၁၈၈၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော စကော့တလန် စာရေးဆရာကြီး ရောဘတ် လူး၀စ်စ် စတီဗင်ဆန် မှာ သူ၏ဂန္တ၀င်၀တ္ထုရှည် တစ်ပုဒ်ဖြစ်သော ‘The Strange Case of Dr Jekyll and Mr Hyde’ ကြီးထဲတွင် လူတစ်ကိုယ်အတွင်း နူးညံ့၊ သိမ်မွေ့ပြီး ထက်မြက်သော Dr. Jekyll နှင့် ရက်စက်ကြမ်းကြုတ်ပြီး လျှို့ဝှက်သော Mr. Hyde တို့ အတူတကွ ဖြစ်တည်နေသည့် ဇာတ်ကောင်စရိုက်အကြောင်းကို ရေးဖွဲ့ခဲ့သည်..။ အဆိုပါ လျှို့ဝှက်သဲဖို ၀တ္ထုရှည်ကြီးကြောင့် အောင်မြင်မှုကြောင့် ထူးဆန်းပြီး ခန့်မှန်းရခက်၊ ပေါင်းသင်းရခက်ခဲသည့် လူတစ်ကိုယ်၊ စိတ်နှစ်မျိုးရှိသူတို့ကို ‘Jekyll and Hyde’ ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်..။
ဂျာမန်နည်းပြကြီး သောမတ်စ် တူခယ်လ် ၏ ဘဝလမ်းကြောင်းကို ပြန်ကြည့်လျှင်လည်း ဒဏ်ရာကြောင့် စောစောစီးစီး အနားယူခဲ့ရသည့် မထင်မရှား ကစားသမားလေးဘ၀မှ ချန်ပီယံလိဂ် ဖလားဆွတ်ခူးနိုင်ခဲ့သည့် ထိပ်တန်းနည်းပြ တစ်ယောက်အဖြစ် တက်လှမ်းခဲ့သည့် ခရီးလမ်းတစ်လျှောက်မှာ ကြမ်းတမ်းခက်ခဲခဲ့သည်..။ တူခယ်လ် မှာ ကိုင်တွယ်ခဲ့သော အသင်းများကို မျှော်လင့်မထားသည့် အောင်မြင်မှုများ ရရှိလာအောင် စွမ်းဆောင်ပေးရာတွင် ထူးချွန်သလောက် အခြားတစ်ဘက်က သူ့အပြုအမူများမှာ ခန့်မှန်းရခက်ခဲခဲ့သည်..။ ထို့အပြင် တခါတရံတွင် ကြမ်းတမ်းပြီး ထိပ်တိုက်ရင်ဆိုင်တတ်သည့် အပြုအမူများကြောင့် တူခယ်လ် အား ဆရာကြီး စတီဗင်ဆန် ၏ ‘Jekyll and Hyde’ ဇာတ်ကောင်နှင့် ခိုင်းနှိုင်းမှုများ ရှိလာခဲ့ပါသည်..။
ဒူးအရွတ်ကြော ဒဏ်ရာကြောင့် ကစားသမားဘ၀မှ အနားယူရချိန်တွင် တူခယ်လ် မှာ နူးညံ့သိမ်မွေ့သည့် Dr. Jekyll အနေဖြင့် နည်းပြလောကထဲသို့ စတင်၀င်ရောက်ခဲ့သည်..။ သို့သော် UEFA ပရိုနည်းပြလိုင်စင် ရရှိခဲ့သည့် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တိမ်မည်းညိုတို့ ဖုံးအုပ်နေသည့် သူ၏အဇ္စတအတွင်းစိတ်မှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်..။ နည်းပြသင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် သောမတ်စ် တူခယ်လ် မှာ အော့ဇ်ဘတ် အသင်း၏ အရန်အသင်းနည်းပြအဖြစ် နည်းပြလောကထဲသို့ ရောက်ရှိလာခဲ့သည်…။
ထိပ်သီးအသင်းများကို နောက်ကောက်ချ နိုင်ခဲ့သည့် မိန့်ဇ်အသင်း နည်းပြဘ၀..
၂၀၀၉ ခုနှစ်တွင် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရခဲ့သည့် မိန့်ဇ်အသင်းမှာ ရာသီမစခင် (၅) ရက်အလိုမှာပင် ဂျာမန်ဖလားပြိုင်ပွဲ၊ ပထမအဆင့်တွင် စတုတ္ထတန်းအဆင့်မှ Lubeck အသင်းကို မမျှော်လင့်ပဲ ရှုံးနိမ့်ခဲ့မှုနှင့် အသင်း၏ ကစားဟန်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများကြောင့် ဒိန်းမတ်နည်းပြ ဂျွန် အန်ဒါဆန် အား ရုတ်တရက် ထုတ်ပယ်ခဲ့သည်..။ သူ၏နေရာကို အော့ဇ်ဘတ်အသင်းမှ ‘သောမတ်စ် တူခယ်လ်’ အား အရေးပေါ်ခေါ်ယူဖြည့်ဆည်းခဲ့သည်..။
အသင်းသားများနှင့် သဟဇာတဖြစ်နေခဲ့သလို မိန့်ဇ်အသင်းအား ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသို့ ခေါ်ဆောင်လမ်းပြခဲ့သည့် မန်နေဂျာ အန်ဒါဆန် အား ရုတ်တရက်ထုတ်ပယ့်ပြီး အရန်အသင်းနည်းပြ အတွေ့အကြုံရှိသေးသည့် လူငယ်နည်းပြတစ်ယောက်ကို တာ၀န်ပေးခဲ့ခြင်းကြောင့် ဝါရင့်ကစားသမား၏ ပုန်ကန်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိခဲ့သည်..။ သို့သော် သူ၏အေးဆေးတည်ငြိမ်စွာ ကိုင်တွယ်နိုင်မှုနှင့် ရည်မှန်းချက်ကို ရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်မှုတို့ကြောင့် သောမတ်စ် တူခယ်လ် မှာ ကစားသမားများ၏ ယုံကြည်မှုကို ချက်ချင်းရရှိခဲ့သည်..။
