ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ ယနေ့တွင် သူ၏သီခြားခွဲခြားနေထိုင်ရသည့် ကာလပြီးဆုံးသွားချိန်တွင် ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး ပိုမိုရင့်ကျက်သည့် ကစားသမားတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာသည့် အကြောင်းများအပါအ၀င် စတန်းဖို့ဒ် ဘရစ်ခ်ျသို့ ပြန်လည်မရောက်ရှိခင် ဒီဒီယာ ဒရော့ဘာ၊ သောမတ်စ် တူခယ်လ် တို့နှင့် ဆွေးနွေးခဲ့သည့် အကြောင်းများကို ယခုလိုပြောပြခဲ့သည်..။
မေး - ရိုမီလူ ရေ.. အမှန်တကယ် ပြန်လည်ရောက်ရှိလာခဲ့ပြီနော်..။ ခင်ဗျားထွက်ခွာသွားခဲ့တဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ်နဲ့စာရင် ဘာတွများ ပြောင်းလဲသွားတယ်လို့ ထင်မိလဲဗျ..
အဆောက်အဦးက ပိုပြီးကြီးလာပါတယ်…။ ဒါပေမယ့်အရင်လို ကြည့်လို့ကောင်းနေတုန်းပါပဲ..။ အခုလိုပြန်လာနိုင်ဖို့ အခွင့်အရေးရခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်..။ ကိုယ်နဲ့ရင်းနှီးခဲ့တဲ့ ပတ်၀န်းကျင်၊ မျက်မှန်းတန်း ရင်းနှီးခဲ့ဖူးတဲ့ သူတွေနဲ့ ပြန်လည်ဆုံစည်းရတာ သိပ်ကိုကောင်းပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ အသင်းသားတွေနဲ့ ဆုံရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။
မကြာသေးခင်က ဟာကင် ဇီးယက်ခ်ျ နဲ့တွေ့ပြီး စကားနည်းနည်း ပြောဖြစ်ပါတယ်..။ ကျွန်တော်ဟာ အသင်းသားတွေရဲ့ Whatapps group ထဲလည်း ရောက်သွားပါပြီ..။ ဒါပေမယ့် မနက်ဖြန်ကျရင် သူတို့တွေနဲ့ လူချင်းဆုံတွေ့ရပါလိမ့်မယ်..။
မေး - ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက ခင်ဗျားဟာ သီးခြားခွဲခြားနေနေရတာဆိုတော့ စနေနေ့က ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ပွဲကို ကြည့်ခဲ့ရသေးလား..?
ကျေနပ်ဖို့ကောင်းတဲ့ အနိုင်ပွဲတစ်ပွဲပါ..။ အထူးသဖြင့် ပွဲစပွဲဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ၃ - ၀ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့အပြင် အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တဲ့ ပုံစံကိုပါ သဘောကျမိပါတယ်..။ ကျွန်တော်တို့ရဲ့ pressing ကစားပုံတွေနဲ့ တစ်ဘက်ကွင်းမှာတင် ဘောလုံးကိုပြန်လည် အရယူနိုင်ခဲ့တဲ့ ကစားဟန်တွေကို နှစ်သက်မိပါတယ်..။ ကစားပုံ အရမ်းကောင်းလွန်းတော့ ဘာမှကိုအခက်အခဲ မတွေ့လိုက်ရသလိုပါပဲ..။
နောက်ပွဲတွေမှာလည်း အဲဒီလိုစွမ်းဆောင်ရည်မျိုးကို ဆက်လက်ထိန်းသွမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ အရမ်းကိုခက်ခဲတာကြောင့် အဲဒီလို စွမ်းဆောင်ရည်မျိုးကို ဆက်လက်ထိန်းသိမ်းနိုင်မှလည်း ဖြစ်မှာပါ..။
မေး- ခင်ဗျားဟာ အန်ဒါလက်ခ်ျ အသင်းကနေ အခုလိုကော့ဘ်ဟမ် ကို ရောက်လာတာ (၁၀) နှစ်တင်းတင်း ပြည့်ပြီနော..။ အဲဒီအချိန်က (၁၈) နှစ်သားလေး လူကာကူ နဲ့ အခုလူကာကူ နှစ်ယောက် ဘယ်လိုတွေ ကွာခြားသွားပြီလဲ..
ကိုယ့်ကိုယ်ကို ပိုပြီးပြည့်၀လာတယ်လို့ ခံစားမိပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်မှူးကောင်း တစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်တွေကို တဖြည်းဖြည်း ဖြည့်ဆည်းလာခဲ့သလို အခုအချိန်မှာလည်း အဘက်ဘက်ကနေ ဆက်လက်ပြီး တိုးတက်လာအောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်..။ အရေးအကြီးဆုံးက ကိုယ့်ရဲ့အသင်း အနိုင်ရဖို့ အကောင်းဆုံး ကူညီသွားနိုင်ဖို့ရယ်..၊ မန်နေဂျာနဲ့ အသင်းသားတွေ လိုအပ်တဲ့အခါတိုင်း အသင့်ရှိနေဖို့ ဖြစ်ပါတယ်..။
အသင်းသားတွေအနေနဲ့ အရေးကြုံလာရင် ကျွန်တော့်ကို အားကိုးလို့ရတယ်. ဆိုတဲ့ ခံစားချက်မျိုးကို ရရှိလာအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ..။
မေး - ခင်ဗျားဟာ စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိအောင် ပူပူနွေးနွေး ဦးဆောင်လာခဲ့သူ ဖြစ်တာကြောင့် ရင့်ကျက်မှုအပိုင်းမှာပါ အရင်တုန်းကနဲ့ မတူတော့တဲ့အပြင် အခုတစ်ကြိမ်မှာ ခင်ဗျားရဲ့အသင်းဖော်တွေက လူငယ်လေးတွေ အများစု ဖြစ်နေတယ်နော…
ကျွန်တော်ဟာ အသင်းကိုဦးဆောင်နိုင်သူ တစ်ယောက်လို့ ကိုယ့်ကိုယ်ကို ခံယူထားသလို အားလုံးနဲ့ လိုက်လျောညီထွေ ရှိပါတယ်..။ ကျွန်တော်ဟာ သက်တောင့်သက်သာနဲ့ ယုံကြည်စိတ်ချမှု အပြည့်အ၀ ပေးနိုင်တဲ့ပုံစံမျိုးနဲ့ အသင်းကို ဦးဆောင်လေ့ ရှိပါတယ်..။ အင်တာ မီလန်အသင်းမှာပဲဖြစ်ဖြစ်၊ ဘယ်လ်ဂျီယမ် အသင်းမှာပဲဖြစ်ဖြစ်.. အသင်းခေါင်းဆောင်အဖြစ် တာ၀န်ယူရတဲ့ အချိန်တိုင်းမှာ အသင်းသားတွေအားလုံး ယုံကြည်ချက်အပြည့်နဲ့ စိတ်ဓါတ်မြင့်မားနေဖို့၊ ဆုံးဖြတ်ချက်တွေကို ရဲရဝံ့ဝံ့ ချမှတ်ရဲဖို့ကို ဦးစားပေးလေ့ ရှိပါတယ်..။
အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့တွေဟာ ကျွန်တော့်ကို အားကိုးလို့ရတယ် ဆိုတဲ့ အတွေးတွေ ၀င်လာအောင် ကြိုးစားလေ့ရှိတဲ့အပြင် အသင်းဖော်တွေကို အစွမ်းကုန်ပေးဆပ်ဖို့..၊ ဘယ်တော့မှ အရှုံးမပေးဖို့ အမြဲတမ်းတွန်းအားပေးလေ့ ရှိပါတယ်..။ ပွဲမပြီးမချင်း အနိုင်ရလဒ်ဟာ မသေချာတော့ အားထုတ်မှုကို မလျော့ကျစေဖို့ အမြဲတမ်းတွန်းအားပေး မောင်းနှင်လေ့ ရှိပါတယ်..။
မေး - ဒါဆိုရင် အသင်းမှာ ခင်ဗျားတာ၀န်ယူရမယ့် အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး နည်းပြသောမတ်စ် တူခယ်လ် နဲ့ ဆွေးနွေးပြီးပြီလား..?
Yes.. သေချာတာပေ့ါ..။ သူနဲ့ဆွေးနွေးပြီးတဲ့အချိန်မှာ ကျွန်တော့်ကို အသင်းထဲက ခေါင်းဆောင်တစ်ယောက်အဖြစ် အတွေ့အကြုံရင့် ကစားသမားတစ်ယောက်အဖြစ် အလိုရှိနေတယ်ဆိုတာ အရမ်းကို ရှင်းလင်းသွားပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်အနေနဲ့ အစွမ်းရှိသမျှ ပေးဆပ်ပြီး အသင်းကို ကူညီသွားနိုင်အာင် ကြိုးစားသွားရမှာပါ..။
အသင်းမှာ ဘယ်လိုနေရာကနေ ကစားရမယ် ဆိုတာကတော့ နည်းပြရဲ့တာ၀န်ပေးချက်နဲ့ ကစားကွက် အခင်းအကျင်းပေါ် မူတည်ပါလိမ့်မယ်..။ အထောင်တိုက်စစ်မှူးအနေနဲ့ ကစားစေချင်လား.. ဒါမှမဟုတ် နေရာလွတ်တွေကို ရှာဖွေတဲ့ပုံစံမျိုးနဲ့ ကစားစေချင်လား.. ကျွန်တော်ကစားပေးနိုင်ပါတယ်..။ ကျွန်တော်ဟာ အီတလီမှာ ကျင်လည်ခဲ့ရတဲ့ နှစ်နှစ်အတွင်း တိုက်စစ်မှူးတစ်ယောက်အတွက် လိုအပ်တဲ့ အဌာရသ ပညာရပ်တွေကို ဖြည့်ဆည်း၊ သင်ကြားခဲ့ပါတယ်..၊ ဒါ့ကြောင့်အခုဆိုရင် ကျွန်တော်ဟာ အစွမ်းရှိသမျှ ပေးဆပ်ဖို့ အသင့်ဖြစ်နေပါပြီ..။
ဒါ့အပြင် အခုအသင်းရဲ့ ကစားကွက် အခင်းအကျင်းနဲ့ နည်းစနစ် ချဥ်းကပ်ပုံတွေကို ကျွန်တော်သဘောကျပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်မှူးတစ်ယောက်၊ တိုက်စစ်မှူးနှစ်ယောက် ပုံစံနဲ့လည်း ကစားနိုင်ပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်လ်ဂျီယမ်အသင်းမှာလည်း အဲဒီလိုပဲ ကစားခဲ့တာကြောင့်ပါ…။ ဒ့ါကြောင့်အသင်းနဲ့အထိုင်ကျဖို့ အချိန်ယူရမယ်လို့ မထင်မိပါဘူး..။ ကျွန်တော့်အနေနဲ့ အသင်းဖော်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေ..၊ off the ball အခြေအနေတွေမှာ ဘယ်လိုလှုပ်ရှားရမယ်.. ဆိုတာတွေကို သင်ယူဖို့တော့ လိုအပ်ပါလိမ့်မယ်..။
မေး - မနှစ်က ဘောလုံးရာသီမှာ ခင်ဗျားဟာ အင်တာ မီလန်အသင်းအတွက် ဂိုး (၃၀) သွင်းယူပေးခဲ့သလို စကူဒါတို ဆုဖလားကြီး ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်..။ အဲဒီအချိန်မတိုင်ခင်က ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ ရှစ်ရာသီ ကျင်လည်ခဲ့ပြီး ဖြစ်တာကြောင့် အီတလီက လိဂ်ပြိုင်ပွဲတွေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကြားက ကွာခြားချက်ကို ပြောပြနိုင်မလား..?
အီတလီက ပြိုင်ပွဲတွေဟာ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်း ပိုပြီးအဆင့်မြင့်ပေမယ့် အင်္ဂလိပ်ပွဲတွေက ပိုပြီးလျှင်မြန်ပါတယ်..။ အဲဒီအချက်က အဓိကခြားနားချက် ဖြစ်ပေမယ့် ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အင်္ဂလန်မှာ ရှစ်နှစ် ကျင်လည်ခဲ့ပြီး ဖြစ်တာကြောင့် ပရီးမီးယားလိဂ်အကြောင်းကို ထုံးလိုချေ၊ ရေလိုနှောက်ပြီးသား ဖြစ်ပါတယ်..။
ကျွန်တော်ဟာ ပရီးမီးယားလိဂ်ကို ဘာကိုမျှော်လင့်ရမှန်း မသိသေးတဲ့ ကစားသမားသစ် တစ်ယောက်အဖြစ် ရောက်လာခဲ့တာ မဟုတ်ပါဘူး..။ ကျွန်တော်ဟာ ပရီးမီးယားလိဂ် အကြောင်းကို သိရှိပြီး ဖြစ်သလို ဒီမှာလည်း ဂိုးတွေအများကြီး သွင်းယူခဲ့ပြီးသားပါ..။ ဒါပေမယ့် အဲဒီအတိတ်က အကြောင်းတွေဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ..၊ အနာဂတ်ကိုပဲ ကျွန်တော်လှမ်းမျှော် ကြည့်ရှုသွားမှာ ဖြစ်ပါတယ်..။
ကျွန်တော်ဟာ အရင်တုန်းက လူကာကူ ရဲ့ new version အဖြစ်နဲ့ ပြန်လာမှာပါ.။ ကျွန်တော်ကိုယ်တိုင် ပြောင်းလဲလာခဲ့သလို အခုရောက်လာတဲ့ အသင်းကလည်း အရမ်းကို တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်..။ အဲဒီမျှော်လင့်ချက်တွေကို ကွင်းထဲမှာ သက်သေပြနိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့ပဲ လိုအပ်ပါတယ်..။
မေး - ဒါဆိုရင် ခင်ဗျားဟာ အင်္ဂလန်နဲ့ ချယ်လ်ဆီးမှာ မပြီးဆုံးသေးတဲ့ သက်သေပြစရာ ဇာတ်လမ်းတွေ ကျန်ရှိနေသေးတယ်လို့ ဆိုလိုချင်တာလား..?
ကျွန်တော့်ရဲ့ တစ်ဦးချင်း ပုဂ္ဂလိက ရည်မှန်းချက်တွေကို မပြောချင်ပါဘူး..၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီရည်မှန်းချက်တွေဟာ အသင်းရဲ့ ရည်မှန်းချက်တွေအပေါ် မူတည်နေတဲ့အတွက် ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းကို ကျွန်တော်ပြန်လာခဲ့တာကလည်း အောင်ပွဲတွေ ဆက်လက်ရရှိဖို့၊ အောင်မြင်တဲ့ အသင်းတစ်သင်းအဖြစ် ဆက်လက်တိုးတက်ဖို့၊ အင်္ဂလန်နဲ့ ဥရောပမှာ ဆက်လက်စိုးမိုးနေဖို့ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်အနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ဖို့အပြင် အလားအလာကောင်းတွေနဲ့ ပြည့်၀နေတဲ့ အသင်းရဲ့အောင်မြင်မှုတွေမှာ တစိတ်တပိုင်း ကူညီပေးချင်တာကြောင့်လည်း ဖြစ်ပါတယ်..။
မေး - ခင်ဗျားဟာ ဒီဒီယာ ဒရော့ဘာ နဲ့ အင်မတန်ရင်းနှီးတာကို social media မှာ တွေ့နေရပါတယ်..။ ဒီကိုမလာခင်လေးမှာ သူနဲ့စကားပြောဖြစ်ခဲ့သေးလားဗျ..
ဒရော့ဘာ ဟာ ကျွန်တော့်အတွက် ကမ္ဘာကြီးတစ်ခုပါ…။ သူနဲ့တစ်လတစ်ခါတောင် မဟုတ်ပါဘူး..၊ မကြာခဏလိုလို စကားပြောဖြစ်ပါတယ်..။ ကျွန်တော်တို့ရဲ့ group chat လည်း ရှိတာကြောင့် အမြဲတမ်း အဆက်အသွယ် ရှိနေသလို ပြီးခဲ့တဲ့နှစ်ပါတ်အတွင်းမှာ သူနဲ့ဖုန်းတွေ ခဏခဏ ဆက်ဖြစ်ပါတယ်..။
သူဟာ ချယ်လ်ဆီးအသင်းမှာ ရင်းနှီးတဲ့သူ များတာကြောင့် ကျွန်တော့်အတွက် သူ့ဆီကနေ မေးစရာတွေ အများကြီးပါပဲ..။ ဒ့ါကြောင့်သူ့ဆီကနေ တစ်ဆင့်မေးမြန်းရင်း တခြားပြင်ဆင်စရာရှိတဲ့ အသေးစိတ် ကိစ္စရပ်တွေကို ဖြည့်ဆည်းခဲ့ရပါတယ်..။ ကျွန်တော်ဟာ အခုဆိုရင် မန်နေဂျာနဲ့ ကစားသမားတွေအကြောင်း ဒီထက်ပိုပြီး သိဖို့ရယ်..၊ အသင်းအတွက် အမြန်ဆုံးကစားပေးနိုင်ဖို့ပဲ လိုပါတော့တယ်..။
မေး - အခုဆိုရင် ခင်ဗျားဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းထဲ ပြန်လည်ရောက်ရှီလာပြီပေါ့..၊ အခုလာမယ့် ရက်တွေအတွက် ဘာတွေများ စီစဥ်ထားပါသလဲ..?
ကျွန်တော်ဟာ အသင့်ဖြစ်နေပါပြီ..၊ ဒ့ါကြောင့်အသင်းမှာ ပါ၀င်နိုင်ဖို့၊ နည်းပြတွေနဲ့ အသင်းဖော်တွေကို သက်သေပြနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်..။ ကျွန်တော်ဟာ ကစားနိုင်နေပြီ ဖြစ်ပေမယ့် ပွဲထွက်လူစာရင်းမှာ ပါ၀င်လာနိုင်ဖို့ ဒီတစ်ပါတ်လုံး အစွမ်းကုန် ကြိုးစားသွားရမှာပါ..။
ကျွန်တော့်အတွက် အခုဒီတစ်ကြိမ် အပြန်ခရီးဟာ စိန်ခေါ်မှုအသစ် ဖြစ်ပေမယ့် ကျွန်တော်တို့အားလုံးဟာ ‘ချယ်လ်ဆီးအသင်း အနိုင်ရဖို့..’ ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်တစ်ခုအောက်မှာ အတူတူ တိုက်ပွဲ၀င်နေကြတာပါ..။ ဒ့ါကြောင့်ကျွန်တော်ဟာ နေ့စဥ်နေ့တိုင်း လေ့ကျင့်ခန်းတွေမှာ ၁၀၀% ရာနှုန်းပြည့် ပေးဆပ်ပြီး ပွဲစဥ်တိုင်းအတွက် အသင့်ဖြစ်နေအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်..။
ဒါ့အပြင် ကျွန်တော့ရဲ့ ပထမဆုံး စိန်ခေါ်မှုဟာ အာဆင်နယ်အသင်းနဲ့ ပွဲကြီးတစ်ပွဲ ဖြစ်နေတာကြောင့် အထူးကျေနပ်မိပါတယ်..။ ကျွန်တော်တို့ဟာ အဲဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ပြီး ရလဒ်ကောင်းကို ဆောင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။