ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူခယ်လ် မှာ မနေ့က လေ့ကျင့်ခန်း အစီအစဥ်များအပြီးတွင် The 5th Stand App မှ စီစဥ်တင်ဆက်သော ‘Ask Me Anything’ အစီအစဥ်တွင် ပါ၀င်ခဲ့ပြီး ကမ္ဘာတစ်၀န်းမှ ချယ်လ်ဆီးပရိသတ်များ ပေးပို့လာခဲ့သည့် မေးခွန်းများကို ယခုလိုဖြေကြားခဲ့သည်..။
Toby R - ဘော့စ် ရေ.. ခင်ဗျားဟာ ပြင်သစ်အစားအစာတွေနဲ့ အင်္ဂလိပ်အစားအစာ.. ဘယ်ဟာကို ပိုပြီးနှစ်သက်ပါသလဲ..?
“မနက်စာစားတဲ့နေရာမှာ ပြင်သစ်အစားအစာကို ပိုပြီးနှစ်သက်ပါတယ်..။ baguette ကောင်းကောင်းလေး.. ဒါမှမဟုတ် ချောကလက်ပေါင်မုန့် (pain au chocolat) တစ်ခုခု စားသုံးလေ့ရှိပါတယ်..။ ကျွန်တော့်ရဲ့ အသက်အရွယ်နဲ့ဆိုရင် သိပ်ပြီးမသင့်တော်ပေမယ့် အရသာကို မလွန်ဆန်နိုင်ဘူးလေဗျာ.။ ညစာစားတဲ့အခါမှာ အင်္ဂလိပ်အစားအစာတွေကို စားသုံးလေ့ရှိပါတယ်..။”
Olubunmi R – အခုနှစ် ဘောလုံးရာသီမှာ ခင်ဗျားရဲ့ရည်မှန်းချက်က ဘာတွေလဲ…?
“ကျွန်တော်တို့ဟာ ပွဲစဥ်တိုင်းကို အနိုင်ရချင်တယ်…၊ ပွဲစဥ်တိုင်းမှာ အကောင်းမွန်ဆုံး ယှဥ်ပြိုင်ချင်တယ်..၊ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုတွေ ရရှိချင်ပါတယ်..။ ဒါဟာချယ်လ်ဆီးအသင်းရဲ့ အမြုတေစိတ်ဓါတ် ဖြစ်သလို အဲဒီစိန်ခေါ်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင်ချင်ပါတယ်..။ ကျွန်တော်တို့ ပါ၀င်ယှဥ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းကို အကောင်းဆုံး ယှဥ်ပြိုင်သွားမှာပါ..။ တစ်ဘက်ကလည်း မနှစ်ကဘောလုံးရာသီမှာ ပြသခဲ့တဲ့ အရည်အသွေး၊ စိတ်ဓါတ်နဲ့ ကောင်းမွန်တဲ့ ကြိုးစား၊ အားထုတ်မှုတွေကို ဆက်လက်သယ်ဆောင်ရင်း အခုထက်ပိုပြီး တိုးတက်လာအောင် ကြိုးစားသွားမှာပါ..။
ဒီနှစ်မှာ ပိုပြီးခက်ခဲပါလိမ့်မယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ ဥရောပရဲ့ လက်ရှိချန်ပီယံ ဖြစ်တာကြောင့် အသင်းတိုင်းက ကျွန်တော်တို့ကို အနိုင်ရချင်ကြပါလိမ့်မယ်..။ တောင်းဆိုမှုတွေ၊ စိန်ခေါ်မှုတွေ များပြားပေမယ့် ကျွန်တော်တို့ဟာ အကောင်းဆုံး ရင်ဆိုင်၊ ကျော်ဖြတ်သွားမှာဖြစ်ပါတယ်..။ အဆင့်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်ရင် ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်တွေ ရရှိလာမှာပါ..။”
Siddharth S - အင်္ဂလန်မှာ ဘယ်လိုထူးခြားတဲ့အရာတွေကို သတိထားမိလဲ..?
“ဒီကလူတွေ အပြေးလေ့ကျင့်ခန်းကို တအားပြုလုပ်ကြပါတယ်..။ အဲဒီအပြေးလေ့ကျင့်ခန်းကို ရူးရူးသွပ်သွပ် ပြုလုပ်ကြတဲ့အထဲမှာ ကျွန်တော်တို့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းက ၀န်ထမ်းတွေလည်း ပါတာပေ့ါ..။ မနက်ပိုင်းမှာ သူတို့တွေကို ကြည့်လိုက်ရင် အကုန်လုံး ပြေးနေကြတာပါပဲ..။ တစ်ရက်ကို ၁၀၊ ၁၁၊ ၁၂ ကီလိုမီတာ..၊ တစ်ချို့ဆိုရင် ၁၃ ကီလိုမီတာ အထိ ပြေးကြပါတယ်..။ ကျွန်တော်လည်း အပြေးသမား တစ်ယောက်ပါ..၊ ဒါပေမယ့် သူတို့နဲ့ နှိုင်းယှဥ်လိုက်ရင် လိပ်တစ်ကောင်လို ဖြစ်နေတာပေ့ါ..။ ကော့ဘ်ဟမ် တစ်ကွင်းလုံးမှာ ကျွန်တော်က အနှေးဆုံးပါပဲ..၊ မရဘူးဗျ..။
နောက်တစ်ခုက အခုဆိုရင် မနက်ပိုင်းမှာ ပဲတွေစားရတော့မလား မပြောတတ်ဘူး..။ ကျွန်တော့်လို ဂျာမန်တစ်ယောက်အတွက် အဲဒီအလေ့အကျင့်ဟာ ထူးဆန်းပါတယ်..။ ဒါပေမယ့် ဒီမှာက အတော်များများက မနက်စာထဲမှာ ပဲမျိုးစုံကို ထည့်ပြီးစားကြပါတယ်..။”
Souvik B - မန်နေဂျာတိုင်းမှာ ချစ်စနိုးနဲ့ ပေးထားကြတဲ့ နာမည်ပြောင်ကိုယ်စီ ရှိကြပါတယ်..။ ခင်ဗျားအတွက် ကိုယ်တိုင်လည်း သဘောကျမိတဲ့ နာမည်ပြောင်များ ရှိရဲ့လား မသိဘူး…
“ဟားဟား.. ကိုယ့်ကိုယ်ကို အဲဒီလိုတစ်ခါမှ မပြောင်မိသေးဘူး..။ လူတွေက ကျွန်တော့်ကို ‘TT’ လို့ ခေါ်ကြပါတယ်..။ ကျွန်တော့်ရဲ့ လေ့ကျင့်ရေး၀တ်စုံက အတိုကောက်နာမည် ထိုးထားတာကို ကြည့်ပြီးပဲ ခေါ်ကြတာပါ.. တခြားထွေထွေထူးထူးတော့ မဟုတ်ပါဘူး..။ ကျွန်တော်ကလည်း ‘TT’ လို့ ခေါ်ရင် ကြိုက်ပါတယ်..။ ဒီလိုနဲ့ နာမည်တွင်သွားတာပါပဲ..။”
Nicolas N - တကယ်လို့ အခုအချိန်မှာ တစ်ချိန်က ချယ်လ်ဆီးဂန္တ၀င် ကစားသမားတွေထဲက တစ်ယောက်ကို ပြန်ပြီးခေါ်ခွင့်ရခဲ့မယ် ဆိုပါတော့..၊ ဘယ်သူ့ကို ခင်ဗျားပြန်ပြီး ခေါ်ချင်လဲ..? ဘာကြောင့်လဲ..?
အတော့်ကို ဖြေရခက်တဲ့ မေးခွန်းပါ..။ ကျွန်တော်ဟာ ပီတာ ချက် နဲ့ နေ့တိုင်းအလုပ်လုပ်နေရပါတယ်..။ သူဟာဘက်စုံ၊ ကဏ္ဍစုံ ထူးချွန်တဲ့သူဗျ..၊ ဒ့ါကြောင့်ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံအရဆိုရင် သူ့ကိုပဲ ပြန်ခေါ်ပါတယ်..။ အခုဆိုရင် သူဟာ အသင်းရဲ့ နည်းစနစ်ပိုင်းအကြံပေးပုဂ္ဂိုလ် ဆိုပေမယ့် တခါတလေမှာ ကျွန်တော်တို့ ဂိုးသမားတွေကိုလည်း ကူပြီးလေ့ကျင့်ပေးပါတယ်..။ သူ့ကိုသာ နည်းပြခွင့်ရခဲ့ရင် အတော်လေးကို ပျော်စရာကောင်းပါလိမ့်မယ်..။
သူနဲ့ဒီဒီယာ ဒရော့ဘာ တို့ရဲ့အကြောင်း ဗွီဒီယိုတွေ မကြာသေးခင်က ကြည့်ဖြစ်ပါတယ်..။ ကစားသမား ဘ၀တွေတုန်းက သူတို့နှစ်ယောက်ရဲ့ နိုင်လိုစိတ်ပြင်းပြမှုတွေနဲ့ ခံယူချက်တွေဟာ တကယ့်ကို ကောင်းမွန်လွန်းလှပါတယ်..။ အရမ်းကိုအာရုံစူးစိုက်မှု ကောင်းမွန်ပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်..။ အဲဒီလိုကစားသမားတွေကို အသင်းတိုင်းက လိုချင်ကြပါတယ်..။
Isaac B - Hi ကျွန်တော်ကတော့ ဘောလုံးအခြေခံကျောင်းက အသက် (၁၁) နှစ်သား သင်တန်းသား တစ်ယောက်ပါ..။ ကျွန်တော့်အတွက် ဘယ်လိုအကြံဥာဏ် ပေးနိုင်မလဲ မသိဘူး…
ပထမဆုံးအနေနဲ့ ခင်ဗျားဟာ ဘောလုံးကစားနည်းကို ချစ်မြတ်နိုးပြီး မြက်ခင်းစိမ်းပေါ်မှာ ရှိနေတဲ့အတွက် ကျွန်တော်အရမ်း၀မ်းသာပါတယ်..။ ကျွန်တော်အကြံပေးချင်တာက ပျော်ပျော်ရွှင်ရွှင် ကစားပါ..၊ နည်းပြတွေရဲ့ စကားကို တသွေမတိမ်း လိုက်နာပါ..၊ ကိုယ့်ရဲ့အိပ်မက်ကို မျက်ခြေမပျက်စေပါနဲ့…။ ဘာဖြစ်လို့လည်းဆိုတော့ အိပ်မက်တွေဟာ ခင်ဗျားကို အတိုင်းအဆမရှိ သယ်ဆောင်သွားနိုင်ပါတယ်..။
Varadarajan P - တကယ်လို့ ခင်ဗျားသာ ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ အသင်းမှာ အရင်တုန်းက နည်းပြကြီးတွေက ဒါမှမဟုတ် အခုခေတ်ပိုင်းက နည်းပြတွေထဲကပဲ ဖြစ်ဖြစ်ပေ့ါ… ဘယ်သူ့ကိုတာ၀န်ပေးချင်လဲ..?
ဖြေရတာ အရမ်းကိုခက်သွားပါပြီ..။ ကျွန်တော်ဟာ သက်တမ်းတစ်လျှောက်လုံးကို နည်းပြအဖြစ်နဲ့ ကျင်လည်ခဲ့ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်သာ အသင်းပိုင်ရှင် ဖြစ်ခဲ့မယ်ဆိုရင် တစ်ချိန်လုံး၀င်ပြီး စွပ်ဖက်နေဖြစ်တော့မှာပဲ..။ အထူးသဖြင့် နည်းစနစ်ပိုင်းမှာ ၀င်မပါပဲ နေနိုင်မှာလဲ မဟုတ်ပါဘူး..၊ ဒ့ါကြောင့်နည်းပြရတဲ့သူလည်း သက်သာမှာမဟုတ်ဘူးဗျ..။ ဒ့ါကြောင့်နည်းပြအဖြစ်နဲ့ပဲ ရှေ့ဆက်ပါမယ်..