feature-image

အပြာရောင်တို့ရဲ့ တိုက်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် ‘လူကာကူ’ ရဲ့ အိမ်ပြန်ခရီး

စတန်းဖို့ဒ် ဘရစ်ခ်ျကို စွန့်ခွာသွားခဲ့တဲ့ လူငယ်လေးတစ်ယောက်ဟာ ရေကြည်ရာ မြက်နုရာမှာ ဆယ်နှစ်၊ ဆယ်မိုး အတွေ့အကြုံတွေ၊ ရင့်ကျက်မှုတွေကို သင်ကြားအပြီးမှာ သူ့ရဲ့အိမ်အဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး မပြီးဆုံးသေးတဲ့ ဇာတ်လမ်းကို ပြန်ဆက်ရပါတော့မယ်..။

ချယ်လ်ဆီးအသင်းနဲ့ တရား၀င် မိတ်ဆက်တဲ့အချိန်မှာလည်း သူ့ရဲ့ဘ၀လမ်းကြောင်း တစ်လျှောက်ဟာ အတက်အကျတွေ များပြားခဲ့တဲ့အကြောင်း တခုတ်တရ ပြောပြခဲ့ပါတယ်..။ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲက အန်းဒါးလက်ခ်ျအသင်းကနေ ကစားသမားဘ၀ စတင်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကနေ ထွက်ခွာအပြီး မာဆီဆိုက်ဒ်၊ အိုးလ် ထရက်ဖို့ဒ် တို့မှာ တစ်ထောက်နား၊ ဆန်ဆီရို မှာ အင်တာ မီလန်အသင်းအတွက် စကူဒါတို ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ အဲဒီခရီးတစ်လျှောက်မှာ ရိုမီလူ လူကာကူ ဟာ ကစားသမားတစ်ယောက်အဖြစ် ရင့်ကျက်မှုတွေ ဖြည့်ဆည်း၊ ရရှိခဲ့ပါတယ်..။

သူဟာလွန်ခဲ့တဲ့ (၁၀) နှစ်က ထွက်ခွာသွားခဲ့တဲ့ အပြာရောင် လူငယ်လေးမဟုတ်တော့ပါဘူး..။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်းမှာ ရရှိခဲ့တဲ့ သင်ယူမှုတွေ၊ ဖြတ်သန်းမှုတွေက သူ့ကိုလက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်၊ ဘယ်လိုအသင်းပဲဖြစ်ဖြစ်..၊ ဘယ်လိုကစားပုံနဲ့ဖြစ်ဖြစ် ကိုက်ညီနိုင်မယ့် ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။



ပြန်လည်မွေးဖွားခဲ့ခြင်း..

လူကာကူ ဟာ အီတလီကို မထွက်ခွာခင်အထိ စီနီယာ ကစားသမားဘ၀မှာ ဘောလုံးရာသီ (၁၁) ရာသီလောက် ကျင်လည်ခဲ့ပေမယ့် တစ်ရာသီထဲမှာ ဂိုး (၃၀) ဆိုတဲ့စံမှတ် (benchmark) ကို မရောက်ရှိခဲ့ပါဘူး..။ ဒါပေမယ့် သူဟာအင်တာ မီလန်အသင်းမှာ ကျင်လည်ခဲ့တဲ့ ဘောလုံးနှစ်ရာသီအတွင်း (၉၅) ပွဲကစား၊ (၆၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ အဲဒီ (၆၄) ဂိုးဆိုတဲ့ ဂိုးအရေအတွက်ဟာ အင်တာ မီလန်အသင်းရရှိခဲ့တဲ့ ဂိုးတွေရဲ့ (၃၀%) ရာခိုင်နှုန်း ရှိခဲ့ပါတယ်..။ ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် သူဟာအန်တိုနီယို ကွန်တီ ဆောင်ယူခဲ့တဲ့ အောင်မြင်မှုတွေရဲ့ ဗဟိုချက်၊ သော့ချက်ပါပဲ..။

အထူးသဖြင့် မနှစ်က ဘောလုံးရာသီဟာ သူ့ရဲ့ကစားသမား ဘ၀တစ်လျှောက်ရဲ့ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်ခဲ့ပြီး စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား (most valuable player) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်..။ သွင်းဂိုး (၂၄) ဂိုး၊ (ဂိုးဖန်တီးမှု (၁၁) ကြိမ်နဲ့ ၂၀၀၉/၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အချက်အလက်တွေအရ ဆိုရင်လည်း လူကာကူဟာ ပြီးခဲ့တဲ့ ၂၀၂၀/၂၁ ဘောလုံးရာသီမှာ မိနစ် (၁၂၀) မှာ သွင်းဂိုးတစ်ဂိုးနှုန်း (minutes per goal)၊ shots conversation rate (၂၅%) နှုန်းဖြင့် (ကန်ချက်လေးကြိမ်လျှင် တစ်ဂိုးရ) သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်..။



ရိုမီလူ လူကာကူ နဲ့ ပတ်သက်ရင် ၀ေဖန်သူတစ်ချို့က ပင်နယ်တီဧရိယာ ပြင်ပမှာ ဘာမှအလုပ်မဖြစ်တဲ့ ကစားသမား ဆိုပြီး ပြောဆိုကြပါတယ်..။ ဒါပေမယ့် မနှစ်ကဘောလုံးရာသီမှာ သူရရှိခဲ့တဲ့ သွင်းဂိုးတွေထဲမှာ အ၀ေးကနေ ဂိုးဧရိယာထဲထိ ဆွဲပြေးပြီး သွင်းယူခဲ့တဲ့သွင်းဂိုး (၄) ဂိုး၊ ဂိုးဖန်တီးမှု (၅) ကြိမ် ပါ၀င်ခဲ့ပါတယ်..။ ဒါဟာဧရိယာထဲမှာပဲ ကျက်စားတဲ့ ဂိုးမုဆိုး နံပါတ် (၉) သက်သက် တိုက်စစ်မှူးတစ်ယောက်ရဲ့ အချက်အလက်မျိုး မဟုတ်ပါဘူး..။

သူ့ရဲ့တိုးတက်လာမှုထဲမှာ ကျေနပ်ဖို့အကောင်းဆုံးက ‘ဂိုးဖန်တီးမှု (creativity)’ အပိုင်းမှာပဲ ဖြစ်ပါတယ်..။ မနှစ်ကဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆွန် ဟောင်မင် ကို ဂိုးဖန်တီးမှု (၁၄) ကြိမ် ပြုလုပ်ပေးခဲ့တဲ့ တိုက်စစ်မှူး ဟာရီ ကိန်း ရဲ့ တိုက်စစ်မှူးစစ်စစ်ကနေ ဂိုးဖန်တီးပေးတဲ့သူအဖြစ် ပြောင်းလဲလာခဲ့မှုအပေါ် လူအများအာရုံစိုက်ခဲ့ကြပေမယ့် စီးရီးအေပြိုင်ပွဲမှာ လူကာကူ ရဲ့ ဂိုးဖန်တီးမှု (၁၁) ကြိမ် ပြုလုပ်ခဲ့မှုအပေါ် သတိထားမိခဲ့တဲ့သူ သိပ်မရှိခဲ့ပါဘူး..။ ဒါ့အပြင်သူဟာ secondary assist (ဂိုးဖန်တီးမှု မတိုင်မီ ပြုလုပ်ခဲ့သည့် နောက်ဆုံးပေးပို့မှု) (၇) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။

လူကာကူ ဟာ ၂၀၁၃/၁၄ ကနေ ၂၀၁၇/၁၈ ဘောလုံးရာသီအတွင်းမှာ တစ်ရာသီကို ဂိုးဖန်တီးမှု (၅) ကြိမ် ၀န်းကျင် ပြုလုပ်နိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နောက်ဆုံးဘောလုံးရာသီမှာ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပါဘူး..။ ဒ့ါကြောင့်အခုလိုဂိုးဖန်တီးမှုအပိုင်းမှာ တိုးတက်လာမှုဟာ လူကာကူ ရဲ့ သိသာထင်ရှားလှတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅) ခုထဲမှာ သွင်းဂိုး (၂၀+)၊ ဂိုးဖန်တီးမှု (၁၀+) ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားဆိုလို့ ဟာရီ ကိန်း၊ မန်းဖစ်စ် ဒီပိုင်းနဲ့ လူကာကူ တို့ သုံးယောက်ပဲရှိပါတယ်..။




ချယ်လ်ဆီးသို့ အပြန်ခရီး…

သောမတ်စ် တူခယ်လ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းဆိုင်ရာ အချက်အလက်များဟာ သိသိသာသာ တိုးတက်၊ ကောင်းမွန်ခဲ့ပြီး အပြာရောင်တို့ရဲ့ ခံစစ်ကြောင်း တောင့်တင်းမှုဟာ ချန်ပီယံလိဂ် အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ကို ရောက်လာချိန်မှာတော့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတဲ့ အခက်အခဲကြောင့် ပရီးမီးယားလိဂ်မှာ ထိပ်တန်းလေးသင်း၀င်ခွင့်ရအောင် အတော်လေး ရုန်းကန်ခဲ့ရပါတယ်..။

ချယ်လ်ဆီးအသင်းဟာ သောမတ်စ် တူခယ်လ် တာ၀န်ယူခဲ့တဲ့ ပရီးမီးယားလိဂ် (၁၉) ပွဲမှာ (၂၅) ဂိုး သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲကိုပျမ်းမျှ (၁.၃) ဂိုးနှုန်း ရှိခဲ့ပါတယ်..။ ဒါပေမယ့် နောက်ဆုံး (၁၀) နှစ်အတွင်းက ပရီးမီးယားလိဂ် ချန်ပီယံတွေရဲ့ တစ်ပွဲကိုပျမ်းမျှ ဂိုးသွင်းနှုန်းဟာ (၂.၃) ရှိနေတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ မနှစ်က ဘောလုံးရာသီ ဂိုးသွင်းနှုန်းဟာ ချန်ပီယံဆုအတွက် မလုံလောက်နိုင်ပါဘူး..။ အထူးသဖြင့် အခုအောက်က ပူးတွဲပုံမှာ ပြထားတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၁) ကနေ (၁၀) အသင်းများရဲ့ အမှန်တကယ် ရရှိခဲ့တဲ့သွင်းဂိုး (actual goals) အရေအတွက်နဲ့ ရရှိနိုင်တဲ့ ဂိုးအရေအတွက် (expected goals) အရေအတွက် နှိုင်းယှဥ်ပြဂရပ်ဖ် မှာ ချယ်လ်ဆီးအသင်းဟာ actual goals ထက် expected goals အရေအတွက် ပိုမိုများပြားနေတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်..။ ဆိုလိုချင်တာက ရသင့်ပေမယ့် မရှိခဲ့တဲ့ ဂိုးအရေအတွက် အများဆုံး ဖြစ်နေတာပါ..။



အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာ ရဲ့ သွင်းဂိုးနဲ့ ရသင့်တဲ့ဂိုး (expected goals) အရေအတွက် အချက်အလက်များကို ကြည့်မယ်ဆိုရင် ဂျာမန်တိုက်စစ်မှူးဟာ ရသင့်တဲ့ဂိုး (expected goals -xG) (၁၁.၅) ဂိုး ရှိခဲ့ပြီး (၆) ဂိုးပဲ ရရှိခဲ့ပါတယ်..။ ဒ့ါကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းနှုန်း ကောင်းမွန်တဲ့ တိုက်စစ်မှူး နံပါတ် (၉) တစ်ယောက်ကို အပြောင်းအရွှေ့စျေးကွက်ကနေ မဖြစ်မနေ ရှာဖွေနေခဲ့တာလည်း ရှိပါတယ်..။

လူကာကူ ဟာ အင်တာ မီလန်အသင်းရဲ့ စကူဒါတိုဖလား ခရီးလမ်းမှာ ဂိုးသွင်းပေးဖို့တာ၀န်ကို ပခုံးထမ်း ရယူခဲ့သလို မနှစ်ကသူသွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက် (၂၄) ဂိုးဟာ ချယ်လ်ဆီးအသင်းက ဂိုးအများဆုံး သွင်းခဲ့တဲ့ ကစားသမားလေးယောက် စုစုပေါင်းအရေအတွက်ထက် ပိုများခဲ့ပါတယ်..။ ဒါ့အပြင် ဘယ်လ်ဂျီယမ်တိုက်စစ်မှူးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးလေးရာသီ အချက်အလက်များအရ သူသွင်းယူခဲ့တဲ့ actual goals အရေအတွက်ဟာ expected goals (xG) အရေအတွက် ပိုများပါတယ်..။ ဒ့ါကြောင့် လူကာကူ ဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ကြောင်း အချက်အလက်တွေက ပြသနေခဲ့တဲ့အပြင် အခုဆိုရင် ဂိုးဖန်တီးမှုအပိုင်းမှာပါ တိုးတက်လာတာကြောင့် တီမို ဗာနာ ရဲ့ ၀န်ထုတ်၀န်ပိုးပါ လျော့နည်းသွားနိုင်ပါတယ်…။



ဒါ့အပြင်နည်းစနစ်ပိုင်း အခင်းအကျင်းပိုင်းကနေ ကြည့်မယ်ဆိုရင်လည်း လူကာကူ ဟာ သောမတ်စ် တူခယ်လ် ရဲ့ အခင်းအကျင်းပိုင်းမှာ အံ၀င်ဂွင်ကျ ဖြစ်ပါလိမ့်မယ်..။ အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူးဟာ back three အထိုင်၊ wing backs တွေနဲ့ အားပြု ထိုးဖောက်တဲ့ ကစားကွက်အခင်းအကျင်းမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာကို တွေ့ရပါတယ်..။ အခုအပေါ်မှာ ပြထားတဲ့ပုံကို ကြည့်မယ်ဆိုရင်လည်း သောမတ်စ် တူခယ်လ် ရဲ့ ချယ်လ်ဆီးအသင်း ကစားကွက် အခင်းအကျင်းဟာ အင်တာ မီလန်၊ ဘယ်လ်ဂျီယမ်အသင်းတို့နဲ့ အတော်လေး ဆင်တူနေတာကို တွေ့နိုင်မှာပါ..။

ဒါ့အပြင် လူကာကူ ရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် သူဟာတခြား တွဲဖက်တိုက်စစ်မှူးတွေနဲ့ အတူတွဲဖက် ကစားနိုင်တဲ့အပြင် wing backs တွေက တောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်ပြီး အတွင်းကိုချိုး၀င်တတ်တဲ့ wingers ပုံစံ တိုက်စစ်ကစားသမားတွေနဲ့လည်း အဆင်ပြေတာကို တွေ့ရပါတယ်..။ သူဟာ မနှစ်က စီးရီးအေပြိုင်ပွဲမှာ လော်တာရို မာတီးနက်ဇ်၊ အလက်ဇ်ဆစ် ဆန်းချက်ဇ် တို့အတွက် ဖန်တီးပေးမှုတွေကနေ ဂိုးရနိုင်ခြေ (xG) (၇၈%) ရာခိုင်နှုန်းရှိခဲ့ပါတယ်..။



ဒ့ါကြောင့်သူဟာ ဂိုးသွင်းပေးဖို့ တာ၀န်တစ်ခုတည်းသာမက တီမို ဗာနာ၊ ကိုင် ဟာဗာ့ဇ်၊ ခရစ်စ်တီယန် ပူလီဆစ်၊ ဟာကင် ဇီးယက်ချ်၊ မေဆန် မောင့်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့လို တိုက်စစ်မှူးတွေနဲ့ အကောင်းဆုံး တွဲစပ်နိုင်မှာဖြစ်သလို သူတို့တွေအတွက် အကောင်းဆုံး ဖန်တီးပေးမှုတွေလည်း ပြုလုပ်ပေးနိုင်ပါလိမ့်မယ်..။

အခုဆိုရင် ရိုမီလူ လူကာကူ ဟာ ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ (၁၀) နှစ် ပြည့်မြောက်ခဲ့ပါပြီ..။ အခုအချိန်မှာ သူဟာအရင်ထက်ပိုပြီး တိုးတက်လာတဲ့၊ ဘက်စုံစွယ်စုံရ တိုက်စစ်မှူးကောင်း တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံရပြီးဖြစ်သော်လည်း အင်္ဂလန်မြေ၊ ပရီးမီးယားလိဂ် ရပ်၀န်းမှာတော့ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်လို ကျန်ရှိနေဆဲပဲလို့ ခံစားနေရပါတယ်..။

ဒါ့အပြင် လူကာကူ ဟာ မှတ်တမ်းများအရ စတန်းဖို့ဒ် ဘရစ်ခ်ျ အသင်းအတွက် (၁၄) ကြိမ် ကစားပေးခဲ့ပြီး ဖြစ်သော်လည်း သွင်းဂိုးတစ်ဂိုးမှ မရရှိခဲ့သေးပါဘူး..။ ဒါပေမယ့် အခုတစ်ကြိမ်မှာ ချယ်လ်ဆီးအသင်းကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးကြီးဟာ အဆိုပါမှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်မယ့်အပြင် ဒီဒီယာ ဒရော့ဘာ၊ ဒီယေဂို ကော့စ်တာ တို့ရဲ့ ခြေရာကို နင်းနိုင်မယ့် စွယ်စုံရ တိုက်စစ်မှူးအဖြစ် အပြာရောင်ပရိသတ်တွေရဲ့ သံသယမြူခိုးတွေကို ချေဖျက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်..။

References
=========
- ‘Romelu Returns: Why Chelsea Have Broken Their Transfer Record to Re-Sign Lukaku’, by Dan Edwards, theanalyst.com
- ‘Luk Who’s Back: What can Chelsea expect from Romelu Lukaku? In-depth analysis of Chelsea’s old new striker’, by Expected Chelsea, weaintgotnohistory.com
- ‘Romelu Lukaku to Chelsea: Evolution at Inter makes him the complete forward’, by Adam Bates, skysports.com