feature-image

ရာသီကြိုပြင်ဆင်မှုတွေအပေါ် ‘သောမတ်စ် တူခယ်လ်’ ရဲ့အမြင်…

၂၀၂၁/၂၂ ဘောလုံးရာသီကြို ပြင်ဆင်မှုများ ပြုလုပ်နေသည့် ချယ်လ်ဆီးအသင်းနည်းပြ သောမတ် တူခယ်လ် မှာ စခန်းသွင်းလေ့ကျင့်နေသည့် အိုင်ယာလန်နိုင်ငံ၊ Carton House တွင် ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး နွေရာသီအားလပ်ရက် ကာလကို ဖြတ်သန်းခဲ့ပုံများနှင့် အသင်းသားများ၏ ရာသီကြို ပြင်ဆင်မှုများအပေါ် သူ၏အမြင်များကို ယခုလိုပြောကြားခဲ့ပါသည်..။

မေး - သောမတ်စ် ရေ.. ပထမဆုံးအနေနဲ့ အခုလိုကျွန်တော်တို့ကို တွေ့ဆုံခွင့်ပေးခဲ့တာကြောင့် ကျေးဇူးတင်ရှိပါတယ်..။ ပြီးခဲ့တဲ့နွေရာသီ အားလပ်ရက်တွေအကြောင်း အရင်ဆုံးပြောကြတာပေါ့..၊ ခင်ဗျားအတွက် အတော်လေးကို ရှည်ကြာတဲ့ အားလပ်ရက်ကာလ ဖြစ်ခဲ့လားဗျ..? ဘယ်လိုအချိန်ကုန်သွားလဲ.. ဆိုတာ ပြောပြနိုင်မလား..?

“ဟုတ်ပါတယ်..။ အတော်လေးကို ရှည်ကြာတဲ့ နွေရာသီအားလပ်ရက်လို့ပဲ ပြောရမှာပါ..။ ဒါပေမယ့် ကျွန်တော်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရှိနေခဲ့ပြီး ကျွန်တော်တို့ မိသားစု လန်ဒန်ကို အိမ်ပြောင်းတဲ့ကိစ္စ၊ ကလေးတွေ ကျောင်းပြောင်းတဲ့ကိစ္စတွေမှာ ကူညီပေးခဲ့ရပါတယ်..။ အထူးသဖြင့် ဘောလုံးအကြောင်းကို ခေါင်းထဲထည့်စရာမလိုပဲ အချိန်တွေ ဘယ်လိုကုန်ဆုံးမလဲ.. ပြန်ပြီးသင်ယူရတာပေ့ါ..၊ ဒါလည်းအပြောင်းအလဲတစ်ခုလို့ ပြောရမယ်ထင်ပါတယ်..။”



မေး - အင်းဗျ..၊ အိမ်ပြောင်းတဲ့ကိစ္စဟာ အတော်လေးခေါင်းရှုပ်ဖို့ ကောင်းတာပဲ..၊ ဟုတ်တယ်မလား..?

“Yeah..! ကျွန်တော့်အမျိုးသမီး အဓိကဦးဆောင် လှုပ်ရှားတာဆိုတော့ ကျွန်တော်က အရမ်းကြီးပါ၀င်စရာ မလိုပါဘူး..။ ကိုယ့်ကိုယ်ပေးထားတဲ့ တာ၀န်ကိုပဲ ကျေပွန်အောင် လုပ်ပေးရတာပေ့ါဗျာ..။ အခုဆိုရင် ကျွန်တော်တို့ မိသားစု၀င် အားလုံးဟာ တစုတစည်းထဲ ပြန်ဖြစ်သွားပြီဆိုတော့ သူတို့လည်း ကျေနပ်သွားတာပေ့ါ..၊ တကယ်လည်း အဲဒီလိုပဲ ဖြစ်သင့်တာပဲလေ..။”

မေး - အဲဒီအားလပ်ရက် ကာလအတွင်းမှာ ဘောလုံးလောကနဲ့ လုံး၀မပတ်သက်ပဲ အမှန်တကယ် နေလို့ရခဲ့ရလားဗျ..?

“ပီဝာာ ချက်၊ မာရီနာ နဲ့ ကျွန်တော့်ရဲ့လက်ထောက်တွေဆီကနေ တခါတလေ ဖုန်းခေါ်လာတာ၊ မက်ဆေ့ခ်ျ ပို့လာတာတွေ ရှိပါတယ်..။ ဒါပေမယ့် အေးအေးဆေးဆေး သက်သက်သာသာပါပဲ..။ ကျွန်တော်တို့ဟာ အခုအချိန်မှာ စိတ်ပူပန်စရာ၊ အလျင်စလို တွန်းအားပေးစရာတွေ ဘာမှမရှိသေးပါဘူး..။ ဒ့ါကြောင့်တကယ့်ကို အပြည့်အ၀ အနားယူခဲ့ရတဲ့ အားလပ်ရက်တွေလို့ပဲ ပြောရမှာပါ..။”

မေး - ဒါဆိုရင် ခင်ဗျားအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့ ပထမ (၆) လအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ် ပြန်လှန်သုံးသပ်ရင်း ကြည်နူး၊ စမြုံပြန်ခဲ့လို့ အင်မတန်ကောင်းတဲ့ အချိန်တွေ ဖြစ်ခဲ့မှာပေ့ါ..

“ဟုတ်မှာပါ..၊ ဒါပေမယ့် ကျွန်တော်ဟာ အတိတ်မှာပဲ ကျေနပ်နေတတ်တဲ့သူ (reflective type) မဟုတ်ပါဘူး.။ ကျွန်တော်ဟာ ရှေ့လာမယ့် အနာဂတ်ကိုပဲ တူရှုစဥ်းစားပါတယ်..။ လက်ရှိအခြေအနေမှာ အကောင်းဆုံး ဘယ်လိုနေထိုင်မလဲ..? စဥ်းစားပါတယ်..။ ဒါပေမယ့် ကျွန်တော့်ကြောင့် လူတွေအများကြီးကို ကျေနပ်မှု ရရှိစေခဲ့တယ်ဆိုတာ သိပ်ကိုကောင်းတဲ့အရာပေါ့ဗျာ..။ အဲဒီအပျော်တွေ၊ ကျေနပ်မှုတွေဟာ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့မိတ်ဆွေ၊ အသိုင်းအ၀ိုင်းတွေနဲ့ ကိုယ့်ရဲ့ပတ်၀န်းကျင်အပေါ် ပြန်လည်ထင်ဟပ်စေတာပါပဲ..။ အခုအချိန်မှာတော့ အဲဒီကာလဟာ ပြီးဆုံးသွားပါပြီ..။”



မေး- အခုဆိုရင် ကျွန်တော်တို့ဟာ ရာသီကြိုလေ့ကျင့်ခန်းတွေနဲ့ အလုပ်ရှုပ်နေပြီပေ့ါ…။ နည်းပြတစ်ယောက်အနေနဲ့ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်တဲ့ကာလအပေါ် ဘယ်လိုသဘောထား ရှိလဲဗျ..?

“အခုလို စခန်းသွင်းလေ့ကျင့်တာ (training camp) ကို ကျွန်တော်နှစ်သက်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ စုစုစည်းစည်းနဲ့ ကျစ်ကျစ်လျစ်လျစ် လေ့ကျင့်လို့ရတာကြောင့်ပါ..။ ကျွန်တော်တို့ဟာ ဘုရားကျောင်းတစ်ခုမှာ စုပေါင်းတရားစခန်း၀င်ကြသလို ဟိုတယ်အခန်းတစ်ခုမှာ ကိုယ့်အသင်းသားတွေရယ်..၊ ကျွန်တော်တို့ရယ်ပဲ သီးခြားကမ္ဘာတစ်ခု တည်ဆောက်လို့ ရတာပေ့ါ..။ တခြားပြင်ပလည်း သွားစရာမလိုပဲ ကိုယ့်ရဲ့အစီအစဥ်အတိုင်း အတိအကျ လေ့ကျင့်နိုင်တယ်..၊ လိုအပ်သလို ထိန်းချုပ်နိုင်တယ်..၊ ကစားသမားတွေနဲ့ ပြောဆို၊ ဆွေးနွေးဖို့ အချိန်တွေရတယ်.၊ ကစားပွဲတွေနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့အမြင်တွေကို လွတ်လွတ်လပ်လပ် ပြောဆို၊ ဆွေးနွေးခွင့် ရပါတယ်..။

အခုဒီ Carton House မှာ ဆိုရင် ကျွန်တော်တို့ပဲ ရှိနေတာဆိုတော့ အားလုံးလွတ်လွတ်လပ်လပ် လေ့ကျင့်ရေး အစီအစဥ်တွေနဲ့ ပွဲတွေအပေါ်ပဲ အာရုံစိုက်ထားဖို့ ရှိပါတယ်..။ ဒ့ါကြောင့်အလုပ်တော့များတယ်..၊ ပင်ပန်းတယ်..၊ ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် အားသွန်ခွန်စိုက် လေ့ကျင့်ရပါတယ်..။

အခုရက်ပိုင်း ကျွန်တော့်ကို ကြည့်မယ်ဆိုရင် အပြုံးပန်းတွေနဲ့ အမြဲတမ်းကျေနပ်နေတဲ့ မျက်နှာကိုပဲ ခင်ဗျားတို့တွေ့ရမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေ အကောင်းဆုံးလေ့ကျင့်နေပြီး ကျွန်တော့်ကို အပြည့်အ၀ ကျေနပ်စေခဲ့တာကိုးဗျ..။ အရည်အသွေးပိုင်း၊ ကြိုးစားအားထုတ်မှုပိုင်း၊ ခံယူချက်ပိုင်း၊ အသင်းလိုက် ညီညွတ်မှုအပိုင်းနဲ့ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေရှိမှု.. ဘယ်အပိုင်းမှာမှ အပြစ်ပြောစရာ မရှိပါဘူး..။ အခုလိုအခြေအနေမျိုးမှာ ပါ၀င်ခွင့်ရနေတာကိုပဲ အထူးကျေနပ်ဖို့ ကောင်းပါတယ်..။”



မေး - အခုလိုရာသီကြို ပြင်ဆင်မှု ကာလတွေမှာ ခင်ဗျားအနေနဲ့ အရည်အသွေးပိုင်း (quality) နဲ့ ခံယူချက် (attitude) အပိုင်းမှာ ဘယ်အပိုင်းက ပိုပြီးအရေးပါတယ်လို့ ထင်ပါသလဲ..? အထူးသဖြင့် ကစားသမား တစ်ယောက်ချင်းစီနဲ့ ပတ်သက်ရင် ဘယ်လိုအခန်းကဏ္ဍတွေကို ပိုပြီးအာရုံစိုက်ပါသလဲ..?

“ရိုးရိုးသားသား ၀န်ခံရရင် သူတို့တစ်ဦးချင်းစီရဲ့ အသင်းအပေါ် ဘယ်လိုပေးဆပ်မှုရှိလဲ..? နဲ့ ခံယူချက်ကောင်းမွန်ရဲ့လား..? ဆိုတဲ့ အချက်ကို ဦးစားပေးတာပေါ့..။ အခုဒီလိုအဆင့်မှာတော့ ကစားသမားတွေအားလုံးဟာ အရည်အသွေးပိုင်းမှာ ဘာမှပြောစရာ မရှိပါဘူး..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ တစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်နဲ့ခံယူချက်ပိုင်းကို ပိုပြီးဦးစားပေး ကြည့်ရှုပါတယ်..။ တကယ်လို့ ကစားသမားအသစ် ခေါ်ယူမယ် ဆိုရင်လည်း ခံယူချက်ကောင်းတဲ့ ကစားသမားတွေကိုပဲ ပိုပြီးဦးစားပေးပါမယ်..။ ကျွန်တော်တို့အသင်းဟာ လိုအပ်ချက်၊ ရည်မှန်းချက်တွေကို အမြင့်မားဆုံး ထားရှိတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ကျွန်တော်တို့အားလုံးဟာ တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ့်ရဲ့အကောင်းဆုံးကို မခိုမကပ် ပေးဆပ်နိုင်မှ ရပါလိမ့်မယ်..။

ဒ့ါကြောင့်ကျွန်တော်တို့အားလုံးဟာ နေ့စဥ်နေ့တိုင်းမှာလည်း အသင်းအတွက် ကိုယ့်ရဲ့အကောင်းဆုံး ပေးဆပ်မှုနဲ့ ဘယ်လိုချဥ်းကပ်မလဲ.. ဆိုတာ အရင်ဆုံးစဥ်းစားရမယ်..၊ အဲဒီခံယူချက်အပေါ် မူတည်ပြီး ကျွန်တော်တို့အချင်းချင်း စည်းစည်းလုံးလုံး ရှိရမယ်..၊ အတူတူ စုစုစည်းစည်း လေ့ကျင့်ရမယ်..၊ အတူတကွ ဖြတ်သန်းရပါမယ်..။ ကျွန်တော့်အသင်းသားတွေကလည်း ကျွန်တော်လိုချင်တဲ့ ခံယူချက်၊ စိတ်ဓါတ်တွေနဲ့ ပထမဆုံးနေ့ကတည်းက ကြိုးစားလိုက်နာခဲ့ပါတယ်..။ ရာသီကုန် နောက်ဆုံးနေ့ထိလည်း အဲဒီအတိုင်းပဲ ဆက်သွားရပါမယ်..။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ပြီးဆုံးသွားပြီဖြစ်တဲ့ အောင်မြင်မှုတွေကို မေ့ပျောက်ပြီး အားလုံးကို အသစ်ကပြန်စနိုင်ဖို့ လိုအပ်ပါတယ်..။ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်ကစားသမားတွေကိုလည်း အဲဒီလိုအပ်ချက်တွေအတိုင်း တစ်စက်မှမလျော့ဖို့ တောင်းဆိုခဲ့ပါတယ်..။”



မေး - ဒါ့အပြင်အခုရာသီကြို ပြင်ဆင်မှုကာလမှာ  ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေကို ပြိုင်ပွဲတွေစတဲ့ အချိန်ကျရင် အသင်းမှာ နေရာရနိုင်မယ့် အခွင့်အရေးပေးဖို့ရှိလားဗျ..? နောက်မကြာတော့မယ့် အချိန်မှာ ခင်ဗျားရဲ့အဓိက ကစားသမားတွေလည်း ပြန်ရောက်လာတော့မှာလေ..

"ဘ၀မှာ ဖြစ်နိုင်ခြေတွေ (possibilities) အများကြီးရှိပါတယ်..။ ဒါ့ကြောင့် သူတို့တွေဆီမှာလည်း ဖြစ်လာနိုင်ခြေတွေ အများကြီး ရှိနေပါတယ်..။
ကျွန်တော့်အနေနဲ့ ဘာမှအာမခံချက် မပေးနိုင်သေးသလို အခုမှတစ်ပါတ်ထဲ လေ့ကျင့်ပြီး 'မင်းကတော့ နောက်နှစ်ရာသီ ငါ့ရဲ့အသင်းမှာ အရေးကြီးတဲ့ ကစားစမားအဖြစ် ပါ၀င်ရမယ်..' လို့ ကျွန်တော်မပြောနိုင်ပါဘူး..။ No.. ဒါပေမယ့် သူတို့အားလုံးဟာ ခံယူချက် ကောင်းမွန်သူတွေပဲ ဖြစ်ကြတာကြောင့် သူတို့တွေကို ကျွန်တော်နှစ်ခြိုက်မိပါတယ်..။
ဒါ့အပြင် သူတို့အားလုံးဟာ လက်ရှိရရှိနေတဲ့ အခွင့်အရေးကို အကျိုးရှိရှိ ဆုတ်ကိုင်မယ်.. ဆိုတဲ့ စိတ်ဓါတ်မျိုး ရှိနေကြတယ်လို့လည်း ခံစားမိပါတယ်..။ ဒါ့ကြောင့်သူတို့အားလုံးကို စောင့်ကြည့်ရပါမယ်..။
ကျွန်တော့်ဘက်က ဘာကတိမှ ပေးစရာ မရှိပါဘူး..။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့တွေကို အထူးဂရုစိုက် စောင့်ကြည့်နေဆဲ ကာလအတွင်း ဖြစ်နေတာကြောင့် ဘာကိုမှ မှန်းဆလို့ မရနိုင်သေးပါဘူး..။ အားလုံးအတွက် ဘာမဆို အကုန်ဖြစ်လာနိုင်ပါသေးတယ်..။"