feature-image

စတန်းဖို့ဒ် ဘရစ်ချ်က ဘောကောက်လူငယ်လေးရဲ့ အပြာရောင်အိပ်မက်များကို အကောင်အထည်ဖော်ခြင်း..

‘ထရေဗာ ချာလိုဘာ’.. ဆိုတဲ့ နာမည်တစ်ခုဟာ အခု ၂၀၂၀/၂၁ ဘောလုံးရာသီကြို မတိုင်ခင်အထိ ချယ်လ်ဆီးပရိသတ်တွေအတွက် သိပ်ပြီးရင်းနှီး၊ ကျွမ်းဝင်မှုရှိလှတဲ့ နာမည်တစ်ခု မဟုတ်ခဲ့ပါဘူး..။ ဒါပေမယ့် ဗီလာရီးရဲလ်အသင်းနဲ့ UEFA စူပါဖလား ပွဲစဥ်မှာ ခြေစွမ်းပြခဲ့သလို ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ လှပတဲ့ အဝေးကန်ချက် အဖွင့်ဂိုးနဲ့အတူ ပြီးပြည့်စုံတဲ့ ရက်သတ္တပါတ် ဖြစ်ခဲ့ချိန်မှာတော့ ချယ်လ်ဆီးပရိသတ်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားလာတဲ့ နာမည်တစ်ခု ဖြစ်နေခဲ့ပါပြီ..

အဲဒီ အသက် (၂၂) နှစ်အရွယ် လူငယ်အကယ်ဒမီ ကစားသမားလေးဟာ မနှစ်ကဘောလုံးရာသီမှာ ပြင်သစ်လီဂူး (၁) က လိုရီးယန့်အသင်းမှာ အဌားသွားရောက်ခဲ့ပြီး အခုနှစ်ဘောလုံးရာသီ ပြန်လည်စတင်ချိန်မှာ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာပါတယ်..။ ဒါပေမယ့် ပရိသတ်အတော်များများက သူ့ကိုသတိမထားမိခဲ့တဲ့အပြင် မနေ့ကစူပါဖလား ပွဲစဥ်အတွက် ပွဲထွက်လူစာရင်း ထွက်ပေါ်လာချိန်မှာ သူ့ကိုထည့်သွင်းခဲ့တဲ့ နည်းပြသောမတ်စ် တူခယ်လ် ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်အပေါ် ပရိသတ်အများက စိုးရိမ်စိတ်တွေ များပြားခဲ့ကြပါသေးတယ်..။ အဲဒီပွဲမှာ သူဟာတည်ငြိမ်တဲ့ ခြေစွမ်းနဲ့အတူ နည်းပြ တူခယ်လ် အပါအ၀င် ပရိသတ်များ၊ အသင်းဖော်များရဲ့ ယုံကြည်မှုကို ထပ်မံရရှိခဲ့ပါတယ်..။

ဒါပေမယ့် ချာလိုဘာ လေးကတော့ သူ့ရဲ့လျှင်မြန်လှတဲ့ အောင်မြင်မှုခရီးလမ်းအပေါ် အထူးသာယာနေပုံ မရပါဘူး..။ သူဟာ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ ကန့်လန့်ကာအဖွင့် UEFA စူပါဖလား အောင်ပွဲအပြီးမှာ တစ်ချိန်က စတန်းဖို့ဒ် ဘရစ်ခ်ျ ရဲ့ မြက်ခင်းစိမ်းဘေးက ဘောကောက် လူငယ်ဘ၀တုန်းက အိပ်မက်တစ်ခုရဲ့အကြောင်းကို သူ့ရဲ့ကိုယ်ပိုင် twitter ကနေ ဖွင့်ဟ၊ ပြောပြခဲ့ပါတယ်..။ ၂၀၁၂ ခုနှစ်က ချယ်လ်ဆီးအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ဘောလုံးကောက် လူငယ်လေးတစ်ယောက်အဖြစ် ကွင်းဘေးမှာ တာဝန်ယူနေရင်း ဥရောပပြိုင်ပွဲတစ်ခုမှာ ဆုဖလားကိုင်မြှောက်ခွင့်ရဖို့ ဆုတောင်းခဲ့ဖူးတဲ့အကြောင်း၊ အခုအချိန်မှာ အဲဒီအိပ်မက်ကြီးဟာ အရမ်းကိုလျှင်လျှင်မြန်မြန် အကောင်အထည် ပေါ်လာခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်..။



တကယ်တော့ ချယ်လ်ဆီးပရိသတ်အတော်များများဟာ ‘ထရေဗာ’ ဆိုတဲ့ နာမည်ကို မရင်းနှီးပေမယ့် သူ့ရဲ့အစ်ကို ‘နေသန်နီယယ် ချာလိုဘာ’ ကို မှတ်မိကြပါလိမ့်မယ်..။ အခုအချိန်မှာ ဝက်ဒ်ဖို့ဒ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ သူ့ရဲ့နောင်တောင် နေသန်နီယယ် ဟာ တစ်ချိန်က အန်တိုနီယို ကွန်တီ ရဲ့ ပရီးမီးယားလိဂ်နဲ့ FA ဖလားဆုရှင် ချယ်လ်ဆီးအသင်းမှာ အခိုင်အမာ နေရာတစ်ခု ရရှိခဲ့သူ ဖြစ်ပါတယ်..။

အထူးသဖြင့် ‘နေသန်နီယယ်’ ဆိုတာနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ပွဲစဥ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းကို အက်တီးဟတ်ကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ ဆာဂျီယို အဂွဲရိုး ကို တွန်းလှဲပစ်လိုက်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို တွဲပြီးမြင်မိကြပါလိမ့်မယ်..။ အာဂျင်တီးနား တိုက်စစ်မှူးကြီးဟာ ဒေးဗစ် လူးဝစ်ဇ် ကို ကြမ်းတမ်းတဲ့ လျောထိုး၊ ဖျက်ထုတ်မှု ပြုလုပ်ခဲ့အပြီး နှစ်ဘက်အသင်းသားတွေကြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားချိန်မှာ နေသန်နီယယ် ဟာ အပြာရောင်သွေးရဲတဲ့အကြောင်း မာမာထန်ထန် တုံ့ပြန်ပြခဲ့ပါတယ်..။



သူ့ရဲအစ်ကို ‘နေသန်နီယယ်’ တုန်းကလည်း မော်ရစ်စ်ဇီယို ဆာရီ ရဲ့ နာပိုလီအသင်းကနေ အဌားပြန်ရောက်လာပြီး မထင်မရှား ကစားသမားတစ်ယောက် အဖြစ်ကနေ အန်တိုနီယို ကွန်တီ ရဲ့ အစီအစဥ်တွေထဲမှာ ပါ၀င်လာအောင် ကြိုးစားပြနိုင်ခဲ့ပါတယ်..။ အဲဒီလိုနဲ့ နေသန်နီယယ် ဟာ ချယ်လ်ဆီးအသင်းမှာ လေ့ကျင့်နေရင်း တစ်နေ့မှာတော့ ကော့ဘ်ဟမ်လေ့ကျင့်ကွင်းက ဝန်ထမ်းတစ်ယောက်က “မင်းရဲ့ညီလေး.. ထရေဗာ ကို သေသေချာချာ ဂရုစိုက်ပေးဦး..၊ သူ့အပေါ်မှာ ငါတို့အများကြီး မျှော်လင့်ထားကြတယ်..” လို့ ပြောသွားပါတယ်..။ အခုဆိုရင် အခုရာသီအဖွင့်ခြေစွမ်းဟာ တစ်ချိန်ကမျှော်လင့်ချက်တွေနဲ့ ထပ်တူကျခဲ့တယ်လို့ ပြောရမှာပါ..။

ထရေဗာ ဟာလည်း သူ့ရဲ့နောင်တော် နေသန်နီယယ် ရဲ့ ခြေရာကိုထပ်တူနင်းရင်း အောင်ပွဲအလီလီ၊ ဆုဖလားအလီလီ ခင်းခဲ့တဲ့ ချယ်လ်ဆီးအကယ်ဒမီရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်..။ ၂၀၁၇ ခုနှစ်မှာ နေသန်နီယယ် ဟာ  အန်တိုနီယို ကွန်တီ ပရီးမီးယားလိဂ် ဆုဖလားရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့သလို ထရေဗာ ကလည်း FA လူငယ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ချယ်လ်ဆီးလူငယ် (အသက် ၁၈ နှစ်အောက်) အသင်းရဲ့ ပွဲစဥ်တိုင်းမှာ ပါဝင်ခဲ့ပါတယ်..။ ဒါ့အပြင် သူနဲ့ အသင်းခေါင်းဆောင် မေဆန် မောင့် တို့ဟာ အဲဒီနှစ်မှာပဲ ချယ်လ်ဆီးလူငယ် (အသက် ၁၉ နှစ်အောက်) အသင်းနဲ့အတူ UEFA လူငယ်ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။



နေသန်နီယယ်လ် ဟာ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ ၀က်ဒ်ဖို့ဒ်အသင်းကို အပြီးပြောင်းရွှေ့သွားခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲ အရန်ခုံမှာ ပါ၀င်လာခဲ့တဲ့ လူငယ်ကစားသမား အသစ်လေးကတော့ ညီတော်မောင် ‘ထရေဗာ ချာလိုဘာ’ ပဲ ဖြစ်ခဲ့ပါတယ်..။

၂၀၁၈ ခုနှစ်ဘောလုံးရာသီကနေစပြီး ထရေဗာ ဟာ ချန်ပီယံရှစ်ပြိုင်ပွဲ၀င် အစ်ပ်ဝစ်ခ်ျအသင်းကို အဌားထွက်ခဲ့ပါတယ်..။ သူဟာအစ်ပ်ဝစ်ခ်ျ တောင်းအသင်းရဲ့ ဗဟိုခံစစ်နဲ့ ကွင်းလယ်အဖျက်နေရာမှာ (၄၄) ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ အဲဒီခြေစွမ်းကြောင့် နောက်နှစ်မှာ ဟာဒ်စ်ဖီးလ် တောင်းအသင်းက ဆက်လက်အဌားခေါ်ယူခဲ့သလို ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပါတယ်..။

သူဟာ ဟာဒက်စ်ဖီးလ် တောင်းအသင်းမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့သလို (၃၇) ပွဲ ကစားခွင့် ရခဲ့ပါတယ်..။ နောက်တစ်ရာသီမှာတော့ သူ့ရဲ့စာချုပ်သက်တမ်းကို ထပ်မံပြင်ဆင်ပြီး ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် လိုရီးယန့်အသင်းကို အဌားထွက်ခဲ့ပါတယ်..။ လိုရီးယန့်အသင်းမှာ ပြသခဲ့တဲ့ ထရေဗာ ရဲ့ ခြေစွမ်းကို အဲဒီအချိန်က ပီအက်စ်ဂျီအသင်းမှာ ရောက်ရှိနေတဲ့ နည်းပြသောမတ်စ် တူခယ်လ် ကလည်း သတိထားမိခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်..။ ချာလိုဘာ ဟာ လိုရီးယန့်အသင်းကို ပြင်သစ်လီဂူး (၁) ပြိုင်ပွဲမှာ တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာချိန်မှာတော့ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှု လေ့ကျင့်ခန်းအစီအစဥ်တွေမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေး ပေးခံခဲ့ရပါတယ်..။



ဒါပေမယ့် နိုင်ငံတကာအဆင့် ကစားသမားတွေ အများအပြားရှိနေတဲ့ အသင်းကြီးမှာ သူ့အတွက် အခွင့်အရေး နည်းပါးလွန်းတာကြောင့် အဌားထွက်ခွာလိမ့်မယ်..၊ ဝက်စ်ဘရွန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလိမ့်မယ်.. စတဲ့ သတင်းတွေတောင် ထွက်ပေါ်လာခဲ့ပါသေးတယ်..။ ထရေဗာ ဟာ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ကို ထွက်ခွာခဲ့တဲ့ စခန်းသွင်းလေ့ကျင့်ခန်း အစီအစဥ်တွေမှာ နည်းပြတူခယ်လ် ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲ၀င် ကစားသမားတစ်ချို့ အပါအ၀င် နိုင်ငံတကာ ပြိုင်ပွဲ၀င် ကစားသမားတွေ ပြန်ရောက်လာပေမယ့် တူခယ်လ် ဟာ ထရေဗာ လေးကို တန်းမဖြုတ်ခဲ့ပါဘူး..။ သူဟာချယ်လ်ဆီးအသင်းရဲ့ ဒီနှစ်ရာသီပထမဆုံး ခြေစမ်းပွဲစဥ်ဖြစ်တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲ၊ ဒုတိယပိုင်းမှာ မတ် မီယာ့ဇ်ဂါ၊ ဂျိတ်ခ် ကလာ့ခ် ဆော်လ်တာ တို့နဲ့အတူ သုံးယောက်ခံစစ်ကြောင်းရဲ့ ဗဟိုခံစစ်မှူးအဖြစ် ပါ၀င်ခဲ့ရပါတယ်..။ တကယ်တော့ နည်းပြတူခယ်လ် ဟာ သူတို့ကိုအခွင့်အရေးပေးတဲ့ သဘောလောက်သာ ရည်ရွယ်ခဲ့ပေမယ့် ထရေဗာ ဟာ အမှားအယွင်းမရှိ ကစားပြနိုင်ခဲ့ပါတယ်..။

အားလုံးကတော့ Mind Series ခြေစမ်းပွဲစဥ်တွေ မတိုင်ခင်မှာ ထရေဗာ တစ်ယောက် အဌားထွက်ခွာလိမ့်မယ်လို့ မျှော်မှန်းထားကြပေမယ့် တူခယ်လ် ကတော့ အာဆင်နယ်အသင်းနဲ့ အင်းမရိတ်ကွင်းကပွဲမှာ ကတ် ဇူးမား၊ အန်တိုနီယို ရူဒီဂါ တို့လို ပွဲထွက်ကစားခွင့် စိန်ခေါ်နေတဲ့ ကစားသမားကြီးတွေနဲ့အတူ ပွဲထွက်ခွင့်ပေးခဲ့ပြန်ပါတယ်..။ အဲဒီပွဲမှာလည်း သူဟာရတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်ခဲ့တာကြောင့် တော့တင်ဟမ်အသင်းနဲ့ပွဲမှာ ထပ်မံအခွင့်အရေး ရခဲ့သလို ဒီတစ်ကြိမ်မှာတော့ သုံးယောက်တန်း ခံစစ်ကြောင်းရဲ့ ညာနောက်ခံလူ right center back အဖြစ် ကစားခွင့်ရခဲ့ပါတယ်..။



တော့တင်ဟမ်အသင်းနဲ့ တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ နည်းပြတူခယ်လ် က သူ့ရဲ့ခြေစွမ်းကို သေသေချာချာ ချီးမွမ်းခဲ့ပေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့ပါတယ်..။ အဲဒီအချိန်မှာ ဆီဇာ အက်ဇ်ပီလီကွဲတား နဲ့ အင်ဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့ပါ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သလို ဆီဗီးလားအသင်းက ဂျူးလက်စ် ကွန်ဒီ ကိုလည်း ခေါ်ယူလိုတယ်.. ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ဗီလာရီးရဲလ်အသင်းနဲ့ UEFA စူပါဖလားပွဲမှာ သူ့ကိုကစားခွင့်ပေးလိမ့်မယ်လို့ ဘယ်သူကမှ မထင်မှတ်ခဲ့ကြပါဘူး..။

ဒါပေမယ့် အဌားချကစားသမားများ အုပ်စုဝင်တွေထဲမှာပါတဲ့ သူနဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် တို့ဟာ ဘဲလ်ဖတ်စ်မြို့ကို ထွက်ခွာမည့် ကစားသမားစာရင်းမှာ ပါ၀င်ခဲ့သလို ချာလိုဘာ ဟာ စူပါဖလားပွဲ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြန်ပါတယ်..။ ဒါ့အပြင်သူဟာ အဲဒီပွဲမှာ မိနစ် (၁၂၀) အပြည့် ကစားခွင့် ရခဲ့ပြန်ပါတယ်..။ အဲဒီပွဲအပြီးမှာ ဆုပေးပွဲအခမ်းအနားမှာ နည်းပြ သောမတ်စ် တူခယ်လ် ဟာ ချာလိုဘာ နဲ့ ပတ်သက်ပြီး အခုလိုထပ်မံ ချီးမွမ်းခဲ့ပါတယ်..။

“ထရေဗာ ဟာ အသင်းနဲ့ပထမဆုံးနေ့ လေ့ကျင့်ခန်းအစီအစဥ်မှာကတည်းက ပါဝင်ခဲ့သလို သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကလည်း မိနစ် (၁၂၀) အပြည့် ကစားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်..၊ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း ပွဲထွက်ခွင့်နဲ့ ထိုက်တန်ခဲ့သလို ဒီပွဲမှာ သူဟာအကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။”


အဲဒီစူပါဖလားပွဲအပြီးမှာ ထရေဗာ ချာလိုဘာ ကို အဌားမချသင့်ဘူးဆိုပြီး ထင်မြင်ချက် ပေးခဲ့တဲ့သူတွေ ပိုမိုများပြားလာခဲ့သလို နည်းပြသောမတ်စ် တူခယ်လ် ကလည်း ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ သူ့ကိုယုံယုံကြည်ကြည်နဲ့ ထပ်မံပွဲထွက်ခွင့်ပေးခဲ့ပါတယ်..။ ဒီလိုနဲ့ သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့်ရဲ့ အထွဋ်အထိပ်ကာလဟာ ပွဲချိန် (၅၈) မိနစ်မှာ ရရှိခဲ့ပါတယ်..။

“ကျွန်တော်ဟာ ဂိုးသွင်းကောင်းတဲ့သူတစ်ယောက် မဟုတ်ပါဘူး..။ ဒါပေမယ့် တခါတလေမှာ ကန်ချက်တစ်ချို့ဟာ အံ့အားသင့်စရာတွေ ယူဆောင်ပေးတတ်ပါတယ်..။ ဘောလုံးကိုရလာချိန်မှာ ဂိုးပေါက်နဲ့နီးလာတာနဲ့ ကျွန်တော်ဟာ ကန်သွင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ နေရာလွတ်လည်း မြင်နေရသလို နောက်မှာပွဲကြည့်ပရိသတ်တွေလည်း ရှိနေပါတယ်..၊ ဒါဟာတကယ့် အခြေအနေကောင်းတစ်ခုပါပဲ..။

ကန်သွင်းလိုက်ပေမယ့် ဂိုးဝင်သွားမှန်း ချက်ချင်းမသိလိုက်ပါဘူး..။ ပရိသတ်ရဲ့ ‘ဟေးကနဲ’ အော်ဟစ်သံ ကြားလိုက်မှ ‘Wow.. ဂိုးဝင်သွားပြီ’ ဆိုတာ သိလိုက်ပါတယ်..။ ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ပါပဲ..။ ချက်ချင်းမှာ ဘာလုပ်ရမှန်း မသိခဲ့ပါဘူး..။ ကျွန်တော်ဟာ ချက်ချင်းပဲ ဒူးထောက် ထိုင်ချလိုက်ပြီး ငိုချလိုက်ပါတယ်..။ ကျွန်တော်နဲ့ မိသားစု၀င်တွေအတွက် တကယ့်ကို အံ့သြစရာကောင်းလှတဲ့ အမှတ်တရ အခိုက်အတန့်ပါပဲ..။”


အဲဒီဂိုး၀င်သွားအပြီး ချာလိုဘာ ရဲ့ နုနယ်ပျိုမျစ်တဲ့ မျက်နှာပေါ်မှာ မြင်တွေ့နေရတဲ့ စိတ်လှုပ်ရှားမှုတွေဟာ (၈) နှစ်သားအရွယ် ကလေးလေးတစ်ယောက်အဖြစ် ချယ်လ်ဆီးအကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ အသက် (၂၂) နှစ်သား လူငယ်လေး တစ်ယောက်ရဲ့ ဖြတ်သန်းမှု၊ ပုံရိပ်များပါပဲ..။ ဒ့ါကြောင့်အခုအချိန်မှာ သူ့ရဲ့အနာဂတ် ခရီးလမ်းကြောင်းဟာ ဘယ်လိုဆက်ပြီး ဖြစ်ဦးမလဲ.. ဆက်လက်စောင့်ကြည့်ရဦးမှာပါ..။

ဒါပေမယ့် ‘ထရေဗာ ချာလိုဘာ’ ဆိုတဲ့ ပါရမီရှင်လူငယ်လေးတစ်ယောက်ဟာ ရာသီကြိုကာလမှာ ရလာခဲ့တဲ့ အခွင့်အရေးကို မိမိရရ အသုံးချနိုင်ခဲ့သလို နောက်နှစ်ကျရင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဆီဇာ အက်ဇ်ပီလီကွဲတား၊ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်၊ သီယာဂို ဆေးလ်ဗား နဲ့ အန်တိုနီယို ရူဒီဂါ တို့ရဲ့ အခြေအနေ၊ နည်းပြသောမတ်စ် တူခယ်လ် ရဲ့ စိတ်ချယုံကြည်မှုကို ရရှိထားမှုတို့ကြောင့် အပြာရောင်တို့နဲ့ သူ့ရဲ့အနာဂတ်လမ်းကြောင်းဟာ လှပစွာ ပွင့်လင်းနေပြီလို့ ပြောနိုင်နေပြီ ဖြစ်ပါတယ်..။

(Sports Illustrated မှ ဆောင်းပါးရှင် Nick Emms ၏ ‘From Ball Boy to Super Cup Champion: Trevoh Chalobah’s Rise Through the Chelsea Ranks: The meteoric rise of Chelsea's next star’ ဆောင်းပါးကို မှီငြမ်း၊ ရေးသားပါသည်..။)