feature-image

သောမတ်စ် တူခယ်လ် အတွက် အလိုအပ်ဆုံး နောက်ခံလူ ‘အန်တိုနီယို ရူဒီဂါ’

ဂျာမနီ နောက်ခံလူ ‘အန်တိုနီယို ရူဒီဂါ’ ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၇/၁၈ အပြောင်းအရွေ့ ရာသီမှာ ရောက်ရှိလာပါတယ်..။ သူရောက်ရှိလာခဲ့တဲ့ အဲဒီဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းရဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့ ရာသီအဖြစ် မှတ်တမ်း၀င်ခဲ့သလို နည်းပြအန်တိုနီယို ကွန်တီ ဟာလည်း ချယ်လ်ဆီးအသင်းနဲ့ အကွဲအပြဲတွေနဲ့ လမ်းခွဲခဲ့ပါတယ်..။ ကွန်တီ ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ နည်းပြ မော်ရစ်စ်ဇီယို ဆာရီ ရဲ့ လက်ထက်မှာ ရူဒီဂါ ဟာ ပုံမှန်နေရာရခဲ့ပေမယ့် အသင်းရဲ့ဂန္တ၀င်ကွင်းလယ် ကစားသမားဟောင်း ဖရန့် လမ်းပတ် တစ်ယောက် နည်းပြအဖြစ် တာ၀န်ယူနေတဲ့ ကာလမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေခဲ့ပြီး မသေချာ မရေရာခဲ့တဲ့ အနာဂတ်အလားအလာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။

ဒါပေမယ့် သောမတ်စ် တူခယ်လ် တာ၀န်ယူခဲ့တဲ့ ခြောက်လအတွင်းမှာ အန်တိုနီယို ရူဒီဂါ ဟာ ချယ်လ်ဆီးအသင်းရဲ့ မာကျော၊ ကျစ်လျစ်ပြီး ထိုးဖောက်ရခက်ခဲတဲ့ ခံစစ်ကြောင်းမှာ အဓိကနောက်ခံလူ တစ်ယောက်အဖြစ် ပါ၀င်ခဲ့ရသလို အဲဒီခံစစ်ကြောင်းကို ဗဟိုပြုလို့ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ သူ့အတွက် ကွင်းအတွင်း အခြေအနေတွေ ရုတ်ခြည်းပြောင်းလဲ အဆင်ပြေလာပေမယ့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အချိန် နောက်ထပ်စာချုပ်သက်တမ်းသစ်အတွက် သဘောတူညီမှု မရရှိသေးတဲ့ အခြေအနေဟာ ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့အတွက် အရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်..။



ဒ့ါကြောင့်အခုနှစ်ရာသီကုန်ချိန်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဂျာမနီ နောက်ခံလူကို ရီးရဲလ် မက်ဒရစ်၊ ပီအက်စ်ဂျီ တို့လို ဥရောပအသင်းကြီးတွေကလည်း ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေကြပါတယ်..။ ပြီးခဲ့တဲ့ရာသီကြိုကာလမှာတော့ အန်တိုနီယို ရူဒီဂါ ဟာ ချယ်လ်ဆီးအသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ စတင်ဆွေးနွေးနေပြီ ဖြစ်တဲ့အကြောင်း အသိပေးလာခဲ့ပါတယ်..။ အသက် (၂၈) နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ ဂျာမနီ ဗဟိုနောက်ခံလူဟာ အသင်းနဲ့ မသေချာတဲ့ အနာဂတ်အနေအထားနဲ့ ကြုံတွေ့နေရပေမယ့် အကောင်းဆုံးခြေစွမ်း၊ ရင့်ကျက်မှု၊ အတွေ့အကြုံတွေနဲ့အတူ အသင်းအတွက် အကောင်းဆုံးပေးဆပ်လျှက်ရှိပါတယ်..။

သောမတ်စ် တူခယ်လ် ဟာ ချယ်လ်ဆီးအသင်းကို တာ၀န်ယူခဲ့တဲ့ အချိန်ကစပြီး ‘three-man defense’ ကိုပဲ စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ပါတယ်..။ အဲဒီ သုံးယောက်တန်း ခံစစ်ကြောင်းအပေါ် အခြေခံပြီး လိုအပ်သလို နည်းစနစ် အပြောင်းအလဲ..၊ လူအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့ကစားကွက် အခင်းအကျင်းမှာ အန်တိုနီယို ရူဒီဂါ ဟာ မရှိမဖြစ်၊ အသက်သွေးကြောလို ဖြစ်နေခဲ့ပါတယ်..။

အန်တိုနီယို ဟာ အသင်းရဲ့ first build up play မှာ နောက်တန်းကနေ ဘောလုံးနဲ့အတူ ဆွဲတက်နိုင်တဲ့ စွမ်းရည်ရှိတဲ့အပြင် တစ်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ် ဆင်လာမယ့် လမ်းကြောင်းတွေကို ကြိုတင်တားဆီးနိုင်၊ ကွင်းလယ်အထိတက်ပြီး high defense line ကစားရတဲ့ အနေအထားတွေမှာလည်း ထူးချွန်ပါတယ်..။ ဒ့ါကြောင့်လည်း နည်းပြတူခယ်လ် က သူ့ကို မရှိမဖြစ် ကစားသမားတစ်ယောက်အဖြစ် အားကိုးနေရခြင်း ဖြစ်ပါတယ်..။



အခုအပေါ်ကပုံ (ပုံ- ၁) မှာဆိုရင် ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ပွဲစဥ်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားကွက် အခင်းအကျင်းကို တွေ့ရမှာပါ..။ ချယ်လ်ဆီးအသင်းဟာ wing backs များကို တောင်ပံတစ်လျှောက် အတက်အဆင်း ပြုလုပ်ဖို့ တာ၀န်ပေးထားပြီး ကွင်းလယ်မှာတော့ ကိုဗာဆစ် နဲ့ ဂျော်ဂင်ဟို တို့ရဲ့ ‘No. 6 နှစ်ယောက် (double sixes)’ နဲ့ အထိုင်ချ စိုးမိုးမှု ရယူခဲ့ပါတယ်..။

အဲဒီအခင်းအကျင်းမှာ နည်းစနစ်ပိုင်းအရ အရေးပါတဲ့ဇုန် က ဘယ်တောင်ပံ wing back မားကို့စ် အလွန်ဆို ရှေ့တက်သွားတဲ့အချိန် သူနဲ့ ကိုဗာဆစ် တို့ကြားမှာ (ကိုဗာဆစ် ရဲ့ ဘက်ဘက်).. ပေါ်လာတဲ့ နေရာလွတ် (ဒါမှမဟုတ်) ရူဒီဂါ၊ မက်တီယို၊ ကိုဗာဆစ် နဲ့ တီမို ဗာနာ တို့ရဲ့ကြားက နေရာလွတ် (space) ပဲ ဖြစ်ပါတယ်..(ပူးတွဲပုံ- ၂)။ အဲဒီနေရာမှာ အသင်းရဲ့ left center back ဖြစ်တဲ့ ရူဒီဂါ ရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်..။ သူဟာ အလွန်ဆို ရှေ့တက်သွားတဲ့အချိန်မှာ ပေါ်လာတဲ့ နေရာလွတ်ကို ကာကွယ်ပေးရတဲ့အပြင် သူ့ရဲ့လျှင်မြန်မှုနဲ့ တစ်ဖက်အသင်း တန်ပြန်တိုက်စစ် ဆင်လာနိုင်မယ့် နေရာတွေကို ကြိုတင်မှန်းဆနိုင်မှု (anticipation) ကောင်းမွန်တာကြောင့် ဘယ်တောင်ပံ တစ်ခြမ်းလုံးကို လုံခြုံအောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်..။



ဒ့ါကြောင့်သူဟာ တူခယ်လ် အတွက် နောက်ထပ် ဘယ်နောက်ခံလူ အပိုတစ်ယောက် (auxillary left back) ဖြစ်လာခဲ့သလို ခန္ဓာကိုယ် တည်ဆောက်ပုံအရ အရပ်အမောင်းက (၆) ပေ၊ (၃) လက်မ ရှိပြီး အမြင့်ဘောတွေ ရှင်းထုတ်ရမှာလည်း ပိုင်နိုင်ပါတယ်..။ ဒါပေမယ့် သူဟာကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ မလိုက်အောင် လျှင်မြန်သူဖြစ်ပြီး အမြန်ဆုံး ပြေးလွှားချိန်မှာ top speed တစ်နာရီကို (၃၅) ကီလိုမီတာထိ မြန်ဆန်တာကြောင့် off the ball ကာကွယ်မှုတွေကိုပါ ကောင်းကောင်းပြုလုပ်နိုင်ပါတယ်..။

အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ဘောလုံးရာသီကုန်အထိ ကစားသမားတွေရဲ့ ပွဲကစားခွင့်မိနစ် (minutes played) အချက်အလက်များအရ နည်းပြ တူခယ်လ် ရဲ့ လက်ထက်မှာ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား တစ်ယောက်ပဲ သူ့ထက်ပိုပြီး ကစားခွင့်ရခဲ့ပါတယ်..(ပုံ- ၃)။ ဒါ့အပြင် မနှစ်ကဘောလုံးရာသီမှာ သူပါ၀င်ခဲ့တဲ့ (၂၁) ပွဲအတွင်း ချယ်လ်ဆီးအသင်းဟာ clean sheets (၁၄) ပွဲ ရခဲ့သလို ရူဒီဂါ ပါ၀င်ခဲ့တဲ့ နောက်ဆုံး (၁၇) ပွဲမှာ ပေးဂိုး (၇) ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်..။



ရူဒီဂါ ဟာ တခြားချယ်လ်ဆီးအသင်းသားတွေထက် ဘောလုံးဖျက်ထုတ်မှု (tackles) အပိုင်းမှာ သာလွန်ခဲ့ပြီး မနှစ်ကဘောလုံးရာသီမှာ ဘောလုံးဖျက်ထုတ်မှု စုစုပေါင်း (၂၉) ကြိမ်၊ ပျမ်းမျှအနေနဲ့ဆိုရင် တစ်ပွဲကို (၁.၇) ကြိမ် ဖျက်ထုတ်နိုင်ခဲ့ပါတယ်..။ ဒ့ါအပြင် ဘောလုံးပေးပို့မှု (passes) ပိုင်း အချက်အလက်တွေအရ သူဟာတစ်ပွဲကိုပျမ်းမျှ ဘောလုံးပေးပို့မှု (passes attempted) (၇၂.၀၅) ကြိမ် ပြုလုပ်ပြီး ပေးပို့မှုစုစုပေါင်းရဲ့ (၉၀%) အောင်မြင်ခဲ့ပါတယ်..။ နောက်ပြီးတစ်ပွဲမှာ ပျမ်းမျှ (၃.၆၇) ကြိမ် ဘောလုံးနဲ့အတူ ရှေ့ကိုဆွဲထွက် (progressive carries) နိုင်ခဲ့ပါတယ်..။

ဒ့ါကြောင့် ရူဒီဂါ ဟာ ခံစစ်ကြောင်းကနေ ဘောလုံးနဲ့အတူ သက်သက်သာသာ ဆွဲထွက်နိုင်တဲ့သူ ဖြစ်တယ်..၊ ဘောလုံးပေးပို့မှုကောင်းမွန်တယ်ဆိုတာ အချက်အလက်တွေ ပြသနေပါတယ်..။ ဒ့ါအပြင်သူဟာ ကွင်းလယ်အထိတက်ပြီး နေရာယူကစားတဲ့မှာလည်း ပိုင်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း ကစားသမားတွေကို ဘောလုံးနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် နေရာပြောင်းလဲ ရွေ့လျားကစားလိုတဲ့ သောမတ်စ် တူခယ်လ် ရဲ့ positional play ဒဿန (Juego de Posición) အတိုင်း အံဝင်ဂွင်ကျ လိုက်ပါ ကစားနိုင်ခဲ့ပါတယ်..။ နောက်ပြီးသူ့ရဲ့အဝေးဘောတွေ ပေးပို့မှု တိကျ၊ ကောင်းမွန်တွေဟာ တူခယ်လ် ရဲ့ တိုက်စစ်လက်နက်တစ်ခု ဖြစ်ခဲ့ပြီး ခံစစ်ကြောင်းကနေ တီမို ဗာနာ၊ မားကို့စ် အလွန်ဆို.. ဒါမှမဟုတ် ဘင် ချီး၀ဲလ် တို့ရဲ့ ပြေးလမ်းကြောင်းထဲကို တိုက်ရိုက်ပေးပို့မှုတွေကတဆင့် အသင်းအတွက် တိုက်စစ်လမ်းကြောင်း ဖွင့်ပေးနိုင်ခဲ့ပါတယ်..။

 ‘တိုက်ပွဲတွေကို ကျွန်တော်ဦးဆောင်မယ်..၊ ခင်ဗျားတို့ ကျွန်တော့်ရဲ့နောက်ကို လိုက်ခဲ့ကြပါ..’ ဆိုပြီး ဒီယေဂို ကော်စတာ က အသင်းခေါင်းဆောင် ဂျွန် တယ်ရီ ကို ပြောခဲ့တဲ့စကားဟာ နာမည်ကျော်ခဲ့သလို ဘောလုံးပွဲတွေဟာ တိုက်ပွဲတွေလိုပါပဲ..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းအတွက် ပွဲစဥ်တိုင်းဟာ တိုက်ပွဲတွေပါ..။ အန်တိုနီယို ရူဒီဂါ ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာ ငယ်စဥ်တုန်းက ကြမ်းတမ်းခဲ့တဲ့ သူ့ရဲ့ဘ၀အကြောင်းကို Players’ Tribune website ကနေ ပြောပြခဲ့ပါတယ်..။ အစစအရာရာ ချို့ခဲ့တဲ့အပြင် အနှိမ်ခံ၊ ခွဲခြားခံဘ၀နဲ့ တိုက်ပွဲအလီလီ ဆင်နွဲရင်း ကြီးပြင်းလာခဲ့တဲ့ ‘ကိုလုံးမြို့က ကောင်လေး’ တစ်ယောက်ဟာ တိုက်ပွဲ၀င်စိတ်ဓါတ် အပြည့်အ၀ရှိတဲ့သူဖြစ်ပါတယ်..။ အထူးသဖြင့် သူဟာစတန်းဖို့ဒ် ဘရစ်ခ်ျ က ပွဲစဥ်တိုင်းမှာ ရေကုန်ရေခမ်း အားသွန်စိုက် ပေးဆပ်ကစားလေ့ ရှိတဲ့သူတစ်ဦးပါ..။



ကစားသမား တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေ၊ နည်းစနစ်ပိုင်း နေရာယူပုံတွေဟာ အချက်အလက်တွေနဲ့ သက်သေပြနိုင်ပေမယ့် ခုနကဖော်ပြခဲ့တဲ့ တိုက်ပွဲ၀င်စိတ်ဓါတ်၊ မခိုမကပ်တဲ့ အားထုတ်မှုတွေနဲ့ ခံယူချက် ကောင်းမွန်မှုတွေကိုတော့ အချက်အလက်တွေနဲ့ သက်သေပြလို့ မရပါဘူး..။ ဒါ့အပြင် သူဟာ ကွင်းတွင်း၊ ကွင်းပြင်ပမှာပါ အသင်းကို ဦးဆောင်ပေးနိုင်တဲ့သူ တစ်ယောက် ဖြစ်တယ်..၊ အသင်းက ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်..။ အောင်မြင်တဲ့အသင်းတစ်သင်းဆိုတာ ခံယူချက်၊ စိတ်ဓါတ်ကောင်းမွန်တဲ့သူတွေနဲ့ စဥ်ဆက်မပြတ် တည်ဆောက်ရတာပါ..။

ဂိုး၀င်မယ့်ဘောလုံးကို အသက်ကိုပဏာမမထား ခေါင်းနဲ့အတင်း၀င်ထိုးပြီး အနာခံဖျက်ထုတ်ခဲ့တဲ့ ဂန္တ၀င်ဂျွန် တယ်ရီ ရဲ့ ပုံရိပ်တွေကို အပြာရောင်ပရိသတ်တိုင်း မှတ်မိနေဆဲ ဖြစ်သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဖီးလ် ဖိုဒန် ရဲ့ သေချာပေါက် ကန်သွင်းချက်ကို အနာခံဖျက်ထုတ်ခဲ့တဲ့ အန်တိုနီယို ရူဒီဂါ ရဲ့ ဖျက်ထုတ်မှုကလည်း အသင်းရဲ့သမိုင်း၀င် အမှတ်တရ အခိုက်အတန့်ပါပဲ..။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ လှုံ့ဆော်နိုင်မှုတွေဟာ ချယ်လ်ဆီးအသင်းသားတွေအတွက် ခွန်အားတစ်ခု ဖြစ်သလို သူ့လိုမျိုး စိတ်ပိုင်းဆိုင်ရာ ဦးဆောင်မှု ပေးနိုင်တဲ့သူတွေ မရှိပဲနဲ့ အောင်မြင်မှုတွေ ဆက်လက်တည်ဆောက်လို့ မရနိုင်ပါဘူး..။



ချယ်လ်ဆီးအသင်း ပရိသတ်တွေအနေနဲ့ အန်တိုနီယို ရူဒီဂါ ကို ဂျွန် တယ်ရီ ထွက်ခွာသွားပြီးနောက်ပိုင်း အရေးကြုံလာရင် အသင်းသားတွေရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ခေါင်းဆောင်မှု ပေးနိုင်တဲ့သူအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်..။ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ရဖို့ဆိုရင် ကြံ့ခိုင်မှုတွေ၊ နည်းစနစ်တွေ၊ ဒေတာတွေ၊ အချက်အလက်တွေအပြင် စိတ်ဓါတ်၊ ခံယူချက်နဲ့ ပေးဆပ်မှုအပိုင်းတွေမှာလည်း ကောင်းမွန်၊ ပြည့်စုံနေဖို့ လိုအပ်ပါတယ်..။

သောမတ်စ် တူခယ်လ် ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီးနောက်ပိုင်း အကောင်းဆုံးခြေစွမ်း၊ ပေးဆပ်မှုတွေနဲ့ ပြန်လည်နှိုးထလာတဲ့ အန်တိုနီယို ရူဒီဂါ ဟာ သက်သေပြနိုင်တဲ့ ဒေတာ၊ အချက်အလက်တွေအပြင် သက်သေမပြနိုင်တဲ့ ခံယူချက်၊ စိတ်ဓါတ်ပိုင်းတွေအရပါ အကောင်းဆုံးအနေအထားမှာ ရောက်ရှိနေတဲ့ ကစားသမား ဖြစ်နေပါပြီ..။ ဒါ့အပြင်သူဟာ ကွင်းပြင်ပမှာလည်း အသစ်ရောက်လာတဲ့ လူငယ်ကစားသမားလေးတွေကို အသင်းမှာအထိုင်ကျအောင် ထိပ်ဆုံးကနေ ဦးဆောင်ညွန်ကြားပေးနိုင်တဲ့သူ ဖြစ်နေပါတဲ့အပြင် အသင်းသားတွေကို ကွင်းအတွင်းမှာပါ ဦးဆောင်မှု ပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ သူ့ရဲ့အနာဂတ်အနေအထားနဲ့ ပတ်သက်ပြီး မသေချာ၊ မရေရာမှုတွေ ရှိနေပေမယ့် တိုက်ပွဲ၀င်မယ့် ဘယ်သူမဆို အန်တိုနီယို ရူဒီဂါ နဲ့အတူ လက်တွဲပြီး တိုက်ပွဲ၀င်လိုကြမှာ ဖြစ်တဲ့အကြောင်း တင်ဆက်လိုက်ပါတယ်…။

References
========
- ‘Player Analysis: Antonio Rüdiger’, by MedianoEra, breakingthelines.com
- ‘Rudi Can’t Fail: Rüdiger’s Rise From Lampard Outcast to Tuchel’s Defensive Rock’, by Dom Farrell, theanalyst.com