ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပြီး လူငယ်အသင်းနည်းပြကနေ လက်ထောက်နည်းပြအဖြစ် ရှစ်နှစ်ကြာ တာ၀န်ယူခဲ့ပြီးကော့ဘ်မ် လေ့ကျင့်ကွင်းကနေ စတန်းဖို့ဒ် ဘရစ်ခ်ျ မြက်ခင်းစိမ်း.. ထိုမှတဆင့် ၀င်ဘလေကွင်းကြီးမှာ အင်္ဂလန်အသင်းနဲ့ သမိုင်းသစ်ရေးထိုးခွင့် ရတော့မယ့် နည်းပြ စတိဗ် ဟော်လန် ရဲ့ အပြာရောင်ဖြတ်သန်းမှု သမိုင်းကြောင်းဟာ ၂၀၀၉/၁၀ ဘောလုံးရာသီအစပိုင်းကနေ စတင်ခဲ့ပါတယ်..။ အသက် (၃၉) နှစ်အရွယ် မထင်မရှား နည်းပြတစ်ယောက်ဟာ အရန်အသင်း နည်းပြ (reserve team coach) အဖြစ် အန်စလော့တီ ရဲ့ လက်ထောက်နည်းပြအဖြစ် အသင်းကြီးကို ရောက်ရှိသွားခဲ့တဲ့ ပေါလ် ကလီးမန့် ရဲ့ နေရာကို အစားထိုးဖို့ ချယ််လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါတယ်..။
စတိဗ် ဟော်လန် ဟာ ကစားသမား ဘ၀မှာ အောင်မြင်မှုမရရှိခဲ့ပဲ ဒဏ်ရာကြောင့် စောစောစီးစီး အနားယူခဲ့ရပါတယ်..။ အဲဒီနောက် နည်းပြဘ၀ကို ခရူး၀ီ အလက်ဇန်းဒရား အသင်းရဲ့ လူငယ်အကယ်ဒမီ နည်းပြအဖြစ် စတင်ခဲ့ပြီး အဲဒီကနေ စတုတ်အသင်း လူငယ်အကယ်ဒမီ ဒါရိုက်တာ.. ထိုမှတဆင့် စတန်းဖို့ဒ် ဘရစ်ချ်အသင်းကို ရောက်ရှိလာခဲ့ပါတယ်...။
“ကျွန်တော့်ဆီကို ချယ်လ်ဆီးအသင်းက ဖုန်းခေါ်လာတဲ့ အခိုက်အတန့်မှာ အသက်တောင် မရှုနိုင်တော့သလို ဖြစ်သွားခဲ့ပါတယ်..။ ချယ်လ်ဆီးလို အသင်းမျိုးမှာ သွားရောက်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် လေ့လာနိုင်မယ့် အခွင့်အရေးဆိုတာ ဘယ်လိုမှငြင်းပယ်နိုင်စရာ အကြောင်းမရှိပါဘူး..။”
စတိဗ် ဟော်လန် ရဲ့ လူငယ်အရန်အသင်းမှာ လူငယ်ကစားသမား နီမန်ဂျာ မာတစ် ဟာ ပွဲတိုင်းနီးပါး ကစားခဲ့ရပြီး သူ့ရဲ့လူငယ်အသင်းနဲ့ ဒုတိယဘောလုံးရာသီမှာ ဒယ်နီရယ် စတားရစ်ခ်ျ၊ ဖာဘီယို ဘိုရီနီ တို့လို တိုက်စစ်မှူးတွေကို ထိပ်တန်းဂိုးသွင်းရှင်တွေအဖြစ် မြေတောင်မြှောက်ပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် သူဟာ ချယ်လ်ဆီး reserve team ကို နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရန်အသင်း လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့ပါတယ်..။
အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ အသင်းကြီးမှာလည်း နည်းပြကာလို အန်စလော့တီ ရဲ့နေရာကို အင်ဒရီ ဗီလက်ရှ် ဘိုအက်ရှ် က လက်ခံရယူခဲ့ပါတယ်..။ ပေါ်တူဂီ လူငယ်နည်းပြဟာ စတိဗ် ဟော်လန် ကို လက်ထောက်နည်းပြ တစ်ယောက်အဖြစ် သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ ထည့်သွင်းခဲ့ပါတယ်..။ စတိဗ် ဟော်လန် အသင်းကြီးကို စတင်ရောက်ရှိလာခဲ့တဲ့ ၂၀၁၁/၁၂ ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းမှာ အမြဲတမ်းအမှတ်ရစရာ ဖြစ်နေမယ့် ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။
ဒါပေမယ့် အဲဒီလိုအောင်မြင်မှု သမိုင်းကြောင်း ရေးထိုးတဲ့နေရာမှာ ဗီလက်ရှ် ဘိုအက်ရှ် ပါ၀င်နိုင်ခဲ့ခြင်း မရှိပါဘူး..။ ရာသီစတင်ချိန်တုန်းက သူ့ရဲ့လက်ထောက်မန်နေဂျာဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း ရော်ဘတ်တို ဒီမက်တီယို ဟာ ပေါ်တူဂီနည်းပြရဲ့ထွက်ခွာသွားရတဲ့ အချိန်မှာ အသင်းရဲ့နည်းပြတာ၀န်ကို ပခုံးပြောင်း၊ ရယူခဲ့ပြီး လက်ထောက်နည်းပြတွေဖြစ်တဲ့ အက်ဒီ နယူတန်၊ စတိဗ် ဟော်လန် တို့နဲ့အတူ ၀င်ဘလေကွင်းမှာ FA ဖလား..၊ ဘေယန် မြူးနစ် အသင်းရဲ့ Allianz Arena ကွင်းကြီးမှာ ချန်ပီယံလိဂ် ဆုဖလားတွေကို အရယူပေးနိုင်ခဲ့ပါတယ်..။
“လူငယ်အသင်းတွေကို ကိုင်တွယ်တဲ့အခါ ရလဒ်မကောင်းခဲ့ရင်လည်း ကိုယ့်ရဲ့အသင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့ကစားသမားတွေ ခြေစွမ်းပြခဲ့ရင်၊ အသင်းလိုက် ကစားပုံကောင်းမွန်ခဲ့ရင် ခွင့်လွတ်ကြပါတယ်..။ အဲ.. အသင်းကြီးကို ရောက်လာပြီဆိုရင်တော့ အနိုင်ရဖို့ကလွဲရင် တခြားဘာမှမရှိပါဘူး..။”
ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ဒီမက်တီယို ရဲ့ နေရာကို အစားထိုးခဲ့တဲ့ ရာဖာ ဘင်နီးတက်ဇ်၊ ဟိုဆေး မော်ရင်ဟို တို့နဲ့ နောက်ထပ်ဆုဖလားတွေ ထပ်မံဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်..။ အဲဒီနည်းပြတွေဟာ သူတို့ရဲ့ကိုယ်ပိုင် နည်းပြအဖွဲ့၀င် အသီးသီးနဲ့ အသင်းကိုကိုင်တွယ်ခဲ့ကြပေမယ့် ‘စတိဗ် ဟော်လန်’ ကို လက်ထောက်နည်းပြအဖြစ် ဆက်လက်တာ၀န် ပေးခဲ့ကြပါတယ်..။
ဒါ့အပြင် သူဟာလူတိုင်းနဲ့ ဆက်ဆံရေး ပြေလည်တယ်…၊ အသင်းအကြောင်း.. နည်းစနစ်တွေအကြောင်းလည်း နှံ့စပ်တာကြောင့် နည်းပြတွေရဲ့ မီဒီယာဆက်ဆံရေး တာ၀န်ကို ယူခဲ့ရပါတယ်..။ သူကမတူညီတဲ့ နည်းပြတွေရဲ့ လက်အောက်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရာမှာ နည်းပြတွေအပြင် ခေတ်သစ်ထိပ်တန်း ကစားသမားတွေ အနေနဲ့လည်း အခြေအနေနဲ့ လိုက်လျာညီထွေဖြစ်အောင် ပြောင်းလွယ်ပြင်လွယ်ရှိဖို့ လိုအပ်တဲ့အကြောင်း အခုလိုပြောပြပါတယ်..။
“ချယ်လ်ဆီးအသင်းမှာ အခြေအနေနဲ့ လိုက်လျောညီထွေ ပြောင်းလွယ်ပြင်လွယ်ရှိဖို့ (flexible) လိုအပ်တယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူး..။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ကာလို အန်စလာ့တီ ရဲ့ အသင်းမှာဆိုရင် ဖလောရင့် မာလူဒါ၊ နီကိုလပ်စ် အနယ်လ်ကာ တို့ဟာ အထောင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ ရဲ့နောက်မှာ ပံ့ပိုးပေးခဲ့ပြီး ကွင်းလယ်မှာ ခြင်္သေ့စစ်သည် သုံးယောက်ရှိပါတယ်..။ ဒ့ါကြောင့်ဖရန့် လမ်းပတ် ဟာ အသင်းရဲ့ ကစားကွက်နဲ့ လိုက်လျောညီထွေဖြစ်အောင် သူ့ကိုသူ ပြောင်းလဲရပါတယ်..။ အထူးသဖြင့် နီကိုလပ်စ် အနယ်လ်ကာ ဟာ ခံစစ်ကိုလိုက်ပါလေ့ မရှိတောကြောင့် သူဟာ ခံစစ်ကိုဆင်းကူပြီး တောင်ပံခံစစ်မှူးတွေကို အားဖြည့်ရပါတယ်..။
ဗီလက်ရှ် ဘိုအက်ရှ် ရဲ့ ၄- ၃- ၃ အခင်းအကျင်းမှာ ဒယ်နီရယ်လ် စတားရစ်ခ်ျ၊ ဂျူအန် မာတာ တို့ဟာ full backs တွေကို ဆင်းပြီးကူရပါတယ်..။ ဒီမက်တီယို ကျတော့ ၄- ၃- ၃ အခင်းအကျင်းချင်း တူပေမယ့် ဆော်လမွန် ကာလူး နဲ့ ရာမီးရက်စ် တို့ဟာ တောင်ပံတစ်လျှောက်ပဲ အတက်အဆင်းလုပ် ကစားရတယ်..၊ တောင်ပံကစားသမားတွေနဲ့ ပိုပြီးဆင်တူပါတယ်…။ မာတာ ဟာ ကွင်းလယ်ဖန်တီးရှင် (No.10) အနေနဲ့ ပထမဆုံး ကစားရပါတယ်.။
ရာဖာ ဘင်နီးတက်ဇ် ကျတော့ နောက်ထပ်တစ်မျိုးပြောင်းပါတယ်..။ သူကခံစစ်ပိုင်းကို ပိုဦးစားပေးပြီး ပွဲကြီးတွေမှာဆိုရင် ရာမီးရက်စ် နဲ့ အော်စကာ တို့ကို တောင်ပံမှာထားလေ့ ရှိပါတယ်..။ ဂျူအန် မာတာ ဟာ ‘No.10’ နေရာမှာပဲ ဆက်ပြီးရှိနေပေမယ့် တာ၀န်ပေးတဲ့ ပုံစံခြင်း ခြားနားပါတယ်…။ သူလည်းနည်းပြရဲ့ တာ၀န်ပေးချက်အတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရတာပါပဲ..။”
၂၀၁၃/ ၁၄ ဘောလုံးရာသီအစမှာတော့ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ် ဟာ စတိဗ် ဟော်လန် ကို သူ့ရဲ့လက်ထောက်နည်းပြအဖြစ် နှစ်ပွဲပဲ တာ၀န်ယူပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ ဟိုဆေး မော်ရင်ဟို တို့ဟာ နိုင်ငံတကာ ပွဲစဥ်တွေ ရှိတဲ့အချိန်ဆိုရင် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာလည်း သိပ်ပြီးအလုပ်ရှုပ်လေ့ မရှိတာကြောင့် အဲဒီလိုကလပ်အသင်းနဲ့ နိုင်ငံအသင်း ပူးတွဲတာ၀န်ယူတာကို လက်ခံခဲ့ပါတယ်..။
“တကယ်တော့ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA) ထဲမှာ လူငယ်ကစားသမားတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ဆန္ဒပြင်းပြင်နေသူတွေ အများကြီးရှိနေခဲ့တယ်လို့ ယုံကြည်ပါတယ်..။ ဒ့ါကြောင့်လည်း သူတို့နဲ့အတူ ပူးပေါင်းဖို့ ကမ်းလှမ်းလာတဲ့အခါမှာ ကျွန်တော့်ဘက်က အထူးစိတ်၀င်စားခဲ့ပါတယ်…။”
ဒါပေမယ့် စတိဗ် ဟော်လန် ရဲ့ ကျယ်ပြောလှတဲ့ နည်းစနစ်ပိုင်း အသိအမြင်၊ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့စူးရှတဲ့အမြင်၊ ပြုစုပျိုးထောင် ပေးနိုင်စွမ်းတွေကြောင့် နည်းပြဆောက်ဂိတ် ဟာ မူလက နှစ်ပွဲပဲ လက်ထောက်နည်းပြအဖြစ် တာ၀န်ယူပေးဖို့ ကနဦး ကမ်းလှမ်းချက်ကို ထပ်မံတိုးမြှင့်ခဲ့ပါတယ်..။ စတိဗ် ဟာ တစ်ဘက်ကလည်း ချယ်လ်ဆီးအသင်းနဲ့အတူ ဘင်နီးတက်ဇ် ရဲ့ ယူရိုပါလိဂ်ဖလားဆုရ အသင်း၊ မော်ရင်ဟို နဲ့ လိဂ်ဖလား၊ ပရီးမီးယားလိဂ် ဖလားဆုရ အသင်းတွေမှာ ဆက်လက်ပြီး အကူအညီ ပေးခဲ့ပါတယ်..။
အဲဒီအချိန်မှာ အင်္ဂလန်နည်းပြအဖြစ် တာ၀န်ယူနေတဲ့ ဆမ် အလာဒိုက်စ် ဟာ နည်းပြရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားခဲ့တာကြောင့် လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနည်းပြ ဆောက်ဂိတ် ဟာ အင်္ဂလန်အသင်းကြီးကို ယာယီတာ၀န်ယူခဲ့ရပါတယ်..။ ဒ့ါကြောင့်သူနဲ့အတူ 'ကျွဲကူးရေပါ..' ထပ်ချပ်လိုက်ပါလာခဲ့သူကတော့ လက်ထောက်နည်းပြ ‘စတိဗ် ဟော်လန်’ ပါပဲ..။
ဒါပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဆောက်ဂိတ် ကို အမြဲတမ်းနည်းပြအဖြစ် တာ၀န်ပေးဖို့ ဆုံးဖြတ်လိုက်ချိန်မှာ စတိဗ် ဟော်လန် အနေနဲ့ အင်္ဂလန်အသင်းနဲ့ ချယ်လ်ဆီးအသင်း.. နှစ်သင်းစလုံး တွဲဖက်တာ၀န်ယူဖို့ မဖြစ်နိုင်တော့ပါဘူး..။ ဒ့ါကြောင့် သူဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ၂၀၁၆/၁၇ ရာသီကုန်တဲ့အချိန်ကျရင် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း အသိပေးခဲ့ပါတယ်..။ စတိဗ် ဟော်လန် ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်း ရှစ်နှစ်တာခရီးစဥ်ကို နောက်ထပ် ပရီးမီးယားလိဂ် ဆုဖလားတစ်လုံးနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်..။
၂၀၁၇ ခုနှစ်၊ မေလမှာ ပြုလုပ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ‘တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု’ တွေ ချီးမြှင့်တဲ့ အခမ်းအနားမှာ အသင်းအတွက် အရေးပါတဲ့ ‘ဂျွန် တယ်ရီ’ နဲ့ ‘စတိဗ် ဟော်လန်’ တို့ရဲ့ နှုတ်ဆက်အခမ်းအနားနှစ်ခု ထပ်မံပါ၀င်ခဲ့ပါတယ်..။ သူ့ရဲ့စတန်းဖို့ဒ် ဘရစ်ချ် ခရီးစဥ်အပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့အတူ ရှေ့ဆက်မယ့် ခရီးစဥ်ဟာ ကမ္ဘာအနှံ့အပြားကို သွားရောက်ရမှာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းက အမှတ်တရ လက်ဆောင်အဖြစ် အထူးသီးသန့် ချုပ်လုပ်ထားတဲ့ ခရီးဆောင်အိတ်တစ်ခု ချီးမြှင့်ခဲ့ပါတယ်..။ ဒါပေမယ့် ဒီနှစ်နွေရာသီမှာတော့ အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၀ ခရီးစဥ်ဟာ လန်ဒန်မြို့မှာပဲ အခြေပြုတာ များခဲ့တဲ့အတွက် စတိဗ် မျှော်လင့်ထားသလို ခရီးရှည်တွေ သိပ်မများခဲ့ရသလိုပါပဲ..။
“ကျွန်တော်ဟာ ကစားသမားတစ်ယောက်အဖြစ် နိုင်ငံအသင်းကို ကိုယ်စားပြုရလောက်တဲ့ အဆင့်ထိ မထူးချွန်ခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်ဟာ ၀င်ဘလေ မြက်ခင်းစိမ်းထက်မှာ နိုင်ငံတော်သီချင်းကို ဟစ်ကြွေးခွင့် မရခဲ့ဖူးပေ့ါဗျာ..။ အဲဒီအတွက် အခုလိုအင်္ဂလန်အသင်းနဲ့အတူ ကိုယ့်ရဲ့နိုင်ငံတော်သီချင်းကို နားဆင်ခွင့်ရနေတာဟာ တကယ့်ကို ထူးခြားတဲ့အခိုက်အတန့်ပါပဲ..။ အခုထက်ပိုပြီး တစ်ဆင့်တက်ရမယ်ဆိုရင် နိုင်ငံလက်ရွေးစင်အသင်းအတွက် နည်းပြခွင့်ရတဲ့ အခွင့်အရေးပဲ ဖြစ်ပါလိမ့်မယ်..။”
အခုလာမယ့် မနက်ဖြန်မနက်ဆိုရင် အပြာရောင်အသင်း အဆက်ဆက်မှာ လက်ထောက်နည်းပြအဖြစ် တာ၀န်ယူခဲ့ဖူးတဲ့ စတိဗ် ဟော်လန် အနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ၀င်ဘလေကွင်း မြက်ခင်းစိမ်းထက်မှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲရဲ့ သမိုင်းသစ် ရေးထိုးခွင့်ရနိုင်မလား.. သိခွင့်ရရှိတော့မှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။