feature-image

‘ရိစ် ဂျိမ်းစ်’ ပြောပြတဲ့ ‘ထိပ်ဆုံးအဆင့်သို့ တက်တဲ့လမ်း’…

အသက် (၇) နှစ်သား အရွယ်မှ စတင်၍ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် လူငယ် ကစားသမား ရိစ် ဂျိမ်းစ် မှာ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ၊ ကော့ဘ်ဟမ် လေ့ကျင့်ကွင်း မြက်ခင်းစိမ်းထက်က ငယ်မွေးခြံပေါက် အကယ်ဒမီ ကစားသမားလေးဘဝမှ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အပြာရောင် သူရဲကောင်းတစ်ယောက်အဖြစ် တက်လှမ်းခဲ့သည့် သူ့ရဲ့ဘဝလမ်းအကြောင်းကို ချယ်လ်ဆီးအသင်း Official Website မှတဆင့် ယခုလိုရေးသား၊ ပြောပြခဲ့ပါသည်..။

လူမှန်းစတင်ပြီး သိတတ်ခဲ့တဲ့ အရွယ်ကနေစလို့ ကျွန်တော့်ရဲ့ဝန်းကျင်မှာ အမြဲတမ်းတွေ့နေကျ၊ အမြဲတမ်းယဉ်ပါးနေတဲ့အရာဟာ ‘ဘောလုံး’ လို့ ပြောရမှာပါပဲ..။ ကျွန်တော်ဟာ အစ်ကိုရယ်..၊ ညီမလေး လော်ရန် တို့နဲ့အတူ အိမ်နားက ပန်းခြံထဲမှာ ဘောလုံးတစ်လုံးနဲ့ အမြဲတမ်း ဆော့ကစားနေလေ့ ရှိပါတယ်..။ အဖေကလည်း ဘောလုံးနည်းပြ တစ်ယောက်ဆိုတော့ သူ့ရဲ့နေ့စဉ်ဘ၀ လှုပ်ရှားမှုတွေကလည်း ကျွန်တော်တို့ကို လွှမ်းမိုးခဲ့တာ ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင်အဖေရဲ့ သွန်သင်ဆုံးမမှုတွေ၊ သူ့ဆီကနေ အတုယူခဲ့ရတာတွေဟာ အခုလိုနေရာကို ရောက်ရှိဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်ခဲ့ပါတယ်..။

ကျွန်တော်တို့ဟာ အိမ်ထဲမှာပဲ လျှောက်ကန်နေတာဆိုတော့ ပန်းအိုးတွေခွဲလိုက်၊ ပန်းကန်တွေကို ကန်မိလိုက်နဲ့ တစ်အိမ်လုံးကို ရှုတ်ရှက်ခပ်နေတာပါပဲ..။ ဒ့ါကြောင့်ကျွန်တော်တို့ အိမ်ထဲမှာ ဘောလုံးကန်နေတာကို အမေမကြိုက်ခဲ့တာ သေချာပါတယ်..။ ဒါပေမယ့် အခုဆိုရင် အဲဒီလို မနားတမ်း အချိန်ပြည့် ဆော့ကစားခဲ့တဲ့ အကျိုးဆက်ကို ခံစားနေရပါပြီ..။



ဘောလုံးနဲ့ ပတ်သက်ပြီး ကျွန်တော် ပထမဆုံးအမှတ်တရ ဖြစ်မိတာကတော့ လူငယ်ပြိုင်ပွဲတစ်ခုမှာ ချယ်လ်ဆီးအသင်းကင်းထောက်နဲ့ တွေ့ဆုံခဲ့ခြင်းပါပဲ..။ အဲဒီဖလားပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး အဲဒီအချိန်က ကျွန်တော်ဟာ အသက် (၇) နှစ်ပဲ ရှိပါသေးတယ်..။ ဒီလိုနဲ့ ချယ်လ်ဆီးအသင်းကို စပြီးရောက်လာခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ အပါတ်စဉ် သောကြာနေ့ညတိုင်း ကော့ဘ်ဟမ် လေ့ကျင့်ကွင်းထဲက လိပ်ခုံးပုံအမိုးနဲ့ မိုးလုံလေလုံကွင်းမှာ ပြိုင်ပွဲပုံစံနဲ့ ကစားရပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်မှူးအဖြစ် ကစားတာများပေမယ့် နောက်ပိုင်းမှာ ကွင်းလယ်ကို ပြောင်းကစားခဲ့ပါတယ်..။ ဒီလိုနဲ့ (၁၅) နှစ်သားမှာ ညာနောက်ခံလူ နေရာကိုဆင်းပြီး ကစားခဲ့ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကွင်းလယ်မှာ ကျွန်တော့်ထက်ကောင်းတဲ့ ကစားသမားတွေ ရှိနေလို့ပါပဲ…။

ညာနောက်ခံလူအနေနဲ့ စပြီးကစားရတဲ့အခါ နှစ်နှစ်၊ သုံးနှစ်လောက်အထိ အဲဒီနေရာကို မကြိုက်ပါဘူး..။ အဲဒီနေရာမှာ ကစားချင်စိတ်လည်း မရှိပါဘူး..။ ဒါပေမယ့် တစ်နေ့မှာတော့ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်..။ အဲဒီနေ့ကစပြီး ညာနောက်ခံလူ နေရာကို သဘောကျသွားခဲ့ပါတော့တယ်..။ အခုအချိန်မှာတော့ ကွင်းလယ်မှာ ဆက်ပြီးမကစားဖြစ်ခဲ့တာ ဘုရား ‘မ’ တာပဲလို့တောင် တွေးဖြစ်ခဲ့ပါတယ်..။ အဲဒီလိုနေရာစုံ ကစားဖူးတဲ့ ကောင်းကျိုးက ဘောလုံးကွင်းရဲ့ နေရာအစုံ၊ ရှုထောင်စုံမှာ ရှိနိုင်တဲ့ ကစားသမား အသီးသီးရဲ့ အမြင်တွေကို နားလည်နိုင်ခြင်းပါပဲ..။ ဥပမာ ပြရမယ်ဆိုရင် ညာနောက်ခံလူ တစ်ယောက်အနေနဲ့ ဖြတ်တင်ဘောတွေ လေ့ကျင့်တဲ့အခါမှာ တိုက်စစ်မှူးတစ်ယောက်ရဲ့ အမြင်တွေကို ထည့်သွင်း၊ အသုံးချနိုင်တာကြောင့် ပိုမိုကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေကို ဖန်တီးပေးနိုင်စွမ်းပါပဲ..။

အခုဆိုရင် ကျွန်တော်ကစားခဲ့တဲ့ full backs နေရာတွေဟာ အသင်းတစ်သင်းရဲ့ အဓိကနေရာတစ်ခု ဖြစ်လာပါပြီ..။ အရင်တုန်းကဆိုရင် ဘယ်အစွန်၊ ညာအစွန် နောက်ခံလူ နေရာတွေဟာ အသင်းရဲ့ကစားကွက်မှာ သိပ်မပါရသလို အရမ်းလည်း မလှုပ်ရှားရပါဘူး..။ ဒါပေမယ့် အခုခေတ်မှာတော့ သူတို့ဟာ ဘောလုံးကို ပိုပြီးကိုင်လာရသလို တိုက်စစ်ဖန်တီးတဲ့ အပိုင်းမှာလည်း ပိုမိုပါဝင်လာရပါတယ်..။ ဒ့ါကြောင့် full back တစ်ယောက်ဟာ ကြံ့ခိုင်မှု အထူးကောင်းမွန်နေဖို့ လိုအပ်သလို တိုက်စစ်ရော၊ ခံစစ်ပါ လိုက်ပါနိုင်စွမ်း ရှိရပါမယ်..။



အကယ်ဒမီကိုရောက်ပြီး အသက် (၁၇) နှစ်အရွယ်မှာ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်စချုပ်ရပါတယ်..။ ကျွန်တော်ဟာ ကလေးဘဝကတည်းက professional ကစားသမားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့တာကြောင့် အဲဒီလို အသင်းနဲ့ စာချုပ်ချုပ်ခွင့် ရခဲ့တာဟာ ကျွန်တော့်ရဲ့ ပထမဆုံး အိပ်မက်တစ်ခု အကောင်းအထည် ပေါ်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။ အသင်းနဲ့ လက်မှတ်ထိုးရတဲ့အချိန် ကျွန်တော်ကိုယ်တိုင် တိမ်တွေပေါ် လွင့်နေသလို ပျော်ရွှင်ခဲ့ရပါတယ်..။ အဖေ၊ အမေတို့လည်း ပျော်ရွှင်ရတာပါပဲ..။ ၂၀၁၈ ခုနှစ်မှာတော့ ဝီဂန်အသင်းကို စပြီးအဌားထွက်ရပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဥခွံထဲကနေ စတင်ခွဲခွာရတဲ့အချိန် ကျွန်တော်ဟာ အရမ်းကိုစိတ်လှုပ်ရှားရသလို နေရထိုင်ရတာလည်း အဆင်မပြေခဲ့ပါဘူး..။

အဲဒီမှာ ဘယ်သူနဲ့မှ အသိအကျွမ်း မရှိခဲ့သလို အိမ်နဲ့လည်းခွဲနေရတာ ဖြစ်ပါတယ်..။ ကျွန်တော် ရောက်ရှိနေတဲ့ ဘော်လ်တန် အရပ်ဒေသဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းနဲ့ အတော်လေး ခြားနားခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီမှာရှိနေတဲ့သူတွေ အစွမ်းကုန် ကူညီခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ အဆင်ပြေလာပါတယ်..။

အကယ်ဒမီ ကစားသမားဘဝကနေ တကယ့်အသင်းကြီး ကစားသမားအဖြစ် တက်လှမ်းရတဲ့ ခြေလှမ်းက သိပ်ကိုအလှမ်းကျယ်လွန်းပါတယ်..။ ကစားရတဲ့ အနေအထားချင်းကလည်း ကွာခြားလွန်းလှပါတယ်..။ အသင်းကြီးကစားသမားဘဝမှာ ကိုယ့်ရဲ့အသင်းဖော်တွေရော၊ ပြိုင်ဘက်တွေရော အားလုံးဟာ အသက်ကြီးတဲ့သူတွေ ဖြစ်ကြပါတယ်..။ ကျွန်တော်က (၁၈) နှစ်သားပဲ ရှိနေသေးပေမယ့် သူတို့တွေဟာ မိသားစုတွေ၊ ကလေးတွေ ကိုယ်စီနဲ့ပါ..။

ဒီလိုနဲ့ ဝီဂန်အသင်းက ပြန်ရောက်လာတဲ့အခါ ချယ်လ်ဆီးအသင်းကြီးကို မရောက်ခင် တခြားပရီးမီးယားလိဂ် တစ်သင်းသင်းမှာ တစ်ရာသီလောက် အဌားထွက်ရလိမ့်ဦးမယ်.. လို့ ထင်ခဲ့မိပါတယ်..။ ဒါပေမယ့် ထင်မှတ်ထားတာထက် ပိုပြီးစောစောစီးစီး အခွင့်အရေးရခဲ့သလို အဲဒီအတွက် ကျွန်တော့်ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဖရန့် လမ်းပတ် ကို အထူးကျေးဇူးတင်မိပါတယ်..။



စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထက်မှာ ကစားခွင့်ရတယ်ဆိုတာ ကျွန်တော့်ရဲ့ ဒုတိယအိပ်မက် ဖြစ်သလို ဂိုးပါသွင်းနိုင်ခဲ့တဲ့အတွက် ပိုပြီးကျေနပ် ပျော်ရွှင်ခဲ့ရပါတယ်..။ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် စွမ်းဆောင်ပေးခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထဲက ပြန်ထွက်လာရတဲ့အချိန်မှာ ပျော်ရွှင်လွန်းခဲ့တာကြောင့် မြေကြီးနဲ့ခြေထောက်တောင် ထိမှထိရဲ့လား.. ထင်ခဲ့မိပါသေးတယ်..။ စကားတစ်ခွန်းမှ ပြန်မပြောနိုင်အောင် ကြက်သေသေပြီး အပျော်တွေ ဖုံးခဲ့ပါတယ်…။

ကလေးဘဝတုန်းက စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို ရောက်ရှိတဲ့အချိန်တိုင်း ပရိသတ်တွေရဲ့ လက်ခုတ်သြဘာသံတွေကို ခံယူရင်း ကွင်းထဲကနေ ပြန်ထွက်ရတဲ့ ခံစားချက်ဟာ ဘယ်လိုများ နေလိမ့်မလဲ.. အရမ်းကို သိချင်ခဲ့ပါတယ်..။ အဲဒီလိုစိတ်ထဲက တောင့်တခဲ့ရတဲ့အတိုင်း လက်ခုတ်သြဘာသံတွေ ပြည့်လျံနေတဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျ မြက်ခင်းစိမ်းထက်မှာ ကျွန်တော်ရှိနေစဉ်မှာ ကိုယ့်ရဲ့မိသားစုဝင်တွေပါ အတူနေခဲ့တာကြောင့် ပိုပြီးတော့တောင် ပျော်ရွှင် ကျေနပ်ခဲ့ရပါတယ်..။

ဒါပေမယ့် အခုအချိန်ထိ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး နေ့ရက်ကတော့ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နေ့ရက်ပါပဲ..။ ဒါ့အပြင်ကျွန်တော်တို့ဟာ အဲဒီနေ့က ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာ စီးတီးအသင်းထက် ပိုပြီးကောင်းမွန်တဲ့ အသင်းလည်း များများစားစား မရှိနိုင်ပါဘူး..။ သူတို့ဟာ ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံအနေနဲ့ ကျွန်တော်တို့ကို ရင်ဆိုင်ခဲ့တာပါ..။ Stadio Dragao ကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲဟာ ကျွန်တော်ကစားခဲ့ဖူးသမျှထဲက အကောင်းဆုံးပွဲတစ်ပွဲလို့ ပြောရမှာပါ..။ ပြိုင်ဘက်အသင်းဟာဆိုရင် တကယ့်ကို အရည်အသွေး မြင့်မားလှတဲ့ ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ထိပ်တန်းအသင်းတစ်သင်းလည်း ဖြစ်ပါတယ်..။ ရီယက်ဒ် မာရက်ဇ်၊ ကီဗင် ဒီ ဘရိုင်း နဲ့ မန်ချက်စတာ စီးတီးအသင်း ကစားသမားတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပါ..။



အဲဒီလို အင်မတန် ကောင်းမွန်တဲ့ ထိပ်တန်းအသင်းကြီးကို အနိုင်ရခဲ့သလို ပွဲပြီးဆုံးလို့ အောင်ပွဲခံတဲ့အချိန်မှာ ကျွန်တော်နဲ့အတူ အကယ်ဒမီကနေ အတူတူ တက်လှမ်းလာခဲ့တဲ့ ကစားသမား လေးယောက်၊ ငါးယောက်လောက် ပါဝင်နိုင်ခဲ့တာကလည်း ကျွန်တော်တို့ ချန်ပီယံလိဂ် အောင်ပွဲရဲ့ အပိုဆုလာဘ်တစ်ခုလို့ ပြောရမှာပါပဲ..။ ပွဲပြီးဆုံးတဲ့အချိန် အောင်ပွဲခံ အခမ်းအနားဟာ သိပ်ကိုပျော်ရွှင်ဖို့ ကောင်းလှသလို ကျွန်တော့်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေပါ အတူတူရှိနေခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ အောင်ပွဲခံ အခမ်းအနားဟာ ပိုပြီးလှပခဲ့ပါတယ်..။ ဒါ့အပြင် ကျွန်တော့်ရဲ့ ညီမတော် လောရန် လည်း ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့ပါတယ်..။

သူမဟာ ကျွန်တော့်ရဲ့ ထိပ်ဆုံးအဆင့်ထိ ခရီးလမ်းမှာ ထပ်ချပ်မကွာ ပါဝင်ခဲ့သူလည်း ဖြစ်သလို အခုဆိုရင် ကျွန်တော်နဲ့အတူတူ ချယ်လ်ဆီးအသင်းကို ရောက်နေပြီ ဖြစ်တာကြောင့် ပိုပြီးပြည့်စုံလာသလိုပါပဲ..။ ကျွန်တော်တို့ မိသားစုဝင် အားလုံးကလည်း ကျွန်တော်တို့ မောင်နှမ နှစ်ယောက်စလုံး ကိုယ်အားပေးတဲ့ အသင်းမှာ ကစားခွင့် ရနေတဲ့အပေါ် အထူးကျေနပ်အားရ နေကြပါတယ်..။



ဒါ့အပြင် ကျွန်တော်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့နေ့ကျရင် အဲဒီဖလားပုံကို ခြေထောက်မှာ တက်တူးထိုးမယ် ဆိုပြီး မကြာခဏ ကျွန်တော်ပြောခဲ့ပါတယ်..။ တကယ်လို့ အဲဒီလို အနိုင်ရမယ်ဆိုတဲ့ အိပ်မက်အမြဲတမ်း မက်နေရမှာ ဖြစ်သလို ကိုယ်ကိုယ်တိုင်ကလည်း အိပ်မက်တွေဟာ အကောင်အထည် လာနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်နေဖို့ လိုအပ်ပါတယ်..။

အဲဒါကြောင့်လည်း တက်တူးထိုးတဲ့အချိန် 'Dream, Believe, Achieve' ဆိုတဲ့ ဆောင်ပုဒ်လေးကို ဖလားရဲ့အပေါ်မှာ ထည့်သွင်းရေးထိုး ခဲ့တာဖြစ်ပါတယ်..။ အဲဒီတက်တူးကို ကျွန်တော်အရမ်း နှစ်သက်သလို နောက်ထပ်အဲဒီ တက်တူးလေးတွေ အစီအရီ ထိုးနိုင်ခွင့်အတွက် အိပ်မက်သစ်တွေ မွေးဖွားနေပါတယ်..။