“ပထမဆုံးအကြိမ် တွေ့ကတည်းက တူခယ်လ် ဟာ ဒီရာထူးနဲ့ ထိုက်တန်တယ်ဆိုတာ ကျွန်တော်တို့ချက်ချင်း သိလိုက်ပါတယ်..။ အဲဒီဘောလုံးရာသီမှာ ကျွန်တော်တို့ ထားရှိရမယ့် ရည်မှန်းချက်တွေကို ရှင်းပြခဲ့သလို သူကစားချင်တဲ့ပုံစံ.၊ အသင်းသားတွေရဲ့ စိတ်နေသဘောထား… စတာတွေကို ကောင်းကောင်းခွဲခြမ်း စိတ်ဖြာနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးဟာ ‘အသင်းနဲ့ သင့်တော်တဲ့သူတော့ ရပြီဟ..’ ဆိုတဲ့ ယုံကြည်မှုတွေ ချက်ချင်း ရရှိလာပါတယ်..” ဟု အသင်းခေါင်းဆောင် နိုဗက်စ်ကီး က ပြန်လည်ပြောပြခဲ့သည်..။
အရှိန်အဟုန်နှင့် တာထွက်ကြမ်းခဲ့သည့် သောမတ်စ် တူခယ်လ် ၏ မိန့်ဇ်အသင်းသားများမှာ ဘွန်ဒက်စ်လီဂါ ရာသီအဖွင့် လေးပွဲအတွင်း သုံးပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရလဒ်ရရှိခဲ့သည်..။ အနိုင်ရရှိခဲ့သော ပွဲများတွင် လူး၀စ်စ် ဗန်ဟားလ် ၏ ဘိုင်ယန် မြူးနစ်အသင်း တင်မကပဲ ဂျာဂင် ကလော့ပ် ၏ ဘိုရုရှား ဒေါ့မွန်၊ ဟမ်းဘတ်နှင့် မိုချင်ဂလာဘတ် တို့လို အသင်းကြီးများကိုပါ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား အဆင့် (၁၀) အတွင်း ရောက်ရှိခဲ့သည်..။ တူခယ်လ် မတိုင်မီ မိန့်ဇ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် ဂျာဂင် ကလော့ပ် မှာ ဘောလုံးရာသီ (၃) ရာသီအတွင်း အဆင့် (၁၁) သာ အများဆုံး ရရှိခဲ့ဖူးသည်..။
“သူတို့နှစ်ယောက်စလုံးဟာ ကစားပွဲတွေအပေါ် အာသီသပြင်းပြင်းနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစား အားထုတ်ကြပါတယ်..။ ကလော့ပ် ကတော့ ပိုပြီးစိတ်လှုပ်ရှားလွယ်တယ်..၊ ပွဲရဲ့အတက်အကျတွေအပေါ် ကိုယ်တိုင်စီးမျော ပါ၀င်ပါတယ်..။ သူကတော့ ကစားသမားတွေအတွက် စိတ်အားတက်ကြွဖို့ကောင်းတဲ့ ပတ်၀န်းကျင်မျိုးကို ဖန်တီးပေးရတာ အားသန်ပါတယ်..။ သောမတ်စ် က အသေးစိတ် ပြင်ဆင်မှုတွေအပေါ် ပိုပြီးအာရုံစိုက်တယ်ဗျ..။ အထူးသဖြင့် ပွဲကြိုပြင်ဆင်မှုတွေမှာ သူ့ကိုဘယ်သူမှ မမှီဘူး..။ အသင်းသားတွေကို စိတ်ဓါတ်မြှင့်တင်ပေးတဲ့ နေရာမှာတော့ နှစ်ယောက်စလုံးဟာ ထူးချွန်ပါတယ်..။ တကယ်တော့ သူတို့နှစ်ယောက်စလုံးဟာ အတူတူပါပဲ..။ ကစားသမားတွေဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည် ထွက်ပေါ်လာအောင် ပြုလုပ်နိုင်တဲ့ နည်းပြကောင်းတွေပါ..” ဟူ၍ နိုဗက်စ်ကီး က သူတို့နှစ်ယောက်ကို နှိုင်းပြခဲ့ပါသည်..။
တူခယ်လ် မှာ ဒုတိယဘောလုံးရာသီတွင်လည်း နိုဗက်စ်ကီး တို့တစ်သိုက်ကို ကျောက်ခဲရေညှစ်သလို ရသလောက် အစွမ်းကုန် ညှစ်ထုတ်ခဲ့ပြန်သည်..။ ထို့နောက် ချွေချွေတာတာ ဖြင့် ၀ယ်ယူခဲ့ရသည့် budget buy များ၊ အဌားခေါ်ယူသည့် ကစားသမားများနှင့် အင်ဒရေ ရှာရယ်လ် အပါအ၀င် အကယ်ဒမီထွက် လူငယ်သွေးသစ်များဖြင့် ပေါင်းစပ်ပြီး မနှစ်ကထက်ပင် သာလွန်ခဲ့၍ အဆင့် (၅) နေရာဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရရှိခဲ့သည်..။
ထိုသို့သော အောင်မြင်မှုများကြောင့် ကစားသမားများနှင့် ပရိသတ်များမှာ တူခယ်လ် အား အစွမ်းကုန် ထောက်ခံနေကြသည်..။ သို့သော်လည်း ဘုတ်အဖွဲ့၏အမြင်က ပရိသတ်များနှင့် တစ်ထပ်တည်း မကျခဲ့ပေ..။ ၂၀၁၂ ဘောလုံးရာသီတွင် မိန့်ဇ်အသင်းမှာ အဆင့် (၁၃) သာ ရရှိခဲ့သည့်အချိန်တွင် တူခယ်လ် က အသင်းကို အားဖြည့်ပေးရန်နှင့်အသင်း၏ ရေရှည်တိုးတက်ရေးအတွက် ကစားသမားဖြည့်တင်းဖို့၊ အသင်းအပေါ်တွင် ရင်းနှီးမြုပ်နှံပေးဖို့ တောင်းဆိုချိန်တွင် အသင်းဘက်က အင်ဒရေ ရှာရယ်လ် အပါအ၀င် အဓိကကစားသမားများကို ရောင်းချပြီး တုံ့ပြန်ခဲ့သည်..။
နောက်ထပ်ဒုတ္တိယံဘိ အဆင့် (၁၃) ဖြင့်သာ ကျေနပ်လိုက်ရချိန်တွင် တူခယ်လ် ၏ ခန္ဓာကိုယ်တွင်း အိပ်စက်နေခဲ့သော Mr. Hyde တစ်ယောက် စတင်နှိုးထလာခဲ့သည်..။ “တူခယ်လ် ဟာ ပြီးပြည့်စုံတာကိုပဲ လိုချင်၊ နှစ်သက်တဲ့သူ တစ်ယောက်ပါ..၊ ဒါ့အပြင် သူလိုချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အဲဒီသူတွေကို ပြန်ပြီးစိန်ခေါ်ရမှာ ဝန်မလေးပါဘူး..။ အထူးသဖြင့် ပိဿလေးနဲ့ ပစ်သလို ဒဲ့ပြောလေ့ ရှိတာကြောင့် တခြားသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့ရပါတယ်..။” ဟု နိုဗက်စ်ကီး က ပြောပြခဲ့သည်..။
