feature-image

‘ဒန် မက်ကာသီ’ သုံးသပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့လှုပ်ရှားမှု မေးခွန်းများ..

ချယ်လ်ဆီးအသင်းကို အစဥ်တစိုက် အားပေးခဲ့ကြတဲ့ ပရိသတ်များအနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအကြောင်း အနည်းနဲ့အများ သတိထားမိကြပါလိမ့်မယ်..။ အခုနောက်ပိုင်းနှစ်တွေမှာ ချယ်လ်ဆီးအသင်းဟာ ကစားသမား ခေါ်ယူတဲ့နေရာမှာရော၊ ရောင်းချတဲ့နေရာမှာပါ ကန့်လန်ကာနောက်ကွယ်ကနေ သိုသိုသိပ်သိပ် လှုပ်ရှားလေ့ရှိပြီး များသောအားဖြင့် နောက်ဆုံးမိနစ် အချိန်ရောက်မှသာ လူသိရှင်ကြား အသိပေးလေ့ရှိပါတယ်..။

ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို အစဥ်တစိုက် လိုက်ပါနေခဲ့တဲ့ သတင်းထောက်တစ်ဦး အနေနဲ့ ပြောရမယ်ဆိုရင်ချယ်လ်ဆီးဟာ သတင်းနှိုက်ရတဲ့ အင်မတန်မှ ခက်ခဲတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်..။ သူတို့ဟာ အသင်းရဲ့အတွင်းသတင်းတွေကို ထိန်းသိမ်းတဲ့နေရာမှာ အင်မတန် နှုတ်လုံလှသလို ကျွန်တော်တို့လို အနီးကပ်လှုပ်ရှားနေတဲ့ ဂျာနယ်လစ်တွေကိုလည်း အလွယ်တကူ အသိပေးလေ့ မရှိပါဘူး..။

ဒ့ါကြောင့်ချယ်လ်ဆီးအသင်းရဲ့ အ၀င်သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှထူးခြားမှုမရှိဘူး…၊ အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်နေတယ်.. ဆိုတာ ကောင်းတဲ့လက္ခဏာပါ..။ ဘုတ်အဖွဲ့ဟာ နောက်ကွယ်ကနေ တိတ်တိတ်ကလေး လှုပ်ရှားနေတယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဒ့ါကြောင့်အခုအချိန်ထိ ကျွန်တော့်ဘက်က အတည်ပြုပေးနိုင်တာကတော့ အသင်းဟာ သူတို့ရဲ့အခုနှစ် ဘောလုံးရာသီအတွက် အဓိကပစ်မှတ်တွေကို ရရှိအောင် ကြိုးစားနေပါတယ်… ဆိုတဲ့ အချက်ပါပဲ..။



(၁) ဘာကြောင့်အခုအချိန်ထိ ကစားသမားသစ် ခေါ်ယူခြင်း မပြုသေးတာလဲ…?

ချယ်လ်ဆီးအသင်းဟာ ၂၀၂၁/၂၂ ဘောလုံးရာသီရဲ့ နွေရာသီအပြောင်းအရွှေ့ ကာလမှာ ကစားသမား ရောင်းချခြင်းကို အရင်ဆုံးဦးစားပေးလိမ့်မယ်လို့.. ချယ်လ်ဆီးအသင်း လေ့လာသူအများအပြားက ကြိုတင်သုံးသပ်ခဲ့ကြပါတယ်..။ စတန်းဖို့ဒ် ဘရစ်ခ်ျအသင်းဟာ သူတို့ရဲ့ဘဏ္ဍာရေး ကိန်းဂဏန်းမျှခြေအတွက် မြင့်မားနေတဲ့ အသင်းသားတွေရဲ့ လစာကုန်ကျမှုတွေကို လျော့ချရမယ်..၊ ပိုလျှံနေတဲ့ ကစားသမားအများအပြားကို ရှင်းထုတ်ပြီး ဒီနှစ်အပြောင်းအရွှေ့ကာလရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ အားလင်း ဟာလန်း နဲ့ ဒက်ကလန် ရိုက်စ် တို့ကို ခေါ်ယူဖို့ ကြိုးစားပါလိမ့်မယ်..။ ဒါပေမယ့် သက်ဆိုင်ရာအသင်းတွေဟာ သူတို့နှစ်ယောက်စလုံးကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ သွေးဆောင်မှသာ စိတ်ပြောင်းသွားနိုင်မယ့် သဘောရှိနေပါတယ်..။

အခုဒီနေ့အထိ အသင်းရဲ့လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် ခရစ်စ်တယ် ပဲလေ့စ် ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၈) သန်းနဲ့ ရောင်းချလိုက်တဲ့ မာ့ခ် ဂူဟီ ရဲ့ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့ကလွဲရင် ရောင်းချပြီး.. (သို့မဟုတ်) ရောင်းချဖို့ ညှိနှိုင်းဆဲ ကစားသမားတွေဟာ ချယ်လ်ဆီးအသင်းရဲ့  ကစားသမားအထွက် အင်္ဂါစဥ်စာရင်းအတိုင်းပါပဲ..။ တစ်ချို့သူတွေက ‘ရိုမန် သာ လိုချင်ရင် ကြေးမရှောင်ဘူး..၊ ဘယ်သူ့ကိုမဆို အရခေါ်ယူနိုင်စွမ်း ရှိတယ်..’ လို့ ကြွေးကြော်နေကြပေမယ့် ချယ်လ်ဆီးအသင်းဟာ ကိုယ်ပိုင်ရပ်တည်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း သတိချပ်ဖို့ လိုအပ်ပါတယ်..။



(၂) ‘အားလင်း ဟာလန်း’ ဘယ်လိုအခြေအနေမှာ ရှိနေလဲ..?

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အားလင်း ဟာလန်း ရဲ့ အပြောင်းအရွှေ့သတင်း updates တွေဟာ ဘောလုံးပရိသတ်တွေရဲ့ သည်းခြေကြိုက်ပါပဲ..။ ဒ့ါကြောင့်နေ့စဥ်နဲ့အမျှ twitter ပေါ်မှာ နိုတီတွေ တတိန်တိန် တက်နေပေမယ့် ရိုးရိုးသားသား ၀န်ခံရမယ်ဆိုရင် အခုထိတော့ ဘာမှထူးခြားမှု သိပ်မရှိလှပါဘူး..။ ချယ်လ်ဆီးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကို ဘယ်လောက်အထိ ပေးလိုက်မှ ဒေါ့မွန်အသင်းဘက်က စိတ်ပြောင်းသွားမလဲ..? ဆိုတာကို သိရဖို့ ချိန်ဆနေဆဲ ရှိပါသေးတယ်..။ ဂျာမနီဘာသာနဲ့ တင်ဆက်တဲ့ Sky Germany ကနေ သတင်းတွေ တက်လာလေ့ ရှိပေမယ့် အဲဒီသတင်းတွေဟာ သူ့ရဲ့အေးဂျင့် ရီအိုလာ.. ဒါမှမဟုတ် ဒေါ့မွန်အသင်းဘက်က ဒလန်လုပ်ပြီး စျေးခေါ်တဲ့အသံတွေသာ ဖြစ်ဖို့များပါတယ်..။

ချယ်လ်ဆီးအသင်းဘက်ကတော့ သူတို့ရဲ့ထုံးစံအတိုင်း တိတ်တိတ်လေးငြိမ်နေပြီး တိုက်ရိုက်ညှိနှိုင်းရမယ့်အချိန်..၊ ဒါမှမဟုတ် ရောင်းချမယ့်အသင်းဘက်က ယုံကြည်မှုကောင်းကောင်း ရှိလာမယ့်အချိန်ကို စောင့်နေတဲ့သဘော ရှိပါတယ်..။ ဒါကတော့ ကျွန်တော့်ရဲ့ တစ်ဦးချင်း ထင်မြင်ချက် ဖြစ်ပါတယ်..။

တကယ်လို့ ဟာလန်း ကို မရနိုင်ဘူးဆိုတာ သေချာခဲ့ရင်ရော…? အင်တာ မီလန်အသင်းက ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကို ရောင်းချဖို့ဆန္ဒမရှိဘူးဆိုတာ လူသိရှင်ကြား ကြေငြာပြီးဖြစ်သလို ကစားသမားဘက်ကလည်း အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုဖို့ မရှိပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို လူကာကူ ပြန်ရောက်လာဖို့ ရှိနေတယ်.. ဆိုတဲ့ သတင်းတွေ အခုထိကျွန်တော့်ဆီကို လာပြောနေဆဲပါပဲ..။ နောက်ထပ်တစ်ချက်ရှိတာက လက်ရှိအချိန်မှာ ချယ်လ်ဆီးအနေနဲ့ လူကာကူ ကို ကြိုးစားမယ်ဆိုရင် အားလင်း ဟာလန်း ထက် ပိုပြီးလွယ်ကူမယ့် အလားအလာရှိပါတယ်..။ ဒ့ါကြောင့် ကျွန်တော်ဟာ လူကာကူ ပြန်ရောက်လာဖို့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားပေမယ့် အဲဒီအပြောင်းအရွှေ့ရဲ့ ဖြစ်နိုင်ခြေကို ဒီနေ့အထိ လုံး၀ဥဿုံ မစွန့်လွတ်သေးပါဘူး..။



(၂) ဒက်ကလန် ရိုက်စ် ကိုရော..?

အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲအပြီးမှာ ဒက်ကလန် ရိုက်စ် ဟာ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း မေဆန် မောင့် အပါအ၀င် တခြားအသင်းဖော်တွေနဲ့အတူ ဂရိနိုင်ငံကို အပန်းဖြေခရီး သွားရောက်နေပါတယ်..။ ချယ်လ်ဆီးအသင်းရော၊ သောမတ်စ် တူခယ်လ် ကပါ ဒက်ကလန် ရိုက်စ် ကို သဘောကျတယ်ဆိုတာ အားလုံးသိပြီးသားပါ..။ ကစားသမား ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကို နှစ်သက်တယ်ဆိုတာ လျှို့၀ှက်ချက် မဟုတ်ပါဘူး…။ ဒ့ါကြောင့်၀က်စ်ဟမ်းအသင်းကို မြိုးမြိုးမြက်မြက်လေးသာ ပေးလိုက်မယ်ဆိုရင် ဒီအပြောင်းအရွှေ့ဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးစီးသွားမယ်ဆိုတာ ချယ်လ်ဆီးအသင်းက သိပြီးသားပါ..။

ဒက်ကလန် ရိုက်စ် နဲ့ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ သတင်းမျိုးစုံ နေ့စဥ်ထွက်ပေါ်နေပေမယ့် ကျွန်တော်ကတော့ အခုအချိန်ထိ ဘယ်သတင်းကိုမှ ယုံကြည်လို့မရသေးပါဘူး..။ ပြီးခဲ့တဲ့နွေရာသီမှာ ချယ်လ်ဆီးအသင်းဘက်က လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေအရ မာရီနာ တို့ဟာ ကစားသမားကိုရဖို့ ကျိန်းသေပြီဆိုတဲ့ ယုံကြည်ချက် မရှိသရွေ့ တရား၀င် ကမ်းလှမ်းမှုကို ပြုလုပ်လေ့ မရှိပါဘူး..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဘက်က ကမ်းလှမ်းမှု.. ဆိုတာ အဲဒီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးအဆုံးသတ် လှုပ်ရှားမှုပဲ ဖြစ်လာပါလိမ့်မယ်…။

အဲဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့ အလေးသာတဲ့ အချက်တစ်ချက်ကတော့ ၀က်စ်ဟမ်းအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ် ကို အသည်းအသန် စိတ်၀င်စားနေခြင်းပါပဲ..။ ဒါပေမယ့် ကစားသမားချင်း အလဲအထပ် (swap deal) ဖြစ်လာနိုင်ဖို့ မရှိပေမယ့် အဲဒီလိုသူ့အသင်း၊ ကိုယ့်အသင်း ကစားသမားချင်း အပြန်အလှန် စိတ်၀င်စားနေခြင်းဟာ ညှိနှိုင်းမှုတွေကို စတင်နိုင်ဖို့ ခေါင်းစဥ်ဖြစ်လာနိုင်ဖို့ အလားအလာကောင်းတစ်ခုပါပဲ..။

အဲဒီအပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ နောက်ပိုင်းကျရင် ပိုမိုပြီးလှုပ်ရှားလာလိမ့်မယ်လို့ ကျွန်တော့်ကို အတိတ်စိမ်းပေးထားသူတွေ ရှိပေမယ့် ကစားသမားခေါ်ယူတဲ့ဘက်အခြမ်းကို အာရုံမစိုက်ခင်၊ နည်းပြတူခယ်လ် အတွက် အားဖြည့်မှုတွေ မစတင်ခင် ချယ်လ်ဆီးအသင်းဟာ ကစားသမား ရောင်းချတဲ့အလုပ်ကို ပိုပြီးဦးစားပေးပါဦးမယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့ တစ်ဦးချင်း ထင်မြင်ချက်အရဆိုရင် ဒီနှစ်နွေရာသီမှာ ၀က်စ်ဟမ်းအသင်းဟာ သူတို့အသင်းရဲ့ အဖိုးတန်အမျိုးမှန် ရတနာတစ်ပါးကို အစွမ်းကုန် ကာကွယ်သွားဖို့များပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဘက်က အောင်မြင်အောင် သွေးဆောင်နိုင်ပါ့မလား..? သံသယရှိမိပေမယ့် တကယ်သာ ဖြစ်ခဲ့မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားမယ့် အပြောင်းအရွှေ့တစ်ခု ဖြစ်ပါလိမ့်မယ်..။



(၃) တခြားအစားထိုး ပစ်မှတ်တွေကရော…?

အခုအချိန်တော့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ဒီနှစ်အပြောင်းအရွှေ့ရာသီ အဓိကပစ်မှတ်များကိုပဲ ဦးစားပေး ကြိုးစားနေဦးမယ့် အနေအထားမှာပဲ ရှိနေပါသေးတယ်..။ ဒါပေမယ့် အဲဒီပစ်မှတ်တွေကို မရခဲ့ဘူးဆိုရင် အစားထိုးခေါ်ယူမယ့် အခြားပစ်မှတ်များကိုလည်း လျာထားပါလိမ့်မယ်..။ ဒါ့အပြင် ဗဟိုနောက်ခံလူ၊ တောင်ပံကစားသမားတွေနဲ့ အရန်ဂိုးသမား (တတိယဂိုးသမား) တွေကို ခေါ်ယူဖို့ ရှိပါဦးမယ်..။ ချယ်လ်ဆီးအသင်းဟာ ဟာလန်း နဲ့ ရိုက်စ် တို့အပြင် တခြားကစားသမားတွေနဲ့ပါ ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာ သိထားပါတယ်..။ ဒါပေမယ့် သောမတ်စ် တူခယ်လ် ဟာ လက်ရှိအသင်း ကစားသမားတွေရဲ့ အင်အားအပေါ် ကျေနပ်မှုရှိတယ်.. ဆိုပြီး ပြောထားတာ ရှိတဲ့အတွက် အခုနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား (၄) ယောက်၊ (၅) ယောက် ရောက်ရှိလာဖို့ မရှိဘူး..၊ ဒါ့အပြင် အနာဂတ်ရဲ့ ကြယ်ပွင့်သစ်တွေ..၊ တခြားမထင်မှတ်ထားတဲ့ ကစားသမားတွေ ရောက်ရှိလာဖို့ အလားအလာ နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်..။

နိဂုံးချုပ်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ကစားသမား အသစ်ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိနေပါတယ်..။ အထူးသဖြင့် သူတို့ရဲ့ အဓိကဦးစားပေး ပစ်မှတ်တွေကိုသာ သိုသိုသိပ်သိပ်နဲ့ ကြိုးစားနေပြီး တစ်ဖက်ကလည်း အသင်းရဲ့အသုံးစာရင်းနဲ့ များပြားနေတဲ့ ကစားသမားစာရင်းကို ချိန်ဆနေပါတယ်..။ ဒါ့အပြင်အခုလက်ရှိ ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ကြိုးစားနေတဲ့ ကစားသမားတွေဟာ သူတို့ရဲ့အသင်းတွေမှာ ခြေစွမ်းထက်နေတဲ့ ကစားသမားတွေ ဖြစ်တာနဲ့အညီ အေးဂျင့်ကြေး၊ လစာနဲ့ ပြောင်းရွှေ့ကြေး ကောင်းကောင်းပေးမှ ရရှိမယ့် အလားအလာရှိပါတယ်..။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား တစ်ယောက် (သို့မဟုတ်) နှစ်ယောက် ခေါ်ယူပါလိမ့်မယ်..။ ဘယ်သူတွေ ဖြစ်လာမလဲ..? ဆိုတာ ‘ပ’ ပဟေဠိ အဖြေညှိရဦးမှာ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ အသင်းကို ပိုမိုတောင့်တင်းအောင် အားဖြည့်ချင်တဲ့ဆန္ဒ ပြင်းပြနေဆဲ ဖြစ်တယ်ဆိုတာ ကျွန်တော်အသေအချာ ပြောရဲပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ အသင်းရဲ့ ကန့်လန်ကာနောက်ကွယ်က တိတ်တဆိတ် လှုပ်ရှားမှုတွေကို စိတ်ရှည်ရှည်နဲ့ စောင့်စားရင်း ဟင်ကနဲ၊ ဟာကနဲ အံ့အားသင့်ရမယ့် အချိန်ကိုစောင့်စားကြဖို့ တိုက်တွန်းရင်း Nirmal Raj ရဲ့ အောက်ပါအဆိုအမိန့်လေးနဲ့ အဆုံးသတ်လိုက်ပါတယ်..။
“The best things happen in silence.”

(Macca Sports မှ ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ သတင်းထောက် Dan MacCarthy ၏ ‘Chelsea Silence - The Latest’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)