feature-image

‘ခရစ်စ်တီယန် ပူလီဆစ်’ နဲ့ စပ်မိစပ်ရာ…

ချယ်လ်ဆီးအသင်းမှ အမေရိကန် လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ်စ်တီယန် ပူလီဆစ် မှာ ဂျာမနီအားကစား ကုမ္ပဏီ PUMA နှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့သည့်အကြောင်း မီဒီယာများကို အသိပေးသည့် အခမ်းအနားအဖြစ် တင်ဆက်သည့် ‘Getting To Know Pulisic’ အစီအစဥ် တွေ့ဆုံမေးမြန်းခန်းမှတဆင့် သူ၏အကြောင်းများကို ယခုလိုဖြေကြားခဲ့ပါသည်..။

မေး - ခင်ဗျားဟာ အားလပ်တဲ့အချိန်တွေမှာ ဘယ်လိုအပန်းဖြေလေ့ ရှိပါသလဲ..?

သီချင်းနားထောင်တာ များပါတယ်..။ ကျွန်တော်ဟာ အမေရိကန် ရက်ပ်သီချင်းတွေကို အများဆုံးနားထောင်ပြီး တခါတလေမှာ contry သီချင်းတွေကိုလည်း နားထောင်တတ်ပါတယ်..။ ကျွန်တော် ဂီတာလည်း တီးတတ်ပါတယ်..။ ဒါမှမဟုတ် စစ်တုရင် ကစားတယ်..၊ သူငယ်ချင်းတွေ.. ဒါမှမဟုတ် ပင်ဆယ်လ်ဗေးနီးယား က မိသားစုတွေနဲ့ စကားပြောလေ့ ရှိပါတယ်..။

မေး - ဘောလုံးလောကထဲက ခင်ဗျားရဲ့အချစ်ဆုံး သူငယ်ချင်းတွေကို ပြောပြပေးပါလား..?

Nick Taitague နဲ့ Danny Barbir တို့နဲ့ အမြဲတမ်းတွေ့ဆုံလေ့ ရှိပါတယ်..။ ဒယ်နီ ဟာ မန်ချက်စတာ စီးတီးနဲ့ ၀က်စ် ဘရွန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ နောက်ခံလူတစ်ယောက်ရှိပြီး အခုအချိန်မှာ ကင်ဆက်စ် စီးတီးအသင်းကို ရောက်ရှိနေပါတယ်..။ နစ်ခ် က ရှာကယ်လ်အသင်းမှာ ရောက်ရှိနေပြီး အခုလောလောဆယ်မှာ ဒဏ်ရာကြောင့် အနားယူနေရပါတယ်..။ သူတို့တွေဟာ ကျွန်တော်အမြဲတမ်း ဆက်သွယ်.. စကားပြောဖြစ်ကြတဲ့ သူငယ်ချင်းတွေပါပဲ..။



မေး - lock down ကာလတုန်းက ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်.. ဒါမှမဟုတ် TV စီးရီးတွေထဲက အမှတ်ရမိတဲ့ ရုပ်ရှင်.. ဒါမှမဟုတ် TV စီးရီး.. ရှိခဲ့လား..?

ကျွန်တော်ဟာ TV သိပ်ပြီးကြည့်လေ့ မရှိပါဘူး..။ ဒါပေမယ့် Outer Banks ဆိုတဲ့ စီးရီး ကတော့ စိတ်၀င်စားဖို့ ကောင်းပါတယ်..။ မမျှော်လင့်ပဲ တွေ့မိခဲ့တဲ့ ရတနာမြေပုံကြောင့် ကမောက်ကမတွေ ဖြစ်ခဲ့ရတဲ့ ကလေးတစ်သိုက်အကြောင်း အလှည့်အပြောင်းတွေနဲ့ တင်ပြထားတဲ့ စီးရီးလေးပါ..။

မေး - ခင်ဗျားရင်ဆိုင်ခဲ့ဖူးတဲ့ အခက်ခဲဆုံး ပြိုင်ဘက်အကြောင်းကို ပြောပြပါလား..?

ဘယ်သူဘယ်၀ါ ဆိုပြီး သေသေချာချာ ပြောပြဖို့ခက်ခဲပါတယ်..။ မာကျော၊ ကျစ်လျစ်တဲ့ ခံစစ်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေအများကြီး ရှိပါတယ်..။ တစ်ချို့အသင်းတွေဟာ ဖြိုခွဲဖို့ ခက်ခဲပါတယ်..။ မနှစ်က ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေါ်တိုအသင်းနဲ့ပွဲတုန်းက ကျွန်တော်ဟာ မကြာခဏ လူချခံခဲ့ရပါတယ်..။ အဲဒီလိုပွဲမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာ ‘ငါတော့ အခုလိုဖိအားတွေကို မကျော်နိုင်တော့ဘူးလား..?’ ဆိုတဲ့ စိတ်တွေ ဖြစ်လာတတ်ပါတယ်..။ ဒါပေမယ့် ရင်ဆိုင်လာရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် အကောင်းဆုံး ကြိုးစားရပါတယ်..။

မေး - လန်ဒန်မြို့က ခင်ဗျားရဲ့အကြိုက်ဆုံး စားသောက်ဆိုင် ရှိခဲ့ရင် ပြောပြပါလား..?

အခုဆိုရင် ဆိုင်တွေလည်း ပြန်ဖွင်နေ့ပြီ ဖြစ်တာကြောင့် အပြင်ထွက်ပြီး စားသောက်ဖို့ မျှော်လင့်ထားပါတယ်..။ စတန်းဖို့ဒ် ဘရစ်ခ်ျ နားက Fulham Road ပေါ်က Gola ဆိုတဲ့ စားသောက်ဆိုင်ကိုတော့ ကျွန်တော်သွားချင်မိပါတယ်..။ အဲဒီဆိုင်က အီတလီ အစားအစာတွေဟာ စားလို့ကောင်းပါတယ်..။ ကျွန်တော်ဟာ ပက်စ်တာ၊ ပီဇာ တို့ကို နှစ်ခြိုက်သလို salads တွေကိုလည်း ကြိုက်ပါတယ်…။



မေး - ခင်ဗျားအကြိုက်ဆုံး ချယ်လ်ဆီးအသင်းက နာမည်ပြောင်တစ်ခုကို ပြောပြပါလား…?

အရမ်းကြီးကို ထူးခြား၊ ပြောင်မြောက်လှတဲ့ နာမည်ပြောင်မျိုးတော့ မစဥ်းစားမိပါဘူး..။ များသောအားဖြင့် ကိုယ့်ရဲ့နာမည် အတိုကောက်… ‘Pully’ ‘Cally’.. ‘N’Golo’ ကျတော့ ‘NG’ ဆိုပြီး အခေါ်ခံရပါတယ်..။ ဒါပေမယ့် ကျေနပ်စရာပါပဲ..။

မေး - သောမတ်စ် တူခယ်လ် ဟာ ဒေါ့မွန်အသင်းတုန်းက ခင်ဗျားသိခဲ့တဲ့ နည်းပြအတိုင်းပဲလား..? ဘာတွေပြောင်းလဲသွားခဲ့လဲ..?

No.. သူဟာဂျာမနီတုန်းက ကျွန်တော်သိခဲ့တဲ့ ပုံစံအတိုင်းပါပဲ..။ သူဟာအရမ်းကို အလုပ်ကြိုးစားပြီး အမြဲတမ်း အနိုင်ရချင်နေတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်..။

မေး - လန်ဒန်မြို့မှာ ခင်ဗျားလည်ပတ်လေ့ရှိတဲ့နေရာ.. ဒါမှမဟုတ် ခင်ဗျားသွားရောက် လည်ပတ်ချင်တဲ့ နေရာတစ်ခုခု ရှိလားဗျ..?

ကိုယ့်ရဲ့စိတ်ကို ရှင်းလင်းဖို့ ၀င်ဘယ်လ်ဒန် နဲ့ Richmond Park တွေမှာ တခါတလေ အပြေးလေ့ကျင့်ခန်း သွားရောက် ပြုလုပ်ချင်ပါတယ်.။ အဲဒီနေရာတွေက ရှုခင်းတွေဟာ လန်ဒန်မြို့ရဲ့ အလှပဆုံးနေရာတွေပါပဲ..။



မေး - ခင်ဗျားရဲ့ ဘောလုံးကန်ဖိနပ်နောက်က အရုပ်လား..? သင်္ကေတလား..? အဲဒီအကြောင်းကို ပြောပြပေးပါဦး..

ကျွန်တော်ဘောလုံးကန် ဖိနပ်နောက်က အရုပ်က စစ်တုရင်ဆော့တဲ့ ဘုန်းကြီး (bishop) ရုပ် ဖြစ်ပါတယ်..။ ကျွန်တော်ဟာ စစ်တုရင် မကြာခဏ ကစားလေ့ရှိပြီး အဲဒီ bishop ရုပ်က ကျွန်တော်အနှစ်သက်ဆုံး စစ်တုရင်ရုပ်ပါ..။

မေး - ဘောလုံးကစားတဲ့အခါမှာ ခင်ဗျားအကြိုက်ဆုံး နေရာကို ပြောပြပါလား..?

ကျွန်တော်ဟာ အခုဆိုရင် wing back နေရာမှာ ကစားပါတယ်..၊ ဒါမှမဟုတ် တောင်ပံ (winger) နေရာပေ့ါ..။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ ဘယ်နေရာမှာဖြစ်ဖြစ် ကစားရတာ ကြိုက်နှစ်သက်ပါတယ်..။ ‘No.10’ နေရာ..၊ ဒါမှမဟုတ် တိုက်စစ်မှူးတွေရဲ့ နောက်က နေရာလွတ်တွေကနေ အသင်းကို အကူအညီပေးရတာကိုလည်း နှစ်သက်ပါတယ်..။

မေး - ဒီနှစ်ဘောလုံးရာသီမှာ ခင်ဗျားရဲ့ ရည်မှန်းချက်ကဘာတွေလဲဗျ..?

ချယ်လ်ဆီးအသင်းနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဖြစ်ပါတယ်..။ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ကျွန်တော်တို့ဟာ အခုနှစ်ဘောလုံးရာသီကို အကောင်းဆုံးစတင်နိုင်ဖို့ အထူးစိတ်အား ထက်သန်နေပါတယ်..။

ကျွန်တော်တို့အသင်းဟာ ထိပ်တန်းကစားသမားတွေနဲ့ အင်အားတောင့်တင်းသလို နောက်ထပ်ကစားသမား အသစ်တွေ ထပ်ပြီးရောက်လာဖို့ ရှိပါတယ်..။ ဒါ့ကြောင့်ယှဥ်ပြိုင်ရတဲ့ ဆုဖလားတိုင်းကို အနိုင်ရဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်..။ အမေရိကန် အသင်းနဲ့ဆိုရင်တော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ပေ့ါဗျာ..။ အောင်မြင်မှုအတွက် ရည်မှန်းချက်တွေဟာ အနားသတ် အကန့်အသတ် မရှိပါဘူး..။

ဒ့ါအပြင် ကျွန်တော်တို့ အမေရိကန်အသင်းမှာ သိပ်ကိုထူးချွန်တဲ့ လူငယ်ကစားသမားတွေ အများကြီးပေါ်ထွက်လာခဲ့ပြီး အခုဆိုရင် သူတို့ဟာ ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲအသီးသီးမှာ ပါ၀င်ယှဥ်ပြိုင်နေကြပါတယ်..။ အဲဒီလို ထွန်းတောက်နေတဲ့ လူငယ်သွေးသစ် ကစားသမားတွေထဲမှာ ပါ၀င်ခွင့် ရနေတာကြောင့် အထူးကျေနပ်၊ ဂုဏ်ယူမိပါတယ်..။