အဲဒီနောက်ပိုင်း သူ၏သတင်းစာ ရှင်းလင်းပွဲများမှာ ဒေါသမုန်တိုင်းတွေ ထန်နေခဲ့ပြီး မိန့်ဇ်အသင်း ဘုတ်အဖွဲ့ကို တိုက်ခိုက်မှုများသာ လွှမ်းမိုးခဲ့သည်..။ ထိုကဲ့သို့ အဆင်မပြေမှုများ ရှိနေသော်လည်း မိန့်ဇ်အသင်းမှာ ၂၀၁၃/၁၄ ဘောလုံးရာသီတွင် ရလဒ်များ တိုးတက်ခဲ့ပြီး အဆင့် (၇) နေရာအထိ တက်လှမ်းနိုင်ခဲ့သည်..။ ဒီလိုနှင့် ရာသီကုန်ချိန် အသင်းအတွက် ထပ်မံအားဖြည့်မည့် ရင်းနှီးမြုပ်နှံမှုများ ရတော့မည်မဟုတ်ကြောင်း သေချာလာချိန်တွင် သောမတ်စ် တူခယ်လ် မှာ မိန့်ဇ်အ သင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့တော့သည်..။
ဟမ်းဘတ်အသင်းကို ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၁၃/၁၄ ဘောလုံးရာသီ နောက်ဆုံးပွဲအပြီးတွင် မိန့်ဇ်အသင်း အားကစား ဒါရိုက်တာ ခရစ်စ်တီယန် ဟိုင်ဒယ်လ် က တူခယ်လ် ဘက်က စာချုပ်ဖျက်သိမ်းရန် ဆန္ဒပြုခဲ့ခြင်းကြောင့် လာမည့် ဘောလုံးရာသီ မိန့်ဇ် အသင်းတွင် ဆက်လက်ရှိနေမည် မဟုတ်ကြောင်း ကြေငြာခဲ့သည်..။
“ကျွန်တော်တို့ တကယ့်ကို ရှော့ခ်ရခဲ့တဲ့ သတင်းပါပဲ..။ တူခယ်လ် ဟာ ကျွန်တော်တို့ရဲ့ နည်းပြအဖြစ် နောက်ထပ်ကာလရှည်ကြာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ..။ သူထွက်သွားခဲ့ပြီးနောက်ပိုင်း အသင်းမှာ ကွက်လပ်အကြီးကြီး ကျန်ရစ်ခဲ့ပါတယ်.။ ဒါပေမယ့် သူ့လိုအရည်အချင်းနဲ့ နည်းပြတစ်ယောက်ဟာ မိန့်ဇ် လိုအသင်းမျိုးမှာ ကာလရှည်ကြာ မနေနိုင်ဘူးဆိုတာ သေချာသွားတာပေါ့ဗျာ..” ဟူ၍ နိုဗက်စ်ကီး က ပြောကြားခဲ့သည်..။
ဒေါ့မွန်အသင်းက ဗုံးကွဲမှုရဲ့ နောက်ဆက်တွဲ….
သောမတ်စ် တူခယ်လ် မှာ မိန့်ဇ်အသင်းကနေ ဆိုင်းမဆင့်၊ ဗုံမဆင့် ထွက်ခွာခဲ့ပြီး ၂၀၁၅ ခုနှစ်နွေရာသီတွင် ဂျာဂင် ကလော့ပ် ချန်ထားရစ်ခဲ့သည့် ဘိုရုရှား ဒေါ့မွန်အသင်းဆီသို့ ရောက်ရှိလာခဲ့သည်..။ ဂျာဂင် ကလော့ပ် မှာ ဒေါ့မွန်အသင်းကို ခုနှစ်နှစ်တာ၀န်ယူခဲ့ချိန်အတွင်း ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်၊ ဂျာမန်ဖလား တစ်ကြိမ် ရရှိခဲ့သလို ၂၀၁၃ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည်..။ သူ၏နောက်ဆုံးရာသီတွင် ဒေါ့မွန်အသင်းမှာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် အဆင့် (၇) နေရာသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်၀င်ခွင့်နှင့် လွဲချော်ခဲ့သော်လည်း Westfalenstadion အသင်းကို ပြန်လည်တစ်ခေတ်ဆန်းစေခဲ့သည့် ဂျာဂင် ကလော့ပ် ၏ နှုတ်ဆက်လမ်းခွဲမှုအပေါ် ပရိသတ်အများက ကြေကွဲခဲ့ကြသည်..။
“နည်းပြကြီး ကလော့ပ် ထွက်ခွာတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ဝမ်းနည်း၊ ကြေကွဲခဲ့ကြတာ အသေအချာပါပဲ..။ ဒါပေမယ့် တူခယ်လ် ကို ခန့်ထားလိုက်ချိန်မှာ သူ့အပေါ် မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေ ပြန်လည်ကြီးထွားလာခဲ့ကြပါတယ်..။ ဒါ့အပြင်သူဟာ ဂျာဂင် ကလော့ပ် ရဲ့ နေရာကို ဆက်ခံဖို့အတွက် အသင့်တော်ဆုံးသူဆိုတာကို လက်ခံခဲ့ကြပါတယ်..။” ဟူ၍ ဒေါ့မွန်အသင်း၏ Podcast ဖြစ်သည့် Yellow Wall မှ စတက်ဖန် ဘက်စ်ကို က ပြောပြခဲ့သည်..။
သောမတ် တူခယ်လ် မှာ ရာသီအစမှာပင် ငါးပွဲနိုင်၊ ခုနှစ်ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားပြနိုင်ခဲ့ပြီး သူ့အပေါ် ထားရှိတဲ့ မျှော်လင့်ချက်များကို သက်သေပြနိုင်ခဲ့သည်..။ “တူခယ်လ် ရဲ့ လက်ထက်မှာ ဒေါ့မွန်အသင်းဟာ ဘောလုံးကိုပိုပြီး ကိုင်ထားနိုင်ခဲ့သလို ကလော့ပ် ရဲ့ အသင်းတုန်းကလို အရမ်းကြီးအရှိန်တင် မကစားခဲ့ပါဘူး..။ နောက်ပြီး နည်းစနစ်ပိုင်းအရ ပိုပြီးပြောင်းလွယ်၊ ပြင်လွယ် ရှိလာခဲ့သလို 3 back ကစားပုံကို ပိုပြီးပိုင်နိုင်လာခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပက်ပ် ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ ဘိုင်ယန် မြူးနစ်နဲ့ အပြိုင်ကျဲနိုင်တဲ့ အနေအထားတော့ မရှိခဲ့ပါဘူး..။” ဟု စတက်ဖန် ဘက်စ်ကို က တူခယ်လ် ၏ လက်ထက် အပြောင်းအလဲများအကြောင်းကို ရှင်းပြခဲ့သည်..။
ထို့အပြင် ထိုအချိန်က ဒေါ့မွန်အသင်း၏ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ခဲ့သူ ဂွန်ဇာလို ကက်စ်ထရို ကလည်း သောမတ်စ် တူခယ်လ် ၏ နည်းစနစ်ပိုင်း အစီအမံများအပေါ် အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။
“တူခယ်လ် ရဲ့ လက်ထက်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့နေရာမှာပဲ ပုံသေနေပြီး စိတ်ရှည်ရှည်နဲ့ စောင့်ရပါတယ်..။ အထူးသဖြင့် ပြိုင်ဘက်တွေကို ဘေးတိုက်ရွှေ့လျားအောင် တောင်ပံတွေဆီ ဆွဲချဲ့ပြီး ရှေ့မှာရှိနေတဲ့ အူဘာမီးယန်း အတွက် ဂိုးသွင်းနိုင်ဖို့ နေရာလွတ်တွေ ရရှိလာအောင် ဖန်တီးပေးဖို့ပါပဲ..။ off the ball မှာဆိုရင် ပြိုင်ဘက်တွေကို တောင်ပံဘက်ကနေပဲ ထိုးဖောက်လို့ရအောင် ကွင်းလယ်မှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ပိတ်ဆို့ရပါတယ်..။ တူခယ်လ် ရဲ့ အဓိကသော့ချက်က ကွင်းလယ်မှာ ပြိုင်ဘက်အသင်းက စိုးမိုးမှုမရဖို့နဲ့ အလယ်ဗဟိုကနေ ထိုးဖောက်တာကို မခံရအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်..။ နောက်ပြီးသူဟာ လေ့ကျင့်ကွင်းမှာ အရမ်းကိုအသေးစိတ် လေ့ကျင့်ပါတယ်..။ ဘယ်လောက်ထိအောင် အသေးစိတ်လဲဆိုရင် မီလီမီတာ အထိ အတိအကျတိုင်းပြီး လုံး၀ကို အမှားအယွင်း မခံပါဘူး..။”
သူ၏ပထမဆုံးရာသီတွင် ဒေါ့မွန်အသင်းမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးပြိုင်ပွဲ ဒုတိယရရှိခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်တွင် ကလော့ပ် ၏ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရသည်..။ ဒေါ့မွန်အသင်းအနေဖြင့် သူတို့အသင်း နည်းပြသစ်၏ ပွဲထွက်ရာသီ စွမ်းဆောင်ရည်မှာ လက်ခံနိုင်ဖွယ် ရှိခဲ့သော်လည်း သူနှင့်အသင်းကြားက အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့သည်..။
တူခယ်လ် ၏ ပထမဆုံးရာသီအတွင်း ဒေ့ါမွန်အသင်း၏ ကင်းထောက်ချုပ် ဆဗင် မစ်စ်လင်းတက် က စပိန်ကွင်းလယ်ကစားသမား အိုလီဗာ တောရက်စ် ကို ခေါ်ယူဖို့ကြိုးစားခဲ့သည်..။ တူခယ်လ် မှာ အသင်း၏ ကစားသမား အပြောင်းအရွှေ့များတွင် ပါ၀င်ခွင့်မရှိသောကြောင့် အဆိုပါခေါ်ယူမှုအပေါ် သဘောမတူခဲ့သော်လည်း ဘာမှမတတ်နိုင်ပဲ ထိုင်ကြည့်နေခဲ့ရသည်..။
“အပြောင်းအရွှေ့ ရာသီပြီးတာနဲ့ တူခယ်လ် အဲဒီကစားသမားကို မလိုချင်ပါဘူး.. လို့ ဗြောင်ပဲဖွင့်ပြောပါတယ်..။ အဲဒီမှာပြဿနာတွေ အကြီးအကျယ်ဖြစ်ကြပြီး တူခယ်လ် က မစ်စ်လင်းတက် ကို အသင်းရဲ့လေ့ကျင့်ကွင်းကို အလာမခံတော့ပါဘူး..။ အဲဒီဖြစ်ရပ်နောက်ပိုင်း မက်စ်လင်းတက် ဟာ စိတ်ဓါတ်ကျပြီး အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်..။” ဟု ဘတ်စ်ကို က ပြောပြခဲ့သည်..။
နောက်တစ်နှစ်နွေရာသီတွင် ဒေါ့မွန်အသင်းမှာ အကြီးစားပြင်ဆင်မှု ပြုလုပ်သည့်အနေဖြင့် မတ် ဟမ်မဲလ်၊ အစ်ကေ ဂမ်ဒိုဂန်၊ ဟင်းနရစ်ခ် မစ်ကီတာရီးယန်း စသည့် ကစားသမားကြီးများ နေရာတွင် အော့စ်မာနေ ဒမ်ဘယ်လေး၊ မာ့တ် ဘာတာ နဲ့ ရာဖယ်လ် ဂွာရီယို တို့လို လူငယ်ကစားသမားများနှင့် အစားထိုးခဲ့သည်..။ ထို့အပြင် ခရစ်စ်တီယန် ပူလီဆစ်၊ ပယ်ရီ-အမ်းမရစ်ခ် အူဘားမီးယန်း တိုနှင့်အတူ မိုးကြိုးသွားပမာ လျှင်မြန်ထက်မြက်သည့် တိုက်စစ်အားသန် အသင်းတစ်သင်းအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်..။ အထူးသဖြင့် တူခယ်လ် ၏ လူငယ်သွေးသစ်အသင်းမှာ ၂၀၁၆/၁၇ ဂျာမန်ဖလား အကြိုဗိုလ်လုပွဲတွင် ဘေယန် မြူးနစ်အသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ထပ်ဆုဖလား ရရှိနိုင်မယ့် အလားအလာကောင်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့သည်..။
ထို့သို့အလားအလာကောင်းများနှင့် ပြည့်နှက်နေသည့်အချိန်.. ဘေယန် မြူးနစ်အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲအပြီး နှစ်ပါတ်အကြာတွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုနှင့် နောက်ဆက်တွဲ အကျိုးဆက်များက သောမတ်စ် တူခယ်လ် ၏ ဒေါ့မွန်အသင်း နည်းပြဘ၀ ဇာတ်လမ်းကို လျှင်လျှင်မြန်မြန်ပဲ နိဂုံးချုပ်စေခဲ့သည်..။
ဒေါ့မွန်အသင်း၏ ရှယ်ယာစျေးကို ဇောက်ထိုးမိုးမျှော် ထိုးကျစေရန် အကြံဆိုးဖြင့် မသမာသူ တစ်ယောက် မိုနာကိုအသင်းနှင့် ရင်ဆိုင်မည့် ဒေါ့မွန်အသင်းသားများ စီးနင်းလိုက်ပါလာသည့် အသင်းဘတ်စ်ကား အား ၂၀၁၇ ဧပြီလဆန်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည်..။ ကျည်ကာမှန်များ တပ်ဆင်၊ အားဖြည့်ထားသော ဘတ်စ်ကား မှန်ပြတင်းများကြောင့် ကံကောင်းထောက်မစွာ အပျက်အစီး၊ ထိခိုက်မိ သက်သာခဲ့ပြီး အစောင့်လိုက်ပါလာသည့် ရဲသားတစ်ယောက်နှင့် နောက်ခံလူ မာ့တ် ဘာတာ တို့သာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်.။ သို့သော် အဆိုပါဗုံးကွဲမှုမှာ အသင်းဘုတ်အဖွဲ့၊ အသင်းသားများနှင့် ပရိသတ်များ ကြားတွင် ရိုက်ခတ်မှု လှိုင်းဂယက်အရှိန် ကြီးမားခဲ့သည်..။
“မိုနာကိုအသင်းနဲ့ပွဲကို နောက်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်..။ တူခယ်လ် က အဲဒီပွဲကို နောက်ရက်ကျမှ ပြန်ပြီးကစားချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်..။ ဒါပေမယ့် သတင်းသမားတွေနဲ့ တွေ့တဲ့အခါမှာ တူခယ်လ် က သူကပွဲကိုမရွှေ့ချင်ဘူး..၊ UEFA က နောက်ရက်ကျမှ ယှဥ်ပြိုင်ဖို့ အတင်းဖိအားပေးခဲ့တယ်လို့ ပြောပါတယ်..။ သူ့ရဲ့ပြောကြားချက်ဟာ ကစားသမားတွေနဲ့ ဘုတ်အဖွဲ့ကို စိတ်ပျက်စေခဲ့ပါတယ်..” ဟု ဘတ်စ်ကို က ပြောပြခဲ့သည်..။
အဆိုပါဗုံးကွဲမှု၏ နောက်ဆက်တွဲ တရားရုံးကိစ္စများ ကန့်လန့်ကာနောက်ကွယ်တွင် ရှုပ်ထွေးနေချိန် ကွင်းအတွင်းမှာတော့ ဒေါ့မွန်အသင်းမှာ ၂၀၁၇ ခုနှစ်၊ ဂျာမန်ဖလား ဗိုလ်လုပွဲတွင် အိန့်ထရက် ဖရန့်ဖွတ် အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားတစ်လုံးကို ဆွတ်ခူးအောင်ပွဲခံနိုင်ခဲ့သည်..။ သို့သော်လည်း အဆိုပါပွဲမှာ တူခယ်လ် အတွက် ဒေါ့မွန်အသင်းနှင့် နောက်ဆုံးပွဲဖြစ်ခဲ့သည်..။
ဒေါ့မွန်အသင်း စီအီးအို ဟန်းစ် ဂျိုအာချင်း ဝက်ဇ်ကေး က ဂျာမန်နည်းပြကြီးက ရာသီကုန်ချိန်တွင် အသင်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာခဲ့ပြီး နှစ်ဘက်စလုံးတွင် မည်သည့်နည်းနှင့်မျှ ဆက်လက်ညှိနှိုင်း၍ မရနိုင်တော့ခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်..။ ဒေါ့မွန်အသင်း၏ Yellow Wall Podcast မှ အစီအစဥ် တင်ဆက်သူ ဘတ်စ်ကို ကတော့ နည်းပြတူခယ်လ် နှင့် ဒေါ့မွန်အသင်းတို့၏ ကတ္တီပါလမ်းခွဲအပေါ် ယခုလိုသုံးသပ်ခဲ့သည်..။
“သောမတ်စ် ဟာ အရမ်းကို ထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်…။ ဒါပေမယ့် သူဟာဆက်ဆံရ ခက်ခဲတဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ သူ့ရဲ့အရည်အချင်းပေါ် နှစ်သက်ခဲ့ကြပေမယ့် သူဟာပရိသတ်တွေရဲ့ ချစ်မေတ္တာကို မရရှိခဲ့ပါဘူး..။”
ဒီတစ်ကြိမ်မှာလည်း သူ၏ကိုယ်အတွင်းမှ Mr. Hyde က နှစ်လိုဖွယ်ရာ Dr. Jekyll ၏ ဒေါ့မွန်အသင်း နည်းပြဘ၀ကို အဆုံးသတ်ပေးခဲ့ပြန်သည်..။
ပဲရစ်စ်မြို့တော်က သဘောထား ကွဲလွဲမှုများ..
သောမတ်စ် တူခယ်လ် မှာ ရောက်လေရာအသင်းများတွင် အုပ်ချုပ်သူ ဘုတ်အဖွဲ့များနှင့် ပြဿနာ ဖြစ်ပွားလေ့ရှိသည့် သမိုင်းကြောင်း ရှိခဲ့သော်လည်း သူ၏ထူးခြားသော နည်းပြစွမ်းရည်ကြောင့် ၂၀၁၈ ခုနှစ်၊ မေလတွင် ပြင်သစ်ထိပ်သီးအသင်း ပီအက်စ်ဂျီသို့ ရောက်ရှိလာခဲ့သည်..။ စည်းကမ်းကြီးပြီး ကစားသမားများကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်တတ်သူအဖြစ် လူသိများခဲ့သည့် ဂျာမန်နည်းပြမှာ ပီအက်စ်ဂျီအသင်းမှ ကိုင်တွယ်ရခက်ခဲသည့် ဥရောပထိပ်သီး ကြယ်ပွင့်ကစားသမားများကြောင့် ယခင်တုန်းကနှင့် မတူညီသည့် ချဥ်းကပ်ပုံ အပြောင်းအလဲများ ပြုလုပ်ခဲ့ရသည်..။
“ပီအက်စ်ဂျီအသင်းမှာက ကစားသမားတွေနဲ့ အဆင်ပြေဖို့ လိုအပ်ပါတယ်..။ အထူးသဖြင့် အမ်ဘတ်ပေး နဲ့ နေမာ ပေါ့ဗျာ..။ သူတို့ကမှ အသင်းရဲ့ဘော့စ်တွေ ဖြစ်တာကြောင့် သူတို့နဲ့လည်း ပြေလည်..၊ ကိုယ့်ရဲ့ကစားဟန်ကိုလည်း အကောင်အထည် ဖော်နိုင်မယ့် လိုက်လျောညီထွေရှိမယ့် ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်..။ တူခယ်လ် ရဲ့ ကစားဟန်ဟာ counter pressing အယူအဆကို အခြေခံတာ ဖြစ်တဲ့အတွက် ကစားသမားတွေအားလုံး ပြေးလွှားလုပ်ရှားနေရပြီး လုပ်အားနှုန်း ကောင်းမွန်နေဖို့၊ ခံစစ်ကိုလိုက်ပါနိုင်ဖို့ လိုအပ်ပါတယ်..။ ရှစ်ယောက်ထဲကပဲ ပြေးနေပြီး သူတို့နှစ်ယောက်က မတ်တပ်ရပ် ကစားနေရင် မရပါဘူး..။ ဒါ့ကြောင့် နေမာ အပါအ၀င် ကစားသမားအားလုံး သူ့ရဲ့ကစားဟန်ကို လိုက်ပါလာအောင် စည်းရုံးခဲ့ရပါတယ်..။” ဟု ပြင်သစ်သတင်းဌာန L’Equipe မှ သတင်းထောက် ပယ်ရီ-အီတန်း မီနွန်ဇီယို က ပြောကြားခဲ့ပါသည်..။
အထူးသဖြင့် စူပါစတား ကြယ်ပွင့် နေမာ အား အသင်းလေ့ကျင့်ကွင်းသို့ အချိန်မှီလာရောက်နိုင်ရန် ကြိုးစားခဲ့ရသည့် လုပ်ငန်းကလည်း အင်မတန်မှ လက်ဝင်လှသည်..။ နေမာ မှာ သူ၏စံအိမ်တော်ကြီးတွင် ညလုံးပေါက် ပိုကာဆွဲတတ်သည့် အလေ့အကျင့်မှာ လူသိများခဲ့သလို သူတို့လို ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားများအား သူ၏ကစားနည်းစနစ်အတွင်း အံ၀င်အောင် သွတ်သွင်းခဲ့ရသည့် လုပ်ငန်းကလည်း တစ်နည်းတစ်ဖုံ ခက်ခဲခဲ့သည်..။
ပီအက်စ်ဂျီအသင်းမှာ ပြင်သစ်လီဂူး (၁) ဆုဖလားအား အကြိမ်ကြိမ် ဆွတ်ခူးခဲ့ပြီးဖြစ်သလို တူခယ်လ် ၏ ပထမနှစ်တွင်လည်း ဒုတိယနေရာမှ အသင်းထက် (၁၆) မှတ်အသာဖြင့် ထပ်မံ ဗိုလ်စွဲခဲ့သည်.။ သို့သော် ပြင်သစ်စူပါဖလားပွဲတွင် (Coupe de France) ရန်န်နေးအသင်းအား ရှုံးနိမ့်ခဲ့သလို ပြင်သစ်ရှုံးထွက်ဖလား (Coupe de la Ligue) ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ် အဆင့်တွင် ဂွမ်အောင်းန် အသင်းကို ရှုံးနိမ့်ခဲ့သည်..။ ထို့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းကို အဝေးကွင်းတွင် နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီးမှ အိမ်ကွင်းတွင် ၁ - ၃ ဖြင့် ရှုံးနိမ့်ခဲ့ရသဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်..။ ထို့ကြောင့်သူ၏ပဲရစ်စ်မြေမှ ပထမဆုံးရာသီမှာ ပီအက်စ်ဂျီအသင်း၏ ပေတံနှင့် တိုင်းတာလျှင် ကျရှုံးခဲ့သည်ဟု ဆိုနိုင်ပေသည်…။
ထို့ကြောင့် ပြင်သစ်အသင်း၏ ထုံးစံအတိုင်း ကျရှုံးမှုကို အပြောင်းအရွှေ့စျေးကွက်တွင် အစွမ်းကုန် သုံးစွဲပြီး အားဖြည့်ခဲ့ပြန်သည်..။ ၂၀၁၉ ခုနှစ်၊ နွေရာသီ ခေါ်ယူမှုများထဲတွင် လုပ်အားနှုန်း ကောင်းမွန်သော အိုင်ဒရစ်စ်ဆာ ဂွာရေး နှင့် အန်ဒါးစ် ဟာရဲရား တို့လို ကွင်းလယ်အဖျက် ကစားသမားတွေ ပါ၀င်ခဲ့သည်..။ ထို့ကြောင့် သူ၏တိုက်စစ်မှူးများဖြစ်သော နေမာ၊ အမ်ဘတ်ပေး နှင့် မော်ရို အစ်ကာဒီ တို့မှာ တိုက်စစ်ပိုင်း ဂိုးသွင်းယူမှုကိုသာ အဓိကတာဝန်ယူရန် လိုအပ်ခဲ့သည်..။
၂၀၂၀ ခုနှစ်၊ မတ်လတွင် ကိုဗစ်ကမ္ဘာ့ကပ် ရောဂါကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်မှာ လီဂူး (၁) အမှတ်ပေး ပြိုင်ပွဲကို ရပ်နားပြီး ပွဲကစားသည့် အရေအတွက်ပေါ် မူတည်ပြီး ရမှတ်များဖြင့် (points per game basis) ချန်ပီယံဆုကို ဆုံးဖြတ်ခဲ့ရာ ပီအက်စ်ဂျီအသင်းမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်..။ ထို့ကြောင့် ဇွန်လတွင် မှာ ရပ်နားထားသည့် အခြား ဥရောပလိဂ်ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် ပီအက်စ်ဂျီအသင်းမှာ ချန်ပီယံလိဂ် ပြိုင်ပွဲအပေါ် သီးသန်အာရုံစိုက်နိုင်ခဲ့သည်..။
ထို့ကြောင့် နေမာ၊ အမ်ဘတ်ပေး တို့၏ မြန်နှုန်းမြင့်၊ စွမ်းရည်ပြည့်အင်အားများဖြင့် ကွာတားဖိုင်နယ်အဆင့်တွင် အက်တလန်တာ အသင်း၊ ဆီမီးဖိုင်နယ်အဆင့်တွင် RB လိုက်ပ်ဇစ် အသင်းများကို ကျော်ဖြတ်ပြီး ဘေယန် မြူးနစ်အသင်းနှင့် ယှဥ်ပြိုင်ရမည့် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်..။ တူခယ်လ် မှာ ပီအက်စ်ဂျီအသင်းအတွက် သမိုင်းသစ် ရေးထိုးပေးနိုင်မည့် အခွင့်အရေးရလာခဲ့သည်..။ သို့သော်လည်း အဆိုပါအကြိတ်အနယ်ပွဲစဥ်တွင် ပီအက်စ်ဂျီအသင်းမှာ ကင်စလေ ကိုးမန်း ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဘေယန်အသင်းကို ရှုံးနိမ့်ခဲ့ရသည်.။ ထို့အပြင် အဆုံးအဖြတ် အနိုင်ဂိုးရှင် ကိုးမန်း မှာ ပီအက်စ်ဂျီအသင်း အကယ်ဒမီထွက် ကစားသမားတစ်ယောက် ဖြစ်ခဲ့သောကြောင့် ပြင်သစ်အသင်းပရိသတ်များ ပိုမိုကြေကွဲခဲ့ရသည်..။
“အဲဒီချန်ပီယံလိဂ် ဗိုလ်လုပွဲနောက်ပိုင်းမှာ အစစအရာရာ အကုန်လုံး ပြောင်းလဲကုန်ပါတယ်..” ဟု မီနွန်ဇီယို က ပြန်လည်ပြောပြခဲ့သည်..။
၂၀၂၀ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ ကာလတွင် ပီအက်စ်ဂျီအသင်းမှာ အင်တာ မီလန်အသင်းမှ အဌားခေါ်ယူထားသည့် မော်ရို အစ်ကာဒီ ကို ယူရိုသန်း (၅၀) ဖြင့် အပြီးသတ်ခေါ်ယူပေးခဲ့သော်လည်း ဝါရင့်ကစားသမားများဖြစ်သည့် အက်ဒီဆင် ကာဗာနီ နှင့် သီယာဂို ဆေးလ်ဗား တို့အား စာချုပ်သက်တမ်း ထပ်မတိုးပဲ လက်လွှတ်ခဲ့သည့်အပေါ် တူခယ်လ် က စိတ်ဆိုးဒေါသထွက်ခဲ့သည်..။
“ကျွန်တော်တို့ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမား အများကြီးကို ထွက်ခွာခွင့်ပြုခဲ့ပါတယ်..။ အဲဒါဟာ နည်းနည်းတော့များတယ်..၊ အခုအသင်းကို မနှစ်ကဘောလုံးရာသီ တုန်းကလို စွမ်းဆောင်ပေးနိုင်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု သောမတ်စ် တူခယ်လ် က အောက်တိုဘာလ သတင်းစာ ရှင်းလင်းပွဲတွင် သူ၏မကျေနပ်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့သည်..။ ထိုအခါ အသင်း၏ အားကစား ဒါရိုက်တာ လီယိုနာဒို က တူခယ်လ် အနေဖြင့် သူ၏အထက်တွင် ရှိနေသည့် အသင်းအုပ်ချုပ်သူများကို လေးစားဖို့ကောင်းသည်ဟူ၍ သတိပေးစကား ပြန်လည်ပြောကြားခဲ့သည်..။
“တူခယ်လ် ဟာ သတင်းစာ ရှင်းလင်းပွဲတွေမှာ အသင်းရဲ့ ဘုတ်အဖွဲ့ကို တိုက်ခိုက်တဲ့စကားတွေ ပြောကြားလာပါတယ်..။ အသင်းရဲ့ အပြောင်းအရွှေ့တွေအပေါ် ဝေဖန်လာသလို အသင်းရဲ့ ဘုတ်အဖွဲ့၊ အားကစား ဒါရိုက်တာ လီယိုနာဒို တို့ကိုပါ တိုက်ခိုက်လာခဲ့ပါတယ်..။ အဲဒီလိုလုပ်လို့ မရပါဘူး..။ တစ်ချို့အသင်းတွေမှာတော့ အဲဒီလိုအပြန်အလှန် ငြင်းခုန်တာတွေ ပြုလုပ်လို့ရမှာ ဖြစ်ပေမယ့် ကာတာ အခြေစိုက် ဖြစ်သွားတဲ့ ပီအက်စ်ဂျီအသင်းမှာ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး..။” ဟူ၍ မီနွန်ဇီယို က ပဲရစ်စ်မြို့က အက်ကွဲကြောင်းများအကြောင်းကို ရှင်းပြခဲ့သည်..။
ဒီလိုနှင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် တူခယ်လ် မှာ ပီအက်စ်ဂျီအသင်းနှင့် တရား၀င် အဆုံးသတ်ခဲ့သည်..။ သို့သော် ဂျာမန်နည်းပြကြီးမှာ အဆိုပါနေ့ရက်မတိုင်ခင်ကပင် သူ၏ကစားသမားများနှင့် သဘောထား ကွဲလွဲမှုများ ရှိနေပြီးဖြစ်ကြောင်း မီနွန်ဇီယို က ထင်မြင်ချက် ပေးခဲ့သည်..။
“သူဟာအစောပိုင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်မယ့် နည်းစနစ်ကို ရှာဖွေနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူနဲ့ကစားသမားတွေဟာ တစ်လှေတည်းစီး၊ တစ်ခရီးထဲ သွားနိုင်ဖို့ ခက်ခဲလာတဲ့ပုံ ရှိခဲ့ပါတယ်..။ အထူးသဖြင့် နေမာ၊ အမ်ဘတ်ပေး တို့ဟာ သူလိုချင်တဲ့ လုပ်အားနှုန်းနဲ့ ခံစစ်ပိုင်း ကူညီခိုင်းတဲ့ ညွန်ကြားချက်တွေကို လိုက်နာချင်ပုံ မရတော့ပါဘူး..။ ယေဘူယျအားဖြင့် တူခယ်လ် ဟာ ပီအက်စ်ဂျီအသင်းနဲ့ ဆုဖလားတွေ ရရှိခဲ့သလို အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ သူ့အရင်ဘယ်သူကမှ အဲဒီလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး မန်နေဂျာတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်မယ်ဆိုရင် ရပါတယ်..။”
တူခယ်လ် မှာ သူလိုချင်ခဲ့သည့် ဥရောပအဆင့် အောင်မြင်မှုကို ပဲရစ်စ်မြို့တွင် လက်တစ်ကမ်းအကွာထိ ရောက်ရှိခဲ့သော်လည်း သူ၏အတွင်းစိတ်မှ Mr. Hyde ကြောင့် ပြင်သစ်မြေပေါ်တွင် နောက်တစ်ကြိမ် ကြိုးစားခွင့် မရခဲ့ပေ..။
တူခယ်လ် အတွက် တောက်ပခဲ့တဲ့ အပြာရောင်ကောင်းကင်…
ဂျာမန်နည်းပြကြီးမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ချယ်လ်ဆီးအသင်း ပရိသတ်များ၏ အချစ်တော် ဖရန့် လမ်းပတ် ၏ နေရာကို အစားထိုး ၀င်ရောက်လာချိန် စတန်းဖို့ဒ် ဘရစ်ချ်အသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အမှတ်ပေးဇယား အဆင့် (၉) နေရာသို့ ရောက်ရှိနေခဲ့သည်..။ တူခယ်လ် မှာ အချိန်တိုအတွင်းမှာပင် ရုန်းကန်နေသည့် အပြာရောင်အသင်းအား အနိုင်ရရန် ခက်ခဲသည့်၊ မာကျောသည့် အသင်းတစ်သင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်..။ ထို့အပြင်ချယ်လ်ဆီးအသင်းအား အဆင့် (၄) နေရာဖြင့် ချန်ပီယံလိဂ်၀င်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို FA ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့သည်..။ အထူးသဖြင့် ချန်ပီယံလိဂ် ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည်အထိ အထင်နှင့်အမြင်လွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။
“နည်းပြတစ်ယောက်အတွက် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်ပိုင်း အဲဒီထက် ကြီးမားတဲ့ အောင်မြင်မှုတွေ ထပ်ပြီးရရှိဖို့ မလွယ်တော့ပါဘူး..။ သူဟာဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ဒေါ့မွန်၊ ပီအက်စ်ဂျီ နဲ့ အခုဆိုရင် ချယ်လ်ဆီးအသင်းကြီးတွေမှာ သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်ခဲ့ပါပြီ..။ ဒ့ါကြောင့်သူဟာ တကယ့်ကို ထိပ်တန်းအဆင့် နည်းပြကြီးတစ်ယောက် ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုတော့သလို ရှေ့အနာဂတ်ဟာလည်း အရမ်းကိုတောက်ပနေပါပြီ..။” ဟူ၍ ဂျာမနီလက်ရွေးစင်အသင်း လက်ထောက်မန်နေဂျာဟောင်းနှင့် တူခယ်လ် ၏ UEFA နည်းပြလိုင်စင် သင်တန်းဆရာ အဲရစ်ချ် ရုဒ်မိုလာ က တပည့်ဟောင်း၏ အောင်မြင်မှုအပေါ် မုဒိတာပွား၊ ချီးကျူးစကား ဆိုခဲ့သည်..။
ယခုဆိုလျှင် တူခယ်လ် မှာ အနောက်လန်ဒန်အသင်းနှင့် အရှိန်အဟုန်ပြင်းပြင်း တောက်ပလျှက်ရှိသလို သူ၏လူငယ်သွေးသစ် ချယ်လ်ဆီးအသင်းမှာလည်း မန်ချက်စတာ စီးတီး၊ လီဗာပူးလ် အသင်းများနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မည့် အသင်းတစ်သင်းအဖြစ် ရေပန်းစားလျှက်ရှိပါသည်..။ ချယ်လ်ဆီးအသင်းမှာ သောမတ်စ် တူခယ်လ် တာ၀န်ယူခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ (၁၉) ပွဲတွင် clean sheets (၁၁) ပွဲ ရရှိထားပြီး (၁၃) ဂိုးသာ ခွင့်ပြုထားခဲ့ရသည်..။ ထို့အပြင် ၂၀၂၁/၂၂ ဘောလုံးရာသီကို အရှိန်အဟုန်ပြင်းပြင်းနှင့် စတင်နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ပွဲအတွင်း clean sheets နှစ်ပွဲနှင့် ရလဒ်ကောင်းများကို ဆက်လက်ထိန်းထားနိုင်ဆဲ၊ တောက်ပသည့် အနာဂတ်ကာလကို မျှော်မှန်းနိုင်ဆဲ ဖြစ်ပါသည်..။
ထို့ကြောင့်ယခုလက်ရှိအခြေအနေမှာ တူခယ်လ် နှင့် ချယ်လ်ဆီးအသင်းအတွက် ကျေနပ်စရာကောင်းလှသည့် ကာလတစ်ခုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေရပါသည်..။ သို့သော်လည်းဂျာမနီနည်းပြကြီးမှာ မကြာလှသေးသည့် အတိတ်ကာလ နာကျင်စရာများကို လွယ်လွယ်ကူကူ မေ့ပစ်မည့်သူတစ်ယောက် ဟုတ်ဟန်မတူခဲ့ပေ..။ ချယ်လ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအပြီး နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာတွင် သူကနှစ်နှစ်ခြိုက်ခြိုက် ရယ်မောရင်း “လျှို့ဝှက်ချက်ရယ်လို့တော့ ဟုတ်ချင်မှဟုတ်နိုင်ပါမယ်..။ အသင်းချင်းမတူတော့ နှိုင်းယှဥ်လို့ မလွယ်ပါဘူး..။ ဒါပေမယ့် ကျွန်တော့်ကို ဘယ်လိုခိုင်းတတ်လဲ? ဆိုတဲ့အပေါ်မှာတော့ မူတည်ပါလိမ့်မယ်..” ဟု ပီအက်စ်ဂျီအသင်းဘက်ကို သာသာလေး ပြန်ပြီးထိုးနှက်ခဲ့သေးသည်..။
ထို့ကြောင့်ဂျာမန်နည်းပြကြီး သောမတ်စ် တူခယ်လ် မှာ သူ၏နည်းပြဘဝ ပျော်ရွှင်စရာ အကောင်းဆုံး၊ ဂုဏ်ယူဖို့ ကျေနပ်ဖို့ အကောင်းဆုံး အချိန်မှာပင် ကိုယ်အတွင်းမှ Mr. Hyde ကို ထုတ်ပြဖို့ ဝန်မလေးတတ်သူ တစ်ယောက် ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။
(Four Four Two မဂ္ဂဇင်းမှ ဆောင်းပါးရှင် Ed McCambridge ၏ ‘Thomas Tuchel: the rise and rage of the Chelsea manager – by those who know him’ဆောင်းပါးကို ပြန်ဆိုပါသည်..။)