုတဲ့ မေးခွန်းအတွက်ကတော့ စောင့်ကြည့်ရဦးမှာပါ..။



ဒါပေမယ့် အခုလာမယ့် ဘောလုံးရာသီမှာ သောမတ်စ် တူခယ်လ် ရဲ့ အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်ဖို့ဆိုတဲ့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်ရှိနေမှာပါ..။ ဒ့ါကြောင့် ကျောက်ရိုင်းပွင့်တစ်ပွင့်သာ ဖြစ်နေသေးတဲ့ လီဗရာမန်တို အနေနဲ့ အနည်းဆုံးဘောလုံးရာသီ တစ်ရာသီလောက် အဌားထွက်ခွာပြီး လိုအပ်တဲ့ အတွေ့အကြုံနဲ့ သင်ယူမှုတွေ ဖြည့်တင်းရင်း ပိုမိုကောင်းမွန်တဲ့ အနေအထားနဲ့ အသင်းကြီးထဲမှာ နေရာရဖို့ ကြိုးစားသင့်လား..? ဆိုတဲ့ နောက်ထပ်လမ်းကြောင်းတစ်ခုလည်း စဥ်းစားစရာ ရှိနေပါသေးတယ်..။

သူဟာအသင်းအတွက် အလားအလာကောင်းတဲ့ ကျောက်ရိုင်းတစ်ပွင့် ဖြစ်နေတဲ့အပြင် ရွေးချယ်စရာ လမ်းကြောင်းတွေလည်း ရှိနေတာကြောင့် သူ့ရဲ့စတန်းဖို့ဒ် ဘရစ်ခ်ျ အနာဂတ်အလားအလာအပေါ် ချယ်လ်ဆီးအသင်းဘက်က အလေးအနက် စဥ်းစားရမှာ အသေအချာပါပဲ..။ အထူးသဖြင့် ၂၀၂၁/၂၂ ဘောလုံးရာသီကုန်ချိန်ကျရင် လီဗရာမန်တို ရဲ့ အသင်းနဲ့သုံးနှစ်သက်တမ်းစာချုပ် ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ အခုလာမယ့် ဘောလုံးရာသီ စတင်ချိန်မှာ အသင်းအတွက်ရော၊ သူ့အတွက်ပါ နှစ်ဦးနှစ်ဘက် ကျေနပ်မှုရစေမယ့် အနာဂတ်လမ်းကြောင်းတစ်ခု မဖြစ်မနေ ချမှတ်နိုင်ဖို့ အရေးကြီးနေပြီ ဖြစ်တဲ့အကြောင်း တင်ဆက်လိုက်ပါတယ်..။

‘We don’t need Hakimi, we have Livramento.’

Reference

-    ‘…But We’ve Got Livramento ’, by Chelsea Youth, thechels.net
-    ‘Scouting Report: Tino Livramento’, by Tomas Black, breakingthelines.com
-    ‘Tino Livramento: Chelsea’s own Hakimi’, by Chirag Gupta, premierleaguenewsnow